၂၀၂၀ -၂၀၂၁ ပညာသင်နှစ်ကို အထက်တန်းကျောင်းများကို A, B, C, D ဆိုပြီး ပုံစံ ၄ မျိုးဖြင့် ဇူလိုင်လ ၂၁ ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ အလုံအလောက်ရှိသော ကျောင်းများကို A အဆင့်အဖြစ် သတ်မှတ်ပြီး ပုံမှန်ကျောင်းတက်ချိန်အတိုင်း ဖွင့်လှစ်သင်ကြားမည် ဖြစ်သည်။ ပြည့်စုံလုံလောက်မှု မရှိ၍ တပတ်ခြား တက်ရမည့်ကျောင်းများကို B အဆင့်၊ တပတ်ခြားမက မနက်၊ နေ့လယ် ၂ သုတ်ခွဲ တက်ရမည့်ကျောင်းများကို C အဆင့်၊ တပတ်ခြား တက်ခြင်း၊ ၂ သုတ်ခွဲ တက်ရသည့်အပြင် တပတ်လျှင် ၃ ရက်သာ တက်ရမည့် ကျောင်းများကို D အဆင့် စသဖြင့် ကျောင်းသားများ အတွက် အဆင်ပြေစေရန် အဆင့်ဆင့် ဆောင်ရွက်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
B, C, D ပုံစံဖြင့်တက်ကြမည့် ကျောင်းသူ/သားများကို ဘယ်လိုပုံစံဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စစ်ဆေးသွားမည်နည်း။ ကျောင်းသူ/သားများနှင့် ကျောင်းသားမိဘများသိချင်ကြလိမ့်မည်။
မာရသွန်ပညာသင်နှစ်
အထက်တန်းအတွက် ပုံမှန်ကျောင်းချိန်ကာလသည် ဇွန်လ မှ မတ်လဆန်းထိဖြစ်သည်။ COVID-19 ကြောင့် ဒီနှစ်သည် တလခွဲနောက်ဆုတ်ပြီး ကျောင်းဖွင့်လှစ်သည့်အတွက် သင်ကြားပို့ချသော သင်ခန်းစာများ အားလုံးကို ပြီးပြတ်အောင် သင်ကြားနိုင်ဖို့ဆိုလျှင် အနည်းဆုံး ၂၀၂၁ ခုနှစ် ဧပြီလကုန်ထိ တက်ရမည့် အခြေအနေရှိသည်။ အကယ်၍ ဧပြီလကုန်ထိ မသင်ဘူးဆိုလျှင် သင်ကြားချိန် တလခွဲ လျော့သွားမည်ဖြစ်သည်။ ထို့ပြင် ပုံစံ B, C နှင့် D ဖြင့် ဖွင့်သည့်ကျောင်းများသည် တပတ်ခြားနှင့် တပတ် သုံးရက်သာ တက်ရမည်ဖြစ်၍ သင်ကြားပို့ချချိန်/ သင်ယူချိန် ပို၍ လျော့နည်းသွားမည်ဖြစ်သည်။
သင်ခန်းစာများ ပြီးပြတ်အောင် ပုံမှန်နှုန်းထားအတိုင်း သင်ကြားပို့ချပေးဖို့ ဖော်ပြပါ A ပုံစံ ဖြင့်ဖွင့်လှစ်သည့်ကျောင်းများအတွက် ပြဿနာမဟုတ်ပါ။ သို့သော် ပုံစံ B, C, D (အထူးသဖြင့် C နှင့် D) ဖြင့် ဖွင့်လှစ်နေသည့်ကျောင်းများတွင် သင်ခန်းစာများပြီးပြတ်အောင် သင်ကြားပို့ချပေးနိုင်ဖို့ဆိုလျှင် ပုံမှန်နှုန်း ထက်မြန်၍ သင်ကြားမှသာ ပြီးပြတ်နိုင်မည်။
တနည်းအားဖြင့် ပုံစံ B, C နှင့် D ကျောင်းများတွင် တက်ကြမည့် ကျောင်းသူ/သားများသည် သင်ခန်းစာများကို ပုံမှန်နှုန်းထက်မြန်ပြီး အလောတကြီး သင်ယူနေကြသည့် သဘောဖြစ်သည်။
အကယ်၍ ၂၀၂၁ ခုနှစ် ဧပြီလထိ မသင်ဘူးဆိုလျှင် သင်ကြားချိန် တလခွဲ လျော့သွားသည့် အတွက် သင်ခန်းစာများပြီးပြတ်အောင် အမြန်နှုန်းဖြင့် သင်ကြားပို့ချပေးရမည်။ ထို့အတူ ကျောင်းသူ/သားများသည်လည်း အမြန်နှုန်းဖြင့် သင်ယူကြရမည်။ ထို့ကြောင့် အရည်အသွေးအားဖြင့် သုံးသပ်ရလျှင် အမြန်နှုန်းဖြင့် သင်ကြားပို့ချပေးမှု (teaching/delivery quality) နှင့် လက်ခံနိုင်မှု/ သင်ယူနိုင်မှုစွမ်းရည် (absorbing capacity) သည် ပုံမှန်ထက်ကျဆင်းသွားမည်မှာ သေချာသည်။
သင်ကြားမှုစွမ်းရည် ကျဆင်းနိုင်
ထို့ပြင် ပုံစံ B, C နှင့် D ကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသူ/သားများသည် သင်ကြား ပို့ချပေးမည့် ဆရာ/မ များလည်း လုံလောက်မှုမရှိသည့် အကန့်အသတ်များအောက်မှာ ပညာသင် ယူကြရမည့် သဘောရှိသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တနိုင်ငံလုံး အခြေခံပညာအထက်တန်းအဆင့် သင်သည့် အထက်တန်းပြ ဆရာ/မ စုစုပေါင်း ၃၈,၆၄၀ ဦးရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၏ ပြောကြားချက်အရ သိရသည်။ အထက်တန်းပြ ဆရာ/မ ၁၄,၀၀၀ ယောက် အသစ်ခေါ်ယူရန်ရှိကြောင်း ဒေါက်တာ မျိုးသိမ်းကြီးကို ကိုးကားပြီး Frontier သတင်းဌာနက ဇွန်လ ၂၁ ရက်နေ့တွင် ဖော်ပြထားသည်။ ပညာရေးဝန်ကြီး၏ စကားကို သံသယရှိသူများလည်း ရှိကြောင်း Frontier ကဖော်ပြထားသည်။ သို့သော် ဝန်ကြီး၏စကားအရဆိုလျှင် အကြမ်းအားဖြင့် အထက်တန်းပြ ဆရာ/မ စုစုပေါင်း ၅၂,၆၄၀ ဦးနှင့် အထက်တန်းကျောင်း စုစုပေါင်း ၅,၆၃၃ ကျောင်းရှိသဖြင့် ပျှမ်းမျှအားဖြင့် ကျောင်း တစ်ကျောင်းတွင် ဆရာ/မ ၉ ဦးစီ ရှိသည်။
ရန်ကုန်မြို့ တောင်ဥက္ကလာပရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအုပ် ဒေါ်ဝင်းရီမွန်၏ ပြောပြချက်အရ ကျောင်းသူ/သား ၄၀၀ ကို ကျန်းမာရေးစီမံချက်နှင့်အညီ အခန်း ၂၀ ခန်း ခွဲပြီး သင်မည်ဆိုလျှင် အနည်းဆုံး ဆရာ/မ ၁၄ ဦးလိုအပ်ကြောင်း Frontier ကဖော်ပြထားသည်။ လိုအပ်သော ဆရာ/မ အရေအတွက်လုံလောက်မှုမရှိလျှင် ၂ ဆိုင်းသင်ရမည့် ဆရာ/မများရှိမည် ဖြစ်သလို တပတ် ၆ ရက်သင်ခိုင်းရမည့် ဆရာ/မများလည်းရှိမည် ဖြစ်ကြောင်း ကျောင်းအုပ်များ၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။ ထို့ကြောင့် ဆရာ/မများ မောပန်း၍ ၎င်းတို့၏ သင်ကြား ရေးစွမ်းရည်သည်လည်း အရည်အသွေးကျဆင်းလာနိုင်သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ မျှတဖို့လို
နိုင်ငံတဝန်းလုံးတွင် အထက်တန်းကျောင်းပေါင်း ၅,၆၃၃ ကျောင်းရှိကြောင်း ဖော်ပြပြီး ဖြစ်သည်။ ပုံစံ A, B, C, D တို့အနက် A အဆင့်ရှိသော ၆၁၇ ကျောင်း၊ B-၂၄၇၁ ကျောင်း၊ C-၂၄၀၁ ကျောင်း နှင့် D- ၁၄၄ ကျောင်း တို့ရှိကြောင်း သိရသည်။ ထို့ကြောင့် A အဆင့်ရှိကျောင်းသည် စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်း လောက်သာရှိသဖြင့် ၈၉ ရာခိုင်နှုန်းသော အထက်တန်းကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသူ/သားများသည် သင်ယူမည့်အချိန်ကာလ တိုတောင်းခြင်းနှင့် ပုံမှန်နှုန်းထက် မြန်၍ သင်ယူခြင်း စသဖြင့် အခက်အခဲ/ အကန့်အသတ်များစွာနဲ့ ပညာဆည်းပူးကြရမည့်သဘော ရှိသည်။
ထို့ကြောင့် မတူညီသော ပုံစံကျောင်းများတွင် မတူညီသောအချိန်နှုန်းထားဖြင့် ပညာသင်ယူကြသည့်ကျောင်းသူ/သားများကို တူညီသော စာမေးပွဲ (standardized test) ကိုဖြေခိုင်းပြီး အရည် အချင်းစစ်မည်ဆိုလျှင် မျှတမှု ဘယ်လိုမှ မရှိနိုင်ပါ။
ဥပမာ MMA (တိုင်းပေါင်းစုံ) ဝိတ်တန်းတခုတွင် အချိန် ၆ လ လေ့ကျင့်ထားသူနှင့် ၃ လ သာလေ့ကျင့်ထားသူ နှစ်ဦးကို ယှဉ်ပြိုင်ထိုးသတ် ခိုင်းမည်ဆိုလျှင် ရလဒ်ကို ကြိုခန့်မှန်းနိုင်မည်ဖြစ်သည်။
အချုပ်အားဖြင့် A ပုံစံဖြင့်ဖွင့်လှစ်သည့်ကျောင်းများတွင် တက်ကြမည့် ကျောင်းသူ/သားများသည် ပုံမှန်အနေအထားဖြင့် ပညာသင်ယူနိုင်ကြမည်ဖြစ်၍ ကံကောင်းသည် ဆိုရမည်။ ပုံစံ B, C, D ဖြင့် ဖွင့်လှစ်သည့်ကျောင်းများတွင် တက်ကြမည့် ကျောင်းသူ/သားများသည် သင်ယူမည့်အချိန်ကာလ ပို၍တိုတောင်းသည့်အပြင် ပို၍မြန်သောနှုန်းဖြင့် သင်ယူကြရမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဘယ်လိုပုံစံဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မျှတစွာစစ်ဆေးသွားမှာလဲ။ ကျောင်း သူ/သားများနှင့် ကျောင်းသားမိဘများသိချင်ကြလိမ့်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်သည်။
(ယော်ဘောမ် မန်ရှန်သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးသားနေသူတဦး ဖြစ်သည်။)
You may also like these stories:
ကလေးများအတွက် မဲပေးပါ အွန်လိုင်းလှုပ်ရှားမှု စတင်
ကရင်အမျိုးသမီး အသတ်ခံရမှု တရားမျှတမှုရရေး ဒေသခံများ ဆန္ဒထုတ်ဖော်
ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ်၏ ပြောဆိုချက်ကို မြန်မာ တုံ့ပြန်