တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO) ထိန်းချုပ်ဒေသအတွင်း နေထိုင်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရည်ရွယ်ကာ “ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ EAO များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ” ကို နိုင်ငံတော်မှ ဧပြီလ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့ပါသည်။
ယင်းကော်မတီ၏ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ကိုဗစ်ခြိမ်းခြောက်မှုကို အခွင့်အရေး အဖြစ် မြင်ပြီး ရောဂါထိန်းချုပ်ရေး လုပ်ငန်း များကို ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင် ဆောင်ရွက်သင့်ကြောင်း ပြောကြားချက်ကို စာရေးသူ မှတ်မှတ်သားသား ကြားခဲ့ရကြောင်း ပြောလိုသည်။
တဆက်တည်းတွင် ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယုံကြည်မှုတိုးတက်၍ အပေါင်းလက္ခဏာဆောင်သည့် လုပ်ငန်းအဖြစ် သဘောထားကြရန်လည်း တိုက်တွန်း ပြောဆိုခဲ့ပါသည်။ ယင်းကော်မတီဖွဲ့စည်းရာလည်း “အားလုံးပါဝင်ရေး” (all inclusive) ကို ရည်ရွယ်ထားမှုကိုလည်း သိရပါသည်။ ကော်မတီဖွဲ့စည်းပြီး မကြာမီ ရက်အတွင်း EAO များနှင့် ကိုဗစ်တိုက်ဖျက်ရေးကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းများတွင် ပေါ်ထွက်လာသည်။ EAO အများစုကလည်း အပြုသဘောဆောင်လုပ်ဆောင်မှုအတွက် အစိုးရ၏ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန(NRPC) ကို ကြိုဆိုခဲ့ကြသည်။
ယခုဆိုလျှင် ယင်းကော်မတီသက်တမ်းသည် ၃ လ ကျော်ရှိသွားပြီဖြစ်ရာ ယင်း ကာလအတွင်း ဖြစ်ပေါ် တိုးတက်မှုများကို သတင်းစာမျက်နှာများတွင် အောက်ပါအတိုင်း တွေ့ရှိခဲ့ရပါသည်။
၁။ ယင်းကော်မတီနှင့် ကျန်းမာရေးဌာနအချို့က သက်ဆိုင်ရာ EAO များသည် နှာခေါင်းစည်း (Surgical mask) လက်သန့်ဆေးရည် (Hand sanitizer) ပိုးသတ်ဆေးရည်၊ အဖျားတိုင်းကရိယာ၊ မျက်နှာအကာ (Face shield) လက်အိတ်၊ ပိုးကာကွယ်ရေးဝယ်စုံ (P.P.E)နှင့် အသွားအလာကန့်သတ် ပိတ်ပင်ခြင်း(Quarantine) ထားရှိသော နေရာများတွင် အသုံးပြုရန် ပစ္စည်းများကို ပေးလှူခဲ့သည်။
၂။ တပ်မတော်မှလည်း အလားတူ ပစ္စည်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့်အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) များကို ပေးလှူခဲ့သည်။
၃။ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရန် အတွက် NRPC မှ EAO များ (NCA လက်မှတ်ထိုး ၁၀ ဖွဲ့နှင့် မထိုးရသေးသော ၈ ဖွဲ့) ကို ကိုဗစ်ဆိုင်ရာ လမ်းညွှန်ချက်များလည်း ဖြန့်ဝေခဲ့ပါသည်။
၄။ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော ၈ ဖွဲ့ (KNU နှင့် RCSS မပါ)မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အခြေခံရိက္ခာ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးရန် တင်ပြခဲ့ကြောင်းကို ဦးခွန်မြင့်ထွန်း က သတင်းများတွင် ပြောဆိုခဲ့သည်။
၎င်းအဖွဲ့ဝင်များ၏ မိသားစုဝင် အရေအတွက်ပေါ် မူတည်၍ သိန်း ၂၅၀ မှ သိန်း ၁ဝဝဝ အထိ ပေးလှူခဲ့ကြောင်းလည်း သိရပါသည်။
၅။ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်သည့် Community Partners Intentional (C.P.I) မှ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်များသို့ ကိုဗစ်ဖြင့် သက်ဆိုင်သော နည်းပညာဆိုင်ရာ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း၊ အင်တာနက်မှတစ်ဆင့် သင်တန်းများပို့ချခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
၆။ မြို့နယ်ကျန်းမာရေးဌာနများမှလည်း သက်ဆိုင်ရာဒေသများသို့ ကိုဗစ်ဆိုင်ရာ အသိပညာဖြန့်ဝေခြင်း၊ သံသယလူနာများအား လက်ခံစောင့်ရှောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
သို့ရာတွင် ထွက်ပေါ်လာသော သတင်းများအရ လည်းကောင်း၊ ကရင်၊ ကယား၊ မွန်၊ ရှမ်း၊ ချင်းစသည့် ဒေသများမှ တိုင်းရင်းသား ကျန်းမာရေးလုပ်ငန်းကို အောက်ခြေတွင် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များမှ စာရေးသူကို ပြောကြားချက်များအရ လည်းကောင်း၊ အနုတ် လက္ခဏာဆောင်သော အခြေအနေများလည်း သိရှိရပါသည်။
_ အစိုးရနှင့် KIA အကြား ကိုဗစ်ရောဂါ ပူးပေါင်းဆောင်ရွက်ရာတွင် မတရား အသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)ကြောင့် အောက်ခြေတွင် လက်တွေ့လုပ်ဆောင်ရန် အဆင်မပြေကြောင်း KIA ကပြောဆိုခဲ့ခြင်း။
_ KIA အနေဖြင့် ကိုဗစ်ကာကွယ်မှု ဆွေးနွေးရာတွင် မူအားဖြင့် ပူးပေါင်းဆောင်ရွက်ရေးကိုသာ ဆွေးနွေးနိုင်ခဲ့ပြီး လက်တွေ့ ပူးပေါင်းရန် တစ်စုံတစ်ရာ သဘောတူညီမှုမရခဲ့ခြင်း။
_ ထိုသို့သော ဆွေးနွေးပွဲတွင် အမှန်တကယ် ပါဝင်သင့်သည့် ကချင်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိခြင်း။
_ ထို့အပြင် NRCP ၏ လမ်းညွှန်ချက်အရ KIA ၏ ကိုဗစ်နှိမ်နင်းကာကွယ်ရေးကော်မတီအား “ငွေ ၈၇ သိန်း၊ Surgical mask များနှင့် လက်ကမ်းစာစောင်များ ပေးဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆင်မပြေ ဖြစ်ပြီး အထက်ပါပစ္စည်းများကို KIA မှ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း သတင်းများဖတ်ရှုရပါသည်။ အကြောင်းမှာ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းဌာန တခုအား ပြောဆိုရာတွင် KIA မှ အကူအညီ တောင်းသဖြင့်ဟု ပြောဆိုခဲ့မှုအပေါ် လက်မခံနိုင်သောကြောင့် ပြန်လည် ပေးဆောင်ခဲ့သည်ဟု သိရသည်။
_ NCA လက်မှတ်ထိုးထားသည့် EAO ဒေသအချို့တွင် တပ်မတော်နှင့် သဘောထားကွဲလွဲမှုများမှ စစ်ရေးတင်းမာမှုများ ဖြစ်ခဲ့သည်။ KNU ၏ ကိုဗစ်ကာကွယ်ရေး လုပ်ဆောင်နေသည့် ဂိတ်စခန်းများကို တပ်မတော်က မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ ဤသို့ လုပ်ဆောင်မှုမှာ နယ်မြေစိုးမိုးရေးအရ လုပ်ဆောင်ခဲ့သည်ဟု ဆိုသော်လည်း ယခု ကိုဗစ်ကပ် ရောဂါဖြစ်များနေချိန်တွင် လူထု၏ ကျန်းမာရေးကို ပိုမိုအလေးထားသည်ဟု ပဒိုနော်စီဖိုးရာစိန်က ပြောကြားခဲ့သည်။
_ EAO များဖြစ်သည့် NMSP PNLO၊ SSPP၊ RCSS တို့ကလည်း ၎င်းတို့သည် မိမိနယ်မြေမျာအတွင်း တတ်စွမ်းသမျှကြိုးစားပြီး ကိုဗစ်ရောဂါကာကွယ်ရေးကို ဆောင်ရွက်နေပါသော်လည်း လုံလောက်မှု မရှိပါ။ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန် နည်းပါးကြောင်း ပြောဆိုသည်။ တိုင်းရင်းသား ကျန်းမာရေး ဆောင်ရွက်နေသောပုဂ္ဂိုလ်များကလည်း အစိုးရက ကိုဗစ် ကာကွယ်ရေး ဆိုင်ရာ ဆေးပစ္စည်း အနည်းငယ်ပေးခြင်း၊ သံသယလူနာရှိပါက အစိုးရဆေးရုံများသို့ လွှဲပြောင်း နိုင်ခြင်းမှ အပ ထိထိမိမိ လုပ်ဆောင်မှု မရှိဘဲ လူမှုရေးအကူအညီမျှသာ ဖြစ်ကြောင်း ပြောဆိုကြသည်
_ ၂ဝ၂ဝ ခုနှစ် မတ်လ တွင် ကျန်းမာရေးဝန်ကြီး၏ အမှာစာဖြင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော “ Health Sector Contingency Plan Outbreak Response on COVID-19” စာအုပ်ကို စာရေးသူ ဖတ်ခဲ့ဖူးပါသည်။ ဤစာအုပ်တွင် ကျန်းမာရေးကဏ္ဍ ကိုဗစ်ဆိုင်ရာ ဆုံးဖြတ်ချက် ပုံစံဇယားတွင် တိုင်း/ပြည်နယ်/ ခရိုင်/ မြို့နယ်များတွင် ကဏ္ဍစုံ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီဖွဲ့စည်းမှု ပါရှိသည်။ ၎င်းကော်မတီတွင် “ including ethnic health care providers” ဟု အတိအလင်းဖော်ပြထားပါသည်။
_ စာရေးသူ မေးမြန်းခဲ့သော တိုင်းရင်းသားကျန်းမာရေးတွင် တာဝန်ယူနေသောဒေသအသီးသီး နေသူများ၏ အဆိုအရ ယင်းကော်မတီတွင် တိုင်းရင်းသား ကျန်းမာရေး ဆောင်ရွက်သူများ လုံးဝ(လုံးဝ) မပါရှိပါ။ တချို့ဒေသများတွင်မူ တခါတရံ အစည်းအဝေး ဖိတ်ကြားမှုရှိသည်ဟု ကြားသိရပါသည်။ သတင်းများတွင်လည်း မည်သည့်အခါမျှ မတွေ့ရှိခဲ့ရပါ။ ထိုသို့ ဆိုပါလျှင် EAO များနှင့် ကိုဗစ်ထိန်းချုပ်ရေး ညှိနှိုင်းမှုကော်မတီ၏ ဥက္ကဋ္ဌက အဖွင့်တွင်ပြောဆိုခဲ့သော ကိုဗစ်ခြိမ်းခြောက်မှု ကို အခွင့်အရေးအဖြစ် မြင်စေလိုခြင်း၊ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် တိုးတက်အောင် ဆောင်ရွက်သင့်ခြင်း။
ကော်မတီ၏ ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သော နိုင်ငံတော်၏ ပိုင်နက် နယ်မြေအတွင်း မှီတင်းနေထိုင်သည့် လူမျိုး၊ ဘာသာ၊ နေထိုင်ရာဒေသ ခွဲခြားခြင်း မရှိဘဲ မည်သူကိုမျှ ချန်လှပ်မထားရေးမူဝါဒ (all inclusive) ဖြင့် ကြိုးပမ်း နေခြင်း စသည့် လာခြင်းကောင်းသော မွန်မြတ်ပြည့်စုံ၍ တိုင်းရင်းသားများနှစ်လိုဘွယ် “ ဖယ်ဒရယ်မူ” ၏ လေ့ကျင့်ခန်း များ မည်သို့ ပျောက်ဆုံးသွားပါသနည်း။
သို့ပါ၍ EAO များနှင့် ကိုဗစ် ထိန်းချုပ်ရေးညှိနှိုင်းမှုကော်မတီ၏ လုပ်ဆောင်ချက်များအပေါ် ဥက္ကဋ္ဌ၏ အဖွင့်စကား၊ ကော်မတီ ၏ လုပ်ငန်းစဉ် ၇ ချက်နှင့် အောက်ခြေတွင် ဖြစ်ပေါ်နေသော အမှန်တကယ် ဖြစ်တည်မှုများ အပေါ်တွင် မူတည်၍ အမှတ် စာရင်း ရလဒ် (Report Card) တခုကို စာရေးသူ ပြုစုမိပါသည်။ ဤသို့လုပ်ဆောင်ရသည်မှာလည်း စေတနာအရင်းခံဖြင့် ကြိုးစားဆောင်ရွက်မှု ဖြစ်သည်ဟု ဆိုချင်ပါသည်။
စဉ် | လုပ်ဆောင်ချက် | ညံ့ | သင့် | ကောင်း |
၁။ | ရောဂါတိုက်ဖျက်ရေးအတွက် EAO များနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကော်မတီဖွဲ့စည်းခြင်း (ငြိမ်းချမ်းရေးကို အခြေခံပြီး ကျန်းမာရေးလုပ်ငန်းများလုပ်ဆောင်၍ ယုံကြည်မှု တည်ဆောက် ခြင်း။ | √ | ||
၂။ | “ အားလုံးပါဝင်နိုင်ရေး ” မူဖြင့် တိုင်းရင်းသားဒေသများတွင် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်း ဆောင်ရွက်ခြင်း။ | √ | ||
၃။ | ကာကွယ်ရေးဆိုင်ရာ နည်းပညာဖြန့်ဝေမှု၊ ငွေကြေးနှင့်လူနာလွှဲပြောင်းရေး ပူးပေါင်း ဆောင်ရွက်ခြင်း။ | √ | ||
၄။ | ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်မှုများကို ဗဟိုပြု၍ ရောဂါလုပ်ငန်းအဝဝ ကို ဆောင်ရွက်ခြင်း EAO/ EHO များနှင့် ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်များတွင် တိတိကျကျ ပူးပေါင်း ဆောင်ရွက်ခြင်း။ EHO များကို “ကိုဗစ်ကဏ္ဍစုံ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ” တွင် လျာထားသည့် အတိုင်း ပါဝင်ဆောင်ရွက်စေခြင်း။ | √ | ||
၅။ | EAO/EHO များဖြင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စအဝဝကို လူထုသိရှိစေရန် ပွင့်လင်းမြင်သာမှု့ဖြင့် ဖော်ပြဆောင်ရွက်ခြင်း။ | √ | ||
၆။ | EAO/EHO များဖြင့် မြို့နယ်/ပြည်နယ်အဆင့်တွင် ထိထိရောက်ရောက် ဆောင် ရွက်နိုင်စေရန် နိုင်ငံတော် အဆင့် ဝန်ကြီး ဌာန အဆင့်မျိုး က အားသွန်ခွန်စိုက်ဆောင်ရွက်ခြင်း။ | √ |
အမှတ်စဉ် ၁။ အထူးမှတ်ချက်မရှိပါ။ ယခုထက်ပင်စော၍ ပြုလုပ်သင့်ပါသည်။
အမှတ်စဉ် ၂။ ရခိုင်နှင့်ချင်းဒေသများကို စစ်ရေးကို ဦးတည်၍ ကိုဗစ်လုပ်ငန်းကို ဒုက္ခသည်စခန်းအပါအဝင် အားလုံး ပါဝင် နိုင်ရေးမူကို မဆောင်ရွက်နိုင်ပါ။ NCA ထိုးပြီးသော ဒေသအချို့တွင်လည်း နယ်မြေစိုးမိုးရေးကို ဦးစားပေး ဆောင်ရွက်သဖြင့် ပဋိပက္ခများ ဖြစ်နေခြင်းသည် “ကိုဗစ်ထိန်းချုပ်ရေး” လုပ်ငန်းကို များစွာ အားနည်းစေသည်။
အမှတ်စဉ် ၃။ ဆောင်ရွက်မှုများရှိသော်လည်း လူမှုရေးဆောင်ရွက်သည့် အတိုင်းအတာ သာလျှင်ဖြစ်ပြီး တိုင်းရင်းသား ဒေသများ ကို လွှမ်းခြုံမှု မပြုနိုင်ပါ။
အမှတ်စဉ် ၄။ အထူးသဖြင့် အောက်ခြေအဆင့်တွင် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်မူများကို ဗဟိုပြုလုပ်ဆောင်မှု မရှိခြင်း၊ မြို့နယ် ကိုဗစ်ကော်မတီ အဆင့်တွင် လျာထားသည့်အတိုင်း EHO များကို ထည့်သွင်းဖွဲ့စည်းမှု မရှိပါ။
အမှတ်စဉ် ၅။ သတင်းမီဒီယာများတွင် ပြည်ပြည်စုံစုံ ဖော်ပြမှုမရှိပါ။ ကျန်းမာရေးဌာန၏ ကြေငြာချက်များ တွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ဖော်ပြမှု မရှိပါ။
အမှတ်စဉ် ၆။ ညံ့၊ ဖြစ်နိုင်လျှင် “ အလွန်ညံ့” ဟု ပင် သတ်မှတ်ပါသည်။
ဤအကြောင်းအရာနှင့် ပတ်သက်၍ စာရေးသူ အနည်းငယ်ပြောဆိုလိုပါသည်။
၁။ ငြိမ်းချမ်းရေးကို ဦးတည်ပြီး ယုံကြည်မှုများ တည်ဆောက်ရန်အတွက် ကိုဗစ်တိုက်ဖျက်ရေး အရေးပေါ်ကာလတွင် EAO အားလုံး (အားလုံး) ဖြင့် အပစ်အခတ်ရပ်စဲမှုကို အနည်းဆုံး ယာယီ ရပ်စဲပြီး စစ်ရေးထက် ကျန်းမာရေး၊ ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု တည် ဆောက်ရေးကို ရှေးရှု သင့်သည်။ သို့မှသာ စစ်ဘေးရှောင်ပြည်သူ အများအတွက် ကိုဗစ်ကာကွယ်ရေး ကိစ္စကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
၂။ အစိုးရ၏ ကိုဗစ် Contingency Plan တွင် ပါဝင်သော “ ကဏ္ဍစုံ ညှိနှိုင်းပူးပေါင်းရေး ကော်မတီ” တွင် ဒေသဆိုင်ရာ EAO များ ပါဝင်စေရန် မဖြစ်မနေ လိုအပ်ပါသည်။ ရောဂါဖြစ်နှုန်း အများအပြား တိုးတက်မှုမရှိသည့် တိုင်အောင် ကြိုတင်ပြင်ဆင်ထားရပါမည်။ ကော်မတီ၏ လုပ်ငန်းစဉ် (၇) ခုတွင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ် ပါရှိပါသည်။ သတင်း တရပ်တွင် ဖော်ပြရာ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က “KIA နှင့်ပတ်သက်ပြီး ဆောင်ရွက်ရာမှာတော့ ကျနော်တို့ က NRPC လမ်းညွှန်ချက်နဲ့ပဲ ဆောင်ရွက်လို့ရပါတယ်။ ကျနော်တို့ ပြည်နယ်အဆင့်မှာတော့ ဖွဲ့ထားတာမရှိပါဘူး” ဟု ဆိုပါသည်။
၃။ တိုင်းရင်းသားဒေသများတွင် ငွေကြေး၊ နည်းပညာ၊ လူအင်အားသည် အစိုးရ၏ လက်ရှိအနေအထားနှင့် ယှဉ်လျှင် များစွာ အားနည်းပါသည်။ ကိုဗစ်ကာလတွင် ရောဂါကာကွယ်ရေး ဖြန့်ဝေမှုသည် လွန်စွာ နည်းပါးပါသည်။ သာမန်လူမှုရေး အထောက်အကူ ပေးရုံမျှဟု EHO များက ပြောဆိုကြပါသည်။
၄။ အဓိကလိုအပ်ချက်မှာ NRPC အပါအဝင် သက်ဆိုင်သော နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များက အစိုးရ၏ သက်ဆိုင်ရာ ပြည်နယ်/ မြို့နယ်အဆင့် အစိုးရဌာနများအား သက်ဆိုင်ရာ တိုင်းရင်းသား ကျန်းမာရေးတွင် ပါဝင် ဆောင်ရွက်သည့် ပုဂ္ဂိုလ်များကို ဒေသအ တွင်း ပါဝင်ပူးပေါင်းစေရန် တိတိကျကျ လေးလေးနက်နက် ပြောဆိုစည်းရုံးရန် မဖြစ်မနေ လိုအပ်ပါသည်။
ဤကိစ္စရပ် နှင့်ပတ်သက်၍ စာရေးသူ၏ အတွေ့အကြုံများကို မျှဝေပါရစေ။ ပြည်နယ် အဆင့်ဝန်ထမ်းများပင်လျှင် EHO များဖြင့် တခါတရံ ပူးပေါင်းဆောင်ရွက်ရာတွင် အသွားမတော် တလှမ်း ဆိုသည့် စိုးရိမ်စိတ်များ ရှိနေကြပါသည်။ ပွင့်ပွင့်လင်းလင်း စိတ်ရှင်းရှင်းနှင့် လုပ်ငန်များကို ဆောင်ရွက်ရန် ၎င်းတို့၏ စိတ်ထဲတွင် အဟန့်အတားများ ရှိနေသည်ကို ရိပ်စား မိနိုင်ပါသည်။ ဖက်ဒရယ်၏ မူလေ့ကျင့်ခန်းများဖြစ်သော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကို ပေါ်လွင်အောင် ပြောဆိုပြုမှုနိုင်မှု အလွန်နည်းပါး လေ့ ရှိပါသည်။
အလျဉ်းသင့်၍ EHO ပါဝင်သော နေပြည်တော်အဆင့် ဝန်ထမ်းတဦး ပါဝင်သော အစည်းအဝေးတခု အကြောင်း မျှဝေလိုပါသည်။ ထိုပုဂ္ဂိုလ်က တိုင်းရင်းသားဒေသ၏ အစည်းအဝေးတခုတွင် ဌာနအနေဖြင့် တိုင်းရင်းသားများကို အကူအညီပေးလိုကြောင်း လိုအပ် သော ကိစ္စများကို စိစစ်ပြီး ဖြစ်နိုင်သည်ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောပါတော့သည်၊ ထိုပုဂ္ဂိုလ်၏ ပြောဆိုချက်သည် စိတ်ရင်းစေတနာကောင်းဖြင့် ပြောဆိုသည်ကို ကျနော့်အနေဖြင့် လုံးဝ သံသယမရှိပါ။
ဖက်ဒရယ်၏ လေ့ကျင့်ခန်းကို နားလည်မည် ဆိုပါက ရင်ထဲက ထွက်ပေါ်လာသော စကားရပ်များက “ဒီဒေသရဲ့ကျန်းမာရေး လိုအပ်ချက်များကို အားလုံး အတူတကွ ဝိုင်းဝန်းဆွေးနွေးကြရအောင်ပါ။ လိုအပ်ချက်၊ အားနည်းချက်များ ရှိရင်လည်း ပြောပြပေး စေချင်ပါတယ်။” ဟု ဖြစ်သင့်သည် မဟုတ်ပါလား။ ကျနော်လည်း အလိမ္မာနည်းနဲ့ ဆွေးနွေးသည့်လမ်း အဆင်ပြေအောင် ပြောဆို ကမ်းလှမ်းခဲ့ရပါသည်။ အစည်းအဝေးပြီးသည့်အခါ တိုင်းရင်းသားက ျန်းမာရေးခေါင်းဆောင်တဦးက “ကျနော်တို့က တည့်တည့် ပြောဖို့ ခက်တယ် … ဆရာရယ်။ အခုလို နားလည်ပြီး ပြောပြပေးတာ တကယ်ကို ကျေးဇူးတင်ပါတယ်”ဟု ပြောလေသည်။
နှစ်ပေါင်း ၇ဝ တိုင်အောင် ဖက်ဒရယ်၏ သဘောတရားများ ဆိတ်သုဉ်းခဲ့သဖြင့် အသက်အားဖြင့် ၅ဝ ကျော်ရှိသည့် နေပြည်တော် အဆင့်ဝန်ထမ်းခမျာ ကျန်းမာရေးလုပ်ငန်းများတွင်သာ နစ်မွန်းနေရ၍ ဒီသဘောတရားတွေကို သတိမမူမိတာကို အပြစ်မတင်လိုပါ။
ဤကွက်လပ်ကို အားဖြည့်ရန်မှာ အမှတ်စဉ် (၄) အစတွင် ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များက နိုင်ငံဝန်ထမ်းများကို မဖြစ်မနေ စည်းရုံးဆောင်ရွက်ရန် လိုပါသည်။ ဖယ်ဒရယ် ဘယ်ဆီနေမှန်း မသိခင် ကတည်းက လူထုအကြားတွင် လေ့ကျင့် လုပ်ဆောင်ရန် လိုအပ်ချက်ကို မမေ့လျော့စေချင်ပါ။
တကယ်တော့ ကိုဗစ်ကာလတွင် သာပါက ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်တည်ဆောက်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရန် “ကျန်းမာရေး” သည် အလွန်ကောင်းမွန်သော ပေါင်းကူးတံတား ဖြစ်ပါသည်။ အယူအဆ ကွဲလွဲနေသော ခက်ခဲသော စစ်ရေး၊ နိုင်ငံရေးများ တစ်ဆို့နေချိန်တွင် တိုင်းရင်းသားများ၏ ကျန်းမာရေးကို စေတနာသန့်သန့်ဖြင့် အစိုးရ၊ တပ်မတော် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များက အမှန်တကယ် ဆောင်ရွက်သင့်ပါသည်။
ကျန်းမာရေးကို အခြေခံပြီး ယုံကြည်မှု တည်ဆောက်ရာတွင် EAO / EHO များက ယုံကြည်အလေးထားဆုံး ပုဂ္ဂိုလ်တဦး ရှိပါသည်။ တကယ်တော့ ဤပုဂ္ဂိုလ်သည့် သမိုင်းဖြတ်သန်းမှု နှစ်ပေါင်း ၃ဝ ကျော် ဖြစ်ပြီး နိုင်ငံတကာအဆင့် အသိအမှတ်ပြုထားသူလည်း ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်မှာ “ဒေါက်တာစင်သီယာမောင်” ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အရေးကို နိုင်ငံပြင်ပမှ ဆောင်ရွက်ချက် အများအပြားကို စစ်အာဏာရှင်ကာလက ပြည်သူများ သိခွင့်မရခဲ့ပါ။ ပြင်ပ အသံလွှင့်ဌာနများ၏ လျှို့ဝှက်ချက်များကို တိုးတိုးတိတ်တိတ် နားထောင်သူများလောက်သာ သိခွင့်ရခဲ့ပါသည်။
ဆရာမ စင်သီယာမောင်သည် ၈၈ အရေးတော်ပုံကာလတွင် ပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးသည့်အခါ တိုင်းရင်းသားဒေသ နယ်စပ်သို့ ရောက်ရှိခဲ့ပါသည်။ ထိုစဉ်အခါမှ စ၍ နယ်စပ်တွင် မယ်တော်ဆေးခန်း (သို့) ကျောင်းသားဆေးခန်း ကို တည်ထောင်ခဲ့ပြီး ဒုက္ခသည် များ၊ တိုင်းရင်းသားများ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးကို နှစ်ပေါင်း ၃ဝ ကျော် ယခုတိုင် ဆောင်ရွက်လျက်ရှိပါသည်။
တိုင်းရင်းသားဒေသ အများအပြားတွင် ကျန်းမာရေး တာဝန်ယူဆောင်ရွက်နေသော တိုင်းရင်းသား ကျန်းမာရေး ဆောင်ရွက်သူ အများအပြားမှာ ဆရာမကြီး၏ ကြီးကြပ်မှုဖြင့် ဆေးသင်တန်းအမျိုးမျိုးကို တက်ရောက်သင်ကြားခဲ့ရာ ယခုအထိ ဆေးသင်တန်း မျိုးစုံ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။
သူမသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမေရိကန်မှ “National Endowment for Democracy 2012 “ ဆုကို ရရှိရုံသာမက ၂ဝဝ၈ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု လျာထားစာရင်းတွင် ပါဝင်ခဲ့သူတဦးလည်း ဖြစ်ပါသည်။ ထို့အပြင် Time Magazine ၏ Global Health Hero “ အဖြစ် ရွေးချယ်ခံရသည့်အပြင် အာရှဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပါအဝင် အပြည်ပြည်ဆိုင်ရာဆု ၂ဝ ခန့် ရရှိထားပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အသိအမှတ်ပြု ခံထားရသူ တဦး ဖြစ်ပါသည်။ နှစ်ပေါင်းမြောက်များစွာ တိုင်းရင်းသားဒေသများ၏ ကျန်းမာရေး လုပ်ငန်းအခြေအနေများတွင် အတွေ့အကြုံ အရှိဆုံးသူ တဦးလည်း ဖြစ်ပါသည်။
EAO/ EHO များနှင့် လက်တွဲပြီး ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန် ဆရာမကြီးအား ကမ်းလှမ်း သင့်ပါသည်။ ကိုဗစ်ကာလများတွင်လည်း နိုင်ငံတော်၏ ကျန်းမာရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်တော်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ EAO/ EHO တိုင်းရင်းသား အများ၏ ယုံကြည်ချစ်ခင်မှု၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ တိုင်းရင်းသား ကျန်းမာရေး လုပ်ငန်းများတွင် နှစ်ပေါင်းမြောက်များစွာ အတွေ့အကြုံရှိမှု၊ ဆေးပညာသင်တန်းမျိုးစုံ ဖွင့်လှစ်ခဲ့သော အတွေ့အကြုံရှိမှု တို့သည် သူ့အား နိုင်ငံတော်၏ တာဝန်ယူနေသော ပုဂ္ဂိုလ်အဆင့်ဆင့်က ကမ်းလှမ်း ကြိုဆိုသင့်ပါသည်။
တဖက်တွင်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ယုံကြည်မှုတည်ဆောက်ရေးတွင်လည်း အလွန်အမင်း လိုအပ်နေသော ကွက်လပ်ကို ခါတော်မှီ ဖြည့်တင်းခြင်း မလွှဲမသွေဖြစ်နိုင်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ရပေသည်။
(ဒေါက်တာသိန်းဝင်း(တောင်အာဖရိက) သည် နှစ် ၃၀ ခန့် နိုင်ငံပြင်ပတွင်နေထိုင်ခဲ့ရပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံလွတ်မြောက်ရေးအဖွဲ့ (တောင်အာဖရိက)တွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့ပါသည်။ ယခုအခါ ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါက်တာစင်သီရာမောင်နှင့်အတူ တိုင်းရင်းသားကျန်းမာရေးလုပ်ငန်းများတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်လျက် ရှိသည်။)
You may also like these stories:
COVID-19 တည်ငြိမ်မှ အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ Bilateral ဆွေးနွေးမည်
အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရောက်နေသည့် KIA ကိုဗစ် စစ်ဆေးရေးဂိတ် ပြောင်းရွှေ့
စစ်ပဋိပက္ခကြားက ပြည်သူတွေရဲ့ ဒုက္ခ