၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၌ ၅ နှစ်တကြိမ် ကျင်းပမြဲဖြစ်သည့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်သည်။
တချိန်တည်းမှာပင် မြန်မာတနိုင်ငံလုံး အတိုင်းအတာအားဖြင့် ရွေးကောက်ပွဲများ လုပ်နိုင်ရန် နိုင်ငံရေးပါတီများနှင့် တသီး ပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်မှုများ ပြုလုပ်နေကြရာ အချို့သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြင်ဆင်ခဲ့သည်။ နိုင်ငံရေးပါတီများ အနေဖြင့် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အမတ်လောင်းများကို ရွေးချယ်ပြီး ဖြစ်သည်။
ပြည်ပနိုင်ငံများတွင် နေထိုင်ကြသည့် အစိုးရဝန်ထမ်းများ၊ ကျောင်းသူ/ကျောင်းသားများ၊ ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးနိုင်ရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ်ထားသည့် ပုံစံ ၁၅ များ ဖြည့်စွက်ကြရန် လိုအပ်ပါသည်။
ထို ပုံစံ ၁၅ များ ဖြည့်စွက်ရက်ကို ဇူလိူင်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့ အထိ ကနဦး သတ်မှတ်ပေးခဲ့သော်လည်း ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့သည့်အတွက် သြဂုတ်လ ၁၄ ရက် နေ့အထိ သက် တမ်းတိုး ပေးခဲ့သည်။ ထိုသို့ သက်တမ်းတိုး ပေးခဲ့သော်လည်း နိုင်ငံခြားတိုင်းပြည်များတွင် လုပ်ကိုင် စားသောက် နေကြ သည့် သန်းပေါင်းများစွာသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေနှင့် ပုံစံ ၁၅ ဖြည့်သွင်းရသည့်အဆင့်တွင်ပင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြရသည်။
ဘန်ကောက်မြို့အနီးရှိ မဟာချိုင်အထည်ချုပ်စက်ရုံ ၁ ခုတွင် လုပ်ကိုင်နေသည့် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ နယ်မှ ရွှေ့ပြောင်းအလုပ်သမား ၁ ဦးဖြစ်သူ ကိုသိန်းမှ “မဟာချိုင်ဆိုတာ ဘန်ကောက်သံရုံးနဲ့ အနီးဆုံးပါ။ မြန်မာ ရွှေ့ ပြောင်း အလုပ်သမားတွေ သိန်းနဲ့ချီတဲ့ နေရာတခု ဖြစ်ပါတယ်။ အခုလို အင်မတန်နီးတဲ့ နေရာတွေမှာတောင် ကျနော်တို့ တွေ အနေနဲ့ ပုံစံ ၁၅ နဲ့ ပတ်သက်ပြီး အခုထိ ဘာမှမသိရသေးဘူး။ ကျနော်တို့ မဲဘယ်လို ပေးရမယ် ဆိုတာလည်း မသိရသေးဘူး။ ကျနော်တို့ စက်ရုံတရုံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ ကျော်ရှိတယ်” ဟု ပြောပြခဲ့သည်။
ထောင်နှင့်ချီသည့် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်နေသည့် မြို့ကြီးများ ပတ်ဝန်းကျင်ရှိ စက်ရုံ၊အလုပ်ရုံများတွင် အစိုးရ သတ်မှတ်ထားသည့် ပုံစံ ၁၅ ဖြည့်စွက်ရမည့် လုပ်ငန်းစဉ်များအနေဖြင့် တစုံတရာ အခက်အခဲ မရှိသော်လည်း ဝေးလံခေါင်ဖျားသည့် ရော်ဘာခြံများ၊ ဆီအုန်းခြံများနှင့် ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာမူ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်အတွင်းရှိ ရော်ဘာခြံ ၁ ခုတွင် လုပ်ကိုင်နေသည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မှ မွန် အမျိုးသား ရော်ဘာခြံလုပ်သား ၁ ဦးမှ” ကျနော်တို့ အနေနှင့် မဲပေးချင်ပါတယ်။ ပုံစံ ၁၅ ဆိုတာ ဘယ်မှာ ယူရမလဲ ဆိုတာ ကျနော်တို့အနေနဲ့ မသိပါဘူး။ ပုံစံ ၁၅ နှင့်တွဲပြီး မှတ်ပုံတင်မိတ္တူ၊ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) မိတ္တူ တွဲပြီး ပို့ရမယ်ဆိုတော့ ကျနော်တို့အနေနဲ့ မိတ္တူကူးဖို့ ဆိုတာလည်း အခက်အခဲ ရှိပါတယ်။ အားလုံးပြည့်စုံရင်တောင် သွားပို့ဖို့ အခက်အခဲ ရှိပါ တယ်။ မြို့ကို တခါတခါ သွားဖို့ဆိုတာ ကျနော်တို့ အတွက် အခက်အခဲ အများကြီး ရှိပါတယ်။ ကျနော်တို့ သူဌေးခွင့်ပြုဖို့ လည်း လိုပါသေးတယ်။ မြန်မာအစိုးရနဲ့ အဖွဲ့အစည်းတွေက ကူညီမပေးဘူးဆိုရင် ကျနော်တို့ အနေနဲ့ မဲပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောပြခဲ့ပါသည်။
အချို့သော ရွေ့ပြောင်းအလုပ်သမားများသည် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) တွင် ပါရှိသည့် နာမည်နှင့် ထိုင်းနိုင်ငံတွင် စာရင်းသွင်းထားသည့် နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)တွင် ဖော်ပြထားသည့် နာမည် ကွဲလွဲ နေမှုများလည်း တွေ့ရှိနေရသည်။
သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကြားတွင် ပထမဦးဆုံးအကြိမ် မဲပေးခွင့် ရရှိသည့် လူငယ်မဲဆန္ဒရှင်များက အများစု ဖြစ်ပြီး တချို့လူကြီးများ အနေဖြင့်လည်း တကြိမ်မျှ မဲမပေးခဲ့ဘူးသည်ကို တွေ့ရသည်။
အချို့သော လူငယ်မဲဆန္ဒရှင်များ အနေဖြင့်လည်း သူတို့ ရွေးချယ်မှု မှားယွင်းသွားမည်ကို စိုးရိမ်စိတ်များ ရှိနေပြန်သည်။
“ကျမတို့ မဲမထည့်ချင်ဘူး၊ ဘယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘယ်ပါတီက ကောင်းတယ်ဆိုတာလည်း မသိပါဘူး။ လွှတ်တော် ကိုယ်စားလှယ် ဘယ်နှစ်ယောက်ကို မဲပေး ရွေးရမယ်ဆိုတာလည်း မသိပါဘူး၊ ကျမတို့ အနေနဲ့ မကောင်းတဲ့၊ အရည်အချင်း နည်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးမိမှာ အရမ်း စိုးရိမ်ပါတယ်”ဟု ထိုင်းနိုင်ငံတောင်ပိုင်း ပြင်ပ ပညာရေး အစီအစဉ်တွင် တက်ရောက်နေသည့် ထားဝယ်တိုင်းရင်းသူတဦးမှ ပြောပြဖူးသည်။
နိင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ၅ နှစ်မှ တကြိမ်သာ ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို “မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကို မကြိုက်ဘူး။ ဟိုစနစ်ကြီးကို မကြိုက်ဘူးလို့ ပြောဆိုနေခြင်းသည် အင်မတန် တာဝန်မဲ့ပါတယ်” ဟုပြောထားသည်။
တချိန်တည်းမှာပင် သမ္မတကြီးဦးဝင်းမြင့်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင် များနှင့် တွေ့ဆုံစဉ်တွင် မဲပေးပိုင်ခွင့် ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့် မဆုံးရှုံးစေရန် ညွှန်ကြားခဲ့သည်။ နိုင်ငံသားများ အနေဖြင့် မဲပေးနိုင်ခွင့် ဆုံးရှုံးခြင်းသည် နိုင်ငံသားတဦး၏ မွေးရာပါ နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး ဆုံးရှုံးရာ ရောက်ကြောင်း၊ နိုင်ငံသားတိုင်း မဲပေးနိုင်ခွင့် ရရှိစေရန်၊ ကြိုးစားလုပ်ဆောင်ပေးပါရန်၊ တာဝန်ရှိသူများအား ညွှန်ကြား ခဲ့သည်။
အချို့သော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ဘယ်နှစ်ယောက်ကို မဲပေးရမည်၊ တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ဘယ်နှစ်ဦးကို ရွေးချယ်ပေးရမည်ကို မသိရှိ ကြသည့်အပြင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီ ၂ ခုတည်းသာ ရွေးရမည်ဟု ယူဆနေကြသူများလည်း ရှိနေသေးပါသည်။
သို့ဖြစ်ရာ အစိုးရဦးဆောင်မှုဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးရန် လိုအပ်နေပါသေးသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းများအရ နိုင်ငံတကာရှိ သံရုံးများနှင့်ကောင်စစ်ဝန်ရုံး ၄၄ နေရာတွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားမဲဆန္ဒရှင်များ၏ ကြိုတင်မဲစုစုပေါင်းမှာ ၃၀၁၅၂ မဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုစဉ်က ဘန်ကောက်မြို့ မြန်မာသံရုံး၌ ကြိုတင်မဲပေးခဲ့သူ မြန်မာနိုင်ငံသား ၅၄၂ ဦးရှိခဲ့ပြီး ချင်းမိုင်ကောင်စစ်ဝန်ရုံးတွင် ၆၀ ဦး မဲထည့်ခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးရေ ၃ သိန်းမှ ၅ သိန်းခန့် ရှိနိုင်သည်ဟု ခန့်မှန်း ပြောဆိုနေကြသည့် မလေးရှား နိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသား ၅၀၄ ဦး မဲပေးခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသူများ၏ ကြိုတင်ဆန္ဒမဲ များ ပေးနိုင်ရန် ဖြည့်စွက် လျှောက်ထားသည့် ပုံစံ ၁၅ များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ၂၀၂၀ ခုနှစ် သြဂုတ် ၁၉ တွင် တတိယအကြိမ် လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ပမဲဆန္ဒရှင်စုစုပေါင်း ၁၀၉၄၇၀ ဦး လက်ခံရရှိခဲ့ပြီဟု ဖော်ပြထား သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ထားသည့် အဆိုပါ ၁ သိန်းကျော်သည့် လူဦးရေမှာ ကြိုတင်မဲ ပေးနိုင်ရန် ပုံစံ ၁၅ များဖြည့်စွက်ပေးပို့သည့် သူများသာဖြစ်သည်။ မဲစာရင်းတွင်ပါခြင်း၊ မပါခြင်းနှင့် မဲစာရင်းမှားယွင်းမှုများလည်း ကြုံတွေ့နိုင်ပါသေးသည်။ အလုပ်သမားနဲ့လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာန ဝန်ကြီး ကိုယ်တိုင် မဲစာရင်း မှားနေသည် ထုတ်ဖော်ပြောကြားခဲ့သည် မဟုတ်ပါလော။
“မဲမပေးဘဲ စနစ်မကြိုက်ဟု ပြောဆိုခြင်းသည် တာဝန်မဲ့သည်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားလေရာ နိင်ငံတော်၏ခေါင်းဆောင်များအနေဖြင့်လည်း ပြည်တွင်းပြည်ပရှိ နိုင်ငံသားများအား မဲပေး (မဲထည့်) ဖို့ကို ပါးစပ်မှ ပြောနေရုံဖြင့် မလုံလောက်ဟု ဆိုချင်ပါသည်။
တချိန်တည်းမှာပင် မဲစာရင်းမှန်ကန်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများ မဲထည့်မှု လွယ်ကူစေရန် ဆောင်ရွက်ပေးရမည့် အပြင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြု တင်ပြလိုက် ရပါသည်။
(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) FED အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)
You may also like these stories:
ကိုဗစ်ကာလ ထိုင်းရောက် အလုပ်လက်မဲ့ မြန်မာလုပ်သားများ
မလေးရှားမှာ ဒုက္ခရောက်နေသူတွေကို ပူးပေါင်းကယ်ဆယ်လို့ မရဘူးလား
ပြည်ပမှ ကြိုတင်မဲပေးရန် ကနဦး လျှောက်ထားသူ ၅ သောင်းကျော်ရှိ