ပဒေသရာဇ်ခေတ်၊ ကိုလိုနီအုပ်ချုပ်ရေး၊ စစ်အာဏာရှင်အစိုးရ စတဲ့ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးစနစ် အောက်မှာ ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ စစ်ရေးကို အခြေခံသောယဉ်ကျေးမှုတခုက အမြစ်တွယ်နေလို့ ဆိုရမှာဖြစ် ပါတယ်။
မြန်မာနိုင်ငံမြေပုံကို မျက်စိမှိတ်ပြီး မြင်ယောင်ကြည့်လိုက်ရင် မြို့ကြီးပြကြီးကအစ ကျေးလက်ဒေသ၊ နယ်စပ် ဒေသ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်တဲ့ဒေသ အဆုံး နိုင်ငံအနှံ့မှာ တိုင်းစစ်ဌာနချုပ်၊ အစိုးရတပ် စခန်း၊ နယ်ခြားစောင့်ရဲကင်းစခန်း၊ ပြည်သူ့စစ်အဖွဲ့၊ နယ်ခြားစောင့်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ က နေရာယူထားတာကို မြင်ရပါမယ်။
နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ကြောင့် စစ်အငွေ့အသက်တွေ၊ စစ်ဘေးဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက် နေပါတယ်။
ဒါတင်မကသေးပါဘူး။ နိုင်ငံရေးမှာလည်း စစ်တပ်က နေရာယူထားတာ အထင်အရှားပါ။ လွှတ်တော်မှာ စစ်တပ် ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း နေရာယူထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းမရှိတော့တဲ့ အခါ စစ်တပ်က နိုင်ငံရေးကနေ ထွက်သွားမယ်လို့ တပ်မတော်ခေါင်းဆောင်တချို့က သဘောထားရှိပါတယ်။ လက်တွေ့မှာလည်း တွေ့နေရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူအခွင့်အရေးကို လက်နက်ကိုင် တော်လှန်ပြီး တောင်းဆိုနေကြပါတယ်။ တပ်အင်အား၊ လက်နက်အင်အားရှိမှ နိုင်ငံရေးမှာ လူရာဝင်တယ်လို့ တိုင်းရင်းသားဘက်က ယူဆနေတာ ရှိသလို တပ်မတော်က နိုင်ငံတော်ရဲ့ Guardian လို့ ခံယူထားကြောင်း နိုင်ငံရေးလေ့လာသူတွေက ထောက်ပြလေ့ရှိပါတယ်။
ဒီလို စစ်ဝါဒီ အတွေးအခေါ်တွေကြောင့် မြန်မာတစ်နိုင်ငံလုံးနီးပါး Militarization ထွန်းကားနေပါတယ်။
တိုင်းရင်းသားတွေကလည်း တပ်မတော်ကို လက်နက်ကိုင် တော်လှန်ရင်းနဲ့ စစ်ရေး အခြေခံတဲ့ ယဉ်ကျေးမှုကို တည်ဆောက်နေသလို ဖြစ်နေတယ်လို့ ဝါရင့် တိုင်းရင်းသား ခေါင်းဆောင်တဦးက ထောက်ပြပါတယ်။ ဥပမာအား ဖြင့် “ဝပြည်သေးစည်းညီညွှတ်ရေး တပ်မတော်”(UWSA)ကို ကြည့်နိုင်ပါတယ်။
ဒါပေမဲ့ ဒီလို အမြစ်တွယ်နေတဲ့ စစ်ဝါဒီ စိုးမိုးနေတဲ့နိုင်ငံမှာ ၂၀၁၀ ခုနှစ်ကစပြီး ဒီမိုကရေစီ အငွေ့အသက် ဝင်လာ ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ဦးသိန်းစိန်အစိုးရ တက်လာပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်လက်ထက်မှာ အပြောင်းအလဲတွေလုပ်လာပါတယ်။ ပြည်ပရောက် အတိုက်အခံ အဖွဲ့တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ မီဒီယာအဖွဲ့အစည်းတွေ ပြည်တွင်းကို ပြန်လာနိုင်ဖို့ လမ်းပွင့်သွားခဲ့ တယ်။ သတင်းလွတ်လပ်ခွင့် အတိုင်းအတာတခုအထိ ရလာတယ်။ ဆင်ဆာတွေပယ်ဖျက်ခဲ့တယ်၊ ပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြခွင့်ပိုရလာတယ်။
စစ်အစိုးရခေတ်ထက်စာရင် သာမန်ပြည်သူတွေ အသက်ရှုချောင်လာတယ်လို့ ပြောနိုင်ပါတယ်။ လက်ဘက်ရည် ဝိုင်းမှာ နိုင်ငံရေး အကြောင်းတွေ ပြောရဲလာတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ စားပွဲဝိုင်းပေါ် တွေ့ဆုံ ညှိနှိုင်းခဲ့ကြတယ်၊ တိုင်းရင်းသားအဖွဲ့တချို့နဲ့ အပစ်အခတ်ရပ်စဲရေး ယူနိုင်ခဲ့တယ်၊ အပစ်ရပ်သဘောတူစာချုပ် လည်း ချုပ်ဆိုနိုင်ခဲ့တယ်။
စီးပွားရေး အခွင့်အလမ်းပွင့်လာတယ်။ စစ်ရေး အခြေခံတဲ့ ယဉ်ကျေးမှုတခုအောက်မှာ ဒီမိုကရေစီစနစ် အခြေ ခံတဲ့ ယဉ်ကျေးမှုတခု မွေးဖွားလာတယ်လို့ သုံးသပ်နိုင်ပါတယ်။
၂၀၁၅ ခုနှစ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
NLD အစိုးရ လက်ထက်မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်ကြပါတယ်။ မွန်နဲ့ လားဟူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကတော့ မျှော်မှန်းထားသလောက် ခရီးမရောက်ခဲ့ပါ။
ဝေဖန်မှုတွေ ရှိနေပေမဲ့ စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကို နေပြည်တော်မှာ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဆက်မပြတ်အောင်၊ နောက်အစိုးရ လက်ထက်မှာ ဆက်ပြီး သွားနိုင်အောင် ဒီညီလာခံကို ကျင်းပဖို့ သဘောတူလက်ခံခဲ့ကြတယ်လို့ တချို့က ပြောကြ ပါတယ်။
ငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံ့ခေါင်းဆောင်ဖြစ်ကြတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းကို ကြည့်ခြင်အားဖြင့် သူတို့ နှစ်ယောက်အကြားဆက်ဆံရေးဟာ ၃ နဲ့ ၄လို တနည်းအားဖြင့် ဆန့်ကျင်ဘက်လို့ ဆိုနိုင်ကြောင်း နေပြည်တော် က နိုင်ငံရေး အသိုင်းအဝိုင်းက ဆိုပါတယ်။

ငြိမ်းချမ်းရေးညီလာခံပထမနေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က “ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ နိုင်ငံတော်နဲ့ တက်လာတဲ့ အစိုးရကို ဆန့်ကျင်နေတာ ဖြစ်ပြီး နိုင်ငံတော်နဲ့ အစိုးရတိုင်းကို တပ်မတော်က ကာကွယ်ပေးနေတယ် ဆိုတာ ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
တချို့ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဗကပရဲ့ ၁၉၅၅ခုနှစ် လမ်းစဉ်အတိုင်း ဖဆပလ အစိုးရဆိုတဲ့ စကားရပ်နေရာမှာ တပ်မတော်ကို အစားထိုးပြီး လုပ်ကြံဖန်တီးတာကို တွေ့ရမှာပါလို့ ကာချုပ်က ပြောဆိုခိုင်းနှိုင်းခဲ့တဲ့ အပေါ်မှာလည်း တိုင်းရင်းသားတွေက မကြိုက်ကြပါဘူး။
ဒါ့အပြင် ၁၉၅၀ပြည့်နှစ်လောက်က အတွေးအခေါ် အယူအဆတွေနဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် မောင်းနှင်လိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့လဲ ကာချုပ်က ပြောခဲ့ပါတယ်။
“ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့ ” ဆိုတဲ့ စကားအပေါ်မှာလည်း ကြမ်းတမ်းတဲ့ အသုံးအနှုန်း တွေ ဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့အချို့က ပြောဆိုကြပါတယ်။
ဒီစကားအသုံးအနှုန်းတွေဟာ စစ်သားစကားမဟုတ်ပဲ နိုင်ငံရေးစကား၊ နိုင်ငံရေးထိုးနှက်ချက်တွေဖြစ်တယ်လို့ သုံးသပ်မှု တွေလည်း ရှိနေပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံလည်းဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ သေနတ်သံတွေ၊ ဗုံးသံတွေ၊ တိုက်ပွဲသံတွေ တိုးတိတ် ငြိမ်သက်သွားရုံ သက်သက် မဟုတ်ပါဘူး။ လက်နက်ကို အားကိုးမှ အင်အားကို အသုံးချမှ ထိရောက်မှု ရှိမယ်၊ အရာဝင်မယ်၊ အလေးပေးခံရမယ်၊ အောင်မြင်မယ်ဆိုတဲ့ “ နိုင်ငံရေး ဓလေ့ဆိုးကို” ဖြစ်ပေါ်စေခဲ့တဲ့ အဇ္စုတ္တ စိတ်သဏ္ဍာန် ရေသောက်မြစ်ကို ဖြတ်ပစ်ဖို့အထိ အဓိကရည်ရွယ်ထားတာပါ ” လို့ ပြောကြားခဲ့ပါတယ်။
ဒါဟာ စစ်ရေးကို အခြေခံတဲ့ အင်အားစုနဲ့ ဒီမိုကရေစီကို အခြေခံတဲ့ အင်အားစုနှစ်ခုအကြား အားပြိုင်မှုဖြစ်ပြီး တိုင်းပြည်အတွက် အန္တရာယ်ကြီးတယ်လို့ လေ့လာသူတွေက သတိပေးပါတယ်။ လူတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ နိုင်ငံရေးသမားတွေ ဖြစ်လာရင် တိုင်းပြည်အတွက် အန္တရာယ်ကြီးတယ်လို့ နိုင်ငံရေး လေ့လာသူတချို့က ထောက်ပြပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကလွဲလို့ တခြားနည်းလမ်းက အလုပ်မဖြစ်တဲ့အတွက် NCA ကို ထိန်းသိမ်းဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကို နောက်သုံးနှစ်လောက်ထိ တစိုက်မတ်မတ် လုပ်နိုင်ရင် အဆင်ပြေလာနိုင်တယ်လို့ လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။
စစ်ရေးနဲ့ ဒီမိုကရေစီ အင်အားစုနှစ်ခုရဲ့ အားပြိုင်မှုကို မထိန်းနိုင်ရင်၊ ယုံကြည်မှု တည်ဆောက်ရေး၊ ပြန်လည် ရင်ကြားစေ့ရေးကို မလုပ်နိုင်ရင် ပွတ်တိုက်မှုတွေ များလာပြီး မီးပွင့်သွားတဲ့ အခြေအနေထိ ဖြစ်လာမှာကို စိုးရိမ် တယ်လို့ အမည်မဖော်လိုသူ ဝါရင့်နိုင်ငံရေးသမားတဦးက ပြောပါတယ်။
လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေသူတွေဟာ သမိုင်းကြောင်းအရ အတိတ်ဆိုးတွေ၊ စိုးရိမ်မှုတွေနဲ့ ချည်းကပ်နေသ၍ ယုံကြည်မှု တည်ဆောက်ရာမှာ အခက်အခဲရှိတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးဖက်တွေက နိုင်ငံရေးရေချိန်၊ ဖြတ်သန်းမှု၊ စကားရပ်အဓိပ္ပါယ်ဖွင့်ဆိုမှု ကွာခြားနေတာကလည်း အခက်အခဲဖြစ်စေတယ်။ စစ်မတိုက်ဖူးတဲ့ အရာရှိတွေ၊ အဖွဲ့ခေါင်းဆောင်တွေ တနည်း အားဖြစ် နောက်မျိုးဆက်သစ်တွေ ပါဝင်လာမှ ငြိမ်းချမ်းရေးခရီးက ပိုပြီးမြန်ဆန်မယ်လို့ နိုင်ငံရေးလေ့လာသူက ဆိုပါတယ်။
ဒါကြောင့် အနာဂတ်လူငယ်တွေ အနေနဲ့ စစ်မတိုက်ရဖို့၊ ပဋိပက္ခတွေ မကြားရဖို့အတွက် လက်ရှိ ငြိမ်းချမ်းရေးမှာ ပါဝင်တဲ့ သက်ဆိုင်ရာလူကြီ်းတွေ အနေနဲ့လည်း အတိတ်ဆိုးတွေကို လက်ဆင့်မကမ်းဖို့လိုအပ်တယ်လို့ သူက ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာခေါင်းဆောင်တွေ ဒီနှစ် နိုဝင်ဘာလမှာ ရွေးကောက်ပွဲပြီးလို့ နောက်တက်လာမယ့် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မရပ်တန့်ဖို့ သဘောထားရှိပါတယ်။ အဲ့ဒီအတွက် အငြင်းပွားနေတဲ့ “ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ”ကို ဆက်ပြီးဆွေးနွေးဖို့ တိုင်းရင်းသားဘက်က သဘောတူခဲ့ပါတယ်။
စစ်ရေးနဲ့ ဒီမိုကရေစီ အခြေခံတဲ့ အင်အားစုခေါင်းဆောင်တွေ အကြား အားပြိုင်မှုအပြင် လက်နက်ကိုင်အဖွဲ့တွေ ကလည်း ရှိနေတဲ့အတွက် အမြစ်တွယ်နေတဲ့ စစ်ရေး အခြေခံတဲ့ ယဉ်ကျေးမှုဘက် ပြန်မလှည့်ဖို့ သတိပြုရပါမယ်။
အမြစ်တွယ်နေတဲ့ စစ်ရေးကို အခြေခံတဲ့ ယဉ်ကျေးမှုကြားက နုနယ်သေးသော ဒီမိုကရေစီကို အခြေခံတဲ့ ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ကြောင်း သုံးသပ်လိုပါတယ်။
ဝေယံဘုန်းလူသည် တိုင်းရင်းသား အရေး၊ နိုင်ငံရေး သတင်းများနှင့် သုံးသပ်ချက်များကို ရေးသားနေသည့် သတင်းသမားတဦးဖြစ်ပါသည်။
You may also like these stories:
ပြည်ထောင်စု သဘောတူစာချုပ်အတွက် အချက် ၂၀ သဘောတူ
“မဖြစ်သင့် မဖြစ်ထိုက်တာ မဖြစ်အောင်”ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
“စကားလုံးတလုံး” အပေါ်မှာ ဆက်လက် ငြင်းခုံနေရတဲ့ နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ