မောင်ဝင်းဇော်ထွန်း၊ မောင်ဇော်လင်းနှင့် ထိုင်းထောင်ထဲက မြန်မာများ

ထူးချစ်
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်းက ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးတွင် ရုံးထုတ်လာသည်ကို တွေ့ရသော ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်း / Reuters
Want create site? Find Free WordPress Themes and plugins.

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံတောင်ပိုင်းသို့ အလည်အပတ် ရောက်ရှိခဲ့သည့် ဗြိတိသျှနိုင်ငံသား ကမာ္ဘလှည့် ခရီးသည် ၂ ဦး ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ လိပ်ကျွန်းတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။ အဆိုပါလူသတ်မှု၊ မုဒိမ်းမှုတို့တွင် ပါဝင်ပတ်သက်မှု ရှိသည်ဟုဆိုကာ အခင်းဖြစ်ပွားမှုဖြစ်ပြီး ၁ လခန့် ကြာမြင့်ပြီးမှ မြန်မာရွှေ့ပြောင်း အလုပ်သမား လူငယ် ၂ ဦးဖြစ်သည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်း တို့ကို ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကော့စမွေမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ် စီရင်ခဲ့သည်။

ထိုင်းနိုင်ငံ မြို့နယ်တရားရုံးမှ အဆိုပါ သေဒဏ်ချမှတ်သည့်အပေါ် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ၊ ထိုင်းနိုင်ငံသူ နိုင်ငံသားများနှင့် မြန်မာလူ့အဖွဲ့အစည်း အသီးသီးတို့မှာ တုန်လှုပ် အံသြခဲ့ကြရသည်။ ဝမ်းနည်းကြေကွဲခဲ့ကြရ၊ ရင်ထုမနာ ဖြစ်ခဲ့ကြရ၏။

ယင်းဆုံးဖြတ်ချက်သည် တရားနည်းလမ်းကြပါသလား။ မတရားဖမ်းဆီး အပြစ်ပေးမှုများ ဖြစ်နေမလား ဆိုသည့် အတွေးပေါင်းများစွာဖြင့် ကိုယ့်နည်းကိုယ့်ဟန် ဝိုင်းဝန်းပြီး အမှန်တရား ပေါ်ပေါက်ရေးအတွက် ဖော်ထုတ်ပေးခဲ့ကြသည်။

ထိုင်း နိုင်ငံတွင် နေထိုင်လုပ်ကိုင် စားသောက်နေကြသည့် မြန်မာနိုင်ငံသားများအနေနှင့် တရားခံ အစားထိုးခံရခြင်း၊ မတရား အရေးယူ အပြစ်ပေးခံရခြင်း ဆိုသည်မှာ ထူးခြားသည့် ကိစ္စရပ် မဟုတ်ပါ။ ရှိရင်းစွဲ အစဉ်အလာကဲ့သို့ပင် ဖြစ်နေခဲ့သည်။

မခိုးဝှက်ဘဲနှင့် ခိုးသည်။ လူသတ်မှု မကျူးလွန်ဘဲ ကျူးလွန်သည်။  လူကုန်ကူးမှုတွင် ပါဝင် ပတ်သက်မှုမရှိဘဲ လူကုန်ကူး သူများအဖြစ် စွပ်စွဲခံရခဲ့ရမှုများ၊ မူးယစ်ဆေးရောင်းဝယ်မှု မလုပ်ဘဲ၊ မူးယစ်ဆေးရောင်းဝယ် သုံးစွဲသူများအဖြစ် မတရား စွပ်စွဲခံနေရသူများသည် ထိုင်းနိုင်ငံ အကျဉ်းထောင်တိုင်း နီးပါးတွင် ရှိနေကြသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ ဘန်ခဝန်ဗဟိုအကျဉ်းထောင်ကြီးတွင် သေဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို သွားရောက်တွေ့ဆုံစဉ် သေဒဏ်ကျခံနေရသည့် ရှမ်းပြည်မြောက်ပိုင်း ကျီးသဲ မြို့နယ်တွင် နေထိုင်သူ ရှမ်းအမျိုးသား ၁ ဦးမှ ၎င်းတို့ ထိုင်းမြန်မာနယ်စပ်မှ ကားကြုံလိုက်လာစဉ် ထိုင်းအာဏာပိုင်များ ရှောင်တခင်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် ကားဖြစ်နေသည်။ ကားမောင်းသူက ထွက်ပြေး ရှောင်တိမ်းသွားပြီး ၎င်းဇနီးမောင်နှံနှင့်အတူ သူငယ်ချင်း ၁ ဦးတို့ ဖမ်းဆီးခံခဲ့ရကြောင်းနှင့် သေဒဏ်အပြစ်ပေးခံထားရကြောင်း ပြောပြခဲ့သည်ကို ကြုံတွေ့ ကြားသိခဲ့ရဖူးသည်။

ထိုသို့ မတရားဖမ်းဆီး အပြစ်ပေးခံခဲ့ရသော်လည်း မြန်မာအစိုးရမှ ထိထိရောက်ရောက် ဥပဒေအရ အကာကွယ်ပေးမှုများ မရှိသလောက် နည်းပါးလွန်းခဲ့သည်။ ယခင် စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံသားများအပေါ် တာဝန်ယူမှု လျော့နည်း မျက်ကွယ်ပြုခဲ့ခြင်းများက လက်ရှိ တာဝန်ယူ စီမံခန့်ခွဲ အုပ်ချုပ်နေသည့် အစိုးရတာဝန်ရှိသူများ၏ တွေးထင်ဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက်နေခြင်းများကို အားပေးအားမြောက် တွန်းပို့သကဲ့သို့ ဖြစ်စေခဲ့သည်။

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ကျခံနေရသည့် မြန်မာရွေ့ပြောင်း အလုပ်သမားလူငယ် ၂ ဦးမှာလည်း ထိုင်းနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိသည့် အခြေအနေများအတိုင်း မတရား ဖမ်းဆီးပြစ်ဒဏ်ချမှတ် ခံထားရခြင်း ဖြစ်သည်ဟု သံသယရှိသည်။ ထိုလူငယ် ၂ ဦးသည်  အခင်းဖြစ်သွားပြီး ၁ လခန့် အကြာမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

 “ကျနော်တို့သာ အဲဒီလူသတ်မှုမှာ ပါဝင်ပတ်သက်ခဲ့မယ်ဆိုရင် ကျနော်တို့ ဒီကျွန်းပေါ်မှာ ဘာဖြစ်လို့ ဆက်နေတော့မှာလဲ။ ကျနော်တို့မှာ တနေရာရာကို ထွက်ပြေးသွားဖို့ အချိန်အများကြီး ရှိနေတာဘဲ”ဟု “ ဝင်းနှင့်ဇော်” တို့မှ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးကော်မတီကို ပြောပြခဲ့ကြသည်။

ယခင် စစ်အစိုးရများနှင့် မတူ လိပ်ကျွန်းလူသတ်မှုအား ဦးသိန်းစိန်အစိုးရနှင့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ စိတ်ဝင်စားမှုနှင့် စာနာကူညီ ဆောင်ရွက်ပေးခဲ့မှုများသည် ထိုင်းအစိုးရနှင့် ထိုင်းလူထုကို အံအားသင့်စေခဲ့၏။ ဦးသိန်းစိန်အစိုးရမှာ မိမိတို့ လုပ်ကိုင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို အတတ်နိုင်ဆုံး ကူညီ ပံ့ပိုး ဆောင်ရွက်ပေးခဲ့သည်။ မြန်မာအစိုးရက ထိုင်းရှေ့နေများ ကောင်စီသို့ တရားဝင် အမှုအပ်နှံသည် အထိ ဆောင်ရွက်ခဲ့သည်။ ထိုင်းရှေ့နေများကောင်စီ စတင်တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော် အတွင်း မြန်မာအစိုးရ တာဝန်ရှိသူများက ထိုင်းရှေ့နေများကောင်စီအား တရားဝင် အမှုအပ်နှံသည်အထိ ယုံကြည်မှု ပေးအပ်ခဲ့သည်ဟု ဆိုရမည်ပင်။ ထိုင်းရှေ့နေများကောင်စီကလည်း အံြ့သဝမ်းသာ ဂုဏ်ယူစွာ လက်ခံခဲ့ကြသည်။

ပျက်စီးယိုးယွင်းနေသည့် ထိုင်းနိုင်ငံ၏ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကို ခိုင်ခံ့အောင် လိပ်ကျွန်းအမှုနှင့် အခြေပြု ပြီး ပြုပြင်ပြောင်းလဲယူမည်ဟု လိပ်ကျွန်းအမှုကို လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့သည့် ထိုင်းရှေ့နေများကောင်စီမှ ကြုံးဝါး စိန်ခေါ်သံ ပေးခဲ့ကြသည်။

မြန်မာအစိုးရမှလည်း အဆိုပါ လိပ်ကျွန်းအမှုအား ဥပဒေကြောင်းအရ အကူအညီ ပေးနိုင်ရန် သံရုံး ဝန်ထမ်းများ၊ တပ်မတော် စစ်သံအရာရှိများ အပါအဝင် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းပြီး ကော်မတီများ ဖွဲ့စည်းပေးခဲ့သည်။
ယင်းကော်မတီများက ဦးဆောင်၍ လိုအပ်သည့် သတင်း အချက်အလက်များနှင့်  လိပ်ကျွန်းလူသတ်မှု အမှုမှန် ပေါ်ပေါက်ရေးကို ဦးဆောင် ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများကောင်စီနှင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်ခဲ့ကြသည်။

အကျဉ်းကျခံနေရသည့် ရခိုင်လူငယ်များ၏ စားဝတ်နေရေးနှင့် ရခိုင်ပြည်နယ်ရှိ မိဘဆွေမျိုးများနှင့် တွေ့ဆုံနိုင်ရေးတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။ အစိုးရက ဦးစီးဦးဆောင်ပြု၍ စိတ်လက်ကိုယ်ပါ ကြိုးပမ်း ဆောင် ရွက်ပေးခဲ့သော်လည်း ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ရွှေ့ပြောင်း မြန်မာအလုပ်သမား ရခိုင်လူငယ် ၂ ဦးအား သေဒဏ်ချမှတ် စီရင်ခဲ့သည်။

ထိုင်းနိုင်ငံ၏ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ထိုင်းရှေ့နေများကောင်စီနှင့် နိုင်ငံတကာ ဥပဒေ ပညာရှင်များ၏ အကူအညီနှင့် တရားရုံးအဆင့်ဆင့်ကို အယူခံဝင်ခဲ့သော်လည်း၂၀၁၉ ခုနှစ် သြဂုတ် ၂၉ ရက်နေ့တွင် ထိုင်းဗဟို တရားရုံးမှ လူငယ် ၂ ဦးအား နောက်ဆုံးအကြိမ်မှာလည်း သေဒဏ်ချမှတ်ခဲ့ပြန်သည်။

နောက်ဆုံးအမိန့်ချမှတ်မှုကြောင့် တရားခံများဟု သတ်မှတ်ခံထားရသည့် မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့မှာ အံ့ဩ တုန်လှုပ် ကြောက်ရွံ့ခဲ့ရသည်ဟု အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ထိုင်းရှေ့နေများကောင်စီ၏ ရှေ့နေကြီးမှ ပြောကြားခဲ့သည်။

ရခိုင်လူငယ် ၁ ဦးမှ “ကျနော်တို့ကို ဆေးထိုးသတ်မှာလား”ဟု စိုးရိမ်ထိတ်လန့်စွာဖြင့် အမိန့်စာဖတ်ပြသည့် တရားသူကြီးအား အော်ဟစ်မေးမြန်းခဲ့သည့် တရားရုံးထဲက ပဲ့တင်သံကို ယနေ့တိုင် ကြားယောင် နေမိသေးပါသည်။

ထိုင်းတရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ထိုင်းဘုရင်မင်းမြတ်ထံတွင် အသနားခံစာ တင်သွင်းရန် ကျန်ရှိသေး သည့်အတွက် ထိုင်းရှေ့နေများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ဦးဆောင်ပြီး ထိုင်း အစိုးရ၏ သတ်မှတ်ထားသည့် အချိန် အကန့်အသတ်အတွင်း အသနားခံစာ တင်သွင်းပေးခဲ့ကြသည်။

၂၀၂၀ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း၏ ထိုင်းနိုင်ငံအတွင်းရှိ အကျဉ်းထောင် များတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကြေညာချက်ကို သတင်း ထုတ်ပြန် ခဲ့သည်။

ဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ အကျဉ်းသား ၂ သိန်းကျော် အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။ ၂၀၂၀ ခုနှစ် သြဂုတ် ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံ အတွင်း အကျဉ်းကျခံနေရသည့် အကျဉ်းသားစုစုပေါင်း ၃၈၂၄၅၂ ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသားအရေအတွက်မှာ ၃၁၂၄၈၆ ဦးရှိကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် နောက်ဆုံး အဆင့် ကင်ဆာရောဂါ ခံစားနေရသူများ၊ နောက်ဆုံးအခြေအနေ ရောက်ရှိနေသည့် (HIV) ကိုယ်ခံအား ကျဆင်းရောဂါဝေဒနာသည်များ၊ မျက်စိမမြင်၊ ခြေကျိုးလက်ကျိုး၊ ခြေမဲ့လက်မဲ့ မသန်စွမ်းသူ အကျဉ်းသား အကျဉ်းသူများ အကျိုးခံစားခွင့်ရှိမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထိုင်းဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ပေးခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းလူငယ် ၂ ဦးဖြစ်သော မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်း တို့လည်း အကျိုးခံစားခွင့် ပါဝင်မည် ဖြစ် သည်။

“အခုရရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ထိုင်းနိုင်ငံအတွင်း အကျဉ်းကျခံနေရသည့် အကျဉ်းသားတိုင်း အနည်းနဲ့အများ ခံစားကြရမှာ ဖြစ်ကြောင်း၊ မိမိတို့ ထိုင်းဘုရင်မင်းမြတ်ထံတွင် တင်လျှောက်ထားသည့် အသနားခံစာနှင့် ပတ်သက် သက်ဆိုင်မှု မရှိကြောင်း၊ အသနားခံစာ တင်ထားသည့်အတွက်ကြောင့် သီးသန့် အကျိုးခံစားခွင့် ရနိုင်သေးကြောင်း” လိပ်ကျွန်းအမှုကို လိုက်ပါကူညီခဲ့သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ထိုင်းရှေ့နေမှ ပြောကြားခဲ့သည်။

ရခိုင်လူငယ်များအနေဖြင့် ထိုင်းနိုင်ငံအကျဉ်းထောင်များ၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လေးစား လိုက်နာ နေထိုင်ပါက နှစ်စဉ်လျော့ပေါ့ရက်များ ခံစားရရှိနိုင်သေးကြောင်း ထိုင်းရှေ့နေ Ms.Supunsa Marem မှ ထပ်လောင်း ပြောကြားခဲ့သည်။

လက်ရှိ NLD အစိုးရကမူ ဦးသိန်းစိန်အစိုးရဟောင်း ဖွဲ့စည်းပေးထားခဲ့သည့် လိပ်ကျွန်းလူသတ်မှု အထူး စုံစမ်းရေးကော်မတီကို ဖျက်သိမ်းသကဲ့သို့ မျက်ကွယ်ပြုခဲ့ပြီး ပူးပေါင်း ဆောင်ရွက်မှု (လုံးဝ) အလျဉ်း မရှိခဲ့တော့ချေ။

ထို့အပြင် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် အလားတူ မတရား ဖမ်းဆီးခံခဲ့ရသည့် ရနောင်းလူသတ်မှုတွင်လည်း လက်ရှိ အစိုးရအနေဖြင့် ထိထိရောက်ရောက် မဆောင်ရွက်ပေးခဲ့ပါ။

၂၀၁၇ ခုနှစ် ဧပြီလတွင် မြန်မာအစိုးရမှ တရားဝင်ဖွဲ့စည်းပေးခဲ့သည့် ကော်မတီမှ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများ ရှင်းရှင်းလင်းလင်း ဂဃနဏ သိရှိနိုင်ရန်နှင့် လက်ရှိအစိုးရက ယခုအနေအထားထက် ပိုမို စနစ်တကျ ကူညီပံ့ပိုးမှုများ ပြုလုပ် ဆောင်ရွက်ပေးလာနိုင်ရန် ရည်ရွယ်ချက်ဖြင့် “လိပ်ကျွန်းမှပဲ့တင်သံ” အမည်ရှိ ရုပ်သံမှတ်တမ်း ၁ ခုကို ထုတ်လုပ် ဖြန့်ချိခဲ့သည်။ မြန်မာနိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုခံစား စာနာနိုင်ရန်အတွက် မြန်မာအစိုးရပိုင် ရုပ်သံလှိုင်းများမှ ထုတ်လွင့်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနများသို့ တရားဝင် ဆက်သွယ် အကြောင်းကြား တင်ပြခဲ့သည်။ သို့သော် တရားဝင် ထုတ်လွင့်ပြသခွင့် မပြုခဲ့ပါ။

ထိုင်းနိုင်ငံတွင် ထိုင်းအစိုးရ၏ တရားဝင် ထုတ်ပြန်ကြေငြာထားချက်အရ အကျဉ်းထောင်ပေါင်း ၁၄၃ ထောင်ရှိသည်။ သေဒဏ် (တစ်သက်တစ်ကျွန်း) ကျခံနေရသည့် မြန်မာနိုင်ငံသား ၁၀ ဦးနှင့် ထောင်နှင့်ချီသည့် မြန်မာရွှေ့ပြောင်း အလုပ် သမား နှစ်ကြီးအကျဉ်းသားများ ရှိနေဆဲဖြစ်သည်။

အကျဉ်းသားများအား ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများ စနစ်တကျ ထောက်ပံ့ ကူညီပေးရန်ု လက်ငင်းလိုအပ်နေသည်။ ပြည်တွင်းရှိ မိသားစုဝင်များနှင့် စုံစမ်းဆက်သွယ်လိုကြ၏။

အစိုးရ မဟုတ်သည့် လူမှုအဖွဲ့အစည်း အချို့မှာ အကျဉ်းကျနေသည့် ရွှေ့ပြောင်းအလုပ်သမားများအား  ထိုင်းဥပဒေဘောင်အတွင်းမှ အကန့်အသတ်ဖြင့် ကူညီဆောင်ရွက်နေကြရသည်။

ထိုင်းအကျဉ်းထောင်များရှိ မိမိနိုင်ငံသားများအရေး ကူညီဆောင်ရွက်ရမည့် တာဝန်ကို မလုပ်ဆောင်ဘဲ မျက်နှာလွှဲထားကြသည်မှာ အဘယ်ကြောင့်နည်း။ အစိုးရအနေနှင့် မြန်မာနိုင်ငံသား အကျဉ်းသားများအား အကျဉ်းထောင်အတွင်း ပုံမှန်လည်ပတ် ပြီး အကူအညီပေးရသည်မှာ မည်မျှ အပမ်းကြီးနေသနည်း။

လိပ်ကျွန်းလူသတ်မှု၊ ရနောင်းလူသတ်မှုများ အမှုမှန်ပေါ်ပေါက်လာရေးအတွက် စနစ်တကျ ကူညီ ဆောင်ရွက်ပေးခြင်းသည် သန်းနှင့်ချီသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို စောင့်ရှောက်ကာကွယ်ရေးနှင့် မိမိနိုင်ငံသားများအား တရားဥပဒေ၏ အကာအကွယ်ပြုမှုနှင့် လူ့အခွင့်အရေး ခံစားရပိုင်ခွင့်ကို မြန်မာနိုင်ငံတော် အစိုးရက နိုင်ငံပြင်ပ မည်သည့်နေရာတွင်မဆို အာမခံသည် ဆိုသည့် သတင်းစကားကို ပေးခြင်းဖြစ်ပါသည်။

ထိုင်းအကျဉ်းထောင်များထဲ အထီးကျန်စွာ စောင့်မျှော်နေကြသူ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများကို ထောင်ဝင်စာတွေ့ပေးရန် အချိန်တန်နေပြီဖြစ်ကြောင်း စေတနာ ရိုးဖြောင့်စွာဖြင့် တင်ပြရေးသားလိုက်ရပါသည်။

(ထူးချစ်သည် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) FED အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်)

You may also like these stories:

လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦး အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်

ကိုဗစ်ကာလ ထိုင်းရောက် အလုပ်လက်မဲ့ မြန်မာလုပ်သားများ

ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့် လွယ်ကူရေး အားထုတ်ပေးကြပါ

အပစ်ပယ်ခံများ၏ ဂုဏ်သရေရှိ လူကြီးမင်း အာဂျန်ခရိုင်ဆတ်

Did you find apk for android? You can find new Free Android Games and apps.
Loading