ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ် တလျှောက်တွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ်သား များအကြား ပဋိပက္ခဖြစ်စဉ်များကို လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအတွင်း စာရေးသူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
သတင်းစာဆရာများ၊ အကူအညီပေးရေး NGO လုပ်သားများ၊ သုတေသီများနှင့် သံတမန်များသည် စစ်မြေပြင်နှင့် ထိုနေရာတွင် နေထိုင်ကြသည့် ဒုက္ခသည်များ၊ စစ်သုံ့ပန်းများ၊ ဒဏ်ရာရနေသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်သားများ၊ မြေမြှုပ်မိုင်းဒဏ်ခံကြသူများ၊ ဖမ်းမိသောသူလျှိုများနှင့် အနာတရဖြစ်နေသော ဝိဉာည်များကို ကိုယ်တိုင် ကြည့်ရှုရန် ထိုနယ်စပ်ဒေသသို့ သွားလာကြသည်။
တချိန်က ထိုစစ်မြေပြင်အနီးသို့ ကျေးရွာသားများသည် အခြားသူ ရာပေါင်းများစွာနှင့်အတူ စစ်မြေပြင်သို့ ခေါ်ဆောင် ခံရပြီး ပေါ်တာ အထမ်းသမားများအဖြစ် အတင်းအကျပ် စေခိုင်းခံကြရသည်။ မပြီးဆုံးနိုင်သည့် ကြောက်မက်ဖွယ် ဇာတ်လမ်းများ ထိုဒေသမှ ပေါ်ထွက်လာခဲ့ကြသည်။
ကြောက်မက်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှု၊ ငှက်ဖျားနှင့် ငတ်မွတ်မှုကြောင့် သေလုမျေားပါး ဖြစ်နေသူများ၊ စစ်မြေပြင် တွင် လူသားအကာအကွယ်အဖြစ် အသုံးပြုခံရသော အထမ်းသမားများတို့၏ဘဝ စသည်တို့၏ ဇာတ်လမ်းများ ပင်ဖြစ် သည်။
ထိုပဋိပက္ခကို သတင်းယူသော မိမိတို့ သတင်းသမားများတို့သည် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ၏ ဌာနချုပ် ဖြစ်သော မာနယ်ပလော “လွတ်မြောက်နယ်မြေ” တွင်ခိုလှုံပြီး မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုများမှ ထွက်ပြေးတိမ်းရှောင် လာသည့် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးသမားများကိုတွေ့ဆုံမေးမြန်းခဲ့သည်။
ထိုသူများသည် ထိုလွတ်မြောက်နယ်မြေမှ တဆင့် မြဝတီနယ်စပ် တဖက်ကမ်းရှိ ထိုစဉ်ကတိတ်ဆိတ်ငြိမ်သက်သော မဲဆောက်သို့ သွားရောက်ကြသည်။
၁၉၈၀ ခုနှစ်များနှောင်းကစ၍ မြန်မာစစ်တပ်သည် ထိုးစစ်ကြီးများစွာကို ဆင်နွှဲပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၏ အခိုင်အမာဒေသဖြစ်သော ကော့မူးရာကို သိမ်းယူသည်။
ထိုစဉ်က တောင်ကုန်းတခုကို သိမ်းယူခြင်း သို့မဟုတ် သေနင်္ဂဗျူဟာကျသော တောင်ကုန်းတခုကို ရှင်းလင်းခြင်းသည် နှစ်ပေါင်းများစွာ မဟုတ်လျှင်ပင် လပေါင်းများစွာကြာပြီး နှစ်ဖက်စလုံးမှ အကျအဆုံးများသည်။ ယနေ့တွင် မြန်မာ စစ်တပ်သည် ထိုသို့သော အခြေအနေတွင် ခြေလျင်တပ်များကို မစေလွှတ်တော့ဘဲ ဒုံးကျည်များ တပ်ဆင်ထားသည့် ရုရှားလုပ် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်စခန်းများကို ပစ်ချမည်ဖြစ်ကြောင်း ဝါရင့် ကရင်တိုက်ခိုက်ရေးသမားများက ပြောသည်။
နှစ်ဖက်အကြား ကြီးမားသည့် နောက်ဆုံးတိုက်ပွဲကို ၁၉၉၅ ခုနှစ်က ထိုင်း- မြန်မာ နယ်စပ်တလျှောက်တွင် တိုက်ခိုက် ခဲ့သည်။ စစ်အစိုးရကို ဆန့်ကျင်သည့် အမျိုးမျိုးသော အင်အားစုများအတွက် အခြေစိုက်စခန်းဖြစ်သော
မာနယ်ပလောကို လက်လွှတ်ဆုံးရှုံးပြီးနောက် ကျော်ကြားလှသော ကော့မူးရာခံစစ်စခန်းကိုလည်း စစ်တပ်က တိုက်ခိုက်သိမ်း ယူသောကြောင့် ဆုံးရှုံးရသည်။
ထိုမှစတင်သည့် ဆယ်စုနှစ်များအတွင်း ကရင်လက်နက်ကိုင် လှုပ်ရှားမှုသည် လုံးဝကွဲပြားခြားနားသော အခြေအနေ တခုသို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) နှင့် စောချစ်သူ
KNU ခေါင်းဆောင်များ မာနယ်ပလောမှ ဆုတ်ခွာရသောအခါ ကရင်လက်နက်ကိုင်လှုပ်ရှားမှုသည် အုပ်စုအမျိုးမျိုး အဖြစ် အစိပ်စိပ်အမွှာမွှာ ကွဲသွားခဲ့သည်။
ထိုအုပ်စုများအနက်တခုဖြစ်သော စောချစ်သူခေါင်းဆောင်သည့် DKBA သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းရန် ဆုံဖြတ် လိုက်သည်။ အပြန်အလှန်အားဖြင့် သူသည် ကော့မူးရာ စခန်းကို ထိန်းချုပ်ခွင့်ရလိုက်သည်။ ၂၀၀၉ ခုနှစ်တွင် ထို လုပ်ငန်းစဉ် ပြီးစီးသောအခါ စောချစ်သူ၏ တပ်များကို မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ၏ လက်အောက်တွင်ရှိသည့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Forces) တခုအဖြစ် အသွင်ပြောင်းလိုက်သည်။
BGF တွင် ပါဝင်ရာ၌ စောချစ်သူ၏ ရည်ရွယ်ချက်မှာ သူ၏အဖွဲ့နှင့် ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) ဟု သိကြသည့် စစ်အစိုးရအကြား ဆက်ဆံရေး တည်ငြိမ်စေရန် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် စီးပွားရေးအတွက် အလားအလာ ကောင်းမည်ဟုလည်း သူနှင့်သူ၏ အရာရှိများက ယူဆခဲ့ကြသည်။
တကယ်လည်း ထိုအကြောင်းအရာသည် ၂၀၁၀ ခုနှစ် သြဂုတ်လထုတ် ဧရာဝတီ မဂ္ဂဇင်း၏ မျက်နှာဖုံး သတင်းတပုဒ် ဖြစ်ခဲ့သည်။ ထိုမျက်နှာဖုံးသတင်းက စောချစ်သူနှင့် သူ၏ အဖွဲ့သည် ထိုစဉ်က စီးပွားရေးသက်သက်ကိုသာ စိတ်ဝင်စား ကြောင်း အခိုင်အမာတင်ပြပြီး ထိုစဉ်က သူတည်ဆောက်ထားသော စီးပွားရေးအင်ပါယာအကြောင်းကို ဖေါ်ပြသည်။
ထိုသို့ အသွင်ကူးပြောင်းလိုက်ခြင်းသည် မြန်မာစစ်တပ်အတွက် အဆင်ပြေသည်။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် နယ်စပ်တွင်လည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပေါ်နေပြီး ဖြစ်သည်။
တရုတ်နယ်စပ်တွင် အမည်ဆိုးနှင့် ကျော်ကြားသည့် ဝနှင့် ကိုးကန့်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စု များသည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူပြီး ကာစီနိုများဖွင့်ရန်နှင့် မူးယစ်ဆေးနှင့် အခြားတရားမဝင် မှောင်ခိုမှုများ လုပ်ရန် လုံးဝလွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးအပ်ခံရသည်။ အရာရာ အဆင်ပြေခဲ့ပါသည်။
ထိုအဖွဲ့များသည် ၎င်းတို့၏ တရားမဝင်လုပ်ငန်းများ၊ တရားဝင်လုပ်ငန်းများ စစ်အစိုးရ၏ စောင်မကြည့်ရှုမှုဖြင့် လုပ်ခွင့် ရခဲ့သည်ဟု ဆိုရမည်။
စောချစ်သူ၏ များပြားလှစွာသော စီးပွားရေးအကျိုးစီးပွားများတွင် BGF အထူးတပ်ရင်း အမှတ် ၉၉၉၏ တပ်မှူးအဖြစ် စောချစ်သူသည် နယ်စပ်ကုန်သွယ်ရေးတွင် အကြီးအကျယ်ပါဝင်ဆောင်ရွက်သည်။ ထိုသို့ စီးပွားရေးအကျိုးစီးပွားကို ရှေ့တန်းတင်ရန် ရည်ရွယ်ချက်ဖြင့် စောချစ်သူသည် ၂၀၀၉ ခုနှစ် ဇွန်လတွင် KNU ၏ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၏ တပ်မဟာ ၇ ကို တိုက်ခိုက်သည်။
ထို ထိုးစစ်ကြောင့် ကရင်ကျေးရွာ ရွာသူရွာသားပေါင်း ၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ထိုဒေသတွင်းတွင် ဖရိုဖရဲဖြစ်ခဲ့ရသည်။ စောချစ်သူ၏ ရည်ရွယ်ချက်ကတော့ စီးပွားရေးဇုန်တခု တည်ဆောက်နိုင်မည့် ပိုင်နက်ချဲ့ထွင် ရေးဖြစ်သည်။
ရွှေကုက္ကို
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စောချစ်သူ ရည်မှန်းခဲ့သော စီးပွားရေးလုပ်ငန်း အင်ပါယာကြီးတခုကို စီမံ အုပ်ချုပ်မည့် အိပ်မက်သည် အကောင်အထည် ပေါ်လာခဲ့တော့သည်။
ယနေ့တွင် သူသည် မြဝတီမြို့နယ်မှ သူအဓိက ရှယ်ယာပါဝင်သည့် စီမံကိန်းကြီးတခုရှိသော ရွှေကုက္ကိုမှ စံအိမ်ကြီးတွင် ဇိမ်ကျကျနေသည့် သန်းကြွယ်သူဌေး (တပ်မှူးနှင့် လောင်းကစားသမား) တယောက်ဖြစ်သည်။
သူသည် ကျည်ကာယာဉ်များ၊ လက်နက်ကိုင် သက်တော်စောင့်များဖြင့် ခရီးသွားလာတတ်သည်။ မကြာသေးမီက သူသည် လွန်စွာချမ်းသာကြွယ်ဝသည့် မိတ်ဆွေသစ်များဖြစ်သည့် တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ထိုသို့ ပဟေဠိဆန်သော တရုတ်ရင်းနှီးမြှုပ်နှံသူများသည် ကြီးမားသော စီးပွားရေးတိုးတက်မှု စီမံကိန်းတခု ပြုလုပ်ရန် အကြံအစည်ဖြင့် BGF ထိန်းချုပ်ထားသည့် နယ်မြေအနီးရှိ ထိုင်းနယ်စပ်သို့ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များတွင် ရောက် လာကြသည်။
ထိုအချိန်မှစတင်ပြီး ကွန်ကရစ် အဆောက်အအုံများ၊ ကာစီနိုများ၊ တန်ဘိုးကြီးမားသည့် စံအိမ်ကြီးများ၊ အကောက်ခွန် မဲ့ရောင်းသော အဆောက်အအုံများနှင့် ဟိုတယ်များသည် ထိုဒေသတွင် မှိုပေါက်သလို ပေါ်လာတော့သည်။ ထိုင်း၊ တရုတ်၊ ကရင်နှင့် အခြားသူများအပြားသည် ထိုဒေသသို့ စုပြုံဝင်ရောက်လာကြသည်။
ကရင်ပြည်နယ်၏ ထိုအပိုင်းတွင် သေနတ်သံများ တိတ်ဆိတ်ပျောက်ကွယ်သွားပြီး ကာစီနိုများ တည်ဆောက်ရန် ယူဆောင်လာသည့် ဆောက်လုပ်ရေး ကိရိယာကြီးများ၏ အသံများက အစားထိုးဝင်ရောက်လာသည်။ သို့သော် ထိုကာစီနိုများသည် ဒေသခံကရင်များနှင့် အခြားနေထိုင်သူများ မကြာသေးမီ ၁၀ စုနှစ်များအတွင်း စောင့်မျှော်နေ သည့် အရာများ မဖြစ်နိုင်ပေ။
ပဋိပက္ခများပြားသည့် အင်ဒိုချိုင်းနားဒေသကို စစ်မြေပြင်မှ ဈေးကွက်ကြီးတခု အဖြစ်ပြောင်းလဲသွားစေရန် ကွယ်လွန် သူ ထိုင်းဝန်ကြီးချုပ်ဟောင်း ချက်တီချိုင် ချွန်ဟဗန်၏ တောင့်တပြောကြားချက်ကို လက်တလုံးခြား အသုံးချပြီး စောချစ်သူနှင့် စိတ်တူကိုယ်တူ ကရင်ခေါင်းဆောင်များသည် ကရင်ပြည်နယ်မှ စစ်မြေပြင်ကို ကြီးမားလှသည့် ကာစီနို အပန်းဖြေ စခန်းအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
ထိုစီမံကိန်းမှာ လောင်းကစားလုပ်ငန်းသာမက ငွေကြေးခဝါချခြင်း၊ ဗဟိုဘဏ်ထိန်းချုပ်မှု မရှိသည့် အီလက်ထရွန်းနစ် ငွေကြေးရောင်းဝယ်ခြင်းနှင့် အခြားရာဇဝတ်ဂိုဏ်းကွန်ရက်များ အတွက်ပါ အချက်အခြာနေရာဖြစ်သော လူထု ထောက်ခံမှု မရှိသည့် စီမံကိန်းဖြစ်သည်။
သို့သော် အဆင့်ပိုမိုမြင့်မားသည့် အာဏာပိုင်များ၏ စောင်မကြည့်ရှုမှုနှင့် တိတ်တဆိတ် ခွင့်ပြုချက်မရှိဘဲ စောချစ်သူ သည် ထိုမျှကြီးမားသော စီမံကိန်းကို အကောင်အထည် ဖေါ်နိုင်မည် မဟုတ်ပေ။ မြန်မာနိုင်ငံမှ ထိပ်သီး လုပ်ငန်းရှင် ကြီး ၁၀ အနက်တဦးအဖြစ် သတ်မှတ်ခံထားရသော စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးသည် တရုတ်ရင်းနှီးမြုပ်နှံသူ များနှင့် နေပြည်တော်မှ သြဇာကြီးမားသူများ အကြား သဘောတူညီချက်ရအောင် လုပ်ဆောင်ရာတွင် ပါဝင်ပတ်သက် ခဲ့သည်ဟု ယုံကြည်ကြသည်။
ပွင့်လင်းမြင်သာမှု ကင်းမဲ့
၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စောချစ်သူနှင့် မြန်မာယာထိုင်ကုမ္ပဏီ (Myanmar Yatai Company) တို့ အကြား တွင် ရွှေကုက္ကိုမြို့ပြ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို ချုပ်ဆိုကြသည်။ ထိုစီမံကိန်းသည် ပင်လယ်ရပ်ခြားနေ တရုတ်လုပ်ငန်းရှင်များ (Overseas Chinese) အဖွဲ့ချုပ်က မူလတင်ပြခဲ့သော စိတ်ကူးအပေါ်တွင် အခြေခံသည့် စီမံကိန်းဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ရွှေကုက္ကိုအတွက် အမေရိကန်ဒေါ်လာ ၂၂.၅ သန်း တန် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို အတည်ပြုပေးခဲ့သည်။ ထိုအဆိုပြုချက်တွင် သုံးနှစ်အတွင်း မြဝတီမြို့နယ်မှ မြေ ၁၀.၃ ဟက်တာ (၂၅.၅ ဧက) ပေါ်တွင် စံအိမ်ကြီး ၅၉ လုံး တည်ဆောက်ရန် ဖေါ်ပြထားသည်။
Yatai International Holding Group သည် ထိုစီမံကိန်းတွင် အဓိက ရှယ်ယာရှင်ဖြစ်ပြီး စောချစ်သူက ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ထိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးချိန်မှ စတင်ပြီး ထောင်နှင့်ချီသော တရုတ် အလုပ်သမားများ ကို ထိုစီမံကိန်း တည်ဆောက်ရေးအတွက် ခေါ်ဆောင်လာခဲ့ကြသည်။
သို့သော် ထိုစီမံကိန်းနှင့် ပတ်သက်သည့် ကြော်ငြာများတွင်မူ ထိုစီမံကိန်းသည် ဒေါ်လာ ၁၅ ဘီလျှံတန်ပြီး စက်မှုဇုန် များ၊ ခရီးသွားလုပ်ငန်းများနှင့် ဖျော်ဖြေရေးလုပ်ငန်းများ သာမက ဘလော့ချိန်း (Block Chain) ဟု ခေါ်သည့် အီလက် ထရွန်းနစ် ရောင်းဝယ်မှု မှတ်တမ်းကို အထူးပြုသည့် အဆင့်မြင့်နည်းပညာဇုန် တခုလည်း ပါဝင်ကာ ကရင်ပြည်နယ်မှ မြေ ၁၈၀၀၀၀ ဧက (၇၃၀၀၀ ဟက်တာ) တွင်အကောင်အထည်ဖေါ်မည်ဟု YIHG ကဖေါ်ပြသည်။
တရုတ်ဘာသာနှင့် ဆိုပါက ဧက ၁၈၀,၀၀၀ မဟုတ်ဘဲ ဧက ၂၉,၀၀၀ ခန့်ဟု အချို့သတင်းများက ပြောကြားသည်။ (ထပ်မံအတည် ပြုရန် လိုသည်)၊ (ဘလော့ချိန်း ဆိုသည်မှာ ဗဟိုဘဏ် ထိန်းချုပ်မှုကင်းသည့် ဘစ်ကွိုင် (Bitcoin) ကဲ့သို့သော အီလက်ထရောနစ်ငွေကြေးကို အထောက်အပံ့ပေးသည့် နည်းပညာဖြစ်သည်။)။ ထိုစီမံကိန်းသည် တရုတ်-ထိုင်း-မြန်မာ အထူးစီးပွားရေးဇုန်ဖြစ်သည်ဟု YIHG ကဆိုသည်။
တရားမဝင် ရင်းနှီးမြှုပ်နှံသူများ
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ထုတ်ပြန်သည့် အစီရင်ခံစာများအရ ဘေဂျင်း၏ ကြီးမားလှသော ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) အခြေခံအဆောက်အအုံ စီမံကိန်း၏ အစိတ်အပိုင်းအဖြစ် မြန်မာ နိုင်ငံနှင့် လုပ်ကိုင်နေသည်ဆိုသော ထိုစီမံကိန်းကို ကျောထောက်နောက်ခံပေးသည့် တရုတ်များသည် လက်တွေ့တွင် ကမ္ဘောဒီးယားနှင့် အရှေ့တောင်အာရှ အခြားနေရာများတွင် လုပ်ငန်းမလုပ်နိုင်တော့သောကြောင့် ပြောင်းရွှေ့လာသူများ ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနှင့် အရှေ့တောင်အာရှ အခြားဒေသများရှိ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် တရားမဝင် လောင်းကစားလုပ်ငန်းများကို အဓိကအားဖြင့် ဗဟိုပြုပြီး တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ထိုနိုင်ငံများမှ မလိုလားသူ များကို ဆွဲဆောင်ထားသည့် ၎င်းတို့၏ လုပ်ငန်းများကို တရားဥပဒေစိုးမိုးရေး အဖွဲ့များက ဖြိုခွဲသောကြောင့် မြန်မာ နိုင်ငံသို့ ရွှေ့ပြောင်းလာခြင်းဖြစ်သည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က အွန်လိုင်းလောင်းကစားလုပ်ငန်းများသည် ငွေကြေးရာဇဝတ်မှုနှင့် အခြား ရာဇဝတ်မှုများနှင့် ပတ်သက်နေသောကြောင့် ပိတ်ပင်ကြောင်း ကြေညာလိုက်ပြီးနောက် ထိုတရားမဝင် စီးပွားရေး သမားများသည် ထိုနိုင်ငံမှ ထွက်ခွာလာခြင်းဖြစ်သည်။
တစိတ်တပိုင်းအားဖြင့်လည်း ဟွန်ဆန်သည် ထိုအွန်လိုင်းကာစီနိုများကို ပိတ်ပင်ရန် တရုတ်အစိုးရက ကမ္ဘောဒီးယား အစိုးရ အပေါ်ပေးနေသော ဖိအားကို တုံ့ပြန်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။ ထိုသို့ ပဟေဠိဆန်သော ရင်းနှီးမြှုပ်နှံသူ များသည် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့လာခြင်းပင်ဖြစ်သည်။
Yatai International Holding Group ကို ဟောင်ကောင်တွင် မှတ်ပုံတင်ထားပြီး ရုံးချုပ်ကို ဘန်ကောက်မြို့တော်တွင် ဖွင့်လှစ်ထားသည်။
တရားမဝင်သော လှုပ်ရှားမှုများနှင့် ၎င်းတို့၏ လူမှုအသိုင်းအဝန်းများအပေါ် ကာစီနိုများက ဖြစ်ပေါ်စေမည့် သက်ရောက် မှုများ အပေါ် ဒေသခံများ၏ စိုးရိမ်ပူပန်မှုများကို ထည့်မတွက်လျှင်ပင် ထိုစီမံကိန်းသည် ပွင့်လင်းမြင်သာမှု ညံ့ဖျင်းခြင်း၊ မြေယာသိမ်းယူခြင်း၊ တည်ဆောက်ရေးလုပ်ငန်း အတိုင်းအတာအပေါ် ရှုပ်ထွေးမှုများရှိခြင်းနှင့် တရုတ်ငွေများ ပုံမှန် စီးဝင်နေခြင်းတို့ကြောင့် ဝေဖန်မှုများ ခံနေရသည်။
ဇူလိုင်လက လွှတ်တော်အစည်းအဝေးတခုတွင် မြဝတီမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဘိုက ထိုစီမံကိန်း၏ တိုးတက်မှုနှင့် ပတ်သက်သည့် မေးခွန်းတခုကို MIC သို့မေးသည်။
“ဒေသခံတွေက တကယ်တော့ ဒီစီမံကိန်းကို မထောက်ခံကြဘူး။ ကာစီနိုစီးပွားရေးတွေ ပါမယ်ဆိုရင် ဒေသခံတွေက ဒီစီမံကိန်းကို ထာဝရ ရပ်ဆိုင်းစေချင်ကြတယ်။ မြဝတီမှာ ဒေသခံတွေနဲ့ တရုတ်တွေအကြား တင်းမာမှုတွေ အများကြီး ဖြစ်နေတယ်။ မြဝတီကို တရုတ်တွေ တရားမဝင် လာရောက်တာကို နှိမ်နင်းဖို့ ဒေသခံတွေက တောင်းဆိုတဲ့ ဆန္ဒပြပွဲ တွေ လွန်ခဲ့တဲ့နှစ်က အများအပြားဖြစ်ခဲ့တယ်။ မြို့ထဲမှာ တရုတ်ဘာသာနဲ့ ဆိုင်းဘုတ်တွေများလာတာကို ဒေသခံတွေ က မနှစ်မြို့ကြဘူး” ဟု ထိုစဉ်က ဧရာဝတီသတင်းဌာနသို့ ဦးစိန်ဘို ပြောသည်။
တရုတ်မြို့တော် (China Town) ဟု ခေါ်ကြသော ထိုစီမံကိန်းကြီးသည် ကရင်ပြည်နယ်ကိုကျော်ပြီး နိုင်ငံခြား မီဒီယာ များ၏ ဝေဖန်ဖေါ်ပြမှု၊ ရန်ကုန်ရှိ နိုင်ငံခြားသံရုံးများနှင့် အမေရိကန်ကွန်ဂရက်၏ သတိပေး စူးစိုက်မှုကိုပင်ခံခဲ့ရသည်။
ထို့အပြင် ရွှေကုက္ကိုသည် ကရင်ပြည်တွင် တခုတည်းသော ထိုကဲ့သို့ စီမံကိန်း မဟုတ်ပေ။ The Saixigang Industrial Zone နှင့် Huanya International City စီမံကိန်းများကိုလည်း အကောင်အထည်ဖေါ်နေသည်။
စောချစ်သူအပြင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အခြားကရင် အထက်လွှာများသည် ထို စီမံကိန်းများတွင် ပါဝင်ပတ်သက် နေပုံရသည်။
ဥပမာဆိုရပါက အမှတ် ၁၀၂၂ နယ်ခြားစောင့် တပ်ခေါင်းဆောင်များအနက် တဦးဖြစ်သူ စောမုတ်သုန်သည် တရုတ် နိုင်ငံက ငွေကြေးစိုက်ထုတ်သည့် စီမံကိန်းများတွင် ပါဝင်ပတ်သက်နေပြီး ကရင်ပြည်နယ်တွင် မြေများရယူထားသည်။ သူသည် စောချစ်သူထက်ပင် ပိုမိုချမ်းသာပြီး ငွေအချို့ကို စင်္ကာပူဘဏ်များတွင် အပ်နှံထားသည်ဟု ဆိုကြသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU)ကိုယ်တိုင်လည်း ထိုစီမံကိန်းများတွင် မည်သို့ ပတ်သက်နေသည်ကို ရှင်းရှင်း လင်းလင်းမသိရပေ။ အချို့သော KNU ခေါင်းဆောင်များနှင့် Huanya International City အုပ်စုသည် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွင် တရုတ်မြို့တော် စီမံကိန်းတခု အကောင်အထည်ဖေါ်ရန် ရှိသည်ဟု ယုံကြည်ရသည်။
၎င်းတို့၏ အဖွဲ့အစည်းသည် ထိုစီမံကိန်းနှင့် ပတ်သက်သည့် မည်သည့် သဘောတူညီချက်ကိုမျှ မလုပ်ရသေး ကြောင်းနှင့် ထိုစီမံကိန်းသည် KNU နှင့် ပတ်သက်ခြင်းမရှိကြောင်း KNU ထိပ်တန်းအရာရှိများက ပြောသော်လည်း KNU နှင့် ပတ်သက်သူများ တသီးပုဂ္ဂလအနေဖြင့် ပါဝင်နိုင်သည်ဟု ဝန်ခံကြသည်။
ယခုနှစ် ဖေဖေါ်ဝါရီလက ကျင်းပသည့် KNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှ စီမံကိန်းအတွက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတခုတွင် တရုတ်နှင့် အင်္ဂလိပ်ဘာသာများဖြင့် ရေးသားထားသည့် စာတန်းတွင် “KNU နှင့် Huanya International City ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးခြင်းနှင့် အုတ်မြစ်ချ အခမ်းအနား”ဟု ရေးသား ထား သည်။
KNU ကာကွယ်ရေးဌာန အကြီးအကဲ စောရော်ဂျာခင်က တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ ကုမ္ပဏီတွင် ကျင်းပသည့် ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ထို့အပြင် ကွယ်လွန်သူ KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြ ၏ သားဖြစ်သူ နာဒါမြသည်လည်း သီးခြား မြို့သစ်စီမံကိန်း တခုတွင် ပါဝင်ပတ်သက်နေသည်။ (မြန်မာစစ်တပ်မှ ထိပ်တန်းအရာရှိများနှင့် နီးကပ်သော ဆွေမျိုးများကဲ့သို့ပင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အများအပြား၏ မိသားစုဝင်များသည်လည်း မြန်မာနိုင်ငံတွင်း တွင်သာမက ပြည်ပရှိ စီးပွားရေး လုပ်ငန်းများစွာတွင် ပါဝင်ပတ်သက်နေခဲ့ကြသည်)။
ထိုစီမံကိန်းသည် KNLA တပ်မဟာ ၇ ထိန်းချုပ်ဒေသတွင် အကောင်အထည်ဖေါ်ရန်ရှိပြီး သြစတြေးလျနှင့် စင်္ကာပူမှ ရင်းနှီးမြှုပ်နှံသူများပါဝင်သည်ဟု သတင်းများက ဆိုသည်။ ရွှေကုက္ကိုစီမံကိန်းအပေါ် ဝေဖန်မှုများရှိနေသောကြောင့် လတ်တလောတွင် ထိုစီမံကိန်းကို ဆိုင်းငံ့ထားသည်။
မည်သို့ပင်ဖြစ်စေ KNU မှ အချို့ အပါအဝင် ကရင်ထိပ်တန်းအရာရှိ အများအပြားသည် ကရင်ပြည်နယ်မှ ဟိုတယ်များ၊ အပန်းဖြေစခန်းများနှင့် မြို့သစ် အများအပြားတည်ဆောက်ရေး စီမံကိန်းများအတွက် မြေယာသိမ်းဆည်းမှုများတွင် ပါဝင်ပတ်သက်နေသည်ဟုလည်း စွပ်စွဲခံနေရသည်။
ပဋိပက္ခ ခြိမ်းခြောက်မှု
ကရင်ပြည်နယ်မှ လက်နက်ကိုင် ပဋိပက္ခနယ်မြေ၏ ဗဟိုချက်တွင် တရုတ်တို့ စီမံသည့် ကာစီနိုများ ရှိနေခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် လေးနက်သော ပူပန်မှုများ ဖြစ်စေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ ပဋိပက္ခလေ့လာရေး အုပ်စု International Crisis Group (ICG) က “ဒေသခံပြည်သူများက နက်ရှိုင်းစွာ မုန်းတီးပြီး အဓိက လက်နက်ကိုင်အင်အားစု တခုကို တုန်လှုပ်စေသော စီမံကိန်းတခု ဖြစ်သည့် ရွှေကုက္ကိုသည် လက်နက်ကိုင် ပဋိပက္ခတခုကို ဖြစ်စေနိုင်ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုးကြား ရရှိထားသည့် ထိခိုက်လွယ်သော အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို တစစီပြိုကွဲသွားစေနိုင် သည်” ဟု ရေးသားခဲ့သည်။
ထိုဒေသအတွင်းသို့ တရုတ်အလုပ်သမားများ အလုံးအရင်း ဝင်ရောက်လာခြင်း၏ စီးပွားရေး အကျိုးဆက်များနှင့် လူမှုရေး သက်ရောက်မှုများကိုလည်း ထိုအဖွဲ့က ထောက်ပြခဲ့သည်။ ရွှေကုက္ကိုတွင် တရားမဝင် တရုတ်အလုပ်သမား အများအပြားကို လက်ခံထားပြီး ထိုမြို့၏ အွန်လိုင်း လောင်းကစားလုပ်ငန်းများသည် အောင်မြင်နေသည်ဟု ယုံကြည် ရသည်။
ထိုစီမံကိန်းကို ကာကွယ်ရန်အတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် BGF သည် ၎င်းတို့ အစောင့်များနှင့် စစ်သားများကို လက်နက်များ ပိုမိုတပ်ဆင်ပေးရန် လိုသောကြောင့် နယ်စပ်တလျှောက် လက်နက်မှောင်ခိုမှုများ မြင့်မားစေနိုင်သည် ဟုလည်း ခန့်မှန်းရသည်။
“တို့မြေများကို လောင်းကစားပစ်ခြင်း” အမည်ရှိ အစီရင်ခံစာတွင် ကရင်ငြိမ်းချမ်းရေး ပံ့ပိုးမှု ကွန်ရက် (KPSN) က ထိုစီမံကိန်းနှင့် ပတ်သက်သည့် ကျိုးကြောင်းဆီလျှော်သည့် ပူပန်မှုများကို ဖေါ်ပြခဲ့ပြီး ထိုစီမံကိန်းသည် ကရင်ပြည်သူ များအတွက် အကျိုးမရှိဘဲ နိုင်ငံဖြတ်ကျော် မာဖီးယား ဂိုဏ်းများနှင့် မြန်မာစစ်တပ်ကိုသာ အကျိုးပြုမည်ဖြစ်ကြောင်း ရေးသားဖေါ်ပြခဲ့သည်။
ရွှေကုက္ကိုမှ ရှယ်ယာရှင်များသည် နေပြည်တော်တွင် သဘောတူညီမှုတခု ရယူခဲ့ရမည် ဖြစ်ကြောင်း အထက်ပါ အဖွဲ့က စွပ်စွဲထားသည်။
KPSNက အထက်ပါ အစီရင်ခံစာတွင် “စီမံကိန်းကို ဆက်လက် မလုပ်ဆောင်မီ ရင်းနှီးမြှုပ်နှံသူများသည် နေပြည်တော် မှ ထိပ်တန်းစစ်အရာရှိများနှင့် လာဘ်ပေးလာဘ်ယူ အကြီးအကျယ်ပါဝင်သည့် သဘောတူညီမှုရရှိရမည်ဖြစ်ကြောင်း သံသယရှိရန် မလိုသလောက်ပင် ဖြစ်သည်။ မြန်မာစစ်တပ်ခေါင်းဆောင်များအတွက် ထိုစီမံကိန်းသည် နှစ်ဦးနှစ်ဖက် အကျိုးရှိသော စီမံကိန်းဖြစ်သည်။ အငြင်းပွား နေသော ကရင်ပိုင်နက်ကို ထိန်းချုပ်မှု ခိုင်မာစေပြီး ဘဏ္ဍာရေး အကျိုး အမြတ်လည်း များစွာရရှိသည်”ဟု ဖေါ်ပြထားသည်။
ထိုစီမံကိန်းနှင့် ပတ်သက်သော စစ်ဆေးရေး ခုံရုံးတခု ဖွဲ့ထားကြောင်း မြန်မာအစိုးရက ဇွန်လတွင် ကြေညာသည်။ ထိုအဖွဲ့သည် စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ခဲ့သော်လည်း မည်သည့်အစီရင်ခံစာကိုမျှ ထုတ်ပြန်ခြင်းမရှိသေးပေ။
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်အား ထိုစုံစမ်းစစ်ဆေးရေးခုံရုံး၏ ဥက္ကဌအဖြစ် ခန့်အပ်ခံရသည်။
မြန်မာနိုင်ငံသည် ကာစီနိုလုပ်ငန်းများကို တရားဝင်စေသည့် ဥပဒေကို ၂၀၁၉ ခုနှစ် မေလက ပြဋ္ဌာန်းခဲ့သော်လည်း ထိုမြို့တော် စီမံကိန်းနေရာတွင် ကာစီနိုလုပ်ငန်းလုပ်ရန် အစိုးရက တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း သူက ပြော သည်။ သို့သော် ထိုဥပဒေအရ နိုင်ငံခြားသားများသာ ထိုကဲ့သို့သော ကာစီနိုများတွင် လောင်းကစားခွင့်ရှိသည်။
“ရွှေကုက္ကိုမှာ ကာစီနိုလုပ်ငန်းတွေကို ခွင့်ပြုထားခြင်းမရှိသေးပါဘူး။ ရှင်းရှင်းလင်းလင်းပြောရရင် အဲဒီဒေသမှာ ဘယ်လောင်းကစားမှု မျိုးကိုမှ တရားဝင်ခွင့်ပြုထားတာမရှိဘူး”ဟု သူက ပြောခဲ့သည်။
မြဝတီမှ တည်ဆောက်ရေးလုပ်ငန်းများသည် ခွင့်ပြုထားသည့် စီမံကိန်း အတိုင်းအတာထက် များစွာ ကျော်လွန်နေ ကြောင်း ပြည်တွင်း မီဒီယာများက ၂၀၁၉ ခုနှစ်ကပင် သတင်းဖေါ်ပြခဲ့သည်။ ထိုစီမံကိန်း၏ ကာစီနိုလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရန် မြန်မာစစ်တပ်က ယခုနှစ်အစောပိုင်းတွင် အမိန့်ပေးသည်။
နောက်တွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ထိုစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းများ ချိုးဖေါက်သည်ဟု ဆိုကာ ယာယီဆိုင်းငံ့ရန် ကရင်ပြည်နယ်အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။
သို့သော် ကာစီနိုလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကိုပါ ဆက်လက်လုပ်ကိုင်နေကြောင်း သတင်းများက ဆိုသည်။
လက်တွေ့ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ထိန်းချုပ်မှုများ ချမှတ်ထားသည့် ကြားမှပင် YIHG သည် ၎င်းတို့၏ ကာစီနိုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများတွင် ဝန်ထမ်းများပင် ပိုမိုခန့်ထားနေသည်။
အစိုးရ၏ စုံစမ်းစစ်ဆေးရေး ခုံရုံးသည် အောက်ခြေမှ မှန်ကန်သည့် သတင်းအချက်အလက်ရရှိရေးနှင့် ပတ်သက်၍ ရွှေကုက္ကို စီမံကိန်းကို လေ့လာစောင့်ကြည့်နေသူ အများအပြားက သံသယရှိကြသည်။
စုံစမ်းစစ်ဆေးမှုများကို တရုတ်က ထောက်ခံ
ထိုစီမံကိန်းသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော BRI စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ကြောင်းနှင့် ၎င်း၏ ရည်ရွယ်ချက်မှာ ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကို အကြီးအကျယ် အကျိုးပြုရန်ဖြစ်ကြောင်း YIHG ၏ အင်တာနက်စာမျက်နှာတွင် လိမ်လည်ဖေါ်ပြထားသည်။
ယခုအပတ်အတွင်းတွင်မူ ထိုစီမံကိန်းနှင့် ပတ်သက်သည့် မသမာမှုကို စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံ၏ လုပ်ဆောင်မှု ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်သည်။
ထိုစီမံကိန်းအား စုံစမ်းစစ်ဆေးသည့်အဖွဲ့ကို အစိုးရက ဥပဒေနှင့် ထူထောင်သည်ဟု ထိုကြေညာချက်က ဖေါ်ပြပြီး “တရုတ်နိုင်ငံသည် ထိုသို့လုပ်ဆောင်ခြင်းကို ထောက်ခံသည်”ဟု ထိုကြေညာချက်ကဆိုသည်။
တရုတ်သံရုံး၏ အဆိုအရ ထိုစီမံကိန်းသည် တတိယကြားနိုင်ငံတခု၏ ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး BRI နှင့်ပတ်သက်ခြင်း မရှိကြောင်း သိရသည်။ တရုတ်နှင့် မြန်မာအစိုးရများသည် ထိုကိစ္စနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သဘောတူ ကြောင်းကိုလည်း သံရုံးကအလေးထားပြောသည်။
သို့သော် ထိုစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်အစိုးရက ယခုအပတ်အထိ ကာလကြာမြင့်စွာ ရေငုံနှုတ်ပိတ်နေခြင်း သည် သံသယများကို ဖြစ်စေရုံသာမက မြန်မာနိုင်ငံမှ လက်ရှိ BRI စီမံကိန်းများ၏ ပုံရိပ်ကိုလည်း ထိခိုက်စေခဲ့သည်။
ထုတ်ပြန်ထားသော အချက်အလက်များအရ ရွှေကုက္ကိုစီမံကိန်းတွင် ပါဝင်ပတ်သက်သော ပင်လယ်ရပ်ခြား တရုတ်များ သည် တရုတ်ပြည်မကြီးမှ တရုတ်နိုင်ငံပိုင် ကန်ထရိုက်တာများကို ငှားရမ်းထားပြီး တရုတ်အစိုးရ၏ အသင်းအဖွဲ့များနှင့် နိုင်ငံပိုင်လုပ်ငန်းများသည် အကျိုးအမြတ် အကြီးအကျယ် ရရှိနေသည်ဟုလည်းယုံကြည်ရသည်။
ဥပဒေ အထက်မှာလား
ထိုရွှေကုက္ကို တရုတ်မြို့တော် စီမံကိန်းသည် လက်နက်ကိုင်အုပ်စုများစွာ လှုပ်ရှားနေပြီး၊ KNU အုပ်စုကွဲ နှစ်ခု ဖြစ်နေဆဲ ကရင်ပြည်နယ်တွင် အာဏာယန္တရားသစ် တခုကို ဖြစ်စေခဲ့သည်။ ထို စီမံကိန်းကြီးသည် ကရင်အုပ်စုများအကြား သြဇာအာဏာခွဲဝေ ညီမျှခြင်းကို ပြောင်းလဲသွားစေသောကြောင့် ကရင်ပြည်နယ်၏ မူလကပင် ထိလွယ်ရှလွယ် ဖြစ်နေ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်စေသည်။
ဆက်လက်ဖြစ်ပေါ်နေသည့် သိမ်မွေ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကြားတွင် တရုတ်ရာဇဝတ်ဂိုဏ်းများသည် မည်သို့မည်ပုံ ကာစီနိုများနှင့် ဇိမ်ခံစံအိမ်ကြီးများပါဝင်သော ကြီးမားသည့် စီမံကိန်းကို တည်ဆောက်ရန် အချိန် ၂နှစ် ရအောင် မည်သို့လုပ်ဆောင်ခဲ့သနည်း ဆိုသော မေးခွန်းသည် လွန်စွာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။
မည်သည့်အတွက် အရပ်သားအစိုးရနှင့် စစ်ဖက်သည် ထိုစီမံကိန်း၏ ဆိုးကျိုးဖြစ်နိုင်ခြေများနှင့် ကရင်ပြည်နယ်အပေါ် ခြိမ်းခြောက်မှုကို မသိရှိကြဘဲ ထိုစီမံကိန်းကို မရပ်တန့်ခဲ့ကြသနည်း။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံမှ ပိုမိုစိတ်ဝင်စားစရာကောင်းသော ဖြစ်ပေါ်တိုးတက်မှုမှာ တရုတ်နှင့် အချို့သော ပြည်ပနိုင်ငံများမှ ရာဇဝတ်ဂိုဏ်းများသည် ၎င်းတို့၏ လုပ်ငန်းများကို လုပ်ကိုင်ရန် အထူးသဖြင့် တိုင်းရင်း သားဒေသများတွင် ချဲ့ထွင်ရန် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အခြင်းအရာပင် ဖြစ်သည်။
BGF သည် မြန်မာစစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဆိုသော အချက်ကိုလည်း မမေ့သင့်ပေ။ ထိုသို့ ရှိသည့်တိုင် BGF သည် အစိုးရ လုပ်ထုံးလုပ်နည်းများကို ရှောင်ကွင်းကာ နိုင်ငံတော်၏ တည်ဆဲဥပဒေ လုပ်ထုံး လုပ်နည်းများကို ချိုးဖောက်ခဲ့သည်ကို တွေ့ရသည်။
အဓိကအားဖြင့်ဆိုရပါက နိုင်ငံမြောက်ပိုင်းမှ အဖွဲ့အစည်းများ အပါအဝင် အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများ သည် တရားဝင်နှင့် တရားမဝင် စီးပွားရေး လုပ်ငန်းများ လွတ်လွတ်လပ်လပ် လုပ်ကိုင်ရန် အခွင့်အရေး ရရှိခဲ့ကြသည်။ ထိုသို့သော အခွင့်ထူးခံ အဆင့်၏ အခြေခံသည် မည်သို့ဖြစ်ခဲ့သနည်း၊ ၎င်းတို့သည် ဥပဒေ၏ အထက်တွင် ရှိနေကြပါ သလား ဆိုသည်ကို မေးစရာပင်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီက USIP က ၎င်း၏ အစီရင်ခံစာတွင် ထောက်ပြခဲ့သည့် အတိုင်း ရွှေကုက္ကိုစီမံကိန်းသည် ဒေသခံပြည်သူများနှင့် ဒေသအတွက် လူမှုအကျိုးစီးပွား မရှိသလောက်ပင်ဖြစ်ပြီး မြန်မာနိုင်ငံက ကြေညာထားသော မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စီမံချက်နှင့်လည်း ကိုက်ညီခြင်းမရှိပေ။
မြန်မာနိုင်ငံမှ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ (လက်နက်ကိုင်တပ်များနှင့် ရဲတပ်ဖွဲ့)သည် စစ်တပ်နှင့် ပတ်သက်သည် လက်နက်ကိုင် အဖွဲ့အစည်းများကို သီးခြား ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် လုပ်ကိုင်ရန် ခွင့်ပြုပြီး မကောင်းသော ဥပမာသာဓကကို ချမှတ်နေသည်ဟု ထိုအစီရင်ခံစာက သတိပေးပြီး ကောက်ချက်ချခဲ့သည်။
အစိုးရနှင့် တပ်မတော်တို့သည် အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက် ရန် တာဝန်ရှိသည်၊ သို့သော် ရွှေကုက္ကိုစီမံကိန်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖေါက်ခြင်းထက် လုံး၀ လျှော့ကျခြင်း မရှိကြောင်း ကောက်ချက်ချရန် ခိုင်မာသော အထောက်အထားများက ပြသနေပေသည်။
အယ်ဒီတာချုပ် အောင်ဇော်၏ In Myanmar’s Karen State, Ex-Insurgents Create a Haven for Chinese Casino Bosses ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
You may also like these stories:
စွပ်စွဲမှုများရှိသော်လည်း ရွှေကုက္ကိုလ်စီမံကိန်းနှင့် မပတ်သက်ဟု တပ်မတော်ငြင်းဆို
ရွှေကုက္ကိုလ်မြို့သစ် တရုတ်အစိုးရ စီမံကိန်းနှင့် မပတ်သက်ဟု သံအမတ်ပြော
အစိုးရ ကိုင်တွယ်ရခက်မည့် ကရင်လက်နက်ကိုင်များနှင့် တရုတ်တို့၏ စီမံကိန်းများ
မဲဆောက်မှာမိတဲ့ လက်နက်တွေ ရခိုင်ပြည်ကို ပို့ဖို့လား