မြန်မာနိုင်ငံတွင် နိုဝင်ဘာလ၌ အထွေထွေရွေးကောက်ပွဲကျင်းပ တော့မည် ဖြစ်သည်။ နိမိတ်လက္ခဏာအားလုံးက လက်ရှိ အာဏာ ရပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာပြန်လည် ရရှိနိုင်ကြောင်းကို ဖော်ပြနေကြသည်။ တရုတ်၊ အိန္ဒိယနှင့် ဂျပန် အပါအဝင်မြန်မာနိုင်ငံ၏ အိမ်နီးချင်းများနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများအတွက် ထိုအချက်က အံ့အားသင့်စရာတော့ မဖြစ်သင့်ပါ။
လက်ရှိအချိန်တွင် တိုင်းပြည်၌ COVID-19 ဖြစ်ပွားမှုများ မြင့်တက်လာနေခြင်းနှင့် ကြုံတွေ့နေရခြင်း နှင့် အတူ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲများကို စီစဉ်ထားသည့် အတိုင်း ကျင်းပနိုင် ခြင်းရှိမရှိကိုတော့စောင့်ကြည့်ရဦးမည်ဖြစ်သည်။ သို့သော်လည်း ကျနော်တို့အတွက် သေချာသည့်အရာတခုမှာ တရုတ်နိုင်ငံက NLD နှင့် ၎င်း၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘက်မှ လောင်းကြေးတင်လိမ့်မည် ဆိုခြင်းပင် ဖြစ်သည်။
လက်တွေ့တွင်လည်း ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ နေပြည်တော်သည် ဆက်တိုက် ရောက်လာနေသည့် အဆင့်မြင့် နိုင်ငံခြား ဧည့်သည်တော်များကို ကြိုဆို လက်ခံနေခဲ့ရသည်။
ဂျပန်နိုင်ငံခြားရေး ၀ န်ကြီး Toshimitsu Motegi ၏ မြန်မာပြည် ခရီးစဉ်တွင် မြန်မာအတွက် အရေးပေါ်ချေးငွေများကို ကြေငြာခဲ့သည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအတွက် လိုအပ်ချက်များ၊ ကာလရှည်နေထိုင်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် နိုင်ငံ၏နယ်နိမိတ်ကို ပြန်လည်ဖွင့်လှစ် ပေးခြင်းနှင့် ရခိုင်ပြည်နယ်၏ အခြေအနေများ တိုးတက်ကောင်းမွန်စေရေး အတွက် ငွေကြေးထောက်ပံ့မှု ပေးရေးတို့ အပါ အဝင် အကြောင်းကိစ္စ အမျိုးမျိုးကို ဆွေးနွေးခဲ့သည်။
နောက်တပတ်အကြာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ဗဟိုကော် မတီ၏ နိုင်ငံခြား ရေးရာ ကော်မရှင်ရုံးမှ ဒါရိုက်တာ Yang Jiechi က နေပြည်တော် သို့လာရောက်၍ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် ထိပ်တန်းတရုတ်သံတမန်က ၂ နိုင်ငံ အဆင့်မြင့် ခေါင်းဆောင်များ အကြား ထိတွေ့ ဆက်ဆံမှုများ ပိုမို အား ကောင်းလာစေရေး နှင့် ၂ နိုင်ငံကြားတွင် နိုင်ငံရေးယုံကြည်မှု ပိုမိုခိုင်မာ နက်ရှိုင်းစေရေးတို့ အတွက် တောင်းဆိုခဲ့သည်။ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ် အစိုးရ၏ ကြီးမားကျယ်ပြန့်သော နိုင်ငံတကာ အခြေခံအဆောက်အဦး အစီအစဉ် ဖြစ် သည့် Belt and Road Initiative (BRI) ၏ အစိတ်အပိုင်းဖြစ်ဖြစ်ပြီး ကာလရှည်ကြာစွာ နှောင့်နှေးနေ ခဲ့သော တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် China-Myanmar Economic Corridor (CMEC) စီမံကိန်းများ အကောင်အထည် ဖော်ခြင်းကို အရှိန် မြှင့်တင်ရန် အတွက်ဖြစ်သည်။
တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေး ထုတ်လုပ်သည့် အချိန်တွင် မြန်မာနိုင်ငံသို့ မျှဝေ ရေးကို ဦး စားပေးရန် ဆန္ဒ ရှိကြောင်းလည်း Yang Jiechi က ပြောကြားခဲ့သည်။
ယခုလအတွင်းတွင် အိန္ဒိယ နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများလည်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသော်လည်း အသေးစိတ်အချက်အလက်များကို မသိရှိရ သေးပါ။
တရုတ်၊ ဂျပန်နှင့်အိန္ဒိယတို့သည် ဒေသတွင်းတွင် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး မဟာမိတ်များဖြစ်ပြီး သူတို့က လာမည့် ရွေးကောက်ပွဲ၏ ရလဒ်များကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြလိမ့်မည် ဖြစ်သည်။
အမေရိကန် နိုင်ငံသည်လည်း ထိုရလဒ်အပေါ်တွင် စိတ်ဝင်စားသူများထဲ၌ ပါဝင်နေသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် ၃ ခု အတွင်းတွင် ၎င်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး နိုင်ငံအတွင်း သြဇာလွှမ်းမိုးမှုများစွာလည်း ရရှိခဲ့သည်။ ထိုဖြစ်စဉ် ကပြောင်းကပြန် ဖြစ်သွားခြင်းကို အမေရိကန် အစိုးရက တွေ့မြင်လိုမည်တော့ မဟုတ်ပါ။
၂၀၂၀ ခု နှစ် ရွေးကောက်ပွဲကို စီမံခန့်ခွဲရန် နှင့် ပါ ဝင်ရန် အတွက် အမေရိကန် အစိုးရက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများသို့ အမေရိကန်ဒေါ်လာ ၄၆ သန်းကျော် (၆၁.၂၂ ဘီလီယံကျပ်) ထောက်ပံ့ ခဲ့ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ကြေငြာခဲ့သည်။
တရုတ်နိုင်ငံ၏ ခြေလှမ်း
၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် သမ္မတ Xi Jinping ကို နိုင်ငံခြားခရီးစဉ် တခုတွင် ပထမဆုံးကြိုဆိုခဲ့သော နိုင်ငံဖြစ်သည်။ တရုတ် ခေါင်းဆောင်က ဒီနှစ်အတွက် သူ၏စနစ်တကျ ပြင်ဆင်ထားသော နိုင်ငံခြားခရီး သံတမန်ရေး ပြက္ခဒိန်တွင် မြန်မာကို ပထမ နေရာအဖြစ် ထားရှိခဲ့သည်။
ထိုခရီးစဉ် ယခုနှစ်အတွင်း ကျရောက်သည့် မြန်မာ – တရုတ် ၂ နိုင်ငံ သံတမန် ဆက်ဆံရေး အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အဖြစ်လည်း တစိတ်တပိုင်းပါဝင်သည်။ ခရီးစဉ်အတွင်း မြန်မာအစိုးရပိုင် မီဒီယာများတွင် ဖော်ပြခဲ့သည့် ဆောင်းပါးတပုဒ်၌ Xi Jinping က တရုတ် နိုင်ငံသည် မြန်မာနိုင်ငံကို ၎င်း၏ တရားဝင် အခွင့်အရေးများ၊ အကျိုးစီးပွားများနှင့် အမျိုးသား ဂုဏ်သိက္ခာ လုံခြုံစေရေးတွင် ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ခရီးစဉ်၏ ထည်ဝါခမ်းနားမှု၊ အချိုသကာလောင်းထားသော သတင်းစကားများနှင့် နိုင်ငံတော်အဆင့် လက်ခံတွေ့ဆုံမှုများ၏ နောက်ကွယ်တွင်တော့ တရုတ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ နိုင်ငံရေး ရပ်တည်ချက်ကို လေးစားကြောင်း ပြောခဲ့ကြသည်။ ယခင် စစ်အစိုးရကို ဦးဆောင်ခဲ့ကြသည့် အကျင့်ပျက်ခြစားမှုများသော ဗိုလ်ချုပ်ကြီးများနှင့် နှိုင်းယှဉ်လျှင် တရုတ်က ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ကျမှုကို တွေ့ရှိခဲ့ကြပြီး (တရုတ်ငွေကြေး အထောက် အပံ့နှင့် ပြုလုပ်သည့် မြန်မာနိုင်ငံမှ စီမံကိန်းများနှင့် ပတ်သက်၍ ) သူမ၏ကတိကဝတ်များကို စောင့်ထိန်း လိမ့်မည်ဟု ယုံကြည်ကြသည်။
တရုတ်နိုင်ငံက ၂၀၁၅ ခုနှစ်တွင် မှားယွင်း၍ မရနိုင်သော အရွေ့တခုကို ပြုလုပ်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲများ မတိုင်မီတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကြိုတင်၍ လှုပ်ရှားသော နိုင်ငံခြားရေး မူဝါဒ တခုကို ကျင့်သုံး ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က အတိုက်အခံခေါင်းဆောင်နှင့် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဘေဂျင်းသို့ ဖိတ်ကြားခဲ့ပြီး သမ္မတ Xi Jinping နှင့် တွေ့ဆုံခဲ့သည်။ နောက်ပိုင်းတွင် လည်း NLD က ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ ဖိတ်ကြားခြင်းအားဖြင့် ဘေဂျင်း က တပ်မတော်နှင့် တပ်မတော်က ကျောထောက် နောက်ခံ ပေးထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် မြန်မာနိုင်ငံမှ ကာလရှည်စွာ ပေါင်းသင်းခဲ့သော မဟာမိတ်များအား ၎င်းတို့သည် မြန်မာနိုင်ငံတွင် မိတ်ဆွေ အသစ်များ ပေါင်းဖက် ရှာဖွေနိုင်စွမ်း ရှိကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။ ထိုသို့ ဖိတ်ကြားခြင်းသည် ဘေဂျင်း အနေဖြင့် မြန်မာ နိုင်ငံနှင့် ဆက်ဆံရာတွင် လက်တွေ့ကျပြီး ပထဝီ ဗျူဟာယှဉ်ပြိုင်မှု၏ လိုအပ်ချက်များကို နားလည်သဘောပေါက်ကြောင်း အနောက်နိုင်ငံများသို့ သတင်းစကား ပေးခဲ့ခြင်းလည်း ဖြစ်သည်။
နှစ်ပေါင်းများစွာအတွင်း တရုတ်ကွန်မြူနစ်ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့ က တဦး နှင့်တဦး ရင်းနှီးသောဆက်ဆံရေးများ တည်ဆောက်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် ထိုစဉ်က ဒုတိယသမ္မတ တာဝန် ထမ်းဆောင်နေသည့် Xi Jinping က မြန်မာ နိုင်ငံမှ အာဏာရ ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် ဘေဂျင်းတွင် တွေ့ဆုံခဲ့ပြီး ပါတီချင်း ဆက်ဆံရေးကို မြှင့်တင်ရန် ကတိပြုခဲ့သည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို မဟာဗျူဟာ ရှုထောင့်တခုမှ အမြဲကိုင်တွယ် ခဲ့သည်ဟု ဒုတိယသမ္မတ Xi Jinping က ပြည်သူ့ခန်းမဆောင်ကြီးတွင် ဦးဌေးဦး သို့ ပြောကြားခဲ့သည်။ ထိုသို့ တွေ့ဆုံခြင်းသည် CPC နှင့် ကြံ့ခိုင်ရေးပါတီ ကြားတွင် နောက်ဆုံး ပေါ်ပေါက်ခဲ့သော အဆင့်မြင့် အစည်းအဝေးဖြစ်သည်။
NLD ကို စည်းရုံးခြင်း
အမှန်တကယ်တွင် အရင်က ဆိုလျှင် တရုတ်နိုင်ငံသည် ယခင် စစ်အစိုးရ ခေါင်းဆောင်များ၊ တပ်မတော် ထိပ်တန်း ခေါင်းဆောင်များနှင့် နက်ရှိုင်းသော ရင်းနှီးချစ်ခင်မှုများ ပျိုးထာင်ခဲ့သည်။ ရန်ကုန်ရှိ တရုတ်သံရုံး က စစ်အစိုးရနှင့်နီးစပ်ပြီး အဆက်မပြတ် အဆက်အသွယ်ရှိခဲ့သည်။ ၂ ဘက် တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်သည့် သတင်းများကိုလည်း အစိုးရပိုင် သတင်းစာများတွင် ဝေဝေ ဆာဆာ ဖော်ပြခဲ့ကြသည်။ (သို့သော် လည်း ထိုသို့ ချစ်ကြည် ရင်းနှီးမှု၏ အဆိုးဘက် အပိုင်းမှာ မြန်မာနိုင်ငံမှ ဖိနှိပ်ခံ နိုင်ငံသားများ ကြားတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်တက်လာခြင်းပင် ဖြစ်တော့သည်။)
သို့သော်လည်း NLD က ၂၀၁၅ ခုနှစ် တွင်အပြတ်အသတ် အနိုင်ရခဲ့သည့် အချိန် နောက်ပိုင်း၌ ပြောင်းလဲသွားခဲ့သည်။ တရုတ် နိုင်ငံက NLD အစိုးရနှင့်အာဏာရပါတီတို့နှင့် ဆက်ဆံရေးခိုင်မာစေရန် ခြေလှမ်းများ လှမ်းလာခဲ့သည်။
NLD သတင်းရင်းမြစ်များ၏ အဆိုအရ၊ ၂၀၁၆ ခုနှစ်မှစ၍ ပါတီ ထိပ်တန်းပုဂ္ဂိုလ်များ၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် လူငယ်အဖွဲ့ဝင် များ အပါအဝင် NLD အဖွဲ့ဝင် ၁၀၀ ကျော် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။ တရုတ် နိုင်ငံ သို့ သွားရောက်သည့် ကိုယ်စားလှယ် အရေအတွက်က အမေရိကန်၊ ဥရောပ သမဂ္ဂ (EU) နှင့် အာရှနိုင်ငံများသို့ သွားရောက်သည့် အရေအတွက်ထက် ကျော်လွန်နေခဲ့သည်။ များသောအားဖြင့် သူတို့က ဘေဂျင်းနှင့် အခြား ပြည်နယ်များသို့ ပထမဆုံး သွားရောက်ကြပြီး မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယူနန်ပြည်နယ်၏မြို့တော် ကူမင်းတွင် သူတို့၏ ခရီးစဉ်များကို အဆုံးသတ် ကြသည်။
ခရီးစဉ် တလျှောက်တွင် မြန်မာကိုယ်စားလှယ်များက CPC ၏ခေါင်းဆောင်မှုပုံစံနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေးများကို လေ့လာကြသည်ဟု တရုတ်နိုင်ငံသို့ သွားရောက်ကြသည့် NLD ကိုယ်စားလှယ်များက ပြောသည်။
ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး တင်းမာမှုများ တိုးပွားလာနေချိန်တွင် တရုတ်နိုင်ငံ က NLD နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးတခုကို တည်ဆောက်ခဲ့သည် ဟု NLD ဗဟို အလုပ်အမှုဆောင် တဦးက ဧရာဝတီသို့ ယခင်က ပြောကြားခဲ့သည်။ ထိုအခွင့် အရေးကို ရယူသည့် အနေဖြင့် တရုတ်နိုင်ငံက ဧည့်သည်များကို အကြီးစား ဆည်များနှင့် အခြားဖွံ့ဖြိုးရေးစီမံကိန်းများ ကိုပြသ၍ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းများ ပါဝင်သည့် ၎င်း၏ကိုယ်ပိုင် အစီအစဉ်ကို ဈေးကွက်တင်၍ သာသာထိုးထိုး မြှင့်တင်ခဲ့သည်။
တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဘက်မှ ဆက်လက်၍ လောင်းကြေးတင်မည်ကို သံသယ ရှိစရာမလိုပါ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ထိုစဉ်က တရုတ်သံအမတ်ကြီး Cheng Ruisheng သည် NLD ရုံးချုပ်ကို ဂုဏ်ပြုခဲ့ သည့် ပထမဆုံး သံတမန်ဖြစ်ခဲ့ သော်လည်း ထိုရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက မည်သည့် အချိန်တွင်မျှ မလေးစားခဲ့ပါ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပေါ် သြဇာသက်ရောက်မှု
ထို့ပြင် တရုတ်နိုင်ငံ က မြန်မာနိုင်ငံ မြောက်ပိုင်းမှ လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပုံမှန်ဆက်သွယ်မှုကို ထိန်းသိမ်းထားခဲ့သည်။ စင်စစ်အားဖြင့် တရုတ်နိုင်ငံက မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အပေါ် NLD အပါအဝင် မြန်မာနိုင်ငံ၏ အဓိကနိုင်ငံရေးပါတီများထက် ပို၍ သြဇာလွှမ်းမိုးမှုရှိသည်။
ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တရုတ်နိုင်ငံအပေါ် နိုင်ငံရေးနိုင်ငံ့ စီးပွားရေးဆိုင်ရာ အထောက်အပံ့များ အတွက်သာမက လက်နက်အတွက်ပါ မှီခိုလာခဲ့ရသည်။ ထို့ကြောင့်ပင် သူတို့က တရုတ်နိုင်ငံ အပေါ် ကျေးဇူး အကြွေးတင်ခဲ့ရသည်။ သူတို့ကို ထောက်ပံ့ပေးကမ်းနေသူ၏ တောင်းဆိုချက်များကို ငြင်းဆန်ရန် မဖြစ်နိုင်သည့် အခါ သူတို့သည် မြန်မာနိုင်ငံရှိ တရုတ်၏ ခြေလျင်တပ်သားများဖြစ်လာခဲ့ကြသည်။ ထိုလက်နက်ကိုင်အဖွဲ့များမှ တဆင့် တရုတ်နိုင်ငံက တိုင်းရင်းသားဒေသ များရှိ အချို့သော တိုင်းရင်းသား နိုင်ငံရေးပါတီများ အပေါ် (အကန့်အသတ်ဖြင့် ဖြစ်သည့်တိုင်) သြဇာ လွှမ်းမိုး နိုင်ခဲ့သည်။
၁၉၅၀ နှစ်များနှင့် ၁၉၆၀ နှစ်များ အတွင်းတွင် မြန်မာနိုင်ငံရေးသမားများ၊ သြဇာကြီးသော စာရေးဆရာများနှင့် “တရုတ်နီ” အပေါ် စာနာ ထောက်ခံသူများကြားတွင် တချိန်က ရှိခဲ့သည့် ကျယ်ပြန့်သော ထိတွေဆက်ဆံမှုမျိုးက မရှိတော့သည့်တိုင် ရန်ကုန်မြို့တွင် တရုတ်သံရုံးက မြန်မာတရုတ် ကုန်သည်ကြီးများအသင်းကဲ့သို့သော အဖွဲ့အစည်းများ၊ NLD ခေါင်းဆောင်များ၊ ထိပ်တန်း အစိုးရအရာရှိများ၊ တပ်မတော်တို့နှင့် ပုံမှန် ထိတွေ့ ဆက်ဆံမှုများကို ဆက်လက် ထိန်းသိမ်းထားခဲ့သည်။
ထိုအချိန်တွင် အမေရိကန် နိုင်ငံကလည်း မြန်မာနိုင်ငံ၌ နိုင်ငံရေးတံခါးဖွင့်လှစ်မှုများ ပြုလုပ်လာချိန်တွင် မကြာသေးမီနှစ်များ အတွင်း ရန်ကုန်နှင့် မြန်မာနိုင်ငံ တလွှားမှ အဆက်အသွယ်များ၏ ကွန်ရက် တခု မှတဆင့် သြဇာလွှမ်းမိုးမှုကို တည်ဆောက်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း မြန်မာနိုင်ငံအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုက ကျယ်ပြန့်သော ပထဝီနိုင်ငံရေးဆိုင်ရာ သက်ရောက်မှုများနှင့် သိမ်မွေ့သောဟန်ချက်ညီမျှမှု တခုကို မြန်မာအစိုးရက လိုအပ်နေခြင်းတို့ နှင့် အတူ သြဇာသက်ရောက် အစွမ်းထက်နေဆဲ ဖြစ်သည်။
ရွေးကောက်ပွဲ အပေါ် သြဇာသက်ရောက်မှု
တရုတ်နိုင်ငံက အခြားနိုင်ငံများနှင့် ဒေသတွင်း ရွေးကောက်ပွဲများ အပေါ် ၎င်း၏ သြဇာလွှမ်းမိုးမှု အသုံးပြုနိုင်စွမ်း ရှိသည်။ ထိုသို့ အသုံးပြုခြင်းက ပြည်တွင်းမီဒီယာကို ဝယ်ယူခြင်းနှင့် တရုတ်လိုလားသော စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ခြင်းမှသည် လူမှုမီဒီယာတွင် သတင်းအတု ဖြန့်ဝေသည့် လှုပ်ရှားမှုများကို ပြုလုပ်ခြင်း နှင့်သူလျှိုလုပ် ထောက်လှမ်းခြင်းအထိ ပုံစံအမျိုးမျိုးဖြင့် ရှိနေသည်။
ရုရှားနှင့်မတူသည်မှာ တရုတ်နိုင်ငံက ရွေးကောက်ပွဲတွင် တိုက်ရိုက် ပါဝင် စွက်ဖက်မှုများ မပြုလုပ်သော်လည်း မြန်မာနိုင်ငံတွင် တရုတ်၏သြဇာ လွှမ်းမိုးမှုနှင့် ဟန့်တားနှောက်ယှက်နိုင်မှု မြင့်တက် လာခြင်းနှင့် မြန်မာနိုင်ငံ အတွင်းမှ ၎င်း၏ အခြေခံအဆောက်အဦး ဆိုင်ရာ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကြောင့် အထက်တန်း လွှာများ အတွင်းသာ သာမက သာမန်မြန်မာနိုင်ငံသားများ ကြားတွင်ပါ အရှိန်အဟုန်ပြင်းထန်၍ ယခင်က မရှိခဲ့ဖူးသော အကြီးအကျယ် အချေအတင် အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။
နောက်လာမည့် ၁၀ နှစ်အတွင်းတွင် တရုတ် နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး သြဇာလွှမ်းမိုးမှုက အရှေ့တောင်အာရှတွင် တိုးပွားလာရန်သာ ရှိနေခြင်းက ဒေသတွင်း၌ အမေရိကန်၏ လွှမ်းမိုးမှု ကျဆင်းလာခြင်းကို မီးမောင်းထိုးပြနေသည်။ မြန်မာနိုင်ငံ အနေဖြင့် ထိုစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန် ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်တော့သည်။
ဒေသတွင်းမှ ရွေးကောက်ပွဲများကို သြဇာလွှမ်းမိုးရန် ကြိုးပမ်းရေးအတွက် တရုတ် နိုင်ငံက ပိုမို၍ အားထည့် လာသည်။ ဥပမာအားဖြင့် လွန်ခဲ့သော ၂ နှစ်က ကမ္ဘောဒီးယား နိုင်ငံတွင် တရုတ် နိုင်ငံက အရှေ့တောင်အာရှမှ တရုတ် အစိုးရ၏ အခိုင်မာဆုံး မဟာမိတ်များထဲမှ တဦးဖြစ်သော ဝန်ကြီးချုပ် Hun Sen ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ကူညီရန် ပြတ်ပြတ်သားသား ရဲရဲတင်းတင်း လုပ်ဆောင်ခဲ့သည်။
သီရိလင်္ကာ နိုင်ငံတွင် ယခုနှစ်သြဂုတ်လက ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ တရုတ်၏ “မိတ်ဆွေဟောင်းကြီး” Mahinda Rajapaksa ၏ အပြတ်အသတ် အနိုင်ရရှိမှုကို တရုတ်နိုင်ငံက ကြိုဆိုခဲ့ပြီး သူ့အတွက် အပြည့်အဝ ထောက်ခံမှုကို အာမခံခဲ့သည်။ ကျွန်းနိုင်ငံ သီရိလင်္ကာနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရန် တရုတ် အစိုးရက မျှော်လင့်နေသောကြောင့် ဖြစ်သည်။
၂၀၁၅ ခုနှစ်မှ စ၍ Mahinda Rajapaksa သီရိလင်္ကာနိုင်ငံ၏ သမ္မတ ဖြစ်လာ ပြီးနောက် တရုတ် နိုင်ငံက ၎င်းနှင့်ထိတွေ့ဆက်ဆံမှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အများအပြား တိုးမြှင့်ခဲ့သည်။ ရွေးကောက်ပွဲ အောင်မြင်မှုသည် သီရိလင်္ကာနိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ခိုင်မာစေ မည်မှာ သံသယ ဖြစ်စရာ မလိုပါ။
အလားတူ ဇာတ်ကြောင်းမျိုးကို နီပေါနိုင်ငံတွင်လည်း တွေ့နိုင်သည်။ ၂၀၁၇ ခုနှစ်တွင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် နီးကပ်စွာ ဆက်ဆံမှု ရှိသော နီပေါကွန်မြူနစ်ပါတီ များက တိုင်းပြည်၏အကြီးဆုံး ဒီမိုကရေစီ ဖြစ်စဉ်တွင် အောင်မြင်သူများအဖြစ် ပေါ်ထွက်လာခဲ့ကြသည်။ နီပေါနိုင်ငံမှ လေဆိပ်များ၊ အဝေးပြေးလမ်းမကြီးများနှင့် ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခြင်းတွင် တရုတ်နိုင်ငံက အကြီးအကျယ် ရင်းနှီးမြှုပ်နှံ မှုများပြုလုပ်ခဲ့ပြီး တရုတ် သံတမန်များက နီပေါ နိုင်ငံရေး ခေါင်းဆောင်များနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။
တရုတ် ဆန့်ကျင်ရေး သဘောထားများ
အလားတူ ပုံစံတခုကို မြန်မာနိုင်ငံတွင် တွေ့မြင်နိုင်ပါသည်။ တိုင်းပြည် အပေါ်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှုက သိသာမြင်သာသော်လည်း အလားတူပင် တရုတ် ဆန့်ကျင်ရေး သဘောထားများက ခိုင်မာပြီး တည်မြဲသည်။ ရွေးကောက်ပွဲနှစ် အတွင်းတွင် မည်သည့်နိုင်ငံရေးခေါင်းဆောင်ကမျှ (ဒေါ်အောင်ဆန်းစုကြည် သည်ပင် ခြွင်းချက်မဟုတ်ပါ) တရုတ်နိုင်ငံနှင့် အလွန်နီးကပ်သည် အမြင်မခံချင်ကြပါ။ (၁၉၆၇ ခုနှစ်က မြန်မာနိုင်ငံရောက် တရုတ်လူမျိုးများ ကြားတွင် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုတော်လှန်ရေး အတွေးအခေါ်များ ပျံ့နှံ့နေခဲ့ခြင်းမှ မြစ်ဖျားခံသည့် တရုတ် ဆန့်ကျင်ရေး အဓိက ရုဏ်းများ ကို မြန်မာနိုင်ငံတွင် တွေ့မြင်ခဲ့ရသည်။)
ထိုသို့သော သဘောတရား၏ အခြားဥပမာ တခုကို အင်ဒိုနီးရှားနိုင်ငံတွင်တွေ့မြင်နိုင် ပါသည်။ ပြီးခဲ့သည့် နှစ်က ပြန်လည် ရွေးကောက်တင်မြှောက်ခံရရေး အတွက် ကြိုးစားသည့် အချိန်တွင် သမ္မတ Joko Widodo က သူကိုယ်သူ ဘေဂျင်းနှင့် ခပ်ခွာခွာ နေသည့် အသွင်ပြုခဲ့ပြီး တရုတ်ငွေကြေးအထောက်အပံ့ဖြင့် ပြုလုပ်သည့် တိုင်းပြည်အတွင်းမှ စီမံကိန်းများကို အရေးမပါ သယောင်လုပ်ခဲ့သည်။
တရုတ်နှင့် နီးကပ်လွန်းသည်ဟု အထင်ခံရခြင်းကို ကျော်ဖြတ်ရခြင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားမြန်မာနိုင်ငံရေးသမားများ ရင်ဆိုင်ရသော ခက်ခဲသည့် အလုပ်တခုဖြစ်သည်။ တရုတ်လိုလားသူ နိုင်ငံရေးသမားတဦး ဖြစ်သည်ဟု မကြာသေးမီက မီဒီယာများတွင် စွပ်စွဲခံထားရသည့် အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် ကြိုးတန်းပေါ် လမ်းလျှောက်ရသည့်အနေအထားဖြစ်သည်။
တရုတ်နိုင်ငံ၏ BRI စီမံကိန်းများကို လက်ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရန်ကုန်ရှိ အမေရိကန်နှင့် တရုတ် သံရုံးများအကြား မကြာသေးမီက ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍လည်း ကောင်းစွာ သတိထားရလိမ့်မည် ဖြစ်သည်။ သူ့အတွက် နိုင်ငံရေးအရ နူးညံ့သိမ်မွေ့ပြီး သံတမန်ရေးအရ ကမောက်ကမ နိုင်သော ကာလ ဖြစ်ပါသည်။
နားလည်၍ ရနိုင်သည်မှာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုများ မြင့်တက်နေချိန်တွင် မြန်မာအစိုးရက တရုတ်နှင့်အမေရိကန် ကြားမှ ကျယ်ပြန့်လာသော တင်းမာမှုတွင် တဘက်ဘက်မှ ပါဝင်သည်ဟု အမြင်မခံလိုခြင်း ဖြစ်သည်။ အခြားတဘက်တွင်လည်း မြန်မာလူမျိုးအများစုအကြား တရုတ် အထောက်အပံ့ဖြင့် ပြုလုပ်သော စီမံကိန်းများအပေါ် အနုတ်သဘောဆောင်သော အမြင်များက ရှိနေသည်။
နိုဝင်ဘာလ၏ ရွေးကောက်ပွဲသည် အဓိကအင်အားကြီးနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးအတွက်နှင့် တရုတ်နိုင်ငံ အပါအဝင် ၎င်း၏ မဟာ အိမ်နီးချင်းများနှင့် တခါတရံတွင် နူးညံ့သိမ်မွေ့သော ပထဝီနိုင်ငံရေး ချိန်ညှိမှုတို့ အတွက် အရေးပါလိမ့်မည် ဖြစ်သည်။
နေပြည်တော်တွင် နောက်တက်လာမည့် အစိုးရကို မည်သူက ဦး ဆောင်သည် ဖြစ်စေ တရုတ်၊ ဂျပန်၊ အိန္ဒိယ သို့မဟုတ် အမေရိကန်ကို ပေါ်ပေါ်လွင်လွင် ထောက်ခံသော အစိုးရတခုကို မျှော်လင့်ခြင်းက မိုက်မဲရာကျပါလိမ့်မည်။ ထို့ကြောင့် ကျနော်တို့ အနေဖြင့် မြန်မာနိုင်ငံ က ၎င်းခိုင်ခိုင်မာမာ ကိုင်စွဲထားသော ကြားနေသည့် နိုင်ငံခြားရေးမူဝါဒကို ဆက်လက် ထိန်းသိမ်းလိမ့် မည်ဟုသာ မျှော်လင့်နိုင်ပါသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော China Grows More Assertive Ahead of Myanmar’s Election ကို ဘာသာပြန် ဖော်ပြခြင်းဖြစ်သည်။
You may also like these stories:
၂၀၂၀ ထဲက တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေက ဘာလဲ ဘယ်လဲ
အိန္ဒိယ-မြန်မာဆက်ဆံရေးက ပထဝီနိုင်ငံရေးထက် ပိုသင့်သည်
တရုတ်သမ္မတ ခရီးစဉ်က သမုဒ္ဒရာ ၂ စင်း သေနင်္ဂဗျူဟာကို တွန်းအားပေးရန် ရည်ရွယ်