ဇူလိုင်နဲ့ သြဂုတ်လတွေထဲမှာဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံလမ်းမတွေပေါ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ဥရောပရဲ့ နောက်ဆုံးအာဏာရှင်နိုင်ငံလို့ လူသိများတဲ့ ဘီလာရု(စ)လမ်းမတွေပေါ်က လူထုဆန္ဒပြပွဲတွေက လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က မြန်မာနိုင်ငံမှာဖြစ်ပွါးခဲ့တဲ့ ရှစ်လေးလုံး လူထုအုံကြွမှုတွေကို ပြန်မြင်ယောင်စေပါတယ်။ နိုင်ငံမှာ လိုအပ်နေတဲ့ အပြောင်းအလဲတခုဖြစ်ဖို့ အိုင်ယာလန်မြောက်ပိုင်းမှာ၊ ဆိုမားလီယားမှာ၊ လိုင်ဘေးရီးယားမှာ၊ ကိုလမ်ဘီယာမှာ စသဖြင့် လမ်းမပေါ်ထွက်ပြီး လူထုအုံကြွမှုတွေ၊ဆန္ဒဖေါ်ထုတ်တောင်းဆိုမှုတွေ လုပ်ခဲ့ကြပေမယ့် တကယ်လိုချင်တဲ့ အပြောင်းအလဲကိုရသွားတဲ့ နိုင်ငံ၊ လူထုအုံကြွမှု (critical mass) ရဲ့ အထွဋ်အထိပ်ကို အချိန်ကြာကြာ ထိန်းထားနိုင်တဲ့ နိုင်ငံတွေ များများစားစား မတွေ့ခဲ့ရပါဘူးလို့ အမေရိကန် လူမှုဗေဒပညာရှင် ဂျွန်ပေါ(လ)လဲဒရော့ က သုံးသပ်ခဲ့ဖူးပါတယ်။
၁၉၉၁ ခုနှစ်လောက်က စစ်ပွဲတွေကြောင့် မငြိမ်မသက်ဖြစ်နေရတဲ့ ဆိုမာလီနိုင်ငံအရေးကို ပရော်ဖက်ဆာ ဂျွန်ပေါ(လ)လဲဒရော့နဲ့ ဆိုမာလီနိုင်ငံရေးသမားတချို့ ဆွေးနွေးကြရင်း စစ်ဘုရင်တွေ အာဏာလုတဲ့ကြားမှာ မြေစာပင်ဖြစ်ရတဲ့ ဆိုမာလီအရပ်သားတွေရဲ့ ဒုက္ခကို သူတို့ ဘယ်လိုများကူညီပေးနိုင်မလဲ ဆိုတာကို အဖြေရှာမရ ဖြစ်နေခဲ့ကြပါတယ်။ တချို့က လူအစုလိုက် အပြုံလိုက် လမ်းမပေါ်တက် ဆန္ဒပြဖို့ (critical mass) အဓိက လိုအပ်နေတာလို့ အကြံပြုကြတယ်။ တချို့ကတော့ ဒီစစ်ဘုရင်တွေထက် လက်နက်အင်အားကြီးမားတဲ့ ကုလသမဂ္ဂ နိုင်ငံတကာတပ်ဖွဲ့တွေက လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်တပ်ပြီး ဝင်စီးပစ်လိုက်ရင် ကိစ္စအေးသွားမှာပဲလို့ ထင်ကြတယ်။ ပရော်ဖက်ဆာ လဲဒရော့ကတော့ အဲဒီ အကြံနှစ်ခုစလုံးက အလုပ်မဖြစ်နိုင်ဘူး ဆိုတာကို သိပါတယ်။ “တကယ်တမ်း လိုအပ်နေတာက critical mass မဟုတ်ဘူးဗျ။ critical yeast ဆိုတဲ့ လူမှန်နေရာမှန် ပါဝင်မှု လိုအပ်နေတာ” လို့ ထောက်ပြခဲ့ပါတယ်။
ပေါင်မုန့်ဖုတ်တဲ့နေရာမှာ ပမာဏ အများဆုံး ပါတာက ဂျုံမှုန့်ဖြစ်လို့ သူက critical mass နဲ့တူပြီးတော့ ပမာဏအနည်းဆုံးနဲ့ အစွမ်းအထက်ဆုံး critical yeast ကတော့ ပေါင်မုန့်ဖုတ်ရမှာ သုံးရတဲ့ တဆေးနဲ့ အလားသဏ္ဏန် တူတယ်လို့ ဆိုပါတယ်။
ပေါင်မုန့်ဖုတ်ရာမှာ ဂျုံမှုန့်၊ ဆား၊ သကြား၊ တဆေး၊ ရေစတဲ့ ပါဝင်ပစ္စည်းတွေလိုသလိုပဲ အပြောင်းအလဲ (Social Change) တစ်ခုဖြစ်ဖို့ရာမှာလည်း critical mass နဲ့ critical yeast တို့ အတွဲအစပ် မှန်ကန်ဖို့လိုတယ်လို့ လဲဒရော့ရဲ့ သီအိုရီမှာ ဖွင့်ဆိုထားပါတယ်။
ပေါင်မုန့်ဖုတ်တဲ့နေရာမှာ ပမာဏ အများဆုံး ပါတာက ဂျုံမှုန့်ဖြစ်လို့ သူက critical mass နဲ့တူပြီးတော့ ပမာဏအနည်းဆုံးနဲ့ အစွမ်းအထက်ဆုံး critical yeast ကတော့ ပေါင်မုန့်ဖုတ်ရမှာ သုံးရတဲ့ တဆေးနဲ့ အလားသဏ္ဏန် တူတယ်လို့ ဆိုပါတယ်။
ပရော်ဖက်ဆာ လဲဒရော့ရဲ့ critical yeast တဆေး ဖေါ်စပ်တဲ့ ဖေါ်မြူလာထဲမှာ ဗျူဟာတကျ လုပ်ဆောင်တတ်တဲ့ လူမှန်တွေ၊ နွေးထွေးလှိုက်လှဲတဲ့ အချင်းချင်းကြားက ဆက်ဆံရေးတွေ၊ လူထုနဲ့ ပေါင်းကူးဆက်သွယ်နိုင်စွမ်းတွေ၊ အစပ်အဟပ် တည့် မတည့် အချိန်ကျ မကျ ချိန်ဆနိုင်မှုတွေ အားလုံးပါဝင်နေပါတယ်။ ပေါင်မုန့်ဖုတ်ရာမှာ အသေးငယ်ဆုံးပမာဏသာပါဝင်တဲ့ တဆေးက အခြားသော ပါဝင်ပစ္စည်းအားလုံးကို ပေါင်းစည်းပေးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ တခုတည်းသော ပါဝင်ပစ္စည်းဖြစ်လို့ ရေရှည်တည်တံ့တဲ့ အပြောင်းအလဲတခုဖြစ်လာဖို့အတွက် မရှိမဖြစ် လိုအပ်တယ် လို့ဆိုပါတယ်။
“လမ်းမပေါ်မှာ ဆန္ဒပြနေတဲ့ လူအရေအတွက်က မီဒီယာရဲ့ အာရုံစူးစိုက်မှုကို ခေတ္တခဏလောက် ထိန်းထားကောင်း ထိန်းထားနိုင်ပေမယ့် ရေရှည်အပြောင်းအလဲဖြစ်ဖို့ရာအတွက် ဒီအုံကြွမှုတွေနဲ့ အကြာကြီး ထိန်းထားလို့ မရနိုင်ပါဘူး” လို့ လဲဒရော့က ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ် တလျှောက်လုံးမှာ မကြာခဏ ဖြစ်ပေါ်ခဲ့တဲ့ critical mass တွေရှိပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ ကိုလိုနီနယ်ချဲ့ဆန်ကျင်ရေး လှုပ်ရှားမှုများအစ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး အလယ်၊ ၈၈ အရေးတော်ပုံတို့ ကမ္ဘာကျော် ၂၀၀၇ စက်တင်ဘာ သံဃာ့ဆန္ဒပြပွဲတွေအဆုံး အုပ်ချုပ်သူအပြောင်းအလဲကို လိုလားတဲ့ လူထုအုံကြွမှုတွေ မကြာခဏ ပေါ်ပေါက်ခဲ့ပါတယ်။
၁၉ ရာစုမှာ ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာအောင် ပြောင်းလဲဖို့ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ အကြမ်းဖျဉ်းအစီအစဉ်က critical mass ကို ဖန်တီးဖို့က အဓိကပါပဲ။ ဗြိတိသျှနယ်ချဲ့ အုပ်ချုပ်မှုစနစ်ကို ဆန့်ကျင်တဲ့ နိုင်ငံလုံးဆိုင်ရာ အထွေထွေ လူထုအုံကြွမှုကြီး (a country-wide mass resistance movement လို့ သူက သုံးပါတယ်) တခုလုပ်ဖို့ အစီအစဉ်တွေ ချမှတ်ခဲ့တယ်လို့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတခုမှာ ထည့်ပြောခဲ့ပါတယ်။
၁၉၈၈ မှာ နိုင်ငံအနှံ့ တပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပေမယ့်လည်း ပြည်သူလိုချင်တဲ့ အပြောင်းအလဲ အစစ်အမှန်တခုဆီကို ရောက်အောင် မသွားနိုင်ခဲ့ပါဘူး။
၂၀ ရာစုအတွင်းက လွတ်လပ်ရေးတိုက်ပွဲတွေ၊ လူထုအုံကြွမှုတွေမှာ ဦးဆောင်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လူမျိုးစုခေါင်းဆောင်တချို့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့၊ ရေရှည်တည်တံ့ဖို့နဲ့ နိုင်ငံတော်သစ်တခု အတူတကွ တည်ဆောက်ကြဖို့ ရည်ရွယ်ပြီး ကြိုးပမ်းနေကြတုန်းမှာပဲ လုပ်ကြံခံခဲ့ရပါတယ်။ critical yeast ဆိုတဲ့ မရှိမဖြစ် တဆေးကို ဖေါ်လို့ မပြီးသေးခင်အဆင့်မှာပဲ သူတို့ ကျဆုံးခဲ့ပါတယ်။ critical yeast မရခင်မှာ စတင်ခဲ့ရတဲ့ နိုင်ငံတည်ဆောက်ရေးဖြစ်လို့ လွတ်လပ်ရေးရကာစ ပါလီမန် ဒီမိုကရေစီခေတ်ဦးကို ၁၂ နှစ်ထက်ပိုပြီး ထိန်းသိမ်းမထားနိုင်ခဲ့ပါဘူး။ ဦးနေဝင်းလက်ထက်မှာတော့ critical yeast အစား သကြားအုပ်ထားတဲ့ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဆေးခါးကြီးကို ဖေါ်ခဲ့ပြီး တပါတီအာဏာရှင်စနစ်နဲ့ တိုင်းပြည်ကို ၂၆ နှစ်လောက် အုပ်ချုပ်ခဲ့ပါတယ်။
၁၉၈၈ မှာ နိုင်ငံအနှံ့ တပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့ပေမယ့်လည်း ပြည်သူလိုချင်တဲ့ အပြောင်းအလဲ အစစ်အမှန်တခုဆီကို ရောက်အောင် မသွားနိုင်ခဲ့ပါဘူး။
တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သော်လည်းပဲ သူ့ထက်ပိုဆိုးတဲ့ စစ်အာဏာရှင်စနစ် အောက်မှာ နောက်ထပ် ၂၂ နှစ်ထပ်နေရပြန်ပါတယ်။
နာတာရှည်ပြည်တွင်းစစ်မီးနဲ့ လူမျိုးရေး ဘာသာရေးပြသနာပေါင်းစုံကြားက မြန်မာပြည်နိုင်ငံရေးမှာ လူထုကို လမ်းမပေါ် ရောက်အောင် ဆွဲခေါ်တဲ့ critical mass နည်းဗျူဟာ တခုတည်းနဲ့ အပြောင်းအလဲကို မဖေါ်ဆောင်နိုင်ဘူးဆိုတာ သမိုင်းပေး သင်ခန်းစာတွေက သက်သေပါပဲ။ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ၊ နယ်မြေလုစစ်ပွဲတွေ ဖြစ်လာတဲ့ နေရာတိုင်းဟာ ဒေသန္တရ စစ်အုပ်ချုပ်ရေးကို လက်ယပ်ခေါ်နေသလို ဖြစ်နေတုန်းပါပဲ။
လူသားချင်းစာနာမှုခေါင်းစဉ်နဲ့ နိုင်ငံတကာတပ်တွေ ဝင်ရောက်လာလိမ့်နိုးနဲ့ ကယ်တင်ရှင်မျှော်တဲ့ ကိစ္စမျိုးကလည်း အချည်းနှီး အချိန်ဖြုန်းခြင်းတမျိုးသာ ဖြစ်နေပါလိမ့်မယ်။ မြန်မာနိုင်ငံထက် အဆပေါင်းများစွာဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေ ကမ္ဘာမှာ မနည်းမနော ရှိနေပါသေးတယ်။
သမိုင်းသုတေသီ ဆရာသန့်မြင့်ဦးကတော့ “လူဦးရေ သန်း ၅၀ ကျော်ရှိပြီး ဆင်းရဲတဲ့၊ လူမျိုးစုရာချီရှိတဲ့၊ လက်နက်ကိုင်အုပ်စုတွေ ဒါဇင်ချီရှိတဲ့ မြန်မာလို နိုင်ငံတနိုင်ငံကို တာဝန်ယူဖို့ အနောက်အုပ်စုရဲ့ အတွေးထဲမှာ မရှိပါဘူး” လို့ သူ့ရဲ့ နောက်ဆုံးထုတ်စာအုပ် The Hidden History of Burma စာအုပ်ထဲမှာ ရေးသားထားပါတယ်။
လူထုအုံကြွမှုတွေ ထပ်ဖြစ်လာအောင် လုပ်တာတို့၊ နိုင်ငံတကာတပ်တွေ ဝင်ရောက်စီးနင်းဖို့ ဖိတ်ခေါ်တာတို့ စတဲ့ အကြံအစည်တွေဟာ တကယ်တမ်း အလုပ်ဖြစ်မှာမဟုတ်ပဲ မြန်မာနိုင်ငံရဲ့ သမိုင်းဘီးကို နောက်ပြန်လည်စေမယ့် နောက်ထပ် စစ်အုပ်ချုပ်ရေးတခု ဒါမှမဟုတ် ပါလီမန်ဒီမိုကရေစီ ခေတ်ဦးကာလတုန်းကလို ကမောက်ကမ နိုင်ငံရေးဖြစ်စဉ်တခုကို ဖိတ်ခေါ်နေတာမျိုးပဲ ဖြစ်ကောင်းဖြစ်လာနိုင်စရာရှိတယ်လို့ သုံးသပ်မိပါတယ်။
critical mass, critical yeast နဲ့ ဒေါ်အောင်ဆန်းစုကြည်
မြန်မာပြည်မှာ ထောင်သောင်းချီတဲ့ လူအုပ်စုကြီးကို အချိန်မရွေးစုစည်းနိုင်တဲ့ သြဇာကြီးမားတဲ့ လူထုခေါင်းဆောင်ဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းအလွန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲ ရှိပါသေးတယ်။ သူ့ဆီမှာ “ဗိုလ်ချုပ်အောင်ဆန်းသမီး” ဆိုတဲ့ ဂုဏ်ပုဒ်အပြင်၊ သုတေသီ၊ စာရေးဆရာမ၊ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်၊ နိုင်ငံရေးသမား၊ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် စတဲ့ အခြားသော ပြည်တွင်းနိုင်ငံရေးသမားတွေ လိုက်မမှီနိုင်တဲ့ အရည်အသွေးများစွာလည်း ရှိပါတယ်။ နိုင်ငံခေါင်းဆောင်တယောက် ဖြစ်လာတဲ့ လက်ရှိ ငါးနှစ် သက်တမ်းကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတွင်း သြဇာသက်ရောက်မှုဟာ အထွဋ်အထိပ်ကို ရောက်လာခဲ့ပါတယ်။
အထူးသဖြင့် အခုလို ဆိုရှယ်မီဒီယာကိုသာ အားပြုပြီး နိုင်ငံရေးမဲဆွယ်ပွဲတွေလုပ်ရချိန်မှာ လမ်းမပေါ် တက်စရာမလိုပဲ အင်တာနက်စာမျက်နှာပေါ်ကနေ လူထုထောက်ခံမှုကို ရယူဖို့ရာက သူ့အတွက် အင်အားစိုက်ထုတ်စရာ သိပ်မလိုပဲ လုပ်နိုင်တဲ့ အလုပ်တခု ဖြစ်နေပါတယ်။ အထူးသဖြင့် ကိုဗစ်ကပ်ဘေးကာလမှာ ဆိုရှယ်မီဒီယာသုံးပြီး လူထုကို ပညာပေးလှုံ့ဆော်မှုတွေ၊ အသိပေးပန်ကြားမှုတွေကို သူ့ကိုယ်ပိုင် Facebook Account ကတဆင့် လုပ်နေရင်းနဲ့ အွန်လိုင်းကနေ နိုင်ငံရေးလှုံ့ဆော်မှုရဲ့ အားသာချက်ကို ကောင်းကောင်း အသုံးချလာတတ်ပုံပါပဲ။ လက်ရှိအချိန်မှာတော့ သူဟာ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာ Algorithm ကို နားအလည်ဆုံး နိုင်ငံရေးသမားတစ်ယောက်လို့ ပြောရမလိုတောင် ဖြစ်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုအင်အားကို အကြွင်းမဲ့ ယုံကြည်ပြီး ကောင်းကောင်း အသုံးချတတ်သူ ဖြစ်သလို လူထုအုံကြွမှု critical mass ရဲ့ နောက်ဆက်တွဲပြသနာတခု ဖြစ်တဲ့ အထိန်းအကွပ်မဲ့ ပရမ်းပတာဖြစ်မှုဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို သွက်ချာပါဒလိုက်စေနိုင်ပြီး အင်အားသုံးဖြိုခွင်းခံရခြင်းနဲ့ အဆုံးသတ်လေ့ရှိတတ်တာ ကိုလည်း သိနားလည်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၈၈ လူထုတိုက်ပွဲကာလ မှာကတည်းက မဆလခေါင်းဆောင်တွေနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေ အချင်းချင်း တွေ့ဆုံညှိနှိုင်းပြီး သွေးထွက်သံယိုနည်းတဲ့ အပြောင်းအလဲဖြစ်အောင် လုပ်နိုင်ဖို့ ကြားခံ ဆက်သွယ်ပေးဖို့ ပထမဆုံး ကြိုးစားခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအချိန် ကတည်းက critical yeast ကိုဖေါ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် လူထုဆန္ဒကို မျက်ကွယ်ပြုခဲ့တဲ့ အာဏာရှင် လက်သစ်တွေကြောင့် မအောင်မြင်ခဲ့ပါဘူး။
သူ့ရဲ့ တဆေးထဲမှာ မကြောက်တရား၊ မျှတတဲ့ တရားဥပဒေနဲ့ အဂတိလေးပါးကင်းစင်ပြီး ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်း ဆိုတဲ့ ထောက်တိုင်သုံးခု ပါဝင်ပါတယ်။
နေအိမ်အကျယ်ချုပ်ကာလအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ကိုယ်ပိုင်နည်းနာနဲ့ critical yeast ဖေါ်ဖို့ကြိုးစားခဲ့ပါတယ်။
သူ့ရဲ့ တဆေးထဲမှာ မကြောက်တရား၊ မျှတတဲ့ တရားဥပဒေနဲ့ အဂတိလေးပါးကင်းစင်ပြီး ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်း ဆိုတဲ့ ထောက်တိုင်သုံးခု ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံနိုင်ငံရေးအတွေးအခေါ်က အကြောက်တရားကင်းစင်တဲ့ နိုင်ငံသား တယောက်ချင်းစီက မျှတတဲ့ တရားဥပဒေတွေ ပေါ်ပေါက်လာအောင် တညီတညွတ်တည်း ဝိုင်းပြီးတွန်းအားပေးနိုင်ကြမယ်ဆိုရင် အဂတိကင်းစင်ပြီး ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖေါ်ဆောင်နိုင်ရမယ် ဆိုတဲ့ အတွေးအခေါ်ပဲဖြစ်ပါတယ်။ ဒီအတွေးအခေါ်ကို တချို့က လက်တွေ့မကျတဲ့ ဆင်စွယ်နန်းတော်ထဲက အတွေးအခေါ်လို့ ယူဆကြပါတယ်။
တကယ်တော့ ဒီအတွေးအခေါ်ဟာ အင်မတန်မှ ရိုးရှင်းပါတယ်။ ဂရိအတွေးအခေါ်ပညာ ခေတ်ဦးပိုင်းမှာ လွှမ်းမိုးခဲ့တဲ့ ဟိုမားကဗျာရှည်ကြီးထဲက လူအဖွဲ့အစည်းတခုမှာ ရှိရမယ့် (arête, dike, thymos) ဆိုတဲ့ ကျိုးကြောင်းယုတ္တိတရား သုံးမျိုးဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်တိုင်သုံးခုနဲ့ ဆင်တူတာကို တွေ့နိုင်ပါတယ်။ သတ္တိ (သို့မဟုတ်) မကြောက်တရား ဆိုတာဟာ arête ဆိုတဲ့ လူသားရဲ့ဂုဏ်ရည်ထဲက တစ်ခုဖြစ်ပါတယ်။ dike ဆိုတဲ့ ဂရိစကားလုံးက တရားမျှတမှု (သို့မဟုတ်) မျှတတဲ့ တရားဥပဒေ လို့ အဓိပ္ပါယ်ရပြီး၊ thymos ဆိုတာကတော့ အများရဲ့ အသိအမှတ်ပြုမှုကို ခံယူလိုတဲ့ လူတွေရဲ့မွေးရာပါ ဇာတိပုည ဂုဏ်မာန (သို့မဟုတ်) ဂုဏ်သိက္ခာကို ဆိုလိုရင်းဖြစ်ပါတယ်။ ဒီထောက်တိုင် သုံးခုလုံးဟာ တခုကို တခု အထောက်အပံ့ ပေးနေပြီး ထောက်တိုင်တခု လဲကျသွားတာနဲ့ ကျန်နှစ်ခုတည်းနဲ့ ကြာကြာရပ်တည်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ critical yeast ဖေါ်မြူလာဟာ ပရော်ဖက်ဆာ လဲဒရော့ရဲ့ သီအိုရီထက် ပိုတိကျပါတယ်။ critical mass ဆိုတဲ့ လူထုအုံကြွမှုတခုတည်းနဲ့ ပြည်သူအများစုလိုလားတဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ်တခု ချက်ခြင်း ဖြစ်ထွန်းလာမှာ မဟုတ်ပဲ လူ့အဖွဲ့အစည်းထဲမှာ မကြောက်တရား၊ အဂတိကင်းစင်မှုနဲ့ မျှတတဲ့ တရားဥပဒေဆိုတဲ့ ထောက်တိုင်သုံးခုပါဝင်တဲ့ critical yeast ရှိလာမှသာ ရေရှည်တည်တံ့တဲ့ အပြောင်းအလဲကို ရစေနိုင်မှာ ဖြစ်တယ်ဆိုတဲ့ အယူအဆပါ။
အကြောက်တရား ကင်းစင်စပြုလာတဲ့ လူ့အဖွဲ့အစည်းဟာ အစိုးရခေါင်းဆောင်များနဲ့ တပ်မတော်အပေါ် စောင့်ကြည့်ဝေဖန်မှုတွေ တချိန်လုံး လုပ်နိုင်လာကြပြီး အဂတိလိုက်စားမှုတွေ အကျင့်ပျက်ခြစားမှုတွေကို လွတ်လပ်စွာ ဖေါ်ထုတ်လာနိုင်မှုတွေ နှစ် ၆၀ အတွင်းမှာ မကြုံစဖူး ရလာကြပါတယ်။
လက်ရှိ နိုင်ငံရေးအခင်းအကျင်းထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ critical yeast မှာပါတဲ့ ထောက်တိုင်သုံးခု အလုပ်လုပ်ပုံကို ခပ်ရေးရေး မြင်လာရပါပြီ။
အကြောက်တရား ကင်းစင်စပြုလာတဲ့ လူ့အဖွဲ့အစည်းဟာ အစိုးရခေါင်းဆောင်များနဲ့ တပ်မတော်အပေါ် စောင့်ကြည့်ဝေဖန်မှုတွေ တချိန်လုံး လုပ်နိုင်လာကြပြီး အဂတိလိုက်စားမှုတွေ အကျင့်ပျက်ခြစားမှုတွေကို လွတ်လပ်စွာ ဖေါ်ထုတ်လာနိုင်မှုတွေ နှစ် ၆၀ အတွင်းမှာ မကြုံစဖူး ရလာကြပါတယ်။
ဒါပေမယ့် တရားဥပဒေစိုးမိုးမှု အားနည်းနေသေးတဲ့အတွက် တချို့ ကိစ္စတွေမှာ ထိရောက်တဲ့ အရေးယူမှုတွေကို မလုပ်နိုင်ခဲ့သေးပါဘူး။
တပြိုင်တည်းမှာပဲ မျှတတဲ့ တရားဥပဒေတစ်ခု ပေါ်ထွန်းလာဖို့ အတွက် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းကရော၊ NCA စာချုပ်ပါ သဘောတူညီချက်များအရပါ တွန်းတွန်း တိုက်တိုက် လုပ်နေကြတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း NLD အစိုးရ ရဲ့ ပထမသက်တမ်း အတွင်းမှာ အခြေခံဥပဒေပြင်ဆင်မှုတွေ ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့အတွက် အစိုးရအပေါ် ယုံကြည်မှုကျဆင်းသူတွေ ရှိလာခဲ့ပါတယ်။
လမ်းပြမြေပုံနဲ့ အခြေခံဥပဒေ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ၂၀၁၀ ရွေးကောက်ပွဲတို့ ဆိုတာ တပ်မတော်အစိုးရရဲ့ လမ်းပြမြေပုံထဲက ပေးထားချက်တွေဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဆိုတာက ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တခုရဲ့ အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ ဒီအုတ်မြစ်တွေကို လိုအပ်သလို တည်ဆောက်ပြီး သူ့ကိုယ်သူ တရားဝင် အစိုးရတရပ် ဖြစ်လာအောင် ဖန်တီးနိုင်ခဲ့ပါတယ်။
လမ်းပြမြေပုံတိုင်းဟာ အစိုးရတရပ်သွားမယ့် လမ်းကြောင်းကို ပြည်သူလူထုသိအောင် တရားဝင်ထုတ်ပြန်တာပဲဖြစ်ပါတယ်။ ၁၉၄၇ အခြေခံဥပဒေရေးဆွဲတုန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန်ချက် ၇ ချက်ကို လမ်းပြမြေပုံအနေနဲ့ အခြေခံခဲ့တာပါပဲ။ ဦးနေဝင်းလက်ထက်မှာလည်း မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို တည်ဆောက်ဖို့ ၁၉၇၄မှာ အခြေခံဥပဒေအသစ်တခု ရေးဆွဲပြဋ္ဌာန်းခဲ့တာပါပဲ။ အငြိမ်းစား ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ လမ်းပြမြေပုံ ၇ ချက်ထဲက အဓိကဗျူဟာကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးမှ အာဏာလွှဲပြောင်းဖို့ လုပ်ခဲ့တာပါပဲ။ အဲဒီလိုပဲ လက်ရှိ NLD အစိုးရလက်ထက်မှာလည်း လမ်းပြမြေပုံတခု ထုတ်ပြန်ခဲ့တာရှိပါတယ်။
ဒါပေမယ့် မတူညီတာတခုက ရှေ့က အစိုးရတိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို လိုအပ်သလို အသစ်ရေးဆွဲနိုင်ဖို့ အခွင့်သာခဲ့ကြပေမယ့် NLD အစိုးရလက်ထက်မှာတော့ ပြင်ဆင်တဲ့နည်းလမ်းကိုပဲ သုံးခွင့်ရထားပါတယ်။ ဒါကလည်း တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိက တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ၂၀၀၈ အခြေခံဥပဒေထဲမှာ ရည်ရွယ်ချက်ရှိရှိ ပြဋ္ဌာန်းထားခဲ့လို့ ဖြစ်ပါတယ်။
NLD အစိုးရဟာ ခုချိန်ထိ စစ်အစိုးရရဲ့ လမ်းပြမြေပုံထဲမှာပဲ ပိတ်မိနေသေးတယ်လို့ ဆိုရင်လည်း မမှားပါဘူး။
အကြောက်တရား နဲ့ အခြေခံဥပဒေ
၂၀၁၀ခုနှစ်မတိုင်ခင်က မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ အကြီးမားဆုံး ဖိစီးနေခဲ့တဲ့ အရာက အကြောက်တရားပါပဲ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မှန်သမျှကို နှစ်ရှည်လများ ထောင်သွင်းအကျဉ်းချထားတာမျိုး၊ ညှင်းပမ်းနှိပ်စက်တာမျိုးတွေကြောင့် လူထုကြားမှာ စိတ်လုံခြုံမှု တနေ့တခြား ကင်းမဲ့လာပြီး အကြောက်တရားက မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အစဉ်အလာတခုလို ဖြစ်လာခဲ့ပါတယ်။ မျက်စေ့ရှေ့မှာမြင်နေရတဲ့ မတရားမှုတွေကိုတောင် ထုတ်ဖေါ်မပြောရဲပဲ ရေငုံနှုတ်ပိတ် နေသူတွေများလာတဲ့ လူ့အဖွဲ့အစည်း တခုမှာ စစ်အာဏာရှင်စိတ်ကြိုက် ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြင်းပယ်နိုင်တဲ့ အင်အားမရှိခဲ့ပါဘူး။
လက်ရှိကာလမှာတော့ တပ်မတော်ကို အထူးအခွင့်အရေးပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ မမျှတမှု၊ တန်းတူညီမျှရေးအတွက် အာမမခံချက် ကင်းမဲ့မှုတွေကို နက်နက်ရှိုင်းရှိုင်း သိမြင်လာကြတာကြောင့် အခြေခံဥပဒေပြင်ဆင်ရေးကို မဖြစ်မနေ လုပ်မှဖြစ်မယ်ဆိုတာကို လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးကြားမှာ ရဲရဲတင်းတင်း ပြောဆိုလာကြပါပြီ။ ဒါဟာ ဆယ်နှစ်တာကာလ အရပ်သားတပိုင်း အစိုးရသက်တမ်း အတွင်းမှာ မြင်သာထင်ရှားတဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတခုပါပဲ။
ဒါပေမယ့် ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ ပြင်ဆင်လို့မရတဲ့ အခြေခံဥပဒေဆိုတာ မရှိပါဘူး။ မမျှတတဲ့ အခြေခံဥပဒေတိုင်းဟာ တချိန်ချိန်မှာ မဖြစ်မနေ ပြောင်းလဲရတာပါပဲ။
တပ်မတော်ကတော့ ၂၀၀၈ အခြေခံဥပဒေက ပေးထားတဲ့ ၂၅ ရာနှုန်းသော အာဏာနဲ့ အခြေခံဥပဒေကို ရသရွေ့ ကာကွယ်စောင့်ရှောက်နေတုန်းပါပဲ။
ဒါပေမယ့် ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ ပြင်ဆင်လို့မရတဲ့ အခြေခံဥပဒေဆိုတာ မရှိပါဘူး။ မမျှတတဲ့ အခြေခံဥပဒေတိုင်းဟာ တချိန်ချိန်မှာ မဖြစ်မနေ ပြောင်းလဲရတာပါပဲ။
အကြောက်တရားကင်းစင်တဲ့၊ အဂတိနည်းပါးတဲ့ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်လာလေလေ မျှတတဲ့ အခြေခံဥပဒေတခု ပေါ်ထွန်းလာဖို့အတွက် ပိုပြီးတော့ တွန်းအားပေးလာနိုင်လေ ဖြစ်တဲ့အတွက် တချိန်ချိန်မှာတော့ လူထုဆန္ဒကို တပ်မတော်က လိုက်လျောရမှာ အသေအချာပါပဲ။
လူထုအင်အားဆိုတဲ့ critical mass ဂျုံမှုန့်က ပေါင်မုန့်တလုံးအတွက် အဓိကပါဝင်ပစ္စည်း တစ်ခုဖြစ်သလို မကြောက်တရား၊ အဂတိကင်းစင်မှုနဲ့ မျှတတဲ့ တရားဥပဒေတွေ အချိုးကျ ရောစပ်ထားတဲ့ critical yeast တဆေးကတော့ ပေါင်မုန့်ဖုတ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းတခု ဖြစ်ပါတယ်။
လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေး ရတယ် ဆိုသလိုမျိုး ပေါင်မုန့်ကောင်းစားချင်သူများအတွက်တော့ တဆေး ပေါ်ဖို့ စောင့်ရတာ နှေးနေတုန်းပါပဲ။ ဘာလိုလိုနဲ့ အရသာပြည့်၀ကောင်းမွန်တဲ့ ဒီမိုကရေစီ ပေါင်မုန့်တလုံးကို အတူစားသုံးကြဖို့ စောင့်စားနေရတာ ၃၂ နှစ်တောင် ကြာခဲ့ပါပြီရော။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)
You may also like these stories:
လက်နက်ကိုင်ဝါဒကြားက နုနယ်တဲ့ ဒီမိုကရေစီကို ထိန်းသိမ်းဖို့လို
ဒီမိုကရေစီခရီးရှည်ကို အတူလက်တွဲ လျှောက်လှမ်းကြပါစို့