ယခုနှစ် အစောပိုင်း၌ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အချို့ ပြင်ဆင်နိုင်ရေး လွှတ်တော်တွင်း အကြိတ်အနယ်ဆွေးနွေးပြီးကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအသံများ တိတ်ဆိတ်သွားခဲ့သည်။ အကြောင်းမှာ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံရေးသမားများ အာရုံစိုက်နေရခြင်းကြောင့် ဖြစ်သည်။ သို့သော် ထိုတိတ်ဆိတ်မှုသည် ခဏသာဖြစ်ပြီး ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း တစတစ ပြန်ပေါ်လာသည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ကြိုးပမ်းနေသော နိုင်ငံရေးပါတီကြီးများသည် ယခုလအစောပိုင်း မဲဆွယ်စည်းရုံးမှု စချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အဆိုပြုချက်ကို ၎င်းတို့၏ မူဝါဒများတွင် ထည့်သွင်းဖော်ပြလာကြသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် ဒီမိုကရေစီမဆန်သည့် ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရေးသည် အဓိကကျသောကြောင့် ထိုပြင်ဆင်ရေးအတွက် ဆက်လက် အားထုတ် ဆောင်ရွက်ရမည် ဖြစ်သည်။
သို့သော် ရွေးကောက်ပွဲလွန်ကာလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် မည်သည့်အသွင်ဆောင်မည်နည်း ဆိုသည့် မေးခွန်းတော့ ရှိသည်။
စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည့် NLD ရွေးကောက်ပွဲကြေညာစာတမ်းတွင် တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်ပုံအခြေခံဥပဒေတခု ပေါ်ပေါက်ရေးကိုလည်း ရည်ရွယ်ကြောင်း ဖေါ်ပြထားသည်။
နှစ်ကာလကြာရှည် ကြိုးပမ်းနေသည့် NLD ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ပန်းတိုင်သည် မအောင်မြင်သေးပါ။
နှစ်ကာလကြာရှည် ကြိုးပမ်းနေသည့် NLD ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ပန်းတိုင်သည် မအောင်မြင်သေးပါ။
အကြောင်းရင်းတခုတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ မည်သည့်ပုဒ်မပြင်ဆင်ချက်ကိုမဆို လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုလိုအပ်ပြီး လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကိုလည်း စစ်တပ်က ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်။
မတ်လတွင် လွှတ်တော်ကိုယ်စားလှယ်များသည် NLD အဆိုပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၁၁၄ ချက်အနက် ၄ ခုကို အတည်ပြုခဲ့သည်။ လွှတ်တော်တွင် ၉ ရက်ကြာ ဆွေးနွေးမဲခွဲပြီးနောက် ရလာသည်မှာ ပြဋ္ဌာန်းချက် ၃ ခုနှင့် ပုဒ်မတခုပါ စကားအသုံးအနှုန်းများကို ပြင်ဆင်ခြင်းသာ ဖြစ်သည်။
အစိုးရ မဏ္ဍိုင်အားလုံးတွင် တပ်မတော်နှင့် စစ်ဖက်အကြီးအကဲကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အထူးလုပ်ပိုင်ခွင့်များနှင့် အခွင့်ထူးများကို လျှော့ချမည့် အဓိက ပြင်ဆင်ချက်များကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မဟာမိတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လွှတ်တော်ကိုယ်စားလှယ်များက ပယ်ချခဲ့သည်။ ၎င်းတို့အုပ်စုနှစ်စုက လွှတ်တော်နေရာအားလုံး၏ ၃၁ ရာခိုင်နှုန်း ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတားအဆီးများကို ကိုးကားဖော်ပြပြီး NLD ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင်များအနေဖြင့် NLD ကို မဲပေးရန် စက်တင်ဘာ ၁၇ ရက် မဲဆွယ် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ နိုဝင်ဘာလရွေးကောက်ပွဲတွင် အရပ်သားကိုယ်စားလှယ်လောင်း ၇၀၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်နေရာ ၇၅ ရာခိုင်နှုန်းအနက် ၆၇ ရာခိုင်နှုန်းကို သူမ၏ ပါတီက လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
စက်တင်ဘာ ၁၅ ရက်၌ USDP ပါတီကိုယ်စား ရုပ်မြင်သံကြားမှ ပြောကြားသည့် မဲဆွယ်မိန့်ခွန်းတွင် ဥက္ကဌ ဦးသန်းဌေးကလည်း အချို့သော ဥပဒေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မအချို့ကို ပြင်ဆင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ၎င်းတို့၏ ဦးစားပေးအဆင့်ဖြစ်ကြောင်းနှင့် USDP ပါတီ၏ အားထုတ်မှုများသည် ဖက်ဒရယ်စနစ်၊ ပြည်ထောင်စုနှင့် ဒီမိုကရေစီ အနှစ်သာရများကို ချက်ချင်း ထင်ဟပ်မည့် ပြောင်းလဲ ပြင်ဆင်မှုကို ဆောင်ရွက်မည်ဟု ကတိပြုသွားသည်။
USDP က ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ခန့်အပ်ခြင်းနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မကို ပြင်ဆင်ရန် ထုတ်နှုတ်ပြောကြားခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ပြည်နယ်နှင့် တိုင်းလွှတ်တော်နေရာ အများစုအနိုင်ရသည့်ပါတီက ခန့်အပ်ရနိုင်ရေး ၎င်းတို့၏ အဆိုပြုချက်သည် ယေဘူယျအားဖြင့် လူနည်းစု တိုင်းရင်းသားများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီငယ်များ၏ အာရုံကို ဖမ်းစားနိုင်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်း နိုင်ငံရေးကို ထိန်းချုပ်ရန် မျှော်လင့်ချက်ဖြင့် USDP က ထိုအချက်ကို မောင်ပိုင်စီးခြင်းဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်တွင်း နိုင်ငံရေးကို ထိန်းချုပ်ရန် မျှော်လင့်ချက်ဖြင့် USDP က ထိုအချက်ကို မောင်ပိုင်စီးခြင်းဖြစ်သည်။
ထိုသို့ ပြင်ဆင်ရေး ပြောဆိုချက်သည် အပေါ်ယံလား စေတနာအရိုးခံဖြင့် ဆောင်ရွက်လိုသည်လား ဆိုသည်ကို မသိနိုင်သော်လည်း မကြာသေးသောအတိတ်ကို လမ်းညွှန်အဖြစ် လေ့လာနိုင်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် USDP သည် ရှမ်းပြည်နယ်လွှတ်တော်တွင် နေရာအများစုရသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အစိုးရကို ဦးဆောင်ခွင့်မရ။ NLD သည် တနိုင်ငံလုံးတွင် လွှတ်တော်ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များအားလုံးကို ခန့်အပ်ခွင့်ရသည်။ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ USDP အနိုင်ရခဲ့သည့် သမ္မတဦးသိန်းစိန်ခေတ် တွင်လည်း အလားတူပင် ထိုအခွင့်အရေးရခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံကို ရယူထားခြင်းနှင့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို ချုပ်ကိုင်ထားခြင်း စသည့် စစ်ဖက်၏ နိုင်ငံရေးအခွင့်ထူးများကို လျှော့ချမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ချက်ကို ဗိုလ်ချုပ်ဟောင်းတပိုင်း USDP ခေါင်းဆောင်များ သဘောတူ လက်ခံခြင်း လိုလားခြင်း ရှိ မရှိ မေးခွန်း ရှိနေသည်။
ပါတီကြီးနှစ်ခုအကြား ကွဲလွဲချက်များကို ဖယ်ထားပြီး ရွေးကောက်ပွဲအလွန် မည်သည့်အစိုးရသစ်အောက်တွင်မဆို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အောင်မြင်နိုင်ခြေ ရှိ မရှိကို မေးခွန်းထုတ်ရမည်ဖြစ်သည်။
နိုဝင်ဘာရွေးကောက်ပွဲတွင် NLD က အများစုအနိုင်ရရှိမည် ဆိုစေကာမူ စစ်ဖက်၏ အာဏာကိုလျှော့ချမည့် အလားအလာမရှိလျှင် ၂၀၀၈ ဖွဲ့စည်းပုံမှ လက်ရှိအဆိုပြုထားသည့် ပုဒ်မ ပြင်ဆင်ချက်များကို ထပ်မံတင်သွင်းပါကလည်း မတ်လက မိမိတို့တွေ့ရသည့် စိတ်ပျက်ဖွယ် ရလဒ်ဖြင့်သာ ထပ်မံအဆုံးသတ်ရနိုင်သည်။
ယင်းအကျပ်အတည်းကို ရှောင်ရှားရန် ဖြစ်နိုင်ခြေရှိသော နည်းလမ်းတခုမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အစိုးရ၊ စစ်ဖက်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) က သဘောတူ ချုပ်ဆိုထားသော ပြည်ထောင်စု သဘောတူစာချုပ်ကို အကောင်အထည်ဖေါ်ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အာရုံစိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏ သြဂုတ်လ ၁၉ ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အပိတ်မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အားထုတ်မှုများ ဆက်လက်ဆောင်ရွက်သွားရန် အသားပေးပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူများသည် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရေး အဆင့်လိုက်လုပ်ငန်းစဉ်များဆောင်ရွက်ရန် အုတ်မြစ်ချထားပြီ ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ ထို လုပ်ငန်းစဉ်များတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးစသည့် လုပ်ငန်းစဉ် ၅ ရပ် ပါဝင်သည်ဟု သူက ဆိုထားသည်။
ပြည်ထောင်စုသဘောတူစာချုပ်သည် အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြင်ဆင်ထားသော သဘောတူစာချုပ်ဖြစ်သည်။
ပြည်ထောင်စုသဘောတူစာချုပ်သည် အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြင်ဆင်ထားသော သဘောတူစာချုပ်ဖြစ်သည်။
ပြည်ထောင်စုသဘောတူစာချုပ်တွင် ဖယ်ဒရယ်အခြေခံမူများကို အာမခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် ရှိလာရေးအတွက် EAOs အဖွဲ့များ၊ စစ်တပ်နှင့် နိုင်ငံရေးပါတီများ အပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူများအားလုံး ညှိနှိုင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။
NCA လက်မှတ်ရေးထိုးထားသည့် EAOs ၁၀ ဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုးဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ABSDF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ပါဝင်သည်။
ငြိမ်းချမ်းရေးရယူပြီး အစိုးရနှင့် နိုင်ငံရေး ညှိနှိုင်းမှုများပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မတူညီသည့် နည်းလမ်းနှစ်သွယ်ဖြင့် လုပ်ဆောင်နိုင်ကြောင်း ပြောဆိုထားသည်။ တနည်းမှာ လွှတ်တော်လမ်းကြောင်းမှဖြစ်ပြီး အခြားတနည်းမှာ လွှတ်တော်ပြင်ပ NCA လမ်းကြောင်းမှ ပြောင်းလဲရေး ဖြစ်သည်။
ဖြစ်ရပ်များ ပြန်လည်လေ့လာပါက NLD သည် ကနဦးတွင် NCA လမ်းကြောင်းဖြစ်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးစားခဲ့ကြောင်း တွေ့ရသည်။
သို့သော် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲလိုပါက ပြည်ထောင်စုမှ မခွဲထွက်ဟု EAOs များကတိပြုရမည်ဆိုသည့် တပ်မတော်၏ တောင်းဆိုမှုကြောင့် ဆွေးနွေးပွဲများ ၂၀၁၇ ခုနှစ်တွင် လမ်းကြောင်းလွဲပြီး အကျပ်အတည်းဖြစ်ကာ နောက်ဆက်တွဲအဖြစ် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ ရွှေ့ဆိုင်းသွားခဲ့သည်။
၂၀၁၉ ခုနှစ်တွင် NLD သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်တွင်းမှ ပြင်ဆင်ရေးကို စတင်ခဲ့သည်။ ထိုပြင်ဆင်ရေးကြိုးပမ်းမှုသည် တနှစ်ကျော်ကြာခဲ့သော်လည်း အတိုက်အခံ USDP ပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ ဆန့်ကျင်မှုနှင့် ကြုံရသည်။
ဖက်ဒရယ်မူများကို ဆွေးနွေးရာတွင် ညှိနှိုင်းဆွေးနွေးသူများ အဓိကရင်ဆိုင်ရသည့် စိန်ခေါ်မှုများ အနက်တခုမှာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ ကိစ္စဖြစ်ပြီး ယခုနှစ် ငြိမ်းချမ်ရေးဆွေးနွေးပွဲများတွင် သဘောတူနိုင်ခြင်း မရှိသေးဘဲ ဆက်လက် ဆွေးနွေးရန် လျာထားကြသည်။
“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲနိုင်ရေး ဆွေးနွေးပွဲတွေက အခုမှ အစပဲရှိသေးတာ။ အများကြီးလုပ်စရာလိုသေးတယ်”
“ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးဆွဲနိုင်ရေး ဆွေးနွေးပွဲတွေက အခုမှ အစပဲရှိသေးတာ။ အများကြီးလုပ်စရာလိုသေးတယ်”ဟု ငြိမ်းချမ်းရေး ညှိနှိုင်းမှုများတွင် ပါဝင်သူ KNU အမြဲတမ်းကော်မတီဝင် ပဒို စောတောနီးက ဆိုသည်။
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရရှိရေးကို ပြင်ဆင်ရေးလုပ်ငန်းစဉ်တွင် ဦးစားပေးလုပ်ဆောင်ရန် လိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တောင်းဆိုမှုလည်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့်ပင် တိုင်းရင်းသားအုပ်စုများအား ၎င်းတို့၏ ပြည်နယ်ဖွဲ့စည်းပုံများကို ၎င်းတို့ကိုယ်တိုင် ရေးဆွဲခွင့် ပြုခြင်းဖြင့် စတင်ရမည်ဟု ဆိုသည်။
ပြည်ထောင်စု သဘောတူစာချုပ်တွင် ဖေါ်ပြထားသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဘုံဖက်ဒရယ်မူများ ရရှိစေရန် ရွေးကောက်ပွဲလွန်ကာလတွင် တပ်မတော်သားကိုယ်စားလှယ်များသည် EAOs များနှင့် အစိုးရသစ်နှင့်လက်တွဲဆောင်ရွက်မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးသည် ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။
You may also like these stories:
( ငြိမ်းငြိမ်းသည် ဧရာဝတီ အင်္ဂလိပ်ပိုင်း၏ တွဲဘက်အယ်ဒီတာဖြစ်သည်။ ၎င်း၏ Amending Myanmar’s Constitution: an Issue That Will Not Go Away ကို ဘာသာပြန်သည်။)
ဂျုံမှုန့် ပြည်သူ၊ မရှိမဖြစ် တဆေးနဲ့ ဒီမိုကရေစီ ပေါင်မုန့်
မြန်မာ့ဒီမိုကရေစီ ခရီးရှည်တွင် ၈၈ စက်တင်ဘာ စွန့်လွတ်မှုများကို မမေ့နိုင်
ဒီမိုကရေစီခရီးရှည်ကို အတူလက်တွဲ လျှောက်လှမ်းကြပါစို့