ဒီမိုက​ရေစီအတွက် မြန်မာပြည်သူ​တွေရဲ့ ဒုတိယ​ခြေလှမ်း သို့မဟုတ် ၂၀၂၀​ရွေး​ကောက်ပွဲ

ကျော်စွာမိုး
၂၀၁၅ ရွေးကောက်ပွဲ၌ နေပြည်တော်တွင် မဲထည့်နေသူတဦး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးနဲ့အတူ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ နောက်ထပ်ခြေလှမ်းတလှမ်းကို ထပ်လှမ်းတော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှုကိုလျှော့ချရေးနဲ့ နောက်ဆုံးတနေ့မှာ အဆုံးသတ်ရေးကို ဦးတည်ပြီးတော့ပေါ့။ ဒါဟာ မြန်မာနိုင်ငံရဲ့ ၃၈ သန်းကျော်သော မဲပေးခွင့်ရှိသူတွေထဲက အများစုက ရွေးကောက်ပွဲမှာ မဲပေးဖို့ ဘာကြောင့် စိတ်အားထက်သန်နေကြတာလဲ ဆိုတာရဲ့ အဖြေလည်းပဲ ဖြစ်ပါတယ်။ သူတို့က နိုင်ငံသားတဦးရဲ့ အခွင့်အရေးဖြစ်တဲ့ မဲပေးရွေးချယ်နိုင်ခွင့်ကို အသုံးချပြီး ဒီမိုကရေစီ ဖြစ်စဉ်မှာ ပါဝင်လိုစိတ် ပြင်းပြကြပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီ အပြည့်အဝရှိတဲ့ နိုင်ငံအဖြစ်နဲ့ နိုင်ငံရေး၊ စီးပွားရေး တိုးတက်ပြောင်းလဲမှုတွေကို တွေ့မြင်ချင်ကြပါတယ်။

ဒါဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲရဲ့ အနှစ်သာရပါပဲ။

နိုင်ငံတကာက လေ့လာစောင့်ကြည့်သူ အများအပြားကတော့ နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲကနေ ကိုယ်စားပြုလွှတ်တော်အမတ်တွေ ရွေးကောက်ရေးနဲ့ လွှတ်တော်နေရာ အများစုနိုင်တဲ့ပါတီက ဦးဆောင်ပြီး အစိုးရသစ်တရပ်ဖွဲ့မှာလောက်ပဲ မြင်ကြမှာပါပဲ။ အဲ့ဒီလို ယေဘုယျအမြင်ဟာ မမှားပေမယ့် မြန်မာ့ရွေးကောက်ပွဲရဲ့ တကယ့်စစ်မှန်တဲ့ အရေးပါဆုံးအချက်တော့ မပါနေပါဘူး။ အဲ့ဒီအရာက အရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလိုပဲ အခု ရွေးကောက်ပွဲမတိုင်ခင် ကာလမှာ သိသာစွာ မြင်တွေ့ ခံစားနေကြရတဲ့ အရာပါ။

မြန်မာပြည်သူ ၅၅ သန်းအနက် အများစုအတွက်ကတော့ ရွေးကောက်ပွဲဆိုတာ ဒီ့ထက် ပိုတဲ့အရာဖြစ်ပါတယ်။

ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာတော့ အမေရိကန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံတို့လို ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန်၊ ကွန်ဆာဗေးတစ်နဲ့ လေဘာပါတီတို့လို အာဏာရပါတီနဲ့ အတိုက်အခံပါတီကြား ပိုသာအောင်ဆောင်ရွက်နိုင်မယ့်ပါတီကို ရွေးချယ်ရုံ သက်သက်မဟုတ်ပါဘူး။ ဒီမိုကရေစီ အခြေခိုင်ပြီးသား နိုင်ငံတွေမှာတော့ ဟုတ်ပါတယ်။ လေးနှစ်တကြိမ် ဒါမှမဟုတ် ငါးနှစ်တကြိမ် လုပ်တဲ့ရွေးကောက်ပွဲတွေမှာ ပိုမိုကောင်းမွန်တဲ့ အစိုးရတရပ်ရရှိရေး ရွေးချယ်နိုင်ဖို့ မဲဆန္ဒရှင်တွေအတွက် အခွင့်အရေးပါ။

မြန်မာပြည်သူ ၅၅ သန်းအနက် အများစုအတွက်ကတော့ ရွေးကောက်ပွဲဆိုတာ ဒီ့ထက် ပိုတဲ့အရာဖြစ်ပါတယ်။

သူတို့အတွက်တော့ ဒါက အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီအရေးတော်ပုံကနေ စတင်ခဲ့တဲ့ နိုင်ငံရေးတိုက်ပွဲကို အခြားနည်းလမ်းနဲ့ ဆက်လျှောက်ခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ရွေးကောက်ပွဲမှာ မဲပေးခြင်းအားဖြင့် ဒီမိုကရေစီဖြစ်စဉ်မှာ ပါဝင်တယ်ဆိုတာဟာ နိုင်ငံကို နှစ်၆၀ ကြာ အုပ်စိုးခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ဆိုးဝါးတဲ့စနစ်ကို ပြတ်ပြတ်သားသား ဆက်လက်ငြင်းပယ်ခြင်းပဲ ဖြစ်ပါတယ်။

ဒါပါပဲ။ ဒါပေမယ့် ဒါဟာ တကယ့်ကို ကြီးမားတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအတွက်ပဲ သူတို့တွေဟာ တကြိမ်မှာ ခြေတလှမ်းလှမ်းပြီး ဆက်ချီတက်နေကြတာပါ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ သူတို့တွေ ခြေတလှမ်းလှမ်းခဲ့ပြီး အဲဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကို အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ အခု ဒီနှစ်ရွေးကောက်ပွဲမှာ နောက်ထပ်ခြေလှမ်းလှမ်းကြမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က နောက်တဆင့် သွားနေဖို့ပါပဲ။

မြန်မာပြည်သူတွေအတွက် ရွေးကောက်ပွဲဟာ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲကို ရွေးကောက်ပွဲနည်းလမ်းနဲ့ ဆက်လက်တိုက်ပွဲဝင်ခြင်းလို့ နားလည်နိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၁၉၆၂ ကနေ ၂၀၁၀ခုနှစ်အထိ နိုင်ငံကို နှစ် ၆၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေဟာ ဒီကနေ့အထိ အာဏာဆက်ရှိနေပြီး သူတို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကနေလည်း အခွင့်ထူးတွေ ဆက်လက်ခံစားနေကြရလို့ပါ။ ဒါ့အပြင် သူတို့ ကျောထောက်နောက်ခံပြုထားတဲ့ ပါတီကနေတဆင့် ၂၀၁၆ ခုနှစ်အစောပိုင်းအထိ နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး အခုလာမယ့် ရွေးကောက်ပွဲမှာလည်း ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် နိုင်ငံရေးအာဏာ အပြည့်အ၀ ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း ဒုတိယအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲပါ။ အရပ်သားတပိုင်းအစိုးရကို အာဏာလွှဲပြောင်းပေးဖို့ စစ်အစိုးရက ကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ကြိုတင်မဲတွေနဲ့ မဲမသမာမှုများရှိခဲ့တယ်လို့ အများက ယုံကြည်တဲ့အတွက် ကျနော် ထည့်မတွက်ပါ။

ဒါ့အပြင် ဒီနှစ်ရွေးကောက်ပွဲဟာ အရပ်သားတပိုင်းအစိုးရလက်ထက် ကျင်းပခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့ခဲ့တဲ့ အာဏာရ NLD ပါတီက ပထမဆုံးကျင်းပမယ့် ရွေးကောက်ပွဲလည်းပဲ ဖြစ်ပါတယ်။

တိတိကျကျပြောရရင် ပြည်သူတွေရဲ့အောင်ပွဲကို စစ်အစိုးရက အသိအမှတ်မပြုဘဲ ပယ်ချခံခဲ့ရတဲ့ ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် နှစ်ပေါင်း ၃၀ အတွင်း ကျင်းပမယ့် ဒုတိယအကြိမ်မြောက် လွတ်လပ်ပြီးမျှတမယ်လို့ ယူဆရမယ့် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲပါ။

ရွေးကောက်ပွဲ အနိုင်ရသူ ဘယ်သူမဆို နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ကြရမှာပါ။

ဒါကြောင့်ပဲ အခုလာမယ့် ရွေးကောက်ပွဲဟာ မြန်မာပြည်သူအများစုအတွက်တော့ အလွန်အရေးကြီးပါတယ်။ လွှတ်တော်အမတ် ဒါမှမဟုတ် အစိုးရဖွဲ့စည်းမယ့် နိုင်ငံရေးပါတီကို ဆန္ဒပြုခွင့်သာမက သာတူညီမျှပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်နိုင်ငံအတွက် နိုင်ငံရေးမှာ စစ်တပ်ရဲ့ ပါဝင်မှု ပိုလျော့ရေး ကြိုးပမ်းတဲ့နည်းတခုအနေနဲ့လည်း အရေးပါနေတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရသူ ဘယ်သူမဆို နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ကြရမှာပါ။

အနိုင်ရသူရဲ့ အဓိက တာဝန်တွေထဲက တခုကတော့ စစ်အစိုးရကရေးဆွဲခဲ့တဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆက်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းတွေက ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေ၊ USDP ပါတီ အပါအဝင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီနည်းလမ်းတကျဖြစ်အောင် ပြုပြင်ပြောင်းလဲဖို့ စိတ်အားထက်သန်မှု မရှိတာတွေ့ရပါတယ်။ သူတို့ရဲ့ နိုင်ငံရေး အကျိုးအမြတ်အတွက် ပုဒ်မအနည်းငယ်လောက်ကိုသာ ပြင်ဆင်ဖို့ စိတ်ဝင်စားကြပါတယ်။

ဒါကြောင့်ပဲ ကျနော်တို့ဟာ နိုင်ငံအနှံ့့မြို့တွေမှာ ဆိုက်ကားဆရာ၊ ဈေးသည်ကနေ အနုပညာသမားတွေအထိ အလွှာအစုံက ပြည်သူတွေက သူတို့ အိမ်တွေရှေ့မှာ၊ မော်တော်ယာဉ်တွေနဲ့ ဆိုက်ကားတွေမှာ သူတို့ထောက်ခံတဲ့ နိုင်ငံရေးပါတီအလံတွေကို စိတ်အားထက်သန်စွာ ချိတ်ထား တပ်ထားကြတာကို တွေ့နေရတာပဲဖြစ်ပါတယ်။ သူတို့ထဲက အများစုက NLD ကို ထောက်ခံသူတွေဖြစ်ပေမယ့် အရောင်အသွေးအစုံနဲ့ တခြားပါတီတွေရဲ့ အလံတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

ဒီရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံက ရင်ဆိုင်နေရတဲ့ ရှောင်လွှဲလို့မရတဲ့ ပြဿနာသစ်တခုကတော့ ကိုဗစ်-၁၉ ဒုတိယလှိုင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မြန်မာန်ိုင်ငံ တနိုင်ငံတည်းကပဲ ကြုံတွေ့ရတာတော့ မဟုတ်ပါဘူး။ တကမ္ဘာလုံး ရင်ဆိုင်လက်ခံဖြေရှင်းရတဲ့ အခြေအနေသစ်တခု ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပခဲ့တဲ့၊ ကျင်းပဖို့ စီစဉ်ထားတဲ့ တခြားနိုင်ငံတွေဟာလည်း မြန်မာနိုင်ငံနဲ့ တလှေတည်းစီးတွေပဲ ဖြစ်ပါတယ်။

အာရှနိုင်ငံတွေထဲမှာဆိုရင် တောင်ကိုရီးယားနဲ့ စင်္ကာပူတို့က ကမ္ဘာတဝှမ်း ကိုဗစ်-၁၉ ပထမလှိုင်း ပျံ့နှံ့နေခဲ့တဲ့ ဒီနှစ်အစောပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံလိုပဲ အမေရိကန်ပြည်ထောင်စုဟာ နိုဝင်ဘာလမှာ သမ္မတသစ် ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပါတယ်။ အခြားနိုင်ငံအများအပြားဟာလည်း လာမယ့်လတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်ပြီး အလားတူ အန္တရာယ်ဖြစ်နိုင်ခြေတွေကို ရင်ဆိုင်နေရပါတယ်။

တဖက်မှာ ကိုဗစ်-၁၉ ကူးစက်မှုကို ပြည်သူတွေရဲ့အသက်နဲ့ ကျန်းမာရေးအတွက် ထိန်းချုပ်နိုင်ဖို့ကြိုးစားနေသလို တဖက်မှာလည်း ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ အောင်မြင်အောင် ကျင်းပနိုင်ဖို့ကလည်း နိုင်ငံအတွက် အရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာတော့ မကြာသေးခင် အပတ်တွေအတွင်း ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းတွေ သိသိသာသာ တက်လာပါတယ်။ နေ့စဉ် ကူးစက်ခံရသူ အရေအတွက် ရာနဲ့ချီပြီး တိုးနေပြီး သောကြာ်နေ့အထိ ကူးစက်ခံသူပေါင်း ၁၅၅၂၅ ဦး ရှိနေပြီဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့်သေဆုံးသူကလည်း ၃၅၃ ဦး ရှိလာတဲ့အတွက် သြဂုတ်လအစောပိုင်းထိက ရှိခဲ့တဲ့ သေဆုံးသူ စာရင်း ၆ ယောက်နဲ့ယှဉ်ရင် စိုးရိမ်စဖွယ်ရာတိုးလာတာပဲဖြစ်ပါတယ်။ တခြားနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်တော့ ဒီကိန်းဂဏ္ဍာန်းတွေက နည်းပါတယ်။ ဒါပေမယ့် အခု နိုင်ငံက အရေးကြီးတဲ့ အခြေအနေအချိန်အခါတခု ရောက်နေပြီဖြစ်ပါတယ်။

တဖက်မှာ ကိုဗစ်-၁၉ ကူးစက်မှုကို ပြည်သူတွေရဲ့အသက်နဲ့ ကျန်းမာရေးအတွက် ထိန်းချုပ်နိုင်ဖို့ကြိုးစားနေသလို တဖက်မှာလည်း ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ အောင်မြင်အောင် ကျင်းပနိုင်ဖို့ကလည်း နိုင်ငံအတွက် အရေးကြီးပါတယ်။

ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မကြာသေးမီက ကိုဗစ်-၁၉ ဒုတိယလှိုင်း ကူးစက်မှုအတွင်း USDP နဲ့ ၎င်းရဲ့ မဟာမ်ိတ်ပါတီ ၂၃ ခုတို့က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကို တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီတောင်းဆိုမှုကို တခြား ပါတီ ၃၊ ၄ခုကလည်း တောင်းဆိုပါတယ်။ ဒါပေမယ့် တိုင်းရင်းသားပါတီတွေအပါအဝင် ပါတီအများစုကတော့ သူတို့နဲ့ပူးပေါင်းတောင်းဆိုတာမျိုးမရှိပါဘူး။

UEC ကလည်း ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် မရှိဘဲ မူလစီစဉ်ထားတဲ့ ရက်အတိုင်း ကျင်းပမယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအခြေအနေက ရွေးကောက်ပွဲရွှေ့ဆိုင်းလောက်အောင်ထိတော့ မဖြစ်သေးပေမယ့် အစိုးရ၊ UEC နဲ့ နိုင်ငံရေးပါတီတွေအားလုံးက မဲဆွယ်ကာလရော ရွေးကောက်ပွဲနေ့မှာပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်ခြေမှန်သမျှကို လျှော့ချဖို့ တာဝန်ရှိပါတယ်။ သူတို့ရဲ့ နိုင်ငံရေးမဲဆွယ်ပွဲတွေက ပြည်သူ့ကျန်းမာရေးကို အန္တရာယ် မကျရောက်စေတဲ့ နည်းနဲ့ပဲ ပြုလုပ်သင့်ပါတယ်။

ကိုဗစ်-၁၉ အခြေအနေသာ ဒီထက် ပိုပြီး သိသိသာသာ ဆိုးဆိုးရွားရွား ဖြစ်မလာခဲ့ဘူးဆိုရင် ၂၀၁၅ရွေးကောက်ပွဲတုန်းကလိုပဲ စိတ်အားထက်သန်ကျတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲထွက်ပေးတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံက ရွေးကောက်ပွဲတွေနဲ့ တူမှာ မဟုတ်ပါဘူး။ အခုရွေးကောက်ပွဲက နိုင်ငံကို ဖျက်စီးခဲ့တဲ့ စနစ်ဟောင်းကို ခိုင်မာစွာ ငြင်းပယ်ကြောင်း ထပ်ဖော်ပြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင်အများစုရဲ့ ဆန္ဒမဲတွေကို ရယူနိုင်ပြီး ရှားရှားပါးပါး ရထားပြီး ထိလွယ်ရှလွယ်ဖြစ်နေဆဲ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဆက်လုပ်နိုင်တဲ့ မြန်မာနိုင်ငံက လစ်ဘရယ် ဒီမိုကရေစီ အင်အားစုတွေကို ထောက်ခံမှု ဖေါ်ပြတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

(Kyaw Zwa Moe ၏ For Myanmar Voters, the Election Is a Chance to Cast a Ballot for Democracy Itself For Myanmar Voters, the Election Is a Chance to Cast a Ballot for Democracy Itself ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် ရှောင်လွှဲမရသော ပြဿနာ

ဂျုံမှုန့် ပြည်သူ၊ မရှိမဖြစ် တဆေးနဲ့ ဒီမိုကရေစီ ပေါင်မုန့်

ဒီမိုကရေစီခရီးရှည်ကို အတူလက်တွဲ လျှောက်လှမ်းကြပါစို့

Did you find apk for android? You can find new Free Android Games and apps.
Loading