ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူသစ် ခန့်အပ်လိုက်သူသည် အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ် ပထမ လွတ်တော်မဲဆန္ဒနယ်မှ အောက်လွှတ်တော်ကိုယ်စားလှယ်ဟောင်း သောမတ် အင်ဒရူးဖြစ်သည်။
သူသည် တောင်ကိုရီးယားနိုင်ငံမှ ယန်ဟိလီကို ဆက်ခံခြင်းဖြစ်သည်။ ယန်ဟိလီသည် အစောပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်ခွင့်ရသော်လည်း လုပ်ငန်းဆောင်ရွက်ရာတွင် ဘက်မလိုက်မှု သို့မဟုတ် ဓမ္မဓိဋ္ဌာန်ကျမှု မပြသနိုင်သောကြောင့် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်ကြောင်း အစိုးရက ၂၀၁၇ ခုနှစ်တွင် သူမကို အကြောင်းကြားခဲ့သည်။
ယခုလူသစ် အင်ဒရူး၏ ကိုယ်ရေးအကျဉ်းတွင် သူသည် အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Fortify Rights ၏ အဆင့်မြင့်အကြံပေး ဖြစ်ကြောင်းလည်း ဖေါ်ပြထားသည်။
သူ့အနေဖြင့် အဓိကထားသည့် အပိုင်းမှာ လူ့အခွင့်အရေး ခြိမ်းခြောက်ခံနေရသူများ သို့မဟုတ် ထိန်းချုပ်ခံနေရသူများဖြစ်ကြောင်း အင်ဒရူးက မကြာသေးမီက ပြောကြားခဲ့သည်။ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်လျှင် မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံပြီး နားထောင်သွားမည် ဖြစ်ကြောင်းလည်း သူကတိပြုခဲ့သည်။
ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူဖြစ်လာသောအခါ Fortify Rights နှင့်ပတ်သက်ခဲ့သော သူ၏အတိတ်နှင့် ပစ္စုပ္ပန်ကြောင့် စိုးရိမ်မကင်းဖြစ်မှုများ မေးခွန်းထုတ်စရာများ ပေါ်ပေါက်လာမည်မှာ အသေအချာပင်။
သူ့ကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမည်၊ မပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မည်သို့ဖြစ်စေကာမူ အင်ဒရူးအနေဖြင့် မြန်မာနိုင်ငံမှ ဖြစ်ရပ်များ ဘက်မလိုက်သော သက်သေအဖြစ် ယုံကြည်မှု ထူထောင်လိုပါက Fortify Rights နှင့် ကင်းကင်းနေရန် လိုမည်ဖြစ်ကြောင်း ဝေဖန်သူများက ထောက်ပြပြောဆိုကြသည်။
မည်သည့်အတွက်နည်း
အမေရိကန်မီဒီယာ ခံတပ်ကြီးဖြစ်သော New York Times နှင့် Fortify Rights တို့၏ လက်လွတ်စပယ် မှားယွင်းခဲ့သော အမှားများကို လွန်ခဲ့သောအပတ်က ဟောင်ကောင် Asia Times မှ (မြန်မာပြည်တွင် စစ်သုံ့ပန်းများအား ရောင်းကုန်ပြုလုပ်ခြင်) ဆောင်းပါးတပုဒ်က မှန်ကန်စွာ ထောက်ပြခဲ့သည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ၎င်းတို့၏ အထက်အရာရှိများ၏ အမိန့်အရ ရိုဟင်ဂျာ ခေါ် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များအား သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် မြန်မာစစ်သား နှစ်ဦး၏ ထွက်ဆိုချက်ဆိုသည်များကို New York Times နှင့် Fortify Rights တို့က ဖေါ်ပြထုတ်ပြန်ခဲ့သည်။
ဝေဖန်သူများက Fortify Rights ၏ အစီရင်ခံချက်အပေါ် ယုံကြည်နိုင်မှုကို မေးခွန်းထုတ်ရုံသာမက ထိုသို့ လူသိရှင်ကြား လုပ်ဆောင်ခြင်းသည် ထိုစစ်သားနှစ်ဦး၊ မြန်မာနိုင်ငံရှိ ၎င်းတို့၏ မိသားစုများ၊ ရင်းနှီးသော မိတ်ဆွေများနှင့်အပေါင်းအသင်းများကို လက်စားချေနိုင်သောကြောင့် အန္တရာယ်ရှိကြောင်းနှင့် ထိုသို့ဖြစ်သောကြောင့် ရက်စက်ကြမ်းကြုတ်မှုများကို မြင်တွေ့နိုင်ခြေရှိခဲ့သူများ ထုတ်ဖော် ဖွင့်ဟလာနိုင်ခြင်းအတွက် အတားအဆီးဖြစ်စေကြောင်းလည်း ပြောသည်။
ထိုဖမ်းဆီးခံ စစ်သားနှစ်ယောက် သည်သဟိဂ် သို့ မည်သို့ရောက်သွားသနည်းဟူသော မေးခွန်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အရာရှိများ ပါဝင်ပတ်သက်နေပါသလား။
သတင်းများ၏ အဆိုအရ ထိုစစ်သားနှစ်ယောက်သည် နိုင်ငံတကာ ရာဇဝတ်တရားရုံး တည်ရှိရာ သဟိဂ် The Hague တွင်ရှိနေသည်ဟု ယူဆရသည်။ သို့သော် ထိုစစ်သားများသည် ၎င်းတို့ပြောသကဲ့သို့ တပ်ပြေးများမဟုတ်ဘဲ စစ်သုံ့ပန်းများဖြစ်နေသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်သည် ရက္ခိုင့်တပ်တော် (AA) နှင့် နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေသည်။ ထိုသတင်းများတွင်ပါဝင်သော စစ်သားနှစ်ယောက်မှာ တိုက်ပွဲအတွင်းဖမ်းမိသည့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ အရာရှိနှင့် တပ်ဖွဲ့ဝင်အများအပြားအနက် နှစ်ဦးသာဖြစ်သည်။ Fortify နှင့် The New York Times က ရေးခဲ့သလို ၎င်းတို့သည် တပ်မှ ထွက်ပြေးခြင်း မဟုတ်ခဲ့ကြပေ။
ထို့အပြင် ထိုသတင်းတွင် သိသိသာသာပြတ်တောက်နေသော ကွင်းဆက်လည်း ရှိနေသည်။
ထိုဖမ်းဆီးခံ စစ်သားနှစ်ယောက် သည်သဟိဂ် သို့ မည်သို့ရောက်သွားသနည်းဟူသော မေးခွန်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အရာရှိများ ပါဝင်ပတ်သက်နေပါသလား။
၎င်းတို့ နယ်သာလန်သို့ သွားရောက်ရာတွင် လွယ်ကူစေရန် ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မှ အတည်မပြုနိုင်သော သတင်းများက ဆိုသည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များတွင် မည်သူက ဥရောပ ပြည်ဝင်ခွင့် တံဆိပ်တုံး ထုပေးခဲ့သနည်း။
ထိုလုပ်ငန်းများတွင် မည်သူတို့ ပါဝင်ပတ်သက်နေသနည်း။ Fortify Rights အနေဖြင့် အခန်းကဏ္ဍတခုခုမှ ပါဝင်ပတ်သက်ခဲ့ပါသလား။
Fortify Rights သည် ဒုက္ခသည်များနှင့် လူ့အခွင့်အရေးချိုးဖေါက်ခံရသူများ၏ ကံကြမ္မာနှင့်ပတ်သက်ပြီး မှားယွင်းစွာ ထုတ်ဖော်တင်ပြခဲ့သည်မှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြဿနာများကို ဆယ်စုနှစ်များစွာ လေ့လာနေသော နိုင်ငံခြားသားများနှင့် လွတ်လပ်သော ဝေဖန်သူများက ပြောသည်။ ထို့ကြောင့် Falsify Rights ဟု လှောင်ပြောင်ခေါ်ဝေါ်ခံရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
၂၀၁၇ ခုနှစ်တွင်မြန်မာစစ်သားနှစ်ဦးက ရှမ်းပြည်နယ်မှ အရပ်သားများကို ရိုက်နှက်နေသည့် မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသော ဗီဒီယိုကြောင့် လူမှုကွန်ရက်အသုံးပြုသူများ တုန်လှုပ်ရသည်။ ထို ဗီဒီယိုကို မကြာသေးမီရက်များ သို့မဟုတ် ရက်သတ္တပတ်များက ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း Fortify Rights ကဖေါ်ပြပြီး New York Times ကလည်း ထိုအတိုင်း ထပ်မံဖေါ်ပြသည်။ သို့သော် ထို ဗီဒီယိုကို ယခင်နှစ်နှစ်က ရိုက်ကူးထားကြောင်း နောက်ပိုင်း ပေါ်ပေါက်လာခဲ့သည်။
ယခုအခါ သဟိဂ်တွင်ရောက်နေသည်ဟု ယူဆရသော မြန်မာစစ်သားနှစ်ယောက်၏ ရုပ်သေ ဓါတ်ပုံများမှာ ရက္ခိုင့်တပ်တော်က ရိုက်ကူးထားသည့်ဗီဒီယိုမှ ရယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ မှားယွင်းသော အုပ်စုများ၏ သားကောင်အဖြစ် ကျရောက်ရသည်မှာ New York Times တခုတည်း မဟုတ်ပေ။
၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တဖွဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒူးချီယာတန်ရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားကြောင်း ထုတ်ပြန်သောအခါ အမေရိကန် အခြေစိုက် Associated Press က ထိုအကြောင်းကို ချက်ခြင်း လက်ခံယုံကြည်လိုက်သည်။ ယခု ဧရာဝတီ The Irrawaddy သတင်းဌာနသည်ပင်လျှင် ထိုသတင်းအတိုင်း ဖော်ပြခဲ့သည်။
နောက်ကောက်မကျလိုသော Fortify Rights ကလည်း ရက်အနည်းငယ်အကြာတွင် ထိုပြဿနာကို အစထုတ်ကာ အစိုးရကို ဝေဖန်ရန်အခွင့်အလမ်းအဖြစ် အသုံးချသည်။ ထိုအချိန်က မြန်မာအစိုးရနှင့် သမ္မတရုံးက အစုလိုက်အပြုံလိုက်သတ်သည့် မည်သည့်အထောက်အထားမျှ ဒူးချီယာတန် မတွေ့ရကြောင်း ခုခံပြောကြားခဲ့သည်။
Arakan Project၊ Fortify Rights နှင့် ကုလသမဂ္ဂတို့သည် မွတ်ဆလင်ကျေးရွာသားများက ၎င်းတို့ကို လိမ်ညာခဲ့သည်များကို ထုတ်ပြန်ခဲ့သည်မှာ အကြီးအကျယ် မှားယွင်းခဲ့ကြောင်း ဒေသခံ လူ့အခွင့်အရေး လုပ်သားများနှင့် လွတ်လပ်သော သုတေသီများအပါအဝင် လွတ်လပ်သော သတင်းအရင်းအမြစ်များက ယခုအခါပြောနေပြီဖြစ်သည်။
ထိုနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင် ၄၀ ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ဆိုသည်ကိစ္စနှင့် ပတ်သက်သော ယုံကြည်လက်ခံနိုင်ဖွယ် သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂက မြန်မာအာဏာပိုင်များကို တောင်းဆိုခဲ့သည်။
ဒူးချီယာတန်ရွာတွင် ဖြစ်ပျက်ခဲ့သည့် ဇာတ်လမ်းမှန်ကို ပြန်လည်၍ စုံစမ်းစစ်ဆေးရန် ယခုအချိန်အထိ မည်သူမျှ မကြိုးစားကြ။
Arakan Project၊ Fortify Rights နှင့် ကုလသမဂ္ဂတို့သည် မွတ်ဆလင်ကျေးရွာသားများက ၎င်းတို့ကို လိမ်ညာခဲ့သည်များကို ထုတ်ပြန်ခဲ့သည်မှာ အကြီးအကျယ် မှားယွင်းခဲ့ကြောင်း ဒေသခံ လူ့အခွင့်အရေး လုပ်သားများနှင့် လွတ်လပ်သော သုတေသီများအပါအဝင် လွတ်လပ်သော သတင်းအရင်းအမြစ်များက ယခုအခါပြောနေပြီဖြစ်သည်။
ဒူးချီယာတန်ရွာတွင် ရဲနှင့် ရွာသားများအကြား ပဋိပက္ခဖြစ်ပွားခဲ့သော်လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း မရှိပေ။ ရဲတပ်ကြပ်ကြီး တယောက်ပျောက်ဆုံးပြီးနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်သည်။ ထို ရဲတပ်ကြပ်မှာ သေဆုံးသွားပြီဟု ယူဆရသည်။ ထိုနောက် မွတ်ဆလင်ကျေးရွာသားများက သတင်းအမှားများကို မီဒီယာနှင့် လူ့အခွင့်အရေး အဖွဲ့များအကြား ဖြန့်ချိခဲ့သည်။ ထိုကဲသို့သော ဖြစ်ရပ်များကို နေရာအနှံ့တွင် တွေ့ရသော်လည်း တွေ့ရသည့်အခါတိုင်းတွင် မီဒီယာနှင့် လူ့အခွင့်အရေး အဖွဲ့များသည် ၎င်းတို့သိရသည်များကို အထောက်အထားဖြင့် အတည်ပြုရန် ပြန်လည်ပြင်ဆင်တင်ပြရန် ပျက်ကွက်ခဲ့ကြသည်။
ရိုဟင်ဂျာပြဿနာကို ဖော်ထုတ်လေ့လာခြင်းသည် တန်ဖိုးထား လေ့လာသင့်သော ကိစ္စဖြစ်သော်လည်း အချက်အလက်မှန်များနှင့် ပတ်သက်ပြီး တာဝန်မဲ့သော ၎င်းတို့၏ မှတ်တမ်းများကြောင့် Fortify Rights ကဲ့သို့သော လူ့အခွင့်အရေး အုပ်စုများကို စုံစမ်းစစ်ဆေးရန် လိုလာကြောင်း ဝေဖန်သူများ ပြောလာပြီဖြစ်သည်။ ထိုအုပ်စုသည် ၎င်းတို့၏ ရံပုံငွေရလမ်းများ တိုးချဲ့ရေးအတွက် မြန်မာနိုင်ငံမှ ဖြစ်ရပ်မှန်များကို မှားယွင်းနားလည်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေကြောင်းပင် အများအပြားက ဝေဖန်ပြောနေကြပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ အထူးသံတမန်များ မကြာခဏ အပြောင်းအလဲဖြစ်သည်မှာ အထူးအဆန်းမဟုတ်တော့ ။ ၎င်းတို့ ရေကြည်ရာမြက်နုရာသို့ မသွားမီ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်တွင် နာမည်ကောင်းလက်မှတ် တိုးချဲ့ရန် မြန်မာနိုင်ငံ၏ ကံကြမ္မာဆိုးကို အမြတ်ထုတ်ရန်ရောက်လာသည့် ငြိမ်းချမ်းရေးလုပ်စားသူများ၊ သိုက်တူးသမားများနှင့် ရွှေတူးသမားများအထိ မနှစ်မြို့စရာ လူမျိုးစုံ ပုံစံမျိုးစုံဖြစ်သည်။
နောက်ဆုံးအနေဖြင့်ပြောရလျှင် ထိုသို့သော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအတွက် ရန်ပုံငွေရရှိရေးပြဿနာသည် လွန်စွာအရေးပါသည်ကိုလည်း လျစ်လျူရှုထား၍မရပေ။
ဝဋ်လည်ပြီး ၎င်းတို့၏ ဂုဏ်သတင်းများသည် ပုပ်သိုးသွားကြသော်လည်း မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်အောင် မမျှမတ ဆက်လုပ်နေကြသည်။ ညိုးနွမ်းသောပုံရိပ်သည် မြန်မာနိုင်ငံ၏ ကံကြမ္မာဖြစ်သည် ဆိုပါကလည်း ရှိပါစေတော့ဟုသာ ဆိုရမည်ဖြစ်သည်။ ဒီလိုဆိုလည်း မြန်မာနိုင်ငံကို အေးအေးချမ်းချမ်းပဲ သူ့ဟာသူနေပါစေတော့ဟု ဆိုရတော့မည်။
နောက်ဆုံးအနေဖြင့်ပြောရလျှင် ထိုသို့သော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအတွက် ရန်ပုံငွေရရှိရေးပြဿနာသည် လွန်စွာအရေးပါသည်ကိုလည်း လျစ်လျူရှုထား၍မရပေ။
၎င်းတို့၏ လောကတွင် လောဘနှင့် လူမှုကွန်ရက်ထိုးဖောက်မှုက အမှန်တရားကို အနိုင်ယူနေပြီး ရိုဟင်ဂျာပြဿနာသည် အဓိကငွေရလမ်းဖြစ်နေသည်။
ရိုးသားစွာနှင့် ဝမ်းနည်းစွာဆိုရပါက လူ့အခွင့်အရေးအဖွဲ့အများအပြားသည် တာဝန်ရှိမှုကို ဟောပြောပို့ချနေသည့် တပြိုင်တည်းတွင် ၎င်းတို့၏ အရှေ့တိုင်းကို နှိမ်သည့်လုပ်ဇာတ်များနှင့် ကိုက်ညီစေရန် ပကတိအခြေအနေကို ပုံကြီးချဲ့၊ သရုပ်ဖျက်၊ ဦးတည်ချက် လွဲမှားအောင် လုပ်ပိုင်ခွင့်လိုင်စင်ကိုလည်း ယူထားကြသည်ဟု ဝါရင့်လေ့လာသူများက ယခုအခါ ထုတ်ဖော်ပြောနေကြပြီ ဖြစ်သည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် စစ်တပ်က အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့်ပတ်သက်ပြီး မရေတွက်နိုင်လောက်အောင် များသော ဇာတ်လမ်းများ ထွက်ပေါ်လာခဲ့သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ မီဒီယာများ လူ့အခွင့်အရေးအဖွဲ့များ၏ အခန်းကဏ္ဍသည် ထိုရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုကို ရှာဖွေဖေါ်ထုတ်ရန်နှင့် နောက်ထပ်ချိုးဖေါက်မှုများ မဖြစ်စေအောင် လုပ်ဆောင်ရာတွင် အရေးပါခဲ့သည်။
သို့သော် ၎င်းတို့၏ တင်ပြချက်များကို အမှန်တရားဖြင့် လမ်းညွှန် ထိန်းကျောင်းသင့်ပြီး ပုံကြီးချဲ့ခြင်းကို ရှောင်ကျဉ်သင့်ပေသည်။ အမှန်တရားက ဒီနေရာမှာ ပထမဆုံး ကျဆုံးရသူဖြစ်ပြီး ကျူးလွန်သူများကတော့ လွတ်မြောက်နေဆဲ ဆိုသည်ကို အမြဲလက်ကိုင်ထားသင့်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင်ပါရှိသော အောင်ဇော်၏ UN Rapporteur: Finding the Truth or Furthering False Narratives in Myanmar? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)
You may also like these stories:
မြန်မာပြည်တွင် စစ်သုံ့ပန်းများအား ရောင်းကုန်ပြုလုပ်ခြင်း
တပ်မတော်သား၂ ဦး ICC မှာ ခိုင်လုံတဲ့ သက်သေတွေ ဖြစ်လာမလား
စစ်ပွဲကြား အပြစ်မဲ့ကလေးများ သေဆုံးနေသည်