လူလုပ်ဘေးအန္တရာယ်တွေကို ရပ်တန့်ပစ်ဖို့ ရွေးကောက်ပွဲက အခွင့်အရေး

ကျော်စွာမိုး
၂၀၀၇ ခုနှစ် ဇန်နဝါရီလ ရန်ကုန်မြို့လည် မြို့တော်ခန်းမရှေ့ / Yuzo Uda 
Want create site? Find Free WordPress Themes and plugins.

ကံကောင်းထောက်မစွာပင် မြန်မာနိုင်ငံက မုန်တိုင်း၊ မြေငလျင်၊ မီးတောင်ပေါက်ကွဲခြင်းစတဲ့ သဘာဝဘေးအန္တရာယ်အများအပြားကို ခံစားရတဲ့နိုင်ငံတနိုင်ငံမဟုတ်ပါ။ ဒါပေမယ့် ကံမကောင်းစွာဘဲ လူလုပ်ဘေးအန္တရာယ်များကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ နိုင်ငံတနိုင်ငံပါ။ ထိခိုက်ပျက်စီးမှုတွေကလည်း အတိုင်းအဆမဲ့ပါ။

လူတွေဖန်တီးတဲ့ အဆုံးအစမရှိတဲ့ ဘေးအန္တရာယ်များက စီးပွါးရေး၊ ပညာရေးစနစ်၊ အခြေခံအဆောက်အအုံ၊ နိုင်ငံရေးစနစ်နဲ့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုတွေအပြင် သဘာဝဘေးတွေက မဖျက်ဆီးနိုင်တဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာကိုတောင် ရိုက်ချိုးဖျက်ဆီးခဲ့ကြတယ်။ ပြောရမယ်ဆိုရင် နိုင်ငံတဝန်းနဲ့ လူ့အဖွဲ့အစည်းအတွင်း ရှိသမျှအရာအားလုံး ဖျက်ဆီးခံရတာပါ။ ဒါကြောင့်လည်း တိုင်းတာလို့မရနိုင်လောက်အောင် ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ကြရတယ်။

တကယ်တော့ ကျနော်ပြောတဲ့ ဒီလူလုပ်ဘေးအန္တရာယ်ဆိုတာ “နိုင်ငံရေး ဘေးအန္တရာယ်” ပါပဲ။ အကြောင်းက နိုင်ငံ့ရဲ့ခေါင်းဆောင်တွေ၊ သူတို့ရဲ့မှားယွင်းတဲ့မူဝါဒတွေ၊ အဂတိလိုက်စားမှုတွေ၊ ဒါ့အပြင် သူတို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် နိုင်ငံရဲ့ကဏ္ဍအားလုံး ထိခိုက်ပျက်စီးခဲ့ရလို့ပါပဲ။

လူလုပ်ဘေးအန္တရာယ်တွေဖြစ်တဲ့ စစ်နဲ့ နိုင်ငံခြားကျူးကျော်မှုတွေ ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ နောက်ထပ် အဲဒီလိုအန္တရာယ်တွေ မကြုံရတော့ဘဲ ချမ်းသာဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယူဆခဲ့ကြတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီး ကိုယ့်မြန်မာအစိုးရလက်ထက်မှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့လို လက်နက်ကိုင်အဖွဲ့တွေနဲ့ စတင်တိုက်ခိုက်ရပြီး ပြည်တွင်းစစ်ဘေးထဲ စဝင်ခဲ့ရတယ်။

ဒါပေမယ့် အစိုးရက ရွေးကောက်ပွဲနဲ့တက်ပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့အတွက် တိုင်းပြည်ရဲ့နိုင်ငံရေးစနစ်က တော်တော်လေးတည်ငြိမ်တယ်လို့ ပြောရင်ရပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေပေမယ့် ပြည်သူတွေက မဲပေးပိုင်ခွင့်ရှိပြီး၊ သူတို့ယုံကြည်ရာကို ဖော်ထုတ်ပြောဆိုနိုင်တဲ့ လွတ်လပ်ခွင့်တွေလည်း ရှိပါသေးတယ်။ ရုပ်ပိုင်းဆိုင်ရာအရဆိုလည်း သူတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေထက် ပိုပြီး ကြွယ်ဝဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။

ဒါပေမယ့် နောက် ၁၀ နှစ် ကျော်အကြာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းပြီး ဖိနှိပ်မှုအတိပြီးတဲ့ စစ်အုပ်ချုပ်ရေးစနစ်နဲ့ တိုင်းပြည်ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့အာဏာသိမ်းမှုဟာ အတိတ်နမိတ်ကောင်းကောင်းနဲ့ ရခဲ့တဲ့ လွတ်လပ်ရေးနောက်ပိုင်း တိုင်းပြည်အတွက် ကြီးပွါးချမ်းသာတိုးတက်ဖို့ အလားအလာကောင်းတွေ အားလုံးကို ဖျက်ဆီးလိုက်တာပါပဲ။ တနည်းအားဖြင့် ကျနော်တို့ မြန်မာနိုင်ငံမှာ ယနေ့အထိ တောက်လျှောက် ခံစားနေရတဲ့ လူလုပ်ဘေးအန္တရာယ်တွေရဲ့ အစ ကနဦးပဲလို့ ဆိုရမှာပါ။

နောက်ပိုင်း ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အစိုးရက မြန်မာ့နည်းမြန်မာ့ဟန် “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” (မ.ဆ.လ) ကို ထူထောင်ပြီး တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့ပါတယ်။

ထောက်လှမ်းရေးတွေ နေရာတိုင်းကြီးစိုးတဲ့အတွက် လူတိုင်းအကြောက်တရားနဲ့ ရှင်သန်နေထိုင်ခဲ့ရတယ်။ အဲဒီစနစ်ဆိုးအောက်မှာ လူ့အဖွဲ့အစည်းတခုလုံး ပျက်စီးခဲ့ရတယ်။

နိုင်ငံရေးအရ သူ့အစိုးရကို ဆန့်ကျင်တဲ့လှုပ်ရှားမှုအားလုံးကို ဖြိုခွင်းနှိမ်နင်းတယ်၊ နိုင်ငံရေးသဘောကွဲသူတွေကို ထောင်သွင်းအကျဉ်းချတယ်၊ သတင်းစာတွေကိုပြည်သူပိုင်သိမ်းပြီး ရရှိထားတဲ့ သတင်းစာလွတ်လပ်ခွင့်ကို ပြန်ရုပ်သိမ်းခဲ့တယ်၊ ပြီးတော့ လူမှုအသင်းအဖွဲ့အားလုံးကိုလည်း ဖျက်သိမ်းပစ်ခဲ့ပါတယ်။

ထောက်လှမ်းရေးတွေ နေရာတိုင်းကြီးစိုးတဲ့အတွက် လူတိုင်းအကြောက်တရားနဲ့ ရှင်သန်နေထိုင်ခဲ့ရတယ်။ အဲဒီစနစ်ဆိုးအောက်မှာ လူ့အဖွဲ့အစည်းတခုလုံး ပျက်စီးခဲ့ရတယ်။

အားကောင်းလှတဲ့ မုန်တိုင်းကြီးတခု အရှိန်ပြင်းပြင်းနဲ့ တိုက်ခိုက်ဖျက်စီးခဲ့သလိုပါပဲ။ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ နိုင်ငံရေးလွတ်လပ်ခွင့်၊ မဲပေးပိုင်ခွင့်အပါအဝင် နိုင်ငံသားတဦးချင်းရဲ့မွေးရာပါအခွင့်အရေးတွေကိုပါမကျန် သိမ်းကျုံးဖျက်ဆီးခဲ့တဲ့ လူလုပ်နိုင်ငံရေးမုန်တိုင်းကြီး တခုပါပဲ။

စစ်ကောင်စီ ခေါင်းဆောင်များ ဖြစ်သူ ဦးသိန်းစိန်၊ ဦးသန်းရွှေနှင့် ဦးမောင်အေး/ New Light of Myanmar

စီးပွါးရေးအရကြည့်မယ်ဆိုရင်လည်း တပါတီအာဏာရှင် ဆိုရှယ်လစ်အစိုးရရဲ့ မူဝါဒတွေဟာ လုံးဝမှားယွင်းနေတာကို နောက်ပိုင်းမှာ တွေ့ခဲ့ရတယ်။ မ.ဆ.လ အစိုးရအုပ်ချုပ်ပြီး ၂၅ နှစ်အကြာ ၁၉၈၇ ခုနှစ်မှာ တိုင်းပြည်ဟာ ကမ္ဘာ့ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ စာရင်းထဲမှာထည့်သွင်းခံခဲ့ရတယ် (တစ်နည်းအားဖြင့် အဆင်းရဲဆုံးနိုင်ငံစာရင်းပါ)။ တမျိုးသားလုံးအတွက် အရှက်ရစရာပါ။ ဗိုလ်ချုပ်နေဝင်း အာဏာမသိမ်းခင် “အာရှရဲ့စပါးကျီ” လို့ဂုဏ်ဆောင်နိုင်တဲ့အဆင့်ကနေ အဆင်းရဲဆုံးတိုင်းပြည် အဖြစ်ကျဆင်းသွားခဲ့ရတာပါ။ ဦးနေဝင်းနဲ့ သူ့ရဲနောက်လိုက် ဗိုလ်ချုပ်(ဟောင်း)တွေ ကျင့်သုံးခဲ့တဲ့ စီးပွါရေးစနစ်ကြောင့် ဒီလိုဆင်းရဲသွားရတာပါပဲ။ သူတို့အမှားကို တနိုင်ငံလုံး ခါးစည်းခံခဲ့ရတယ်။ တိုင်းပြည်ကို ဆင်းရဲတွင်းထဲ ပို့ခဲ့တာကတော့ လူလုပ်စီးပွါးရေး ဘေးအန္တရာယ်ကြီးပါပဲ။

အာဏာရှင် ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၂ ကနေ ၁၉၈၈ အထိ အုပ်ချုပ်တဲ့ ၂၆ နှစ်တာကာလဟာ ဒီလူလုပ်ဘေးအန္တရာယ်တွေ ထိခိုက်ခံစားခဲ့ရတဲ့ ပထမလှိုင်းအဖြစ် သတ်မှတ်ရမှာပါ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံက ဦးနေဝင်းရဲ့အာဏာရှင် အစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့အတွက် ဒီပထမလှိုင်းလည်း အဆုံးသတ်ခဲ့ပါတယ်။ ကံဆိုးတာက ဗိုလ်ချုပ်နေဝင်းနဲ့ သူ့ဗိုလ်ချုပ်တွေစခဲ့တဲ့ ဒီလှိုင်းဟာ အစကနဦးသာဖြစ်ပြီး နောက်ဆက်တွဲ လူလုပ်ဘေးအန္တရာယ်တွေ တောက်လျှောက်ဆက်ဖြစ်လာဖို့ ရှိနေခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ အာဏာသိမ်းပြီး ဦးနေဝင်းထံက အာဏာဆက်ခံခဲ့တဲ့ ဗိုလ်ချုပ်အသစ်တွေနဲ့အတူ နောက်ထပ် လူလုပ်ဘေးအန္တရာယ်ဆိုးတွေ တိုင်းပြည်က ဆက်ခံစားခဲ့ရပြန်တယ်။ ဗိုလ်ချုပ်ကြီးစောမောင်၊ ဒု-ဗိုလ်ချုပ်ကြီးသန်း‌ရွှေနှင့် ဗိုလ်မှုးချုပ်ခင်ညွန့်တို့ ဦးဆောင်ပြီး “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” (န.ဝ.တ) ကိုဖွဲ့စည်းပြီး တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့ပြန်တယ်။

နိုင်ငံရေးအရရော စီးပွားရေးအရပါ ပထမလှိုင်းကလို ပုံစံတွေထပ်ဖြစ်ပြန်တယ်။ ဒီတကြိမ်မှာ ဘေးအန္တရာယ် တွေက ပိုတောင်ဆိုးလာတယ်။

စစ်အစိုးရသစ်က သူ့ကိုဆန့်ကျင် သဘောကွဲသူတွေအားလုံးကို ချေမှုန်းပစ်ခဲ့တယ်။ န.ဝ.တ အစိုးရရဲ့ ချေမှုန်းမှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြသူ ၃၀၀၀ လောက် သေဆုံးခဲ့ရပြီး ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ထောင်ပေါင်းများစွာ ဖမ်းဆီးထောင်ချခံခဲ့ရတယ်။ ဒီနိုင်ငံရေးနှိမ်နင်းမှုက ဆူနာမီလှိုင်းလုံးတွေလို တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းတခုလုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်ခဲ့ပြန်တယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကျောင်းသားတွေအပါအဝင် ထောင်သောင်းချီတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ တိုင်းပြည်ကထွက်ပြေးခဲ့ကြရတယ်။ ထွက်မပြေးတဲ့သူတွေအမြောက်အများကို ဖမ်းဆီးထောင်ချခဲ့တယ်။ လူ့အသိုက်အဝန်း ပျက်စီး ဖရိုဖရဲဖြစ်ခဲ့ရတာပါ။ ၈၈ အရေးတော်ပုံလို့ သမိုင်းတင်ခဲ့တဲ့ အဖြစ်အပျက်ပါပဲ။

ဒီဖြစ်ရပ်က တိုင်းပြည်အတွက် လူလုပ်ဘေးအန္တရာယ် ဒုတိယလှိုင်းရဲ့ အစပါပဲ။

ဒုတိယလှိုင်းဒဏ်ကလည်း တိုင်းပြည်ကို နောက်ထပ် ဆယ်စုနှစ်များစွာ ရိုက်ခတ်ခဲ့ပါတယ်။ တရားမဝင်ပေမယ့် ဗိုလ်ချုပ်များက အာဏာကိုလည်း မစွန့်လွှတ်ခဲ့ပါဘူး။ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူများကို တောက်လျှောက် ပြင်းပြင်းထန်ထန် ဖိနှိပ်မှုကြောင့် အကြောက်တရားတွေပြည့်နေတဲ့ လူ့အဖွဲ့အစည်းတခုထဲမှာ နေရတယ်လို့ လူတိုင်းခံစားခဲ့ရတယ်။ အာဏာရှင်စနစ်က အထွဋ်အထိပ်ကိုရောက်ခဲ့တယ်။

၂၀၀၅ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က ကမ္ဘာမှာ အဆိုးဆုံးအာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ဇင်ဘာဘွေ၊ မြောက်ကိုရီးယား၊ အီရန် နဲ့ တခြား အာဏာရှင်နိုင်ငံတွေကိုနာမည်ပေးထားတဲ့ “Outposts of Tyranny” (အာဏာရှင်အုပ်စု) ထဲမှာ မြန်မာနိုင်ငံကို ပါထည့်သွင်းခေါ်ခဲ့တယ်။

၂၀၀၅ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က ကမ္ဘာမှာ အဆိုးဆုံးအာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ဇင်ဘာဘွေ၊ မြောက်ကိုရီးယား၊ အီရန် နဲ့ တခြား အာဏာရှင်နိုင်ငံတွေကိုနာမည်ပေးထားတဲ့ “Outposts of Tyranny” (အာဏာရှင်အုပ်စု) ထဲမှာ မြန်မာနိုင်ငံကို ပါထည့်သွင်းခေါ်ခဲ့တယ်။

စီးပွါးရေးအရလည်း တိုင်းပြည်က အလွန်ဆင်းရဲလာတဲ့အတွက် သုံးသပ်သူတွေတိုင်းက “ဆင်းရဲတွင်းနက်နေတဲ့နိုင်ငံ” လို့ခေါ်ကြတယ်။ အလုပ်အကိုင်တွေက ရှားပါးလာပြီး၊ ဘွဲ့ရပညာတတ်များက တက္ကစီမောင်းနေကြရပြီး၊ စစ်သားတွေက တိုင်းပြည်ကို အုပ်ချုပ်နေတယ်။ ပြည်သူတွေအများစု စားဝတ်နေရေး အဆင်မပြေချိန်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ ခရိုနီတွေက နည်းလမ်းပေါင်းစုံနဲ့ ရလာတဲ့ စီမံကိန်းတွေကနေ အကျိုးအမြတ်တွေ ရရှိနေခဲ့ကြတယ်။ ဆိုးရွားတဲ့ အဂတိလိုက်စားမှုတွေက တိုင်းပြည်အတွက် ဗိုလ်ချုပ်ကြီးတွေထားခဲ့တဲ့အမွေအနှစ်တွေထဲက တခုပါ။ အဲဒီ ဆိုးကျိုးတွေကို ဒီနေ့အထိ တိုင်းပြည်က ခံစားနေရဆဲပါ။

ဒါ့အပြင် စစ်အစိုးရက သူ့နိုင်ငံသားတွေသာမက တကမ္ဘာလုံးကိုပါ လှည့်စားလိုက်၊ အများစုဆန္ဒကို ဆန့်ကျင်လိုက်နဲ့ တိုင်းပြည်ကို ၂၀၁၀ ခုနှစ် အထိအုပ်ချုပ်ခဲ့ပါတယ်။ အဲဒီနှစ်မှာ ပါတီအများစု ဝင်ရောက်မယှဉ်ပြိုင်ဘဲ သပိတ်မှောက်ခဲ့တဲ့ ရွေးကောက်ပွဲကိုကျင်းပပြီး မဲမသမာမှုတွေနဲ့ နိုင်ခဲ့တယ်။ ဒါနဲ့ ဗိုလ်ချုပ်တွေက အရပ်ဝတ်လဲပြီး နောက်ထပ် ၅ နှစ် ဆက်အုပ်ချုပ်ခဲ့ပြန်တယ်။

ခေတ်အဆက်ဆက် ဆိုးရွားတဲ့ဘေးအန္တရာယ်တွေကို ဖန်တီးဒုက္ခပေးခဲ့ကြတဲ့ အဲဒီအုပ်ချုပ်သူတွေကို မြန်မာပြည်သူတွေဟာ ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသလို လက်နက်ဆွဲကိုင်ပြီးလည်း တော်လှန်တိုက်ခိုက်ခဲ့ကြတယ်။

အဲဒီတိုက်ပွဲတွေရဲ့ရလဒ်အနေနဲ့ ယနေ့ မြန်မာပြည်သူတွေဟာ တိုင်းပြည်ကို ဘေးအန္တရာယ်တွေ ယူလာတဲ့သူတွေကိုဖယ်ရှားပြီး၊ အဲဒီဘေးအန္တရာယ်တွေကို အဆုံးသတ်ပေးနိုင်မယ့် သူတွေကို မဲပေးပြီး ရွေးချယ်နိုင်တဲ့ နိုင်ငံရေးအခြေအနေတခုကို ရောက်ရှိနေခဲ့ပါပြီ။

လာမယ့် ရွေးကောက်ပွဲမှာ မဲစပေးခွင့်ရမယ့် လူငယ် ၅ သန်းအတွက် ကံကောင်းတယ်ဆိုရမှာပါ။ သူတို့ရဲ့ရှေ့ မျိုးဆက်က ဘေးအန္တရာယ်တွေကို လုပ်ခဲ့တဲ့သူတွေ (အုပ်ချုပ်သူ) ကိုဖယ်ရှားပစ်ဖို့ အတွက် အသက်ကိုအမှုမထားဘဲ တိုက်ခဲ့ရပေမယ့် အခုဆိုရင် အသက်နဲ့ ရင်းစရာမလိုတော့တဲ့ အတွက် သူတို့အပါအဝင် ပြည်သူတွေအားလုံးလည်း ကံကောင်းပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံရေး ဘေးအန္တရာယ်က လွဲလို့ ဘာကောင်းကျိုးမှ မဆောင်ကြဉ်းပေးခဲ့တဲ့ “လူ” တွေကို ဖယ်ရှားပြီး၊ ကောင်းကျိုးတွေယူဆောင်ပေးနိုင်မယ့် သူတွေကို မဲတပြားနဲ့ ရွေးချယ်နိုင်တဲ့ နိုင်ငံရေးအခွင့်အရေး တခုပဲ ဖြစ်ပါတယ်။

(Kyaw Zwa Moe ၏ Myanmar’s Election a Chance to End a Cycle of Man-Made Disasters ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

“ပြည်သူတွေဟာ ဘယ်သူ့မှ ကြောက်စရာ မလိုတော့ဘူး”

ဒီမိုက​ရေစီအတွက် မြန်မာပြည်သူ​တွေရဲ့ ဒုတိယ​ခြေလှမ်း သို့မဟုတ် ၂၀၂၀​ရွေး​ကောက်ပွဲ

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် ရှောင်လွှဲမရသော ပြဿနာ

Did you find apk for android? You can find new Free Android Games and apps.
Loading