Burmanization ဆိုတဲ့ အသုံးအနှုန်းကို အစောဆုံးသုံးခဲ့သူက ဗမာလူမျိုး မဟုတ်ပါဘူး။ အင်္ဂလိပ်လူမျိုး မြန်မာ ဘုရင်ခံ ဆာရယ်ဂျင်နယ်ကရက်ဒေါက် (Sir Reginald Henry Craddock) ဖြစ်ပါတယ်။ ၁၉၂၁ခုနှစ်က ဘုရင်ခံ ဥပဒေပြုကောင်စီမှာ ပြောခဲ့တဲ့ သူ့မိန့်ခွန်းမှာ Burmanization ဆိုတဲ့ အသုံးအနှုန်းကို စသုံးခဲ့ပါတယ်။
“ဗမာတွေ တိုင်းပြည်အုပ်ချုပ်ရေးအတွေ့အကြုံ ရချင်တယ်ဆိုလို့ရှိရင် အစိုးရဝန်ထမ်း နယ်ပယ်ထဲမှာ အများကြီးဝင်လုပ်ဖို့ လိုတယ်။ အစိုးရဝန်ထမ်းအလုပ်တွေကို ဗမာတွေနဲ့ ပိုရင်းနှီးအောင် လုပ်ပေးတာ၊ တာဝန်ခံရတဲ့ ရာထူးရာခံနေရာတွေမှာ ဗမာတွေကို ပိုခန့်တာ စတဲ့ကိစ္စတွေဟာ ဘာမန်နိုက်ဇေးရှင်းလုပ်ငန်းစဉ်ရဲ့ လုပ်ရိုးလုပ်စဉ်တွေပဲ” လို့ ဘုရင်ခံမိန့်ခွန်းထဲမှာ ထည့်ပြောသွားတာကို ၁၉၂၁ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ Burma Gazette (Part III) ရဲ့ စာမျက်နှာ ၁၅၆ မှာ မှတ်တမ်းတင်ထားတယ်လို့ ဖတ်ရပါတယ်။
၁၉၂၀ ပတ်ဝန်းကျင်ကာလတွေက ဗမာဘုန်းတော်ကြီးတွေ ၊ ခေတ်ပညာတတ် တက္ကသိုလ်ကျောင်းသားတွေက ဗမာပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ တောင်းဆိုနေခဲ့တဲ့ ကာလဖြစ်ပါတယ်။ အင်္ဂလိပ်ဘုရင်ခံရဲ့လက်ထဲမှာ ဥပဒေပြုခွင့်၊ အုပ်ချုပ်ခွင့် အာဏာ အပြည့်အဝရှိတဲ့အချိန်မို့ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ ဘာအတွေ့အကြုံမှ မရှိသေးတဲ့ ဗမာလူမျိုးတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ရာ စောလွန်းသေးတယ်လို့ အင်္ဂလိပ်အစိုးရက ယူဆခဲ့ပါတယ်။
တကယ်တော့ Burmanization မြစ်ဖျားခံရာ အသုံးအနှုန်းတွေဖြစ်တဲ့ Russification တို့ Germanization တို့ Anglicization တို့ Japanification စတဲ့ အသုံးအနှုန်းတွေဟာ ကမ္ဘာမှာ အမျိုးသားရေးဝါဒ ခေါင်းထောင်လာတဲ့ ၁၉ ရာစုအစောပိုင်းလောက်ကစပြီး ခေတ်စားလာခဲ့တာပါ။
Burmanization ကို ဗမာလို အဓိပ္ပါယ်ဖွင့်ဆိုကြတဲ့အခါ “ဗမာမှုပြုခြင်း ဒါမှမဟုတ် ဗမာလူမျိုးကြီးဝါဒ” လို့ အဓိပ္ပါယ် ၂ မျိုးဖွင့်ဆိုကြတာကို များသောအားဖြင့် တွေ့ရပါတယ်။ ဘာသာပြန်ထားတဲ့ အသုံးအနှုန်းတွေဖြစ်လို့ သုံးစွဲသူအပေါ်လိုက်လို့ အဓိပ္ပါယ်တွေ ကွဲသွားတတ်ပါတယ်။
တကယ်တော့ Burmanization မြစ်ဖျားခံရာ အသုံးအနှုန်းတွေဖြစ်တဲ့ Russification တို့ Germanization တို့ Anglicization တို့ Japanification စတဲ့ အသုံးအနှုန်းတွေဟာ ကမ္ဘာမှာ အမျိုးသားရေးဝါဒ ခေါင်းထောင်လာတဲ့ ၁၉ ရာစုအစောပိုင်းလောက်ကစပြီး ခေတ်စားလာခဲ့တာပါ။
ဒီလိုအသုံးအနှုန်းတွေကို အင်္ဂလိပ်သမိုင်းဆရာ Hugh Seton-Watson က တရားဝင်အမျိုးသားရေးဝါဒ (Official Nationalism) လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ တနည်းအားဖြင့် မင်းဧကရာဇ်တွေ၊ အုပ်ချုပ်သူတွေ၊ အင်အားကြီးတဲ့ အုပ်စုတွေက လူမျိုးစုငယ် နိုင်ငံငယ်တွေကို စုစည်းဖို့ သြဇာလွှမ်းမိုးဖို့အတွက် အသုံးပြုခဲ့ကြတဲ့ မူဝါဒတွေပါပဲ။
ဥပမာအားဖြင့် Russification ဆိုတာဟာ ရုရှားဘုရင်စနစ်ကို သက်တမ်းဆက်ဖို့လုပ်ခဲ့တဲ့၊ ရုရှားမဟုတ်တဲ့ လူမျိုးစုတွေကို ရုရှားဘာသာစကားနဲ့ ယဉ်ကျေးမှုအောက် သွတ်သွင်းဖို့ ကြိုးစားတဲ့ ပဒေသရာဇ်လမ်းစဉ်တခု ဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ဘာသာတရားတွေကို အင်္ဂလိပ် ကိုလိုနီ လက်အောက်ခံနိုင်ငံတွေမှာ လက်ခံကျင့်သုံးလာအောင် Anglicization လုပ်တာ၊ အလားတူပဲ ဂျာမန်က ဥရောပမှာ၊ ဂျပန်က အာရှမှာ သူတို့ပတ်ဝန်းကျင်က လူမျိုးစုငယ် နိုင်ငံငယ်တွေကို သူတို့သြဇာခံဖြစ်အောင် သိမ်းသွင်းဖို့ အသုံးပြုခဲ့တဲ့ တရားဝင် အမျိုးသားရေးဝါဒတွေကို Germanization၊ Japanification စသဖြင့် ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။
“တရားဝင်အမျိုးသားရေးဝါဒ ဆိုတာဟာ ဧကရာဇ်ဘုရင်ကြီးတွေရဲ့ ထွားကျိုင်းတဲ့ ခန္ဓာကိုယ်ပေါ်က အမျိုးသားနိုင်ငံတော်ဝတ်ရုံပဲ ဖြစ်တယ်”
ထိုင်းဘုရင် ချုလာလောင်ကွန်းရဲ့ သားတော် ဝါချီရဝတ်ဟာ ထိုင်းနိုင်ငံရဲ့ တရားဝင်အမျိုးသားရေးဝါဒကို အခြေခံပညာရေးစနစ်၊ ပြုပြင်ရေးသားထားတဲ့ နိုင်ငံ့သမိုင်း၊ ဝါဒဖြန့်ချိရေးယန္တရား၊ စစ်ရေးဗဟိုပြုဝါဒ စတာတွေကနေ တဆင့် ထည့်သွင်းခဲ့တယ်လို့ နိုင်ငံရေး သိပ္ပံပညာရှင် ဘန်နဒစ် အန်ဒါဆင်ရဲ့ စာအုပ်မှာ မှတ်သားရပါတယ်။
“တရားဝင်အမျိုးသားရေးဝါဒ ဆိုတာဟာ ဧကရာဇ်ဘုရင်ကြီးတွေရဲ့ ထွားကျိုင်းတဲ့ ခန္ဓာကိုယ်ပေါ်က အမျိုးသားနိုင်ငံတော်ဝတ်ရုံပဲ ဖြစ်တယ်”လို့ ဘန်နဒစ်အန်ဒါဆင်က သုံးသပ်ထားပါတယ်။
ဒီကနေ့တော့ ထိုင်းနိုင်ငံက ပြည်သူတွေဟာ ထိုင်းဘုရင်ရဲ့ခန္ဓာကိုယ်ပေါ်က အဲဒီဝတ်ရုံကို ဆွဲခွါဖို့ ကြိုးစားနေကြပါပြီ။
အင်္ဂလိပ်ဇာတ်သွင်းခြင်းနဲ့ မြန်မာနိုင်ငံ
၁၈ ရာစုနှောင်းပိုင်းကတည်းက မြန်မာနိုင်ငံက သဘာ၀ သယံဇာတရင်းမြစ်တွေဟာ အင်္ဂလိပ်တွေရဲ့ Laissez-faire ကိုလိုနီအရင်းရှင် စီးပွါးရေးစနစ်အတွက် မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရ မတိုင်ခင် အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေကို အရင်ဆုံး ရောက်လာခဲ့ပြီး စီးပွါးရေးအရ အကျိုးအမြတ်ရှာခဲ့တဲ့ East India Company ကို ရူပီးငွေတသိန်း နှစ်စဉ်ထောက်ပံ့ပြီး ဒေသခံတွေရဲ့ ပညာရေးမြှင့်တင်ရာမှာ သုံးဖို့ ဗြိတိသျှပါလီမန်က ခွင့်ပြုခဲ့ပါတယ်။
အင်္ဂလိပ်လူမျိုး သောမတ်(စ) မက်ကောလေးရဲ့ အိန္ဒိယမှာ ကျင့်သုံးခဲ့တဲ့ ပညာရေးပေါ်လစီထဲမှာ “အသားအရောင်နဲ့ သွေးကသာ အင်ဒီးယန်း ဒါပေမယ့် အနှစ်သာရ၊ အတွေးအခေါ်၊ စိတ်ဓါတ်နဲ့ ပညာက အင်္ဂလိပ်တစ်ယောက်လိုဖြစ်စေရမယ်” လို့ ချမှတ်ခဲ့ပါတယ်။ “အင်္ဂလိပ်ပညာရေးစနစ်နဲ့ သင်ကြားခံရတဲ့ ဘယ်ဟိန္ဒူဘာသာဝင်မှ ဘာသာစွဲရှိတော့မှာ မဟုတ်ဘူး။ တကယ်လို့ ငါတို့ရဲ့ ပညာရေးစီမံကိန်းကိုသာ သေချာ ဆက်လုပ်နိုင်မယ်ဆိုရင် နောက်အနှစ်သုံးဆယ်အတွင်း ဘန်ဂေါမှာ ရုပ်တုကိုးကွယ်တဲ့ လူတယောက်မှ ကျန်မှာမဟုတ်ဘူး”လို့ မက်ကောလေးက ရေးသားခဲ့ဖူးပါတယ်။
အင်္ဂလိပ်တွေက ကျူးကျော်စစ်သုံးကြိမ်နဲ့ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့တဲ့ အချိန်မှာလည်း အင်္ဂလိပ်ဇာတ်သွင်းတဲ့ကိစ္စတွေ (Anglicization) အတော်များများလုပ်ခဲ့ပါတယ်။ အင်္ဂလိပ်စာပေ၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးကို မိတ်ဆက်ပေးဖို့ မစ်ရှင်နရီကျောင်းတွေ ဖွင့်တာ၊ ခရစ်ယန် သာသနာပြုအဖွဲ့တွေကို တောင်တန်းဒေသတွေမှာ သာသနာပြု လုပ်ငန်းတွေ လုပ်ဖို့စေလွှတ်တာ၊ အရပ်ဖက်အုပ်ချုပ်ရေးစနစ် ထူထောင်တာ၊ သန်းခေါင်စာရင်းကောက်တာ စသဖြင့် နည်းလမ်းအမျိုးမျိုး သုံးခဲ့ပါတယ်။ ဒါပေမယ့် လစ်ဘရယ်မင်းသား ခေါင်းဆောင်းထားတဲ့ နယ်ချဲ့စစ်ဘီလူးဝါဒက အင်္ဂလိပ်တွေရဲ့ လူမျိုးရေးခွဲခြားမှုကို ရေရှည် ဖုံးဖိမထားနိုင်ခဲ့ပါဘူး။
ဒို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံတွေဖြစ်တဲ့ “ဗမာစာသည် တို့စာ ဗမာစကားသည် တို့စကား တို့ပြည်ကိုချစ်ပါ တို့စာကိုမြတ်နိုးပါ တို့စကားကိုလေးစားပါ” ဆိုတာဟာ ဗမာတွေကိုယ်တိုင် ချမှတ်တဲ့ ဘာမန်နိုက်ဇေးရှင်းမူဝါဒရဲ့ အစပါပဲ။
ဘုရင်ခံရဲ့ ဥပဒေပြုကောင်စီထဲမှာ ဗမာလူမျိုးတယောက်မှမပါပဲ ဥရောပသားတွေ၊ အင်ဒီးယန်းတွေ၊ အန်ဂလိုဘာမန်တွေ၊ ကရင်လူမျိုးတွေကိုပဲ နေရာပေးခဲ့သလို အရပ်ဖက်အုပ်ချုပ်ရေးမှာလည်း ဗမာတွေကို အနိမ့်ဆုံးရာထူးမှာ ခန့်ထားပြီး ပုံမှန်လစာရဲ့ သုံးပုံတပုံလောက်ပဲပေးပြီး ခွဲခြားဆက်ဆံခဲ့ပါတယ်။ Anglicization ရဲ့ အကျိုးဆက်က ပညာတတ်နည်းပါးတဲ့ နင်းပြား ဗမာလူထုကြီးကို ဒေါသထွက်စေခဲ့ပါတယ်။ အဲဒီဒေါသက ဗမာ့အမျိုးသားရေးဝါဒ ခေါင်းထောင်လာအောင် နှိုးဆော်ခဲ့ပါတယ်။
ဒို့ဗမာအစည်းအရုံးရဲ့ ကြွေးကြော်သံတွေဖြစ်တဲ့ “ဗမာစာသည် တို့စာ ဗမာစကားသည် တို့စကား တို့ပြည်ကိုချစ်ပါ တို့စာကိုမြတ်နိုးပါ တို့စကားကိုလေးစားပါ” ဆိုတာဟာ ဗမာတွေကိုယ်တိုင် ချမှတ်တဲ့ ဘာမန်နိုက်ဇေးရှင်းမူဝါဒရဲ့ အစပါပဲ။
ဒါပေမယ့် ဗမာလူမျိုးတွေ ပါဝင်ခွင့်မရခဲ့တဲ့ ဗြိတိသျှအုပ်ချုပ်ရေးစနစ်အောက်မှာ ဗမာအမျိုးသား ခေါင်းဆောင်တွေရဲ့မူဝါဒဟာ တရားဝင်အမျိုးသားရေးဝါဒ (Official Nationalism) အဖြစ်ကို ရောက်မလာခဲ့ပါဘူး။
စစ်ဘုရင်ကိုယ်ပေါ်က အမျိုးသားနိုင်ငံရေးဝတ်ရုံ
အမျိုးသားရေးဝါဒ ခေါင်းထောင်လာခဲ့တဲ့ ဗမာပြည် လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းမှာ ဘာသာရေး လူမျိုးရေးပေါ် အခြေပြုတဲ့ ဝံသာနုနိုင်ငံရေးလှုပ်ရှားမှုနဲ့ မာ့က်စ်ဝါဒနဲ့ လစ်ဘရယ်ဝါဒ သြဇာလွှမ်းမိုးတဲ့ သခင်သန်းထွန်းတို့ ဗိုလ်ချုပ်အောင်ဆန်းတို့လို ခေတ်ပညာတတ်လူငယ်တွေ ဦးဆောင်တဲ့ လူထုအခြေပြု နိုင်ငံရေးလှုပ်ရှားမှုဆိုပြီး နှစ်မျိုးနှစ်စား တွေ့နိုင်ပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးထဲမှာလည်း ဒီ လက်ဝဲလက်ယာ အခင်းအကျင်းကို တွေ့နေရဆဲပါပဲ။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၁ ခုနှစ်မှာ ဝန်ကြီးချုပ်ဦးနုဟာ ဗမာအများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ဦးနုရဲ့ ဒီလုပ်ရပ်အပေါ် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ဗမာတိုင်းရင်းသားမဟုတ်တဲ့ အခြားသော တိုင်းရင်းသားအုပ်စုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ တော်လှန်ရေးကောင်စီ လက်ထက်မှာတော့ အနောက်နိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှုကို တွန်းလှန်ဖို့ ဘာမန်နိုက်ဇေးရှင်းမူဝါဒကို တရားဝင် စတင်ကျင့်သုံးခဲ့ပါတယ်။
စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီက ကျင့်သုံးတဲ့ တရားဝင်အမျိုးသားရေးမူဝါဒ (Burmanization Policy) ကြောင့် ပထမဆုံး ထိခိုက်နစ်နာခဲ့တဲ့ လူဦးရေ ၈သိန်းလောက် ရှိခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်လောက်က သန်းခေါင်စာရင်းအရ လူဦးရေ သန်း၂၀ လောက်ပဲရှိသေးတဲ့ မြန်မာနိုင်ငံမှာ အင်ဒီးယန်းနွယ်ဖွါး ၅ သိန်းလောက်နဲ့ တရုပ်နိုင်ငံသား ၃ သိန်းလောက် ရှိခဲ့ပါတယ်။ ဗိုလ်နေဝင်းအစိုးရက ဗြိတိသျှ ကိုလိုနီ အစိုးရလက်ထက်ကတည်းက နေလာခဲ့တဲ့ နိုင်ငံ့လူဦးရေရဲ့ ၄ ရာနှုန်း လောက်ရှိတဲ့ လူမျိုးခြားတွေကို မူရင်းနိုင်ငံတွေကို ပြန်ပို့ခဲ့ပါတယ်။
ကိုလိုနီဆန့်ကျင်ရေးကာလက သုံးခဲ့တဲ့ မျိုးချစ်စိတ်ဓါတ်မြှင့်တင်ရေး ဝါဒဖြန့်ချိရေး ဆောင်ပုဒ်တခုဖြစ်တဲ့ “ဗမာစာသည် တို့စာ” ဆိုတဲ့ နယ်ချဲ့ဆန့်ကျင်ရေးမူကို ဆက်ကျင့်သုံးပြီး ဗမာစာကို ရုံးသုံးဘာသာစကားအဖြစ် ပြဋ္ဌာန်းခဲ့တယ်။ နိုင်ငံခြားဘာသာစကား သင်တန်းကျောင်းတွေ တိုင်းရင်းသား ဘာသာစကားသင်တန်းတွေ အားလုံးရပ်ပစ်ခဲ့တယ်။ အနောက်နိုင်ငံတွေကို ပညာတော်သင်သွားဖို့ ခက်ခဲလာတာ၊ အစိုးရပညာတော်သင် လွှတ်ရင်လည်း ဆိုဗီယက်ယူနီယံနဲ့ ဥရောပနိုင်ငံအချို့လောက်ကိုပဲ စေလွှတ်တော့တာ စတာတွေကြောင့် ပညာရေးအဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျလာခဲ့ပါတယ်။
နိုင်ငံခြားသတင်းစာတိုက်တွေကို ဝါဒဖြန့်ချိရေး သတင်းမှားတွေ ထုတ်လို့ ဆိုပြီး ပိတ်ပစ်တယ်။ ပြည်သူပိုင်သိမ်းပစ်တယ်။ အစိုးရပိုင် သတင်းအေဂျင်စီတခုထောင်ပြီး မြန်မာနိူင်ငံရဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒနဲ့ မဆန့်ကျင်တဲ့ သတင်းတွေကိုပဲ ဖြန့်ခွင့်ပြုတယ်။
စစ်ဗဟိုပြုဝါဒကို ကျင့်သုံးတဲ့ ဗိုလ်နေဝင်းလက်ထက်နဲ့ ၁၉၈၈ နောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလ တလျောက်လုံးမှာ ကျင့်သုံးခဲ့တဲ့ ဘာမန်နိုက်ဇေးရှင်းကတော့ “စစ်ဘုရင်ကိုယ်ပေါ်မှာ ရုံထားတဲ့ အမျိုးသားနိုင်ငံရေးဝတ်ရုံ” နဲ့ အလားသဏ္ဏာန်တူပါတယ်။
ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပစ်တာ၊ နိုင်ငံခြားကုမ္ပဏီတွေကို နိုင်ငံပိုင် လုပ်ပစ်တာတွေကြောင့် နိုင်ငံ့စီးပွါးရေး ကမောက်ကမဖြစ်လာတယ်။ ဗိုလ်နေဝင်းရဲ့ တပါတီ အာဏာရှင်ကာလ ၂၆ နှစ်လုံးလုံး ကျင့်သုံးခဲ့တဲ့ တံခါးပိတ်စီးပွါးရေးမူဝါဒကြောင့် တိုင်းပြည်စီးပွါးရေး ခြွတ်ခြုံကျလာခဲ့ပါတယ်။
စစ်ဗဟိုပြုဝါဒကို ကျင့်သုံးတဲ့ ဗိုလ်နေဝင်းလက်ထက်နဲ့ ၁၉၈၈ နောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလ တလျောက်လုံးမှာ ကျင့်သုံးခဲ့တဲ့ ဘာမန်နိုက်ဇေးရှင်းကတော့ “စစ်ဘုရင်ကိုယ်ပေါ်မှာ ရုံထားတဲ့ အမျိုးသားနိုင်ငံရေးဝတ်ရုံ” နဲ့ အလားသဏ္ဏာန်တူပါတယ်။
အပြင်မှာ အမျိုးသားနိုင်ငံရေးဗန်းပြပြီး အတွင်းသားက တသွေးတသံတမိန့် စစ်စည်းကမ်းနဲ့ နိုင်ငံကို ရသရွေ့ အချိန်ဆွဲ အုပ်ချုပ်ဖို့ ကြိုးစားခဲ့တာပါ။
ဘာမန်နိုက်ဇေးရှင်း နဲ့ ဒီမိုကရေစီအကူးအပြောင်း
လက်ရှိဒီမိုကရေစီ အကူးအပြောင်းကာလမှာလည်း ဘာမန်နိုက်ဇေးရှင်းဟာ အငြင်းပွါးဖွယ် စကားလုံးတလုံးအဖြစ်နဲ့ ရှင်သန်နေတုန်းပါပဲ။ အချို့သော တိုင်းရင်းသားတွေဟာ ဗမာတိုင်းရင်းသားတွေကို ကြည့်တဲ့အခါ ဘာမန်နိုက်ဇေးရှင်းဆိုတဲ့ မျက်မှန်စိမ်းကြီးတပ်ပြီး ကြည့်လေ့ရှိကြပါတယ်။ အချို့သော နိုင်ငံရေးလှုပ်ရှားသူတွေကလည်း ဘာမန်နိုက်ဇေးရှင်း ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပါယ်ကို လိုရာဆွဲယူပြီး အသုံးချနေတုန်းပါပဲ။ လက်ရှိကာလမှာ ဘာမန်နိုက်ဇေးရှင်း ရှင်သန်နေဆဲပဲလားဆိုတာကို ဘာတွေကိုကြည့်ပြီး ဆုံးဖြတ်ကြမှာလဲ။
ဘာမန်နိုက်ဇေးရှင်းဟာ အစိုးရကျောထောက်နောက်ခံပေးထားတဲ့ တရားဝင် အမျိုးသားရေးဝါဒ ဖြစ်နေသေးသလား ဆိုတာက စပြီးကြည့်ရမှာပါပဲ။
လက်ရှိကာလမှာ ဘုရင်ခံ ဆာရယ်ဂျင်နယ်ကရက်ဒေါက်ပြောခဲ့တဲ့ ဘာမန်နိုက်ဇေးရှင်း ပေါ်လစီကို ကျင့်သုံးနေသေးသလား။ အစိုးရအဖွဲ့ထဲမှာ လွှတ်တော်ထဲမှာ အစိုးရဝန်ထမ်းတွေထဲမှာ ဗမာတွေကိုချည်းပဲ ရွေးချယ်ခန့်ထားသလား။ စာသင်ကျောင်းတွေမှာ ဗမာစာကလွဲလို့ အခြားဘာသာစကားတွေကို သင်ယူခွင့်မရှိဘူးလား။ အစိုးရရဲ့ ပညာရေးမူဝါဒတွေဟာ ဘာမန်နိုက်ဇေးရှင်းကိုပဲ ဇောင်းပေးထားသလား။ ဗုဒ္ဓဘာသာကလွဲပြီး အခြားဘာသာတွေကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးမထားဘူးလား။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် တရားဝင်ပြဋ္ဌာန်းထားသလား။ လက်ရှိအစိုးရဟာ ဘာမန်နိုက်ဇေးရှင်း ဖြစ်ထွန်း လာဖို့ရာအတွက် ဝါဒဖြန့်ယန္တရားတွေ သုံးပြီး ဝါဒဖြန့်နေတုန်းပဲလား စတာတွေဟာ တိုက်ဆိုင်စစ်ဆေးရမယ့် မေးခွန်းတွေဖြစ်ပါတယ်။
ဥပမာတစ်ခုအနေနဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ မျိုးစောင့်ဥပဒေဟာ ဗုဒ္ဓဘာသာအမျိုးသမီးများအတွက်သာရည်ညွှန်းပြီး ပြဋ္ဌာန်းတဲ့ဥပဒေဖြစ်လို့ ဒါကို ဘာမန်နိုက်ဇေးရှင်းလို့ ခေါ်မယ်ဆိုရင် ခေါ်နိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးသိန်းစိန်အစိုးရက အဲဒီကာလမှာ ခေါင်းထောင်လာခဲ့တဲ့ အမျိုးသားရေးဝါဒကို တရားဝင် ကျောထောက်နောက်ခံပြုပေးခဲ့လို့ ပေါ်ထွန်းလာတဲ့ ဥပဒေတခုဖြစ်လို့ပါပဲ။
လက်ရှိအရပ်သားအစိုးရလက်ထက် ဥပဒေပြုလွှတ်တော်ကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားလူမျိုးစုပေါင်းစုံကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တွေ့နေရပါပြီ။ ပါဝင်မှုအချိုးအစားကလည်း မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုး ပေါင်းစုံရဲ့ လူဦးရေအချိုးအစားနဲ့ သိပ်မကွာလှပါဘူး။
လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်တုန်းက အင်္ဂလိပ်ဘုရင်ခံရဲ့ ဥပဒေပြုကောင်စီထဲမှာ မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ ကိုယ်စားပြုတိုင်းရင်းသားဆိုလို့ ကရင်လူမျိုးတမျိုးပဲပါပြီး ကျန်တာ အားလုံးက အင်္ဂလိပ်တွေ၊ ဥရောပသားတွေ၊ အင်ဒီးယန်းတွေ အန်ဂလိုဘာမန်တွေကိုပဲ ခန့်ထားခဲ့ကြပါတယ်။
လက်ရှိအရပ်သားအစိုးရလက်ထက် ဥပဒေပြုလွှတ်တော်ကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားလူမျိုးစုပေါင်းစုံကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တွေ့နေရပါပြီ။ ပါဝင်မှုအချိုးအစားကလည်း မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုး ပေါင်းစုံရဲ့ လူဦးရေအချိုးအစားနဲ့ သိပ်မကွာလှပါဘူး။
ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ ဗမာတိုင်းရင်းသားလူဦးရေ ၆၈%လောက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်ထဲမှာ ဗမာတိုင်းရင်းသားပါဝင်မှုက ၅၆%လောက်ရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၁၀% လောက်ရှိတဲ့ ရှမ်းတိုင်းရင်းသားတွေထဲက ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၇% ပါဝင်ပြီး ကရင်တိုင်းရင်းသား လူဦးရေ ၇% မှာ ကရင်လွှတ်တော် ကိုယ်စားလှယ်က ၄.၇% လောက် ရှိပါတယ်။ ရခိုင်တိုင်းရင်းသားတွေက နိုင်ငံလူဦးရေရဲ့ ၄% လောက်ပဲရှိပေမယ့် လွှတ်တော်ထဲမှာပါဝင်တဲ့ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်းက ၅.၃% လောက် ရှိပါတယ်။ အခြားသော တိုင်းရင်းသား ကိုယ်စားလှယ်များကလည်း လွှတ်တော်ထဲမှာ ၁၆ ရာနှုန်းလောက် ရှိပါတယ်။
အစိုးရအဖွဲ့၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ လွှတ်တော်နှစ်ရပ်လုံးမှာလည်း အရေးပါတဲ့ ရာထူးတွေမှာ တိုင်းရင်းသားလူမျိုးတွေကို ခန့်အပ်ထားတာ တွေ့နိုင်ပါတယ်။
ဘယ်လိုပဲ တစုံတယောက်ကဖြစ်စေ၊ တစုတဖွဲ့ကဖြစ်စေ၊ အသင်းတသင်းကဖြစ်စေ လူများစု ဗမာတွေရဲ့ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ရာဘာသာအရေးတွေကို မြှင့်တင်နေသည်ဖြစ်စေ အစိုးရတရပ်ရပ်က တရားဝင် ကျောထောက်နောက်ခံ ပေးထားတာ မဟုတ်ဘူးဆိုရင်တော့ ဘာမန်နိုက်ဇေးရှင်းလို့ အမည်တပ်လို့ မရနိုင်ပါဘူး။ အစိုးရက ကျောထောက်နောက်ခံပေးမထားတဲ့ အမျိုးသားရေးဝါဒမျိုးက ရေရှည်မှာ ရှင်သန်နိုင်ခြေ မရှိပါဘူး။
အဲဒီလိုပါပဲ။ ခေတ်စနစ်တွေ ရွေ့လျားလာတာနဲ့အမျှ သမိုင်းတလျောက်မှာ ပေါ်ထွန်းခဲ့တဲ့ Russification၊ Germanization၊ Anglicization၊ Japanification စတဲ့ မျက်ကန်းမျိုးချစ်ဝါဒ၊ နယ်ချဲ့ဝါဒနဲ့ ကျဉ်းမြောင်းတဲ့ တရားသေဝါဒတွေဟာ တဖြည်းဖြည်း ကျဆုံးပျောက်ကွယ် သွားကြရတာပါပဲ။
အမျိုးသားရေးဝါဒီလား လူမျိုးစုံဝါဒီလား
ဗမာလူမျိုး ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကိုယ်သူ လူမျိုးစုံဝါဒသမား (Internationalist) လို့ခံယူပေမယ့် အမျိုးသားရေးဝါဒကသာ သူ့လူမျိုးနဲ့ အခြားလူမျိုးတွေကိုပါ ချစ်မြတ်နိုးရေးကို အားပေးနေသရွေ့၊ အခြားလူမျိုးများကို မုန်းတီးရန် အားမပေးသရွေ့ တော့ သူ့ကိုယ်သူ “လုံးဝအမျိုးသားရေး ဝါဒသမား” တယောက်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
တကယ်ပဲ ဗမာနယ်ချဲ့စနစ်ကိို မလိုချင်ဘူး၊ ဘာမန်နိုက်ဇေးရှင်းကို မလိုချင်ဘူးဆိုရင်တော့ ဗမာအမျိုးသားရေးဝါဒကို ကျောထောက်နောက်ခံပြုပေးမယ့် အစိုးရမျိုးကို မရွေးချယ်မိဖို့ အရေးကြီးပါတယ်။
“အမျိုးသားရေးဝါဒသည် ကျွန်တော်တို့အား အမျိုးသားရေး တရားမျှတမှု၊ လူမှုရေး တရားမျှတမှုတို့ကို သက်ဝင်ယုံကြည်စေလျက် ပြည်တွင်းမှာဖြစ်စေ ကမ္ဘာမှာဖြစ်စေ ဖိနှိပ်ချုပ်ချယ်သည်ဆိုသောစနစ်ကို ဆန့်ကျင်တိုက်ခိုက်ရန် တောင်းဆိုနေသမျှ၊ ကျွန်တော်သည် လုံး၀ အမျိုးသားရေးဝါဒသမား ဖြစ်ပါသည်။ ကျွန်တော်သည် နယ်ချဲ့စနစ်ဆိုလျှင် ဗြိတိသျှနယ်ချဲ့စနစ်ကို ဖြစ်စေ၊ ဂျပန်နယ်ချဲ့စနစ်ကို ဖြစ်စေ၊ ဗမာနယ်ချဲ့စနစ်ကို ဖြစ်စေ မုန်းတီးပါသည်” လို့ မိန့်ခွန်းတခုမှာ ပြောဆိုခဲ့ပါတယ်။
တကယ်ပဲ ဗမာနယ်ချဲ့စနစ်ကိို မလိုချင်ဘူး၊ ဘာမန်နိုက်ဇေးရှင်းကို မလိုချင်ဘူးဆိုရင်တော့ ဗမာအမျိုးသားရေးဝါဒကို ကျောထောက်နောက်ခံပြုပေးမယ့် အစိုးရမျိုးကို မရွေးချယ်မိဖို့ အရေးကြီးပါတယ်။
ဗမာအမျိုးသားရေးဝါဒ ရှင်သန်လာအောင် ရေလောင်းပေါင်းသင် လုပ်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို မရွေးချယ်မိဖို့ လိုပါတယ်။
တပြိုင်တည်းမှာလည်း မိမိတို့ နေထိုင်ရာ ပြည်နယ်တွေ တိုင်းဒေသကြီးတွေထဲမှာရော ဘယ်လို အမျိုးသားရေးဝါဒတွေ ခေါင်းထောင်နေသလဲ ဆိုတာကို မျက်ခြေမပြတ်သင့်ပါဘူး။ “စစ်ဘုရင်ကိုယ်ပေါ်မှာ ရုံထားတဲ့ အမျိုးသားနိုင်ငံရေးဝတ်ရုံ” ဆိုတာ ဗမာလူမျိုးထဲမှာမှ မဟုတ်ပါဘူး။ ဘယ်လူမျိုးစုတွေထဲမှာမဆို ရှိနိုင်ပါတယ်။
ဗမာလူမျိုးတွေထဲမှာလည်း ဘာမန်နိုက်ဇေးရှင်းမူဝါဒကို လက်မခံတဲ့၊ အမျိုးသားရေး တရားမျှတမှု၊ လူမှုရေး တရားမျှတမှုနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ယုံကြည်တဲ့ လူမျိုးစုံဝါဒသမားတွေ အများကြီး ရှိနေပါသေးတယ်။
ဘာမန်နိုက်ဇေးရှင်း ဆက်ပြီးတော့ ရှင်သန်အုန်းမှာလား၊ ကျဆုံးသွားမှာလား ဒါမှမဟုတ် အခြားအခြားသော နိုက်ဇေးရှင်း အသစ်တွေ ပေါ်လာအုန်းမလားဆိုတာကတော့ မိမိကိုယ်တိုင် မဲပေးရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အပေါ်မှာရော၊ တက်လာမယ့် အစိုးရတရပ်အပေါ်မှာပါ မူတည်ပါလိမ့်မယ်။
ဘယ်သူ့ကိုပဲပေးပေး မဲပေးတဲ့အခါမှာတော့ ဘာမန်နိုက်ဇေးရှင်းဆိုတဲ့ မျက်မှန်စိမ်းကြီးကို ချွတ်ပြီးမှ မဲပေးစေချင်ပါတယ်။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သည့် ဆောင်းပါးများ အစဉ်တစိုက် ရေးသားနေသည့် စာရေးဆရာမတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်မှ Peace Building PhD Candidate တဦးဖြစ်သည်။)
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲလည်း အနိုင်ရသူ အကုန်ယူကြေးပဲလား
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် ရှောင်လွှဲမရသော ပြဿနာ
လူလုပ်ဘေးအန္တရာယ်တွေကို ရပ်တန့်ပစ်ဖို့ ရွေးကောက်ပွဲက အခွင့်အရေး