ပြည်ခိုင်ဖြိုးဦးဆောင်သည့်အစိုးရက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရက တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအသစ်ကို ဖွဲ့စည်းပေးခဲ့သည်။ သို့သော် အစိုးရ နှစ်ရပ်စလုံးက လက်တွေ့တွင် ပြည်နယ်အစိုးရများနှင့် လူနည်းစုတိုင်းရင်းသား များ ဖွံ့ဖြိုးတိုးတက်မှုကို မည်မျှဆောင်ကြဉ်းပေးနိုင်ခဲ့ကြသနည်း။ ပါတီတခုခုက နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲနိုင်ပြီး အစိုးရဖြစ်ခွင့် ထပ်မံရရှိမည်ဆိုလျှင် ဘာတွေ မျှော်လင့်နိုင်မည်နည်း။
အနာဂတ်တွင် မြန်မာနိုင်ငံကို “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်” အခြေခံသည့် “ပြည်ထောင်စု” နိုင်ငံအဖြစ် ထူထောင်သွားကြရန် မူအားဖြင့် အားလုံးက သဘောတူထားကြပြီးဖြစ်သည်။ ပြည်ထောင်စုနိုင်ငံအဖြစ် အောင်မြင်စွာရပ်တည်နိုင်ရန် ပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေး စွမ်းရည်နှင့် သက်ဆိုင်ရာအစိုးရကို ဥပဒေနှင့်အညီ ထိန်းကျောင်းနိုင်သည့် စွမ်းရည်များရှိရန် လိုအပ်မည်ဖြစ်သည်။
ထို့အတူ ပြည်နယ်အစိုးရများတွင်လည်း သက်ဆိုင်ရာ ပြည်သူလူထုကို ထိရောက်လျှင်မြန်စွာ အလုပ်အကျွေးပြုနိုင်ရန် ဝန်ဆောင်မှုပေးနိုင်ရေးစွမ်းရည်နှင့်တကွ အခြားလိုအပ်သော ဘဏ္ဍာငွေ၊ နည်းပညာနှင့် စက်ပစ္စည်းကိရိယာများ စသည်ဖြင့် လိုအပ်မည် ဖြစ်သည်။
ဘဏ္ဍာငွေကြေး အင်အားရှိမှ အလုပ်လုပ်နိုင်မည်မှာ ပြောစရာမလိုပါ။ ပြည်နယ်/ တိုင်းဒေသအစိုးရများ၏ အဓိကဘဏ္ဍာရင်းမြစ်များမှာ ကိုယ်တိုင်ရှာဖွေ ရငွေနှင့် ပြည်ထောင်စုမှ ထောက်ပံ့ငွေတို့ဖြစ်သည်။ ကိုယ်တိုင်ရှာဖွေရငွေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၅)အရ ကောက်ခံခွင့်ပြုထားသည့် (က)အခွန်အကောက်ရငွေ (ခ) အခွန်မဟုတ်သော အခြားသာမန်ရငွေ တို့ပါဝင်သည်။ ပြည်ထောင်စုမှ ထောက်ပံ့ငွေတွင် (၁) အထွေထွေလွှဲပြောင်းထောက်ပံ့ငွေ (၂) အခွန်ဝေစုရငွေ (၃) ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ တို့ဖြစ်သည်။ ယခုချိန်ထိ ပြည်ထောင်စု မှထောက်ပံ့ငွေသည် ပြည်နယ်အစိုးရများ၏ နှစ်စဉ်အသုံးစရိတ်တွင် ၉၀ ရာခိုင်နှုန်းအထက်မှာရှိသည်။ ပြည်ထောင်စု အစိုးရအပေါ်မှာ လုံးဝ နီးပါးမှီခိုနေရသည့် သဘောဖြစ်သည်။
ပြည်နယ်အစိုးရများတွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း လိုအပ်သည့် ဘဏ္ဍာငွေ အခွန်အကောက်များ ကောက်ခံခွင့်နှင့် ကောက်ခံနိုင်မှုစွမ်းရည် ဘယ်လောက်ထိ တိုးတက်ခဲ့ပါသလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၅) တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများအား ကောက်ခံခွင့်ပြုထားသည့် အခွန်အကောက် အမျိုးပေါင်း ၁၉ မျိုး (၂၀၁၅ ခုနှစ် ပြင်ဆင် သည့် နောက်တွင် ၃၉ မျိုး) ရှိသည်။ သို့သော် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ ရန်ကုန်တိုင်း ဒေသကြီးက ၁၃ မျိုး မှကောက်ခံပြီး၊ မန္တလေးတိုင်းအစိုးရက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ၁၀ မျိုးနှင့် ၂၀၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ်အစိုးရက ၇ မျိုး၊ ကျန်သော ပြည်နယ်/တိုင်းဒေသ အစိုးရများက ၈ မျိုးကို ကောက်ခံနေကြောင်း တွေ့ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည့် အခွန်အကောက်များ (အားလုံးမဟုတ်သည့် တိုင်အောင်) အများစုကို ကောက်ခံနိုင်ခြင်း ဘာကြောင့် မရှိသေးသနည်း။ ပြည်ထောင်စုအစိုးရက ခွင့်မပြု၍လော (သို့မဟုတ်) သက်ဆိုင်ရာ ပြည်နယ်/တိုင်းအစိုးရများက ကောက်ခံနိုင်မှု စွမ်းရည်မရှိ၍လော။
၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် ပြည်နယ်/တိုင်းများ၏ တဦးကျ အခွန်အကောက်ရငွေ ဇယား
ဤ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ် ပြည်နယ်/တိုင်းများ၏ တဦးကျ အခွန်အကောက်ရငွေ ဇယားကို သုံးသပ် ကြည့်မည် ဆိုလျှင် (မကွေးမှလွဲ၍) ပြည်နယ်များသည် တိုင်းများထက် နိမ့်ကျနေသည် ဟုဆိုနိုင်သည်။ (မွန်မှ လွဲ၍) ပြည်နယ်များ ၏ပျမ်းမျှ အခွန်အကောက် ရငွေသည် ကျပ် ၁,၀၀၀ ဝန်းကျင် သာရှိသည်။
ဤသို့ ပျမ်းမျှ အခွန်အကောက်ရငွေ လျော့နည်းရခြင်း၏ အကြောင်းရင်း များစွာ ရှိနိုင်သည်။ ဥပမာ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ အခွန်အကောက် စီမံ ကောက်ခံမှု စွမ်ရည်အားနည်း၍ ထိရောက်စွာ ကောက်ခံနိုင်မှု မရှိခြင်း၊ သက်ဆိုင်ရာအစိုးရတွင် အခွန်အကောက်ဆိုင်ရာ လိုအပ်သော လုပ်ပိုင်ခွင့်/ အာဏာမရှိခြင်း၊ ပြည်နယ်တွင်း စီးပွားရေးအားနည်းခြင်း၊ ဆင်းရဲသည့်ပြည်နယ်လူထု များပြားခြင်း စသည်တို့ကြောင့်ဖြစ်နိုင်သည်။ မည်သည့် အကြောင်းကြောင့်ဖြစ်စေ ပြည်နယ်များသည် တိုင်းများထက် အားနည်း နေရခြင်းမှာ အစိုးရသက်တမ်း ၁၀ နှစ် ကြာသည့် တိုင်အောင် ပြည်ခိုင်ဖြိုးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ပါတီစလုံးသည် ပြည်နယ်အစိုးရများ စွမ်းရည်မြင့်အောင် (သို့မဟုတ်) ဖွံ့ဖြိုးအောင်လုပ်ဆောင်မှုမှာ အားနည်းချက်များကြောင့် ဟု ဆိုနိုင်ပါသည်။
အောက်ဖော်ပြပါ ဇယားပါ ပြည်နယ်/တိုင်းအစိုးရတို့၏ အခွန်အကောက်ရငွေ ပမာဏကို ကြည့်လျှင် တိုးတက်မှုရှိသော်လည်း နိုင်ငံတော်၏ စုစုပေါင်းအခွန်အကောက်ရငွေတွင် ပါဝင်မှု (ရာခိုင်နှုန်း)ကို ပြန်ကြည့်လျှင် အစိုးရသက်တမ်းနှစ်ခုအတွင်း ၂ ရာခိုင်နှုန်းပင် တိုးတက်မှုမရှိသည်ကို တွေ့ရသည်။
၂၀၁၂-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်/တိုင်းအစိုးရများ၏ အခွန်အကောက်ရငွေနှင့် ပြည်နယ်/တိုင်းအစိုးရတို့၏ အခွန်ကောက်ခံနိုင်မှုစွမ်းရည်ပြဇယား
ပြည်နယ်အစိုးရများသည် ပြည်ထောင်စုအစိုးရအပေါ် ပို၍မှီခိုနေရသည်
အထက်ပါ (၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် တိုင်း/ပြည်နယ်များ၏ ရငွေဇယား)အရ ချင်းပြည်နယ်အစိုးရသည် မိမိအသုံးစရိတ် စုစုပေါင်း၏ ၁.၅၇ ရာခိုင်နှုန်းကိုသာ ရှာဖွေနိုင်သောကြောင့် ဗဟိုအစိုးရကို အမှီခိုရဆုံးဖြစ်ပြီး ရန်ကုန်တိုင်း အစိုးရသည် ၅၃.၆၀ ရာခိုင်နှုန်းကို ရှာဖွေနိုင်သည့်အတွက် ဗဟိုအစိုးရအပေါ် အမှီခို အကင်းဆုံးအဖြစ် မှတ်ယူနိုင်သည်။
ပြည်နယ်နှင့် တိုင်းအစိုးရများကို နှိုင်းယှည်လျှင် ပြည်နယ် အစိုးရများသည် (မွန်ပြည်နယ်မှအပ) တိုင်းအစိုးရများထက် ဗဟိုအစိုးရကို ပို၍ မှီခိုနေရသည်ကို တွေ့ရသည်။ ပြည်နယ်နှင့် တိုင်းအစိုးရတို့၏ အခွန်အကောက် ရငွေပမာဏကို (ဇယားအတိုင်း) သီးသန့် ခွဲပြီး သုံးသပ်ကြည့်မည် ဆိုလျှင် ပြည်နယ်အစိုးရများ၏ အခွန်အကောက်ရငွေသည် တိုင်းအစိုးရ တို့၏ရငွေထက် လျော့နည်းနေသည်ကို တွေ့ရသည်။ ဥပမာ (မွန်မှအပ) ကချင်နှင့် ရှမ်းပြည်နယ် အစိုးရတို့၏အခွန်ကောက်ရငွေသည် ၎င်းတို့ရငွေ စုစုပေါင်း၏ ၁ ရာခိုင်နှုန်းသာရှိပြီး၊ ကျန်ပြည်နယ်အစိုးရများ၏ အခွန်ကောက်ရငွေဆိုလျှင် ၁ ရာခိုင်နှုန်း မပြည့်ပါ။ ထို့ကြောင့် ဗဟိုအစိုးရ၏ ထောက်ပံ့ငွေကို ပို၍မှီခိုရသည်။
တိုင်းရင်းသားရေးရာဝန်ကြီးဌာန (သို့မဟုတ်) ဆီဖြည့်မထားသည့် ကားတစီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၆ ခုနှစ်တွင် “တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန” အသစ်ဖွဲ့စည်းပြီး အစိုးရ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စု ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ဗမာကိစ္စ၊ ဗမာယဉ်ကျေးမှုကိုသာ လုပ်ပေးသည့်အပြင် တခါတခါ တခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကို ဖောက်ဖျက်ဖျက်ဆီးမှုများပင် လုပ်သဖြင့် ဤသို့သော ဝန်ကြီးဌာန အသစ်ဖွဲ့စည်းခြင်း ဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ် သီပေါမဲဆန္ဒနယ် ကိုယ်စားပြု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးရဲထွန်းက မှတ်ချက်ပြုခဲ့ပါသည်။
၎င်းဝန်ကြီးဌာနအသစ်အပေါ် ကြိုဆိုသူရှိသလို၊ ဝေဖန်သူတွေလည်း ရှိခဲ့ပါသည်။ လူနည်းစုတိုင်းရင်းသားများအရေး ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် အပြုသဘော ရှုမြင်ခဲ့ကြသလို တိုင်းရင်းသားများကို နှစ်သိမ့်ရုံဖြစ်မည့် ဟန်ပြဝန်ကြီးဌာနတခုဟု ရှုမြင်ခဲ့ကြသူများလည်း ရှိပါသည်။
နှစ်သိမ့်ရုံ ဝန်ကြီးဌာန ဟုတ် မဟုတ်ကို အလွယ်ကူဆုံး သုံးသပ်ရမည်ဆိုလျှင် ၎င်းဝန်ကြီးဌာနအတွက် ဘတ်ဂျက် မည်မျှ သုံးစွဲခဲ့သနည်းကို ကြည့်လျှင်သိနိုင်သည်။ အစိုးရသက်တမ်း ၅ နှစ်အတွင်း စုစုပေါင်းအစိုးရအသုံးစရိတ်၏ ၀.၀၂ ရာခိုင်နှုန်းပင် မပြည့်သည်ကိုတွေ့ရသည် (၂၀၁၅-၂၀၂၁ ခုနှစ် ဘဏ္ဍာနှင့်အတွင်း ဝန်ကြီးဌာန နှစ်ခု၏ အသုံးစရိတ် နှိုင်းယှဉ်မှု ရာခိုင်နှုန်း ဇယား)။
ထိုပမာဏသည် ဝန်ကြီးဌာန၏ ဝန်ထမ်းလစာ သဘောသာဖြစ်နေပြီး အခြားလုပ်ငန်းများအတွက် လိုအပ်သော ဘဏ္ဍာငွေမရှိသော ကြောင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနသည် ဆီမရှိသည့် ကားတစ်စီးပမာ ဖြစ်နေသည်။
၂၀၁၅-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်များအတွင်း နိုင်ငံတော်၏ နှစ်စဉ်အသုံးအသုံးစရိတ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှစ်ခု၏ အသုံးစရိတ် ပါဝင်မှု ရာခိုင်နှုန်း နှိုင်းယှဉ်မှုဇယား
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ပြန့်ပွားသည့် NLD ဦးဆောင်သော အစိုးရခေတ်
ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူမှုသည် NLD ပါတီရဲ့ မူဝါဒ မဟုတ်ဟု ဒေါက်တာ မျိုးညွန့်ကဆိုသော်လည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က “ဗိုလ်ချုပ်ရုပ်ထု စိုက်ထူတာဟာ သာမန်ကာလျံကာ အသွင်သဏ္ဌန်အရ လုပ်နေတာမျိုးမဟုတ်ဘဲ နိုင်ငံရဲ့အရေးအရာများနဲ့စပ်လျဉ်းပြီး အနှစ်သာရရှိရှိလုပ်နေကြခြင်းဖြစ်တယ်လို့ ခံယူပါတယ်” ဟူ၍ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နေပြည်တော် သပြေကုန်းအဝိုင်းတွင် ပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထု ဖွင့်ပွဲ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီကိစ္စဟာ သူ့မိသားစု ဝင်ကိစ္စဖြစ်လို့ သူ့အနေနဲ့ အရင်ကလည်း မကိုင်တွယ်ခဲ့သလို နောင်ကိုလည်း ကိုင်တွယ်မှာ မဟုတ်ဘူးလို့” ပြောခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စသည် NLD မူဝါဒမဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း လက်တွေ့စိုက်ထူသည့်လုပ်ငန်းတွင် ၎င်းဦးဆောင်သည့် အစိုးရတာဝန်ရှိသူများက ပါဝင်ပတ်သက်နေသည့်အတွက်ကြောင့် ရှင်းရှင်းလင်းလင်း ခွဲခြားမြင်နိုင်ဖို့ခက်ပါသည်။ ဥပမာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြသည်။ နောက်ပြီး ကယားပြည်နယ်အစိုးရကလည်း ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံများ၏ ပြင်းပြင်းထန်ထန် ကန့်ကွက်သည့်ကြားကပင် နောက်မဆုတ်ပဲ စိုက်ထူခဲ့သည်ကို တွေ့ရသည်။ ကချင်ပြည်နယ်အစိုးရ ခေါင်းဆောင်များသည်လည်း ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲတွင် ပါဝင်တက်ရောက်ကြပါသည်။ ထို့ပြင် အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် စိုက်ထူသည့်အတွက်ကြောင့် အစိုးရ၏ ခွင့်ပြုမိန့် လိုအပ်ပါသည်။ စိုက်ထူဖို့ ခွင့်ပြုမိန့်နှင့်တကွ မြေနေရာ ပေးနေခြင်းသည် အစိုးရ၏ အားပေးအားမြောက်မှု ရှိနေကြောင်း ထင်ရှားပါသည်။
ကချင်၊ ကယား၊ မွန်၊ ချင်း ပြည်နယ်များတွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ ကယားပြည်နယ်မှာ အပြင်းထန်ဆုံးဟု ပြောနိုင်သည်။ ဗိုလ်ချုပ် ကြေးရုပ်ကိုဆန့်ကျင်ကြသည့် လူငယ်များကိုလည်း ဖမ်းဆီးအရေးယူပါသည်။ ဗိုလ်ချုပ်ပေးခဲ့သည့် ကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်ပေးမည့်အစား ဗိုလ်ချုပ် ကြေးရုပ်ကို ကျပ်သိန်းပေါင်းများစွာ အကုန်ကျခံပြီး ဌာနေတိုင်းရင်းသားများ၏ ဆန္ဒကို ဆန့်ကျင်၍ စိုက်ထူခြင်းသည် ဗမာလူမျိုးကြီးဝါဒကို အားပေးအားမြောက်ပြုရာ ရောက်သည်ဟု ယူဆကြပါသည်။
ဗိုလ်ချုပ်ရုပ်တုဟာ ဗမာလူမျိုးကြီးဝါဒကို ပုံဖော်ခြင်းမဟုတ်ကြောင်း NLD ကပြောသော်လည်း ဗိုလ်ချုပ်ရုပ်တုကို ဆန့်ကျင်ကြသည့် ဗမာမဟုတ်သော တိုင်းရင်းသားများက ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းအား ဗမာလူမျိုးကြီးဝါဒကို ပုံဖော်ခြင်းအဖြစ် ရှုမြင်ကြသည်။
အချုပ်အားဖြင့် သုံးသပ်ရရင် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရနှစ်ရပ်စလုံးမှာ ပြည်နယ်အစိုးရများ စွမ်းရည်တိုးတက်မှုဆိုင်ရာသော်လည်းကောင်း၊ လူနည်းစုတိုင်းရင်းသားတို့၏ လူမှုဘဝ ဖွံ့ဖြိုးမှုတွင်သော်လည်းကောင်း သိသာထင်ရှားသည့် အောင်မြင်မှုရရှိအောင် ဆောင်ကြဉ်းမပေးနိုင်ခဲ့ဟု သုံးသပ်လျှင် မှားမည်မထင်ပါ။
ဤကဲ့သို့ အားနည်းခြင်း၏ အကြောင်းရင်းများအနက် ပြည်နယ်များ၏ လိုအပ်ချက်များကို သေချာသိရှိမှု မရှိခြင်း၊ ဌာနေတိုင်းရင်းသားတို့၏ ခံစားချက်၊ လိုအပ်ချက်များကို နားလည် မပေးနိုင်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သလို သိလျက်နဲ့ လုပ်မပေးချင်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။
ပြည်နယ်၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အခြေအနေနှင့် လိုအပ်ချက်များကို အနီးကပ်ရှိသော ပြည်နယ်အစိုးရက ပို၍ နားလည်သဘောပေါက်မည်မှာ ယုံမှားသံသယရှိရန် မလိုပါ။ ပြည်သူပြည်သားများကို လိုအပ်သောဝန်ဆောင်မှုများ မြန်မြန်ဆန်ဆန် ပေးနိုင်ရန် ပြည်နယ်အတွင်းရှိ ပြည်သူ့ဝန်ဆောင်မှု ယန္တရားများအင်အား ကောင်းဖို့လိုပါသည်။ ဥပမာ – ပြည်သူ့ဆေးရုံးများတွင် လိုအပ်သော ကုသရေးစက်ကိရိယာများ၊ ၎င်းကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့် ဝန်ထမ်းအင်အား လုံလောက်စွာ ထားရှိခြင်း စသည်တို့ လိုအပ်မည်ဖြစ်သည်။
ပြည်မပါတီများဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှစ်ခုစလုံး ၅ နှစ်စီ အုပ်ချုပ်ခဲ့ကြပြီး ဖြစ်သည်။ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် လူနည်းစုတိုင်းရင်းသားများက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကလို လက်ရှိအာဏာရပါတီကို ဆက်ပြီး အားပေးကြမှာလား (သို့မဟုတ်) ပြည်ခိုင်ဖြိုးပါတီကို ပေးကြမှာလား (သို့မဟုတ်) မိမိတို့အရေးကို မိမိတို့ ကိုယ်တိုင်ကြိုးစားမှ ရမည်ဆိုသည့် အတွေးနဲ့ သက်ဆိုင်ရာ ပြည်နယ်အခြေစိုက် ပါတီများကို အားပေးကြမှာလား ဆိုသည်ကို မကြာသောကာလမှာ သိရတော့မည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
(ယော်ဘောမ် မန်ရှန်သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးသားနေသူတဦး ဖြစ်သည်။)
You may also like these stories:
လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေ နိုင်မလဲ
NLD ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကလို တောင်ပြိုကမ်းပြို မနိုင် နိုင်တော့ဘူး
ကမ္ဘောဇတိုင်းက စောင့်ကြည့်ရမယ့် ပါတီစုံ အားစမ်းပွဲ