ရွေးကောက်ပွဲရာသီတွင်းသို့ ကျနော်တို့ ရောက်နေကြပြီ။ ပြည်တွင်း ပြည်ပမှ ဟောကိန်းထုတ်သူများက ရလာဒ်အတွက် ကြိုတင်ခန့်မှန်းတွက်ချက်မှုများ ပြုလုပ်နေကြသည်။ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပါမည်လား။ မည်သူအနိုင်ရရှိမည်နည်း။
ပထမဆုံးစွာ ဆိုရလျှင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာပြန်လည်ရရှိပြီး အစိုးရတခု ဖွဲ့စည်းခဲ့လျှင် အံ့အားသင့်စရာ မဟုတ်ပါ။ ဖိနှိပ်ချုပ်ခြယ်သော အစိုးရတခု၏ လက်အောက်တွင် နေခဲ့ရသည့် ကမာ္ဘ့မည်သည့်နေရာ၌မဆို ပြည်သူများက လူကြိုက်များသော ရွေးကောက်ခံအစိုးရတခုကို ဒုတိယ သက်တမ်း ထပ်ရွေးမည်ဟု ပြောခြင်းက အတော်လေး ဘေးကင်းသည့် လောင်းကြေးထပ်မှုတခု ဖြစ်ပါသည်။
ဒုတိယအချက်မှာ မြန်မာနိုင်ငံတွင် အမှန်တကယ် မေးရမည်မှာ NLD အနိုင်ရမည်လား သို့မဟုတ် ရှုံးနိမ့်သွားမည်လား မဟုတ်ဘဲ၂၀၁၅ ခုနှစ် သောင်ပြိုကမ်းပြို နိုင်ခဲ့သလို ထပ်နိုင်မည်လား ဆိုသည့် မေးခွန်းသာဖြစ်သည်။ NLD ထောက်ခံသူများက ထိုသို့ အပြတ်အသတ်နိုင်ရန် မျှော်လင့်နေသည်မှာ ထင်ရှားပါသည်။ သို့သော်လည်း လေ့လာဆန်းစစ်သူ အများအပြားကမူ ယခုတကြိမ်တွင် သောင်ပြိုကမ်းပြို မနိုင်နိုင်တော့ဟု သံသယ ရှိနေကြသည်။
ပြည်သူများက၂၀၁၅ ခုနှစ်ကထက် ကြောက်ရွံ့မှုနည်းပါးလာကြပြီး စစ်အာဏာရှင်များ၏ အရိပ်ကို စိုးရိမ်မှု မရှိကြတော့ပါ။
NLD ထိပ်တန်းခေါင်းဆောင်များက တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒမဲ ၅၇ ရာခိုင်နှုန်း အနိုင်ရလိမ့်မည်၊ ပါတီက အစိုးရတခု ဖွဲ့စည်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ဗမာလွှမ်းမိုးသည့် ဒေသများတွင် NLD က မဲအများအပြား ပိုမိုရနိုင်ဖွယ်ရှိသည်။
ပြည်သူများက၂၀၁၅ ခုနှစ်ကထက် ကြောက်ရွံ့မှုနည်းပါးလာကြပြီး စစ်အာဏာရှင်များ၏ အရိပ်ကို စိုးရိမ်မှု မရှိကြတော့ပါ။
ရွေးကောက်ပွဲပြီးနောက်တွင် NLD က အဓိက နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ရှိနိုင်ဖွယ်ရှိပါသည်။ တိုင်းရင်းသားပြည်နယ်များတွင်မူ အထူးသဖြင့် ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် အချို့သော တိုင်းရင်းသားပါတီများ အခြေအနေ ကောင်းနိုင်သည်။ ပြည်နယ်နှင့် တိုင်းလွှတ်တော်များတွင် တိုင်းရင်းသားကိုယ်စားလှယ်များကို ကျနော်တို့ ပိုမိုတွေ့ရဖွယ် ရှိပါသည်။
တိုင်းပြည်တွင် COVID-19 ကူးစက်မှု မြင့်တက်နေသော်လည်း NLD အလံများနှင့် တီရှပ်များ၏ “အနီရောင်ပင်လယ်” တခုကို ကျေးရွာများနှင့် မြို့များတွင် ကျနော်တို့ တွေ့မြင်ခဲ့ရသည်။ NLD သည် ဗမာအများစုရှိသော မဲဆန္ဒနယ်များ၌ အနိုင်ရလိမ့်မည်ဟု သေချာသည့် ညွှန်းကိန်းတခု ဖြစ်ပါသည်။
COVID-19 ကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများရှိသော်လည်း နိုဝင်ဘာ၈ရက်နေ့တွင် မဲပေးကြရမည်ဖြစ်သည်။ ကြိုတင်မဲပေးခြင်းများ ပေးနေပြီဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့သည်လည်း နေပြည်တော်တွင်ကြိုတင်မဲ ပေးခဲ့ကြသည်။
တပ်မတော်ထိပ်တန်း ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်အချို့က သူ့ကို များစွာ သဘောမကျကြသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အကြီးအကျယ် လူကြိုက်များနေဆဲဖြစ်သည်။ တိုင်းပြည်က ထိုနိုင်ငံရေး ပြတ်ရွေ့ကြောင်းအတိုင်း ဆက်လက်ကွဲပြားနေလိမ့်ဦးမည်ဖြစ်သည်။
သူ့ကို လူကြိုက်များဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စိန်ခေါ်မှုအချို့နှင့် ရင်ဆိုင်နေရသည်။ အကယ်၍ NLD ထပ်နိုင်ပါက မည်သူ သမ္မတဖြစ်လာမည်နည်း။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူက သမ္မတမဖြစ်နိုင်သည်မှာ အားလုံးသိထားပြီး ဖြစ်သည်။၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် NLD က ကြိုးပမ်းခဲ့သေးသော်လည်း လွှတ်တော်တွင် နေရာ ၂၅ ရာခိုင်နှုန်း ယူထားသည့် တပ်မတော်က NLD ဘက်မှ အဆိုပြုလာသော အပြောင်းအလဲများကို ပိတ်ဆို့ခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ပေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတွင် အုပ်ချုပ်ရေးအာဏာ အပြည့်အဝ ရှိသည်။ သို့သော်လည်း NLD အစိုးရလက်အောက်တွင်မူ ဒေါ်အောင်ဆန်းစုကြည်က ထိန်းချုပ်သူ ဖြစ်သည်။
NLD အစိုးရ၏ ပထမဆုံးသက်တမ်းအတွင်း မြန်မာနိုင်ငံတွင် သမ္မတ၂ ဦးရှိခဲ့သည်။ သမ္မတဟောင်း ဦးထင်ကျော်နှင့် လက်ရှိ သမ္မတ ဦးဝင်းမြင့်တို့ ၂ ဦးလုံးက ဒေါ်အောင်ဆန်းစုကြည်အား သစ္စာရှိရှိထောက်ခံသူများဖြစ်ပြီး ၂ ဦးလုံးက မြင်ကွင်းမှ ပျောက်ဆုံးနေခဲ့သည်။၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က သူသည် သမ္မတ၏ အထက်တွင် ရှိလိမ့်မည်ဟု အခိုင်အမာ ပြောဆိုခဲ့ခြင်းကို ထိုအဖြစ်က ထင်ဟပ်နေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဖြင့် ထိုအတိုင်း အပြည့်အဝ အကောင်အထည်ဖော်ခဲ့သည်။ ဦးထင်ကျော်နှင့် ဦးဝင်းမြင့် ၂ ဦးလုံးသည် ပွဲတက်ပုံရိပ်များအဖြစ်သာ သတ်မှတ်ခြင်း ခံခဲ့ရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတွင် အုပ်ချုပ်ရေးအာဏာ အပြည့်အဝ ရှိသည်။ သို့သော်လည်း NLD အစိုးရလက်အောက်တွင်မူ ဒေါ်အောင်ဆန်းစုကြည်က ထိန်းချုပ်သူ ဖြစ်သည်။
အကယ်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သူ၏ ပါတီ ထပ်မံအနိုင်ရမည်ဟု မျှော်လင့်ပါက (သူကလည်း မျှော်လင့်ထားပါသည်) သမ္မတသစ်ကို အဆိုပြုရမည် ဖြစ်သည်။ ထို့ပြင် သူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဆက်လက်ထိန်းထားမည်လား သို့မဟုတ် စွန့်လွှတ်မည်လားဆိုသည်က မသဲကွဲသေးပါ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုအစိုးရတွင် အုပ်ချုပ်ရေးကဏ္ဍမှ ပါဝင်ခွင့်ရရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ၂၀၁၆ ခုနှစ် ဧပြီလတွင် NLD အစိုးရက ဖန်တီးခဲ့သည်။ အစပိုင်းကတည်းကပင် လွှတ်တော်တွင်းမှ တပ်မတော်ကိုယ်စားလှယ်များက ထိုရာထူးဖန်တီးမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးရာထူးအပြင် ရာထူးအများအပြားကို တာဝန်ယူထားသည်။
အကယ်၍ ပြန်လည် ရွေးချယ်တင်မြှောက်ခံရပါက သူသည် လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်လာပါလိမ့်မည်။ သူ ဆန္ဒရှိလျှင် လွှတ်တော်ဥက္ကဋ္ဌလည်း ဖြစ်လာနိုင်သည်။ သို့သော်လည်း အသက် ၇၅ နှစ်အရွယ်တွင် သူက ထိုတာဝန်ကို ထမ်းဆောင်နိုင်မည်လားဆိုသည်မှာ သံသယဖြစ်ဖွယ်ရာပင်။ ယခုနှစ် အစောပိုင်းတွင် ထွက်ပေါ်ခဲ့သည့်သတင်းများတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ဥက္ကဋ္ဌအဖြစ်သာ ပါတီခေါင်းဆောင်မှုကဏ္ဍကို ပြန်ယူရန် စဉ်းစားနေသည်ဟု ဖော်ပြခဲ့ကြသည်။ သူက ထိုသို့ လုပ်/မလုပ်ကို စောင့်ကြည့်ရမည်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ပါတီသို့ ပြန်လျှင် တပ်မတော်က ပျော်ရွှင်စွာ နှုတ်ဆက်လိမ့်မည်ဖြစ်သည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က မျိုးဆက်သစ် ခေါင်းဆောင်များအတွက် လမ်းဖွင့်ရန်ပြင်ဆင်နေသည်ဆိုလျှင် သူ့အနေဖြင့် NLD ၏ ဖွဲ့စည်းတည်ဆောက်ပုံ organizational structure နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု institutional development ကို ခိုင်မာအားကောင်းစေရန် ပြုလုပ်ပေးရလိမ့်မည် ဖြစ်သည်။ ယခုအချိန်အထိမူ ထို ၂ မျိုးလုံးက NLD တွင် အားနည်းနေသည်။ လက်ရှိတွင် ပါတီ၌ သြဇာလွှမ်းမိုးမှုကြီးသော ခေါင်းဆောင်တဦးနှင့် သူ၏ နောက်လိုက်နောက်ပါများရှိသော်လည်း အခြားအရာကမူ အနည်းငယ်သာ ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်က သူ၏ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် အချိန်ပိုပေးရန်လည်း ဆန္ဒရှိနေသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကွယ်လွန်သူမိခင် ဒေါ်ခင်ကြည်၏ အမည်ကို ပေးထားသော အကျိုးအမြတ်မယူသည့် ထိုအဖွဲ့အစည်းကို ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ မြှင့်တင်ရန်အတွက် ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ သို့သော်လည်း မေးစရာရှိလာသည်မှာ သူအနေဖြင့် ယခု ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလအတွင်း သူ၏ အုပ်ချုပ်ရေးရာထူးကို စွန့်လွှတ်နိုင်မည်လောဟူ၍ပင် ဖြစ်သည်။
လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခင် သမ္မတဦးသိန်းစိန်နှင့် NLD အစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၂၀၂၁ နှစ် နှစ်လယ်တွင် အငြိမ်းစားယူရတော့မည်ဖြစ်သည်။
တပ်မတော်
မြန်မာ့တပ်မတော်က လွှတ်တော်တွင် နေရာ၂၅ ရာခိုင်နှုန်းအာမခံချက် ရရှိထားခြင်းက ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပိုမိုခက်ခဲစေသည့် အခြေအနေတခု ဖြစ်သည်။ ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၃ ခုကိုလည်း ၎င်းက ထိန်းချုပ်ထားသည်။ မြင်နိုင်သလောက်အနာဂတ်ကာလအတွက်လည်း တပ်မတော်က အမျိုးသား နိုင်ငံရေးတွင် ကဏ္ဍတခုမှ ဆက်လက်ပါဝင်နေလိမ့်မည်။ တပ်မတော် ခေါင်းဆောင်များက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ ကာကွယ်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမိန့်မဟုတ်ဘဲ သမ္မတ၏အမိန့်ကိုသာ နာခံမည်ဟု ပြောဆိုခဲ့ကြသည်။
လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယခင် သမ္မတဦးသိန်းစိန်နှင့် NLD အစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၂၀၂၁ နှစ် နှစ်လယ်တွင် အငြိမ်းစားယူရတော့မည်ဖြစ်သည်။
သူနှင့် NLD အစိုးရတို့၏ ဆက်ဆံရေးက မကောင်းမွန်ပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံနှင့် ပြည်သူလူထု အကျိုးကို ဆက်လက်ထမ်းရွက်လိုကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ သူက လာမည့်အစိုးရတွင် အုပ်ချုပ်ရေးရာထူးတခုကို မျှော်လင့်ထားကြောင်း ဤအချက်က ဖော်ပြနေသည်။ တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရယူထားသဖြင့် သူက ဒုတိယသမ္မတ ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း သူက ထိုနေရာမျှနှင့် ကျေနပ်ရောင့်ရဲပါမည်လော။
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း သူ့နေရာဆက်ခံမည့်သူကို ရွေးချယ်ရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် မေးစရာရှိလာသည်မှာ နောက်တက်လာမည့်ကာကွယ်ရေးဦးစီးချုပ်က မည်သူ ဖြစ်မည်နည်း။ ထင်ရှားသော အလားအလာရှိသူတဦးမှာ ဗိုလ်ချုပ်မှူးကြီး၏ လက်ရှိလက်ထောက်ဖြစ်သော ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဖြစ်သည်။ သို့သော်လည်း ထိုအတိုင်း ဖြစ်လာမည်လား။ ကာကွယ်ရေးဦးစီးချုပ်အသစ် ရွေးချယ်ခြင်းက နောက်လာမည့်အစိုးရကို စောင့်ဆိုင်းနေသည့် ခက်ခဲသော တာဝန်တခု ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက ကာကွယ်ရေးဦးစီးချုပ်အဖြစ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ) က အဆိုပြု၍ ထောက်ခံသော ကိုယ်စားလှယ်လောင်းတဦးကို ခန့်အပ်ရမည် ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အာဏာရလာပြီးနောက်ပိုင်း NLD က ကာလုံအစည်းအဝေးတကြိမ်မျှ ခေါ်ယူခြင်း မရှိသေးပါ။
အကယ်၍ NLD က ဤရွေးကောက်ပွဲတွင် အများစု အနိုင်ရပါက ဆိုးရွားလှသော သံသရာက ဆက်လက်တည်ရှိလိမ့်မည်ဟု မျှော်လင့်ရပါသည်။ တပ်မတော်နှင့် အစိုးရကြားမှ ဆက်ဆံရေးက တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ပါ။
ထို့ကြောင့် ရွေးကောက်ပွဲကာလ ကျော်လွန်ပြီးချိန်တွင် ကျနော်တို့အတွက် စိတ်ဝင်စားဖွယ်ကောင်းသောအချိန်များသို့ ရောက်မည်ဖြစ်သည်။ အကယ်၍ အစိုးရသစ်နှင့် တပ်မတော်က အတူတကွလုပ်ဆောင်ကြမည်ဟု တိုင်းပြည်အတွက် အောင်မြင်ရာ အောင်မြင်ကြောင်း ကတိကဝတ်တခု ရယူနိုင်ခဲ့လျှင် ကျနော်တို့အတွက် အံ့သြစရာလည်း ဖြစ်၊ ကောင်းချီးမင်္ဂလာတခုလည်း ဖြစ်ပါလိမ့်မည်။ ထိုရလဒ် ထွက်ပေါ်လာနိုင် မနိုင်ကို သံသယလည်း ရှိနေပါသည်။
(အောင်ဇော်သည် ဧရာဝတီသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သည်။ သူ၏ Post-Election Palm Reading as Myanmar’s Vote Nears ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
တပ်မတော်ရဲ့ သတိပေးချက် နိုင်ငံရေးအသိုင်းအဝိုင်းက ဘယ်လိုတုံ့ပြန်သလဲ
လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီတွေ နိုင်မလဲ
တိုင်းရင်းသား ပြည်နယ်တွေ ဘယ်လောက်တိုးတက်ခဲ့သလဲ