အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထူထောင်ရန်နှင့် ပိုမို ဒီမိုကရေစီကျသောစနစ်အတွက် တောင်းဆိုမှုများဖြင့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )က တပ်မတော်အား ထိပ်တိုက်တွေ့သော ကာလများ ကုန်ဆုံးသွားပြီဖြစ်သည်။ အင်အားကြီးမားသော တပ်မတော်က NLD တက်ကြွလှုပ်ရှားသူများ အညံ့ခံလာစေရန် ထောင်ချညှင်းပမ်းနှိပ်စက်သော ခေတ်လည်း ကုန်ဆုံးသွားပြီဖြစ်သည်။
ရွေးကောက်ပွဲ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သောပါတီများကို ထောက်ခံခဲ့ပြီးနောက် တပ်မတော်သည် နိုင်ငံရေးအရှိတရား အသစ်တခုဖြစ်သည့် NLD ကို ရုတ်တရက် နားလည်လက်ခံသွားသည်။ တခါက ခါးသီးသော ရန်သူများသည် ၎င်းတို့အတူတွ ယှဉ်တွဲတည်ရှိရမည်ကို သဘောပေါက်လာကြသည်။ ထိုသို့ နားလည်သဘောပေါက်ခြင်းသည် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို အနီရောင်လွှမ်းသော ဒီမိုကရေစီ ပြပွဲတခု ဖြစ်သွားစေသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဆုံးမသတ်သေးသော်လည်း ကနဦး ရလဒ်များအရ NLD သည် နောက်တကြိမ် အကြီးအကျယ် အနိုင်ရကြောင်းပြသနေသည်။ တချိန်တည်းတွင်လည်း တပ်မတော်က ကျွမ်းဝင်သောပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် မဲဆန္ဒရှင်များအတွက် အခြားရွေးချယ်စရာ ဖြစ်မလာနိုင်တော့ကြောင်းမှာလည်း အလွန်ထင်ရှားနေသည်။
ရွေးကောက်ပွဲမတိုင်မီက တပ်မတော်နှင့် NLD တင်းမာမှုများမြင့်မားနေကြောင်း သတင်းများက ပြောခဲ့သည်။ ရွေးကောက်ပွဲမတိုင်မီက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲသည် အကြမ်းဖက်မှုများကို မီးထိုးပေးမည်ဟု ဆိုပြီး အစိုးရ၏လက်ခံနိုင်ဖွယ်မရှိသော အမှားများဟု သူ ယူဆသော အချက်များကို ဝေဖန်သည်။ နောင်တွင်မူ ပြည်သူ့ဆန္ဒအရ ထွက်ပေါ်လာသော ရလဒ်ကို လက်ခံမည်ဖြစ်ကြောင်း သူပြောသည်။
NLD က နောက်တကြိမ် အပြတ်အသတ်နိုင်လိုက်သောကြောင့် တပ်မတော်သည် ၎င်း၏ အကျိုးစီးပွားများ သက်ဆိုးရှည်စေရန်နှင့် ကာကွယ်ရန် NLD နှင့် ပေါင်းရန် ပိုမိုဖြစ်လာနေချိန်တွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် လက်ဝေခံပါတီများကို မည်မျှကြာကြာ ထောက်ခံနေဦးမည်နည်းဟူသည့် မေးခွန်းကို မလွှဲမရှောင်သာ မေးလာရသည်။
NLD က နောက်တကြိမ် အပြတ်အသတ်နိုင်လိုက်သောကြောင့် တပ်မတော်သည် ၎င်း၏ အကျိုးစီးပွားများ သက်ဆိုးရှည်စေရန်နှင့် ကာကွယ်ရန် NLD နှင့် ပေါင်းရန် ပိုမိုဖြစ်လာနေချိန်တွင် အရှုံးနှင့် ရင်ဆိုင်နေရသည့် လက်ဝေခံပါတီများကို မည်မျှကြာကြာ ထောက်ခံနေဦးမည်နည်းဟူသည့် မေးခွန်းကို မလွှဲမရှောင်သာ မေးလာရသည်။
လက်ရှိအချိန်အထိ မဖြစ်နိုင်ဟု ယူဆနေရသော ချစ်သော်လည်း အောင့်ကာနမ်းရမှုက မည်သို့ဖြစ်လာနိုင်မည်ကို မြန်မာနိုင်ငံ၏ လတ်တလော ရွေးကောက်ပွဲသမိုင်းက ညွှန်ပြနေသည်။ မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က ပြည်သူ့လွှတ်တော်ကို ရွေးချယ်ချိန် စစ်ဖက်က ကျောထောက်နောက်ခံပြု တိုင်းရင်းသား စည်းရုံးညီညွတ်ရေးပါတီ(NUP) သည် နိုင်ငံရေး ရှုခင်းကို အပြောင်းအလဲဖြစ်သွားစေသည်။ NUP သည် ၁၉၈၈ ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး အုံကြွမှုအထိ နိုင်ငံတွင် တရားဝင် ခွင့်ပြုထားသည့် တခုတည်းသောပါတီဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမည်ပြောင်းထားသော ပါတီဖြစ်သည်။
NLD ခေါင်းဆောင် ထိုစဉ်က ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးခံထားရသော်လည်း သူမ၏ ပါတီသည် ကိုယ်စားလှယ်နေရာပေါင်း ၄၉၂ နေရာအနက် ၃၉၂ နေရာတွင် အနိုင်ရပြီး NUP မှာ မပြောပလောက်သည့် ၁၀ နေရာသာ အနိုင်ရသည်။ ထိုစဉ်က စစ်အစိုးရဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံရေးပန်းတိုင်ကို ပြောင်းလဲလိုက်ရသည်။ ထိုလွှတ်တော်ကို မည်သည့်အခါကမျှ ခေါ်ယူခြင်း မရှိခဲ့ပေ။
ထိုလွှတ်တော်အစား ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ ခန့်နှင့် တပ်မတော်က ခန့်အပ်သည့် ကိုယ်စားလှယ် ၆၀၀ တို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို နှစ်ပေါင်းများစွာရေးဆွဲကြသည်။ ထိုဖွဲ့စည်းပုံကို မဲလိမ်သော ဆန္ဒခံယူပွဲဖြင့် ၂၀၀၈ ခုနှစ်တွင် အတည်ပြုလိုက်သည်။
ထိုအချိန်တွင် တပ်မတော်က NUP သည် ၎င်းတို့အတွက် အသုံးမဝင်သော ရက်လွန်ပါတီဖြစ်ကြောင်း သဘောပေါက်လာသည်။
ထိုအချိန်တွင် တပ်မတော်က NUP သည် ၎င်းတို့အတွက် အသုံးမဝင်သော ရက်လွန်ပါတီဖြစ်ကြောင်း သဘောပေါက်လာသည်။
ထိုနောက် ဗိုလ်ချုပ်ကြီးများသည် ထိုစဉ်က တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယက အဖြစ်ဆောင်ရွက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ကိုအားကိုးလာပြီး အင်ဒိုနီးရှားနိုင်ငံတွင် အာဏာရှင်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ အောင်မြင်စွာကူးပြောင်းပေးခဲ့သည့် စစ်ဖက် ကျောထောက်နောက်ခံပြုပါတီ ဂိုလ်ကာပါတီ ပုံစံမျိုးပြုလုပ်လာသည်။
USDA သည် အတ်ိုက်အခံများကို အကြမ်းဖက်သောကြောင့် အမည်ဆိုးဖြင့်ကျော်ကြားလှသော်လည်း ထိုအသင်းက ၎င်းတို့တွင် အဖွဲ့ဝင် ၂၄ သန်းရှိကြောင်း တခါကပြောခဲ့ဖူးသည်။ ၂၀၁၀ ခုနှစ်ဇွန်လတွင် USDA ကို နိုင်ငံရေးပါတီ USDP အဖြစ် မှတ်ပုံတင်ပြီး ထိုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် လုပ်ဆောင်သည်။ ထိုရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့သည်။
ပြိုင်ဖက်မရှိသလောက် နီးနီးဖြင့် ယှဉ်ပြိုင်ပြီး USDP က ပြည်သူ့လွှတ်တော်နေရာ ၃၂၅ နေရာအနက် ၂၅၉ နေရာ၊ အမျိုးသားလွှတ်တော်နေရာ ၁၆၈ နေရာအနက် ၁၂၉ နေရာ နှင့် ပြည်နယ်တိုင်းလွှတ်တော်နေရာ ၆၆၁ နေရာအနက် ၄၅၉ နေရာတွင် အနိုင်ရသည်။ တပ်မတော်ကလည်း လွှတ်တော်နှစ်ရပ်နှင့် ပြည်နယ်/တိုင်း လွှတ်တော်များတွင် ကိုယ်စားလှယ် လေးပုံတပုံ ခန့်အပ်သည်။
သို့သော် တကယ့် ဒီမိုကရေစီ ရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ်တွင် ကျင်းပသောအခါ USDP သည် နောင်တော်ကြီး NUP ကဲ့သို့ပင် ချေမှုန်းခံရကာ NLD က ပြည်သူ့လွှတ်တော်နေရာ ၃၃၀ တွင် ၂၅၅ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ၁၆၈ နေရာအနက် ၁၃၅ နေရာတွင် ယှဉ်ပြိုင် အနိုင်ယူသွားသည်။
USDP မှာ အမျိုးသားလွှတ်တော်တွင် မပြောပလောက်သည့် ၁၁ နေရာနှင့် ပြည်သူ့လွှတ်တော်တွင် ၃၀ နေရာသာ နိုင်သည်။ တပ်မတော်က ခန့်သည့် ကိုယ်စားလှယ်များနှင့် ပူးပေါင်းထားသည့် လွှတ်တော်တွင်းမှ စစ်ဖက်အင်အားစုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ရေးမှလွဲပြီး NLD ကို စိန်ခေါ်နိုင်ခြင်းမရှိခဲ့ပေ။
တနင်္ဂနွေနေ့က ကျင်းပသည့် ရွေးကောက်ပွဲများသည် အလားတူရလဒ်ကိုသာ ဖြစ်စေမည်ဟု မျှော်လင့်ရသည်။
တချိန်တည်းတွင် USDP သည် လက်ရှိ စစ်အရာရှိများနှင့် မသက်ဆိုင်သည့် အသက်အရွယ် အိုမင်းသည့် စစ်အရာရှိဟောင်းများ ဦးဆောင်သည့် ပါတီ၊ မည်သည့် လူထုထောက်ခံမှုကိုမျှ မရသော ပါတီဖြစ်လာသည်။ အကျဉ်းအားဖြင့်ဆိုပါက USDP သည် သက်တမ်းကုန်ပြီး အသုံးမဝင်ဖြစ်လာသည်။
တချိန်တည်းတွင် USDP သည် လက်ရှိ စစ်အရာရှိများနှင့် မသက်ဆိုင်သည့် အသက်အရွယ် အိုမင်းသည့် စစ်အရာရှိဟောင်းများ ဦးဆောင်သည့် ပါတီ၊ မည်သည့် လူထုထောက်ခံမှုကိုမျှ မရသော ပါတီဖြစ်လာသည်။ အကျဉ်းအားဖြင့်ဆိုပါက USDP သည် သက်တမ်းကုန်ပြီး အသုံးမဝင်ဖြစ်လာသည်။
ယခုအခါ NLD သည် အင်အားကြီးထွားလာပြီး စစ်ဖက်က လျစ်လျူရှုထားမရတော့သည့် အရပ်ဖက်အင်အားစုဖြစ်လာသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲအပေါ် ယုံကြည်လက်ခံနိုင်မှုကို မေးခွန်းထုတ်ပြီး နောင်တွင် အကြမ်းဖက်မှုများဖြစ်လာမည်ဟု သတိပေးခဲ့သည်။ ထိုသို့ သတိပေးခြင်းသည် ပြည်ထောင်စုပြိုကွဲရေးကို ဖြစ်စေနိုင်သည့် ပုန်ကန်မှု၊ အကြမ်းဖက်မှုများဖြစ်လာပါက အာဏာသိမ်းရန် ၂၀၀၈ အခြေခံဥပဒေကပေးသော အခွင့်အရေးကို အသုံးချရန်ဖြစ်သည်ဟု အချို့က ဖွင့်ဆိုကြသည်။
သို့သော် ထိုသို့ကြီးမားပြီး ဒီမိုကရေစီကို ဆိုင်းငံ့လိုက်ရမည့် လုပ်ရပ် ကိုယ်နှိုက်သည်ပင် အကြမ်းဖက်မှုများအား ဖြစ်လာစေနိုင်သောကြောင့် ထိုနည်းလမ်းကို တပ်မတော်က ရွေးချယ်ရန် အလွန်ခက်ခဲသည်။ တဖက်တွင် တချိန်က ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၂၀၁၂ ခုနှစ် လွှတ်တော်ကိုယ်စားလှယ် မဖြစ်မီကပင် သိသိသာသာ ပျော့ပြောင်းသွားသည်။ ယခင်က သူမသည် လမ်းမများနှင့် လူထုစုဝေးပွဲများတွင် လူထုကို ဦးဆေင်ပြီး စစ်ဖက်၏ အာဏာကို စိန်ခေါ်သည်။
၂၀၁၃ ခုနှစ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်က BBC နှင့်တွေ့ဆုံမေးမြန်းခန်းတခုတွင် “ကျမက တပ်မတော်ကို ချစ်တယ်။ ဘာကြောင်လည်း့ ဆိုတော့ ဖေဖေ့တပ်မတော်လို့ပဲ အမြဲမြင်လို့ဖြစ်တယ်” ဟု ပြောလိုက်သောအခါ ပြည်တွင်းပြည်ပမှ သူမကို ထောက်ခံသူများအကြား တုန်လှုပ်သွားစေသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိန် ကိုလိုနီဘဝမှ လွတ်မြောက်ရေးတိုက်ပွဲကို ဦးဆောင်ပြီး လွတ်လပ်ရေးမရမီ နှစ်ဝက်အလို ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် လုပ်ကြံခံရပြီး သေဆုံးသွားခဲ့သည်။
အတိတ်က ဒီမိုကရေစီရေးတိုက်ပွဲကြောင့် ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အ၀ မယုံကြည်ကြသော်လည်း လွန်ခဲ့သော နှစ် ဒီဇင်ဘာလက သဟိဂ်ရှိ နိုင်ငံတကာ တရားရုံးသို့ သွားရောက်ပြီး ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်သည်ဆိုသည့် စွပ်စွဲချက်များကို ရင်ဆိုင်ပြီး နိုင်ငံ၏ မှတ်တမ်းကို ခုခံကာကွယ်သောအခါ ဗိုလ်ချုပ်များ၏ ဒေါ်အောင်ဆန်းစုကြည် အပေါ်အမြင်သည် သိသိသာသာပျော့ပျောင်းလာသည်။
စစ်ဖက်က ညှင်းပမ်းနှိပ်စက်ခံရသည့် ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် သူမကို ပေးထားသော ဆုတံဆိပ်များကို တခုပြီးတခု ရုတ်သိမ်းနေသော အနောက်ကမ္ဘာတွင် အပစ်ပယ်ခံရခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကို ယခင်ထက် ပိုမို လိုလား၍ပင် လာနိုင်သေးသည်။
စစ်ဖက်က ညှင်းပမ်းနှိပ်စက်ခံရသည့် ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် သူမကို ပေးထားသော ဆုတံဆိပ်များကို တခုပြီးတခု ရုတ်သိမ်းနေသော အနောက်ကမ္ဘာတွင် အပစ်ပယ်ခံရခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကို ယခင်ထက် ပိုမို လိုလား၍ပင် လာနိုင်သေးသည်။
နိုင်ငံတော်အတိုင်ပင်ခံ သို့မဟုတ် နိုင်ငံခေါင်းဆောင်အဖြစ် လေးနှစ်ကြာ ဆောင်ရွက်ပြီးနောက် တိုင်းပြည်၏ အာဏာစနစ်ကို ပြောင်းလဲရန် မည်သည့်အားထုတ်မှုမဆိုသည် လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရခိုင်နှုန်းက ထောက်ခံရန်လိုပြီး ထိုလုပ်ရပ်ကို တပ်မတော်သားကိုယ်စားလှယ်များက ပိတ်ဆို့မည်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်သည် ဖြစ်မည်။
တပ်မတော် အခြေစိုက် မဲဆန္ဒနယ်များမှ ကနဦး မဲရလဒ်များကလည်း ထိုနယ်များတွင် USDP ထက် NLD ကို ထောက်ခံကြောင်း ပြသနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က သူမကို ထောက်ခံသူများ အထူးသဖြင့် တိုင်းရင်းသားဒေသများနှင့် မြို့ပြလူလတ်တန်းစားများ အချို့အတွက် စိတ်ပျက်စရာ ဖြစ်နေနိုင်မည်။
သို့သော် သူမအပေါ် ထောက်ခံမှုသည် ဗမာလွှမ်းမိုးသော ပြည်မတွင် အခိုင်အမာ ရှိနေသေးပြီး ထိုအချက်သည် တပ်မတော်အနေဖြင့် မူလန်ိုင်ငံရေး အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းနိုင်ရန် နိုင်ငံရေး မဟာမိတ်ထံမှ လိုအပ်နေသော အချက်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း တပ်မတော်ကို စည်းရုံးဆွဲဆောင်ခြင်းသည် ထိပ်တိုက်တွေ့ခြင်းထက် ပိုမိုကောင်းမွန်သော သေနင်္ဂဗျူဟာ ဖြစ်ကြောင်း သက်သေပြပြီးဖြစ်သည်။ ၎င်းတို့သည် တပ်မတော်က ချုပ်ကိုင်သည့် သြဇာကြီးမားသော ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန သုံးခုရှိသည့် အစိုးရတွင် ပူးပေါင်းဆောင်ရွက်နေပြီးလည်း ဖြစ်နေသည်။
ထို့ကြောင့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည်ထက် တဖက်နှင့် တဖက် မရှိမဖြစ် လိုအပ်လာသော မဟာမိတ်များဖြစ်လာသည့် ရန်သူဟောင်းများအကြား နောက်ကွယ်အာဏာခွဲဝေရေး ဆွေးနွေးပွဲများ ဖြစ်စေနိုင်သည့် လမ်းကြောင်းသာ ဖြစ်တော့သည်။
(Asia Times ပါ Bertil Lintner ၏ Election brings Suu Kyi and military closer together ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲ ပြန်ကျင်းပရန် တောင်းဆိုမှု တပ်သဘောထား မပါ
တိုင်းလုံးကျွတ် ရှုံးတာဟာ ကျနော်တို့ချည်းပဲ ညံ့လို့တော့ မဟုတ်ဘူး
NLD ဘာကြောင့် သောင်ပြို ကမ်းပြို နိုင်ခဲ့သလဲ