၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှာ နိုင်ငံရေးပါတီများ၊ ပါတီထောက်ခံသူများ အကြား ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့အတွက် ပြည်သူလူထုက ရွေးကောက်ပွဲကို အေးအေးချမ်းချမ်း ကျင်းပနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေ များခဲ့ကြတယ်။
ရွေးကောက်ပွဲအလွန်ကာလမှာလည်း ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူး၊ ရွေးကောက်ပွဲ အသစ် ပြန်လည်ကျင်းပပေးရမယ်ဆိုတဲ့ တောင်းဆိုချက်တွေကြောင့် ပြည်သူလူထုကြားမှာ စိုးရိမ်စိတ် ရော၊ ဒေါသတွေပါ မြင့်တက်ခဲ့တယ်။
ဒီအခြေအနေကို ကုစားနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေမှာ တာဝန်ရှိသလို ဦးလှသိန်းဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာလည်း တာဝန်ရှိတယ်။
ကန့်ကွက်ခြင်း
လက်ရှိအချိန်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၁၆ ခုရဲ့ ရွေးကောက်ပွဲရလဒ်တွေ တရားမဝင်ဘူးလို့ ကန့်ကွက်မှုကို လက်မခံဘဲ ရွေးကောက်ပွဲ ရလဒ်အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ပြောထားတယ်။
ရွေးကောက်ပွဲရလဒ် တခုလုံးကို လက်မခံဘူးလို့ပြောနေတာကို ပယ်ချတာ သဘာဝကျပါတယ်။ ထောက်ခံပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လုံးဝပယ်ဖျက်လိုက်ရင် ရွေးကောက်ပွဲရလဒ်ကို လက်ခံထားတဲ့ပါတီတွေရဲ့ အနိုင်ရလဒ်တွေကိုရော၊ ကန့်ကွက်နေတဲ့ပါတီတွေရဲ့ အနိုင်ရလဒ်ကိုပါ တဖက်သတ် ပယ်ဖျက်ရာရောက်တဲ့အတွက် တရားနည်းလမ်းကျမှာ မဟုတ်ဘူး။
ရွေးကောက်ပွဲရလဒ် တခုလုံးကို လက်မခံဘူးလို့ပြောနေတာကို ပယ်ချတာ သဘာဝကျပါတယ်။ ထောက်ခံပါတယ်။
ဒါ့အပြင်ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပေးဖို့ဆိုတာ ရွေးကောက်ပွဲဝင် ပါတီအများစု၊ စောင့်ကြည့်လေ့လာတဲ့အဖွဲ့ အများစုရဲ့ထောက်ခံမှု လိုအပ်သလို မဲဆန္ဒရှင်အများစုကလည်း လွတ်လပ်မှု မရှိဘူး၊ တရားမျှတမှု မရှိဘူးလို့ တောင်းဆိုတာမျိုး ဖြစ်ဖို့လိုတယ်။ အခုအခြေအနေက အဲဒီလိုမဟုတ်ဘူး။
ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးချင်းဟာ သူ့မဲဆန္ဒနယ် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ ကန့်ကွက်လွှာ တင်သွင်းခွင့်ရှိတယ်။ ရဲတပ်ဖွဲ့ကို တိုင်ကြားခွင့်ရှိတယ်ဆိုတာကိုတော့ လက်ခံရမယ်။ ပါတီရဲ့ လုပ်ရပ်အပေါ် သဘောမတူနိုင်တာကြောင့် ကိုယ်စားလှယ်လောင်းတဦးချင်းရဲ့ ကန့်ကွက် လွှာတင်သွင်းမှုတွေကို လျစ်လျူရှုထားသလို မဖြစ်ဖို့ လိုတယ်။
ဒါ့ကြောင့် ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ ကန့်ကွက်လွှာတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းက ကြည့် ရှုခွင့်၊ ကူးယူခွင့်ရှိတဲ့ စာရွက်စာတမ်းအထောက်အထားများကိုလည်း သက်ဆိုင်ရာ ကော်မရှင် အဆင့်ဆင့်က အမြန်ဆုံး လေ့လာကြည့်ရှုခွင့်ပြုသင့်တယ်။ ဒီလုပ်ငန်းကို အချိန်ဆွဲထားရင် ကော်မရှင်အပေါ်မှာ အထင်မှားမှုတွေ ပေါ်ထွက်လာနိုင်တယ်။
ရွေးကောက်ပွဲ ခုံအဖွဲ့
နိုင်ငံရေးပါတီ ၁၆ ပါတီအုပ်စုက ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တခု ဖွဲ့ပေးဖို့ တောင်းဆိုထားတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်ရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာပဲ တာဝန်ရှိတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ် အတည်ဖြစ်တယ်။ ဒါ့ကြောင့် အငြင်းပွားမှုတွေအတွက် လွတ်လပ်သောစုံစမ်းရေးကော်မရှင်တခု ဖွဲ့စည်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ တောင်းဆိုချက်ပဲ။
ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကော်မရှင်ဆောင်ရွက်ချက်များအပေါ် သံသယတွေ နည်းပါးသွားအောင် အောက်ပါအတိုင်း လုပ်ဆောင်သင့်ပါတယ်။
ပထမလုပ်ငန်းက ကန့်ကွက်လွှာများကို စစ်ဆေးမယ့် ရွေးကောက်ပွဲ ခုံအဖွဲ့တွေနဲ့ ဆိုင်တယ်။ ကော်မရှင်က ရွေးကောက်ပွဲ ခုံအဖွဲ့တွေကို ဖွဲ့စည်းရာမှာ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၆၉ (က) အရ ကော်မရှင် အဖွဲ့ဝင်သုံးဦး နဲ့ ဖွဲ့လို့ရသလို ၆၉ (ခ) အရ ကော်မရှင်အဖွဲ့ဝင်တဦးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ဥပဒေကျွမ်းကျင်ပြီး သင့်လျော်တဲ့ နိုင်ငံရေးပါတီဝင် မဟုတ်တဲ့ နိုင်ငံသား ၂ ဦးက အဖွဲ့ဝင်အဖြစ်နဲ့ လည်း ဖွဲ့စည်းလို့ရတယ်။
လက်ရှိရွေးကောက်ပွဲ အပေါ် ပြန်လည်သုံးသပ်ပြီး အနာဂတ်ရွေးကောက်ပွဲတွေမှာ ဘာတွေ ပြင်ဆင်ဆောင်ရွက်သင့်သလဲ ဆိုတဲ့ အချက်တွေကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူများပါဝင်တဲ့ ကော်မရှင်တခုက လေ့လာဆန်းစစ် တာမျိုးတော့ လုပ်သင့်တယ်။
ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲခုံအဖွဲ့တွေကို ဖွဲ့စည်းတဲ့အခါ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့များ၊ အခြား ဥပဒေဆိုင်ရာ အဖွဲ့ အစည်းများနဲ့ ညှိနှိုင်းပြီး သင့်တော်တဲ့ နိုင်ငံသားတွေကို ရွေးချယ်တာဝန်ပေးနိုင်ရင် ကော်မရှင်ရဲ့ တရားမျှတမှုကို ပိုသက်သေပြနိုင်မယ်လို့ ယူဆပါတယ်။
ဒုတိယအချက်က စုံစမ်းရေးကော်မရှင်ကိစ္စ။ ရွေးကောက်ပွဲရလဒ်တွေကို လွတ်လပ်တဲ့ စုံစမ်း ရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့ တောင်းဆိုတာက မဖြစ်နိုင်ဘူး။ ဒါပေမယ့် လက်ရှိရွေးကောက်ပွဲ အပေါ် ပြန်လည်သုံးသပ်ပြီး အနာဂတ်ရွေးကောက်ပွဲတွေမှာ ဘာတွေ ပြင်ဆင်ဆောင်ရွက်သင့်သလဲ ဆိုတဲ့ အချက်တွေကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူများပါဝင်တဲ့ ကော်မရှင်တခုက လေ့လာဆန်းစစ် တာမျိုးတော့ လုပ်သင့်တယ်။
ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတကို ဒီလို ကော်မရှင်မျိုး ဖွဲ့စည်းပေးနိုင်ဖို့ တင်ပြမယ်ဆိုရင် အားလုံးက ကြိုဆိုမယ်လို့ ယုံကြည်ပါတယ်။
ပွင့်လင်းမြင်သာမှု
အခုလို ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ရွေးကောက် ပွဲကော်မရှင်ရဲ့ ပွင့်လင်းမြင်သာမှု အားနည်းခြင်းဟာလည်း အဓိက အချက်တခု ဖြစ်တယ်။ ဒါကို တော့ ကော်မရှင်အနေနဲ့ ငြင်းလို့မရဘူး။ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့် သူတွေကို မဲလက်မှတ်များ ပုံနှိပ်မှုကို လေ့လာစောင့်ကြည့်ခွင့်မပေးတာဟာ အလွန်ကြီးမားတဲ့ အားနည်းချက်ပဲ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ခွင့်ပြုခဲ့တဲ့လုပ်ငန်းတခုကို ခိုင်လုံတဲ့ အကြောင်းပြ ချက်မရှိဘဲ ဖျက်သိမ်းခဲ့တဲ့အတွက် သံသယတွေ ပိုများစေတယ်။
ပွဲဆူတာနဲ့ ပတ်သက်ပြီး ကစားသမားတွေနဲ့ ပရိသတ်မှာ တာဝန်ရှိသလို ဒိုင်လူကြီးမှာလည်း တာဝန် မကင်းဘူးဆိုတာကိုတော့ လက်ခံစေချင်ပါတယ်။
ဒီလိုပဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း လုပ်ငန်းတွေကို စောင့်ကြည့်ခွင့်မပြုဘူးလို့ သတ်မှတ်ထားတာဟာ အခုလို အငြင်းပွားမှုတွေ ပြင်းထန်နေချိန်မှာ မဖြစ်သင့်တဲ့ကိစ္စပဲ။ ဒီကန့်သတ်ချက်ကို ပြန်ပယ်ဖျက် သင့်ပါတယ်။
ဒါ့ကြောင့် လက်ရှိ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ပွင့်လင်းမြင်သာမှု ရှိရှိဖြေရှင်းဖို့ အကြံပြု ချင် ပါတယ်။ မဲလက်မှတ် ပုံနှိပ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းများ၊ စာရင်းဇယားများကို နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တွေကို ကြည့်ရှုခွင့် ပေးရမယ်။ အများပြည်သူသိအောင် ထုတ်ပြန်ပေးရမယ်။ ဒီလိုပဲ ရွေးကောက်ပွဲ အငြင်းပွားမှု ဖြေရှင်းခြင်း လုပ်ငန်းစဉ်အဆင့်တိုင်းကို နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများကို လေ့လာခွင့်ပေးရပါမယ်။
ပွဲဆူတာနဲ့ ပတ်သက်ပြီး ကစားသမားတွေနဲ့ ပရိသတ်မှာ တာဝန်ရှိသလို ဒိုင်လူကြီးမှာလည်း တာဝန် မကင်းဘူးဆိုတာကိုတော့ လက်ခံစေချင်ပါတယ်။
(စာရေးသူသည် သမ္မတဦးသိန်းစိန်လက်ထက် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်း၏ ကိုယ်ပိုင် လူမှုကွန်ရက်တွင် ရေးသားထားချက်အား ၎င်း၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်။)
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်
ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲ ပြန်ကျင်းပရန် တောင်းဆိုမှု တပ်သဘောထား မပါ
NLD ဘာကြောင့် သောင်ပြို ကမ်းပြို နိုင်ခဲ့သလဲ