ကမ္ဘာ့ဒဿနိကဗေဒနေ့

ဒေါက်တာဆန်းထွန်း (ဒဿနိကဗေဒ)
ဘဝကို မစူးစမ်းမလေ့လာဘဲ အသက်ရှင်နေခြင်းသည် အချီးနှီးသော နေခြင်း ဖြစ်တယ်လို့ ဆိုကရေးတီး က မိန့်ဆိုခဲ့ပါတယ်
Want create site? Find Free WordPress Themes and plugins.

ဒဿနိကဗေဒ ပညာရပ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ နိုဝင်ဘာလ ရဲ့ တတိယပတ် ကြာသတေးနေ့ကို ကမ္ဘာ့ဒဿနိက ဗေဒနေ့  World Philosophy Day အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ယူနက်စကို UNESCO အဖွဲ့က ၂၀၀၂ မှာ စတင် သတ်မှတ် ကျင်းပခဲ့ပါတယ်။  ယူနက်စကိုအဖွဲ့က  ဒဿနိကဗေဒ ပညာရပ် ဆိုတာ (၁) လောကကို ပိုမို နားလည်စေတဲ့ ပညာရပ်ဖြစ်တယ်။ (၂) သည်းခံခြင်း နဲ့ငြိမ်းချမ်းခြင်းကို မြှင့်တင်ပေးတဲ့ ပညာရပ် ဖြစ်တယ်။ (၃) ငြိမ်းချမ်းရေးကိုဖေါ်ဆောင်ပေးနိုင်တဲ့ ဒီမိုကရေစီရေး၊ တရားမျှတရေး နဲ့ တန်းတူညီမျှရေး အတွက် အခြေခံ စည်းမျဉ်းနဲ့ တန်ဖိုးတွေ စဉ်းစားတွေးခေါ် ပေးတဲ့ ပညာရပ်ဖြစ်တယ်လို့ ခံယူထားတာဖြစ်ပါတယ်။

ယူနက်စကို အထွေထွေအုပ်ချုပ်ရေးမှူးဖြစ်တဲ့ အီရီနာ ဘိုကိုဘာ က ဒဿနိကဗေဒ ဆိုတာ (၁) ငြိမ်းချမ်းရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိန်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားတွေးခေါ်ပြီး မေးခွန်းတွေ ထုတ်ပေးတယ်။ (၂) ကိုယ်ပိုင်စဉ်းစားဉာဏ် အတွေးအခေါ်နဲ့ ဝေဖန်သုံးသပ်နိုင်စွမ်းရှိဖို့ အားပေးတဲ့ ပညာရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

ယူနက်စကိုအဖွဲ့က ယူဆတာက စစ်ပွဲတွေ ဆိုတာ လူတွေရဲ့ စိတ်ထဲက စတင်ဖြစ်ပွားတာဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်း‌ရေး မြတ်နိုးတဲ့စိတ် တည်ဆောက်ပေးရမယ်။ လူသားချင်း အပြန်အလှန် လေးစားတဲ့ စိတ်ထား ရှိရမယ်။ ဒါဆိုရင် စစ်ပွဲတွေ မရှိတော့ပဲ ငြိမ်းချမ်း‌ရေး တည်ဆောက်နိုင်မယ် ဆိုပါတယ်။

ယူနက်စကိုအဖွဲ့က ယူဆတာက စစ်ပွဲတွေ ဆိုတာ လူတွေရဲ့ စိတ်ထဲက စတင်ဖြစ်ပွားတာဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်း‌ရေး မြတ်နိုးတဲ့စိတ် တည်ဆောက်ပေးရမယ်။ လူသားချင်း အပြန်အလှန် လေးစားတဲ့ စိတ်ထား ရှိရမယ်။ ဒါဆိုရင် စစ်ပွဲတွေ မရှိတော့ပဲ ငြိမ်းချမ်း‌ရေး တည်ဆောက်နိုင်မယ် ဆိုပါတယ်။

မြန်မာနိုင်ငံ မှာတော့ ၂၀၁၄ မှ စတင်ပြီး ဒဿနိကဗေဒ အသင်း (မြန်မာနိုင်ငံ) က ကမ္ဘာ့ဒဿနိကဗေဒ နေ့ကို စတင် ကျင်းပခဲ့ပါတယ်။  တက္ကသိုလ် ဆရာဆရာမများ ရဲ့ စာတမ်းဖတ်ပွဲများ၊  ဟောပြောပွဲများ၊ စာရေးဆရာ ကဗျာဆရာများရဲ့ ဆွေးနွေးပွဲများ ကျင်းပခဲ့ပါတယ်။ ရန်ကုန်မြို့ စာပေအသိုင်းအဝိုင်းမှာလည်း စာရေးဆရာ မောင်မောင်ဇေယျက ဦးဆောင်ပြီး စာရေးဆရာတွေ ကဗျာဆရာတွေနှင့် အတူ ဆွေးနွေးပွဲတွေ စီစဉ်ပြီး နှစ်စဉ် ကမ္ဘာ့ ဒဿနိကဗေဒ နေ့ ကျင်းပခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်  ဘွဲ့လွန် ဒဿနိကဗေဒ ဒီပလိုမာ သင်တန်းလာတက်သူတွေရဲ့ ကျွမ်းကျင်မှုနဲ့ ကြိုးစားမှုကြောင့် ရန်ကုန် တက္ကသိုလ် ရာပြည့် အကြို Philosophical Exhibition ကို အပန်းဖြေရိပ်သာမှာ ကျင်းပနိူင်ခဲ့ပါတယ်။ ၂၀၁၉ ကမ္ဘာ့ ဒဿနိကဗေဒ နေ့ ကိုလည်း ဒဿနိကဗေဒ အသင်း (မြန်မာနိုင်ငံ) နဲ့ ဆရာမောင်မောင်ဇေယျ တို့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ယခုနှစ်မှာတော့ ကိုဗစ် ၁၉ ကပ်ရောဂါ ကာလမို့ လူစုလူဝေး နဲ့ အခန်းအနားပွဲ မကျင်းပနိုင်ပဲ အွန်လိုင်းမှ တဆင့် Virtual Conference ကျင်းပမှာဖြစ်ပါတယ်။ ကျင်းပဖြစ်ပုံ အကြောင်းကိုလည်းတင်ပြပါရစေ။ ၂၀၁၉ က ဒဿနိကဗေဒ ဒီပလိုမာဘွဲ့ရသွားတဲ့ ဦးချစ်ကိုကို ( Success Life ) ရဲ့ စေတနာမျိုးစေ့ အကြောင်းပြုပြီး ဖြစ်ပေါ်လာတာပါ။ သူက စက်တင်ဘာလထဲမှာ ကျနော့်အိမ်ရောက်လာပါတယ်။ ကိုဗစ်ကာလ ဒဿနပညာ ဆွေးနွေးပွဲကို Zoom နဲ့ လုပ်ဖို့ ပြောပါတယ်။ ဒါနဲ့ပဲ အောက်တိုဘာလ ၃ ရက်နေ့ စနေနေ့က စပြီး မန္တလေးမြို့ မှာနေကြတဲ့ မန္တလာတက္ကသိုလ်က ပါမောက္ခ ဒေါက်တာသက်နိုင်၊ ကျောက်ဆည်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ထွန်းရွှေ ၊ မန္တလေး အဝေးသင်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ဝေယံလင်း တို့နဲ့ဆက်သွယ်ပြီး Ways of Life Philosophy Talk အဖွဲ့ဖွဲ့ပြီး စနေနေ့တိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြတယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးက ဒဿနိကဗေဒ ဆရာ ဆရာမ တွေလည်း တက်‌ရောက် နားထောင်ကြတယ်။ ဆွေးနွေးကြတယ်။

စနေ နှစ်ပတ်ဆွေးနွေးပြီးတဲ့နောက်မှာ ကမ္ဘာ့ဒဿနိကဗေဒ နေ့ က နိုဝင်ဘာလ ၁၉ ရက်နေ့ ဆိုတာ သတိရပြီး ကိုယ်တတ်နိုင်သလောက် ကျင်းပမယ် စိတ်ကူးကြပါတယ်။ ပြီးတော့မှ အစဉ်အလာ ကျင်းပခဲ့တဲ့ ဒဿနိကဗေဒ အသင်း ( မြန်မာနိုင်ငံ) က ဆရာဦးမြင့်ဆွေ၊ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ပါမောက္ခ ဒေါက်တာလဲ့လဲ့ဝင်း၊ မန္တလေးတက္ကသိုလ် ဒဿနိကဗေဒ ပါမောက္ခ ဒေါက်တာ မြတ်မွန်ဦး တို့နဲ့ တိုင်ပင်ကြပါတယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးက တက္ကသိုလ်များ ဒဿနိကဗေဒ ဆရာဆရာမများနဲ့လည်း Zoom Meeting တွေ ပြုလုပ်ကြပါတယ်။ Zoom Meeting တွေ ငါးကြိမ် ပြုလုပ်ပြီးတဲ့အခါ ဒဿနိကဗေဒ အသင်း (မြန်မာနိုင်ငံ) နဲ့ တက္ကသိုလ်များ ဒဿနိကဗေဒ မိသားစု ပူးပေါင်းကျင်းပ ဖို့ ဆုံးဖြတ်ပါတယ်။ အစီအစဉ်တွေ ချမှတ်ကြပါတယ်။ ဆရာဆရာမများ ရဲ့ စုပေါင်းရံပုံငွေကိုလည်း စုဆောင်းနိုင်ခဲ့ပါတယ်။

အစီအစဉ်အရ  ကမ္ဘာ့ဒဿနိကဗေဒနေ့ကို နိုဝင်ဘာ ၁၉ ရက် ကြာသပတေး နေ့ နံနက် ၉ နာရီခွဲ မှ စတင် ကျင်းပမှာ ဖြစ်ပါတယ်။ နံနက်ပိုင်းမှာ ဒဿနိကဗေဒ ဆရာဆရာမများ ဖြစ်တဲ့ ဦးမြင့်ဆွေ၊ ဒေါက်တာဟံဝင်း၊ ဒေါက်တာသက်နိုင်၊ ဒေါက်တာ လေးနွယ်၊ ‌ဒေါက်တာ ချောကေခိုင်လတ် တို့က  ကပ်ရောဂါကာလ ဘဝ နေထိုင်မှု ပုံစံ အသစ်နှင့် ပတ်သက်တဲ့  ဒဿနိကဗေဒ အမြင်ကို ဆွေးနွေးကြပါမယ်။ ဆရာဦးမြင့်ဆွေက အကြောက်တရား မှ သည်းခံခြင်းတရားဆီသို့  အမြင်နဲ့ ဆွေးနွေးပါမယ်။ ဒေါက်တာဟံဝင်းက ဝေဖန်ပိုင်းခြား ဆင်ခြင်တုံ တရား အမြင်နဲ့ ဆွေးနွေးပါမယ်။ ဒေါက်တာလေးနွယ်က ရလဒ် ပဓါန ဒဿနအမြင်နဲ့ ဆွေးနွေးပါမယ်။ ဒေါက်တာ ချောကေခိုင်လတ်က လူသားစိတ်ထား စိတ်စေတနာကောင်းမြတ်မှု ပဓါန အမြင်နဲ့ ဆွေးနွေးပါမယ်။ ဒေါက်တာ သက်နိုင်က ဆွေးနွေးပွဲကိုထိမ်းကျောင်းပေးသူ အဖြစ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

နေ့လယ်ပိုင်းမှာ ပါမောက္ခ ဦးအေးကျော် (စာရေးဆရာမောင်ကြည်သစ်) က ပြင်သစ်စာ‌ရေးဆရာ အဲလဘတ် ကာမြူးရဲ့ ပလိပ်ရောဂါ ဝတ္ထုအကြောင်းကို ဆွေးနွေးပါမယ်။ ကာမြူးက ဝတ္တု နဲ့ ပတ်သက်ပြီး မြန်မာစာပေလောက မှာ အသိများတာက “စည်းအပြင်ကလူ” ဝတ္ထု ဖြစ်ပါတယ်။ အဲဒီဝတ္ထု မှာ ဇာတ်ကောင် မားဆိုး က လူမပီသတဲ့သူ၊ လူ့ကျင့်ဝတ် စည်းအပြင်ကလူ အဖြစ် ဖန်တီးထားပါတယ်။ ပလိပ်တ္ထု မှာတော့ အခက်အခဲ ကာလ လူလူချင်း ကရုဏာ တရား ကိုယ်ချင်းစာတရားတွေ ဖြစ်ပေါ်လာတဲ့ လူသားဆန်မှုကို သရုပ်ဖော်ထားတဲ့ ဝတ္ထု ဖြစ်ပါတယ်။ ဆရာမောင်ကြည်သစ် ဆွေးနွေးပြီးနောက်မှာ စာရေးဆရာများ ဖြစ်ကြတဲ့ ဆရာညီပုလေး ၊ ဆရာမ မသီတာ (စမ်းချောင်း) ၊ ဆရာ ရဲသျှမ်း တို့ က သူတို့ တွေ့ကြုံ ဖြတ်သန်းလာခဲ့တဲ့ ဘဝက ပေးသော အတွေးအမြင်များ၊ စာပေကပေးသော ဘဝ အတွေးအမြင်များနှင့် ကပ်ရောဂါကာလ ဘဝ အတွေးအမြင်များကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ ကျနော်က ဆရာမောင်ကြည်သစ် ဆွေးနွေးပွဲ နဲ့ စာရေးဆရာ ၃ ဦးဆွေးနွေးပွဲမှာ ဆွေးနွေးပေးသူ အဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။

ဒဿနိကဗေဒ ဆိုတာ  ဘဝအတွေးအမြင် နဲ့လောက အတွေးအမြင်တွေ ဖြစ်ပါတယ်။ ဘဝ ကောင်းကျိုး လောက ကောင်းကျိုး အတွက် အသုံးချရတာဖြစ်ပါတယ်။ ဘဝ နဲ့ လောက အကြောင်းကို စနစ်တကျ မှန်မှန်ကန်ကန်  စူးစမ်း ဆင်ခြင်လေ့လာရတဲ့ပညာရပ် ဖြစ်ပါတယ်။

ဘဝကို မစူးစမ်းမလေ့လာဘဲ အသက်ရှင်နေခြင်းသည် အချီးနှီးသော နေခြင်း ဖြစ်တယ်လို့  ဆိုကရေးတီးက မိန့်ဆိုခဲ့ပါတယ်။

ဘဝကို မစူးစမ်းမလေ့လာဘဲ အသက်ရှင်နေခြင်းသည် အချီးနှီးသော နေခြင်း ဖြစ်တယ်လို့  ဆိုကရေးတီးက မိန့်ဆိုခဲ့ပါတယ်။

ဒဿနိကဗေဒ ဆိုတာ မှန်ကန်တဲ့ ဆင်ခြင်မှုနဲ့ သိမြင်လာတဲ့ ဘဝ အတွေးအမြင် လောက အတွေးအမြင်တွေကို ဘဝ အတွက် လောက အတွက် အကျိုးရှိ အောင် အသုံးချရတဲ့ ပညာရပ်ဖြစ်ပါတယ်။

သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်း က သမိုင်းသင်တာ မအ အောင် သင်တာ လို့ပြောပါတယ်။ ဒဿနိကဗေဒ ဆိုတာက ရှုထောင့်အမျိုးမျိုးက တွေးမြင် လေ့လာရတဲ့ ဘာသာရပ် ဖြစ်တာမို့ ဒဿနိကဗေဒ  သင်တာ တယူမသန် အောင် သင်ယူရတာ ဖြစ်ပါတယ်။ တယူသန်တယ် ဆိုတာ ကိုယ်ရှုထောင့် အမြင်တခုတည်းကိုသာ မှန်တယ်လို့ တရားသေယူဆပြီး အခြားရှုထောင့် တွေ သူတပါးအမြင်တွေကို နားမထောင်တတ်တာ မစဉ်းစားပဲနေတာကို ဆိုလိုတာပါ။

ဒါကြောင့် ဘဝ ကောင်းကျိုး လောက ကောင်းကျိုးကို အသုံးချနိုင်တဲ့ ဘဝအတွေးအမြင် လောက အတွေးအမြင် တွေ ဖြစ်တဲ့ ဒဿနိကဗေဒ ဆိုင်ရာဆွေးနွေးချက်များကို ကြည့်ရှု နားဆင်နိုင်ကြပါ ကြောင်း တင်ပြအပ်ပါတယ် ။ ၁၉. ၁၁. ၂၀၂၀ ‌နေ့ မှာ  ကမ္ဘာ့ ဒဿနိကဗေဒ နေ့ World Philosophy Day 2020 Myanmar အခန်းအနားကို  Zoom Webinar မှ လည်းကောင်း Philosophy Association Myanmar Face Book Page မှ လည်းကောင်း Online မှ တဆင့် ကြည့်ရှုနားဆင်နိုင်ပါတယ်၊၊ ကျေးဇူးတင်ပါတယ်။

(စာရေးသူသည် ပါမောက္ခ ( ဌာနမှူး) ငြိမ်း ဒဿနိကဗေဒဌာန၊ ဒဂုံတက္ကသိုလ် ဖြစ်ပြီး ကမ္ဘာ့ဒဿနိကဗေဒနေ့  ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သည်။)

You may also like these stories:

မြန်မာ ဥပဒေ ကျောင်းသားများ ဒေသခံ လူထုအတွက် ဥပဒေဆိုင်ရာ သတင်းအချက်အလက်များ ပေးနေ

ကိုဗစ်ကပ်ရောဂါကာလ အလုပ်သမားအခွင့်အရေး ပိုကာကွယ်ရန် လိုအပ်

စားနပ်ရိက္ခာဟာ ဝမ်းဝရုံ အသက်မွေးရုံ သက်သက် မဟုတ်ဘူး

အမျိုးသမီးများနှင့် ကျားမ ရေးရာ ရှုထောင့်ကို မြန်မာ့တပ်မတော်အတွင်း ထည့်သွင်းတည်ဆောက်ပါ

Did you find apk for android? You can find new Free Android Games and apps.
Loading