NLD အနိုင်ရတဲ့ အခြေခံတရားနဲ့ ပြည်သူပေးတဲ့တာဝန်

ကျော်စွာမိုး
မန္တလေးမြို့တွင် နိုဝင်ဘာ ၉ ရက် ရွေးကောက်ပွဲ အောင်ပွဲခံနေကြစဉ် / ဇော်ဇော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သောင်ပြိုကမ်းပြိုနိုင်တာဟာ ဒီအချိန်မှာ သတင်းမဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီလောက် အပြတ်အသတ်နဲ့ NLD ဘာကြောင့်ထပ်နိုင်သလဲ၊ ဒါက မြန်မာပြည်သူတွေအတွက် ဘယ်လိုအဓိပ္ပါယ်ဆောင်သလဲဆိုတာနဲ့ ဒီအောင်ပွဲကနေတဆင့် ကမ္ဘာက ဘယ်လိုအဓိပ္ဗါယ်ယူရမလဲ ဆိုတာတွေကတော့ သေချာနားလည်ဖို့အရေးကြီးပါတယ်။

NLD ရဲ့အောင်ပွဲဟာ ၁၉၉၀ ရွေးကောက်ပွဲကနေ စတွက်ရင် တတိယအကြိမ်မြောက်ပါ။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ အထွေထွေရွေးကောက်ပွဲ လေးကြိမ်ကျင်းပပြီးပါပြီ။ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ်တို့ပါ။ သိတဲ့အတိုင်း ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီအပြင် တခြားဒီမိုကရေစီပါတီတွေ နဲ့ တိုင်းရင်းသားပါတီအတော်တော်များများက ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီး ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပါဘူး။

ဝင်ပြိုင်ခဲ့တဲ့ ကျန်တဲ့ ရွေးကောက်ပွဲ သုံးကြိမ်လုံးမှာ NLD ဟာ သောင်ပြိုကမ်းပြိုကြီးပဲ နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း လွှတ်တော်နေရာ ၄၄ နေရာဝင်ရောက်ယှဉ်ပြိုင်တာမှာ ၄၃ နေရာအနိုင်ရခဲ့ပါတယ်။ ဒါကြောင့် သူဝင်ရောက်ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲ ၄ ခုလုံးမှာ အပြတ်အသတ်ပဲနိုင်ခဲ့တာပါ။

NLD အနိုင်ရခြင်းအခြေခံအကြောင်းအရင်းတခုက ယုံကြည်မှုပါပဲ။ ပြည်သူအများစုက NLD ပါတီနဲ့ သူ့အစိုးရကို ယုံကြည်လို့ မဲထည့်ခဲ့ကြတာပါ။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီပေါင်း ၉၀ ပါတီထဲမှာ အများစုက ပြည်သူလူထုဆီက ဒီလိုယုံကြည်မှုမျိုး မရရှိကြပါဘူး။

ဘာကြောင့် ဆက်တိုက်နိုင်နေတာလဲ။ အဓိက အကြောင်းအရင်းတွေကိုတော့ ရှင်းရှင်းလင်းလင်း သိဖို့ အရေးကြီးပါတယ်။ ဒီအကြောင်းအရင်းတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း မသိကြလို့ ပြည်တွင်းပြည်ပနိုင်ငံရေးသုံးသပ်သူတွေရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြိုတင်ဟောကိန်းတွေ အတော်များများ လွဲခဲ့ကြပါတယ်။ တချို့က မသိလို့၊ တချို့ကျတော့လည်း အမြင်မရှင်းလို့ပါ။

NLD အနိုင်ရခြင်းအခြေခံအကြောင်းအရင်းတခုက ယုံကြည်မှုပါပဲ။ ပြည်သူအများစုက NLD ပါတီနဲ့ သူ့အစိုးရကို ယုံကြည်လို့ မဲထည့်ခဲ့ကြတာပါ။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီပေါင်း ၉၀ ပါတီထဲမှာ အများစုက ပြည်သူလူထုဆီက ဒီလိုယုံကြည်မှုမျိုး မရရှိကြပါဘူး။

ဒီယုံကြည်မှုက NLD ပါတီရဲ့ (တခြားဒီမိုကရေစီတိုက်ပွဲဝင်သူတွေနဲ့အတူ) ၁၉၈၈ ကတည်းက ဒီမိုကရေစီအတွက် တစိုက်မက်မက် တိုက်ပွဲဝင်ခဲ့တဲ့အချက်ပေါ်မှာ အဓိက မွေးဖွားပေါ်ပေါက်လာတာပါ။

ဒါပေမယ့် တချို့သုံးသပ်သူတွေက NLD အနိုင်ရခြင်းက လတ်တလောအခြေအနေတွေ နဲ့ ဖြစ်ရပ်တွေပေါ်မှာလည်း မူတည်တယ်လို့ ပြောကြပါတယ်။ ဆိုလိုတာက ကိုဗစ်ကာလမှာ တခြားပါတီတွေက ပုံမှန်မဲဆွယ်စည်းရုံးမှုတွေ မလုပ်နိုင်ခဲ့လို့၊ ပြီးတော့ ရွေးကောက်ပွဲရက်ပိုင်းအလိုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်ပြီး၊ အစိုးရကို ပေါ်တင် သတိထွက်ပေးခဲ့တဲ့ လတ်တလော ကိစ္စမျိုးတွေက မဲဆန္ဒရှင်တွေ NLD ပါတီကို မဲပေးဖို့ ပိုဖြစ်စေခဲ့တယ်လို့ သုံးသပ်ကြတယ်။ ကျနော်အနေနဲ့ အဲဒီလတ်တလောအချက်တွေက မဲပေးခဲ့တဲ့ ပြည်သူ ၂၇ သန်းကျော်ရဲ့စိတ်ဆုံးဖြတ်ချက်ကို သိပ်ကြီးကြီးမားမား မပြောင်းလဲစေနိုင်ဘူးလို့ သုံးသပ်ပါတယ်။ သူတို့ ဘယ်ပါတီကို မဲထည့်မလဲဆိုတာ ဒီကိစ္စတွေမတိုင်ခင် တော်တော်စောစောတည်းက စိတ်ဆုံးဖြတ်ပြီးသားဖြစ်နေမယ်ဆိုတာ သေချာပါတယ်။

နောက်သုံးသပ်သူ အများစုလွဲတဲ့အချက်တွေထဲက တခုက NLD ကို ပြည်သူအများစုမဲပေးတာက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ ဆိုတဲ့အချက်ပါ။ ကျနော်အတွက်ကတော့ ဒီသုံးသပ်ချက်က အတွေးတိမ်ပြီး မပြည့်စုံတဲ့ သုံးသပ်ချက်လို့ မြင်ပါတယ်။ တနည်းအားဖြင့် မျက်တောင်မွှေးတဆုံးလောက်ပဲ မြင်တဲ့သဘောပါ။ ၁၉၈၈ ကာလနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ စိတ်ဝင်စားမှုပိုရတာ အမှန်ပါ။ အခုနောက်ပိုင်းမှာတော့ အဲဒီအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ NLD ပါတီအောင်နိုင်ရေး ရဲ့အဓိကသော့ချက် မဟုတ်တော့ပါဘူး။ နိုင်ငံတကာသုံးသပ်သူတွေနဲ့ ပြည်ပမီဒီယာ တွေဟာ အဲ့ဒီအချက်ကို ပိုလွဲတာတွေ့ရပါတယ်။

ယနေ့ ပြည်သူအများအပြားက ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” လို ချစ်လာကြတာ မှန်ပေမယ့် ရွေးကောက်ပွဲအောင်နိုင်ရေးမှာ အဲဒါက အဓိက မူလအရင်းခံ အကြောင်းတရား မဟုတ်ပါဘူး။

သူတို့ ဒါကို တကယ်နားလည်ချင်ရင် မခက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းသားဖြစ်တဲ့ ဦးအောင်ဆန်းဦး နဲ့ယှဉ်ကြည့်လို့ရပါတယ်။ သူက ပြည်သူရဲ့ချစ်ခင်မှုမရသလို လေးစားမှုလည်း မခံရပါဘူး။ အကြောင်းက ဗိုလ်ချုပ်အောင်ဆန်းသားဖြစ်လို့၊ သမီးဖြစ်လို့ ဆိုတဲ့အချက်ကြောင့် ပြည်သူက လေးစားတာ မဟုတ်ပါဘူး။ သူတို့ရဲ့လုပ်ရပ်ပေါ်ပဲ မူတည်ပါတယ်။ သူက တိုင်းပြည်နဲ့ပြည်သူအတွက် ဘာမှမလုပ်တော့ ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူရဲ့ ချစ်ခင်မှုမရသလို လေးစားမှုလည်း မရပါဘူး။

ယနေ့ ပြည်သူအများအပြားက ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” လို ချစ်လာကြတာ မှန်ပေမယ့် ရွေးကောက်ပွဲအောင်နိုင်ရေးမှာ အဲဒါက အဓိက မူလအရင်းခံ အကြောင်းတရား မဟုတ်ပါဘူး။

၁၉၈၈ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်လာတဲ့အချိန်က သူ့ရဲ့ အသက်အရွယ်အရ အများစုက သူ့ကို “အစ်မ” ဒါမှမဟုတ် “အန်တီ” လို့ ခေါ်ခဲ့ကြပါတယ်။ နှစ် ၃၀ ကြာပြီးနောက် အခုချိန်မှာတော့ သူ့ရဲ့ အသက်အရွယ်အရ အများစုက သူ့ ကို “အမေ” ဒါမှမဟုတ် “ အဘွား” လို့ ခေါ်လာကြပါတယ်။

ဒါပေမယ့် ပြည်သူအများစုက သူ့အပေါ် ရိုသေချစ်ခင်မှုက ပြီးခဲ့တဲ့ နှစ် ၃၀ ကျော်တလျှောက် ဖြစ်တည်ပေါက်ဖွားခဲ့တဲ့ သူနဲ့ သူ့ရဲ့ NLD ပါတီ အပေါ် နိုင်ငံရေးအရ ယုံကြည်အားကိုးမှု ပေါ်မှာ ပိုအခြေခံပါတယ်။ သူ့အပေါ် ပြည်သူလူထုရဲ့ ချစ်ခြင်းမေတ္တာက သူ နိုင်ငံရေးထဲကို ဝင်ရောက်ခဲ့တဲ့ ၁၉၈၈ ခုနှစ်က စလုပ်ဆောင်ခဲ့တာတွေပေါ်မှာ အရင်းခံပါတယ်။ ဆိုလိုတာက သူ့အပေါ်ထားရှိတဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာက ပုဂ္ဂိုလ်ရေးထက် နိုင်ငံရေးပိုဆန်တယ်လို့ ပြောရမှာပါ။

အခု ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကို မဲဆန္ဒရှင်အများစုက ထောက်ခံခဲ့တဲ့ အဓိကအကြောင်းရင်းတွေ ရှိပါတယ်။ အဓိက တခုကတော့ NLD ပါတီအနေနဲ့ သူတို့ရဲ့ ပင်မရည်ရွယ်ချက် (ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပုံစံနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတခု တည်ထောင်ရေး) ကို မရောက်ရှိသေးတာကြောင့် ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သူတို့မဲပေးခဲ့တဲ့ NLD ပါတီက အစိုးရဖွဲ့ ပြီး တိုင်းပြည်အုပ်ချုပ်ရေးကို လွှဲပြောင်းယူခဲ့ပေမယ့် အရပ်သားအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်တဲ့အခါ တပ်မတော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ရဲ့ ပြင်းထန်တဲ့ ဟန့်တားမှုတွေကို ရင်ဆိုင်နေရကြောင်း မြန်မာပြည်သူတွေ တွေ့ရှိခဲ့ပါတယ်။

ဥပမာတခုပြရရင် တပ်မတော်က ခန့်အပ်ထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီတို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ NLD နဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကြိုးပမ်းမှု အများစုကို ပိတ်ပင်တားဆီးခဲ့ခြင်းပဲဖြစ်ပါတယ်။ အဲဒါက NLD ကြုံတွေ့နေရတဲ့ နိုင်ငံရေး အတားအဆီးများစွာထဲက တခုပဲရှိပါသေးတယ်။

ဒါကြောင့် တိုင်းရင်းသားပြည်သူတွေ အပါအဝင် မြန်မာနိုင်ငံသားအများစုက ဖိနှိပ်တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမှာ (တခြားသော ဒီမိုကရေစီ တိုက်ပွဲဝင်သူ တွေလိုပဲ) ဒေါ်အောင်ဆန်းစုကြည် ပြသခဲ့တဲ့သတ္တိ၊ သူ့ရဲ့ ကိုယ်ပိုင်ဘဝကို စတေးလိုစိတ်ရှိခြင်း၊ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ တိုင်းပြည်အပေါ် အမှန်တကယ် ချစ်မြတ်နိုးမှု၊ ပြည်သူလူထု အပေါ် ဖြောင့်မတ်တဲ့ ခေါင်းဆောင်မှု၊ ဒီမိုကရေစီအပေါ် သူ့ရဲ့ ယုံကြည်မှု အစရှိတာတွေ အပါအဝင် အဓိကအားဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ သူ စွမ်းဆောင်ပေးဆပ်ခဲ့တဲ့တာတွေအတွက် သူ့ကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် သဘောထားကြတာတွေ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်မှာ NLD ရဲ့ ကြိုးပမ်းခဲ့မှုတွေက တပ်မတော်ကို လူကြမ်းအဖြစ် ပုံဖော်ဖို့သပ်သပ် လုပ်ဆောင်တာလို့ သုံးသပ်တဲ့သူတွေ ရှိပါတယ်။ ကြောင်းကျိုး ဆီလျော်မှု မရှိတဲ့ သုံးသပ်ချက်လို့ ပြောရမှာပါ။

သူက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီ အပြတ်အသတ် အောင်ပွဲမရမီကတည်းက ဒီလို အရည်အသွေးတွေကို ပြသခဲ့ပြီးပါပြီ။ ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ သူ့ရဲ့ အစိုးရ အာဏာရလာချိန်က စလို့ လေ့လာစောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်မှု တွေ ရှိခဲ့သည့်တိုင် အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေအတွက် ပြည်သူအများစုရဲ့ ထောက်ခံမှုကို မလျှော့တမ်း ဆက်လက်ရရှိနေဆဲဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လွှတ်တော်မှာ NLD ရဲ့ ကြိုးပမ်းခဲ့မှုတွေက တပ်မတော်ကို လူကြမ်းအဖြစ် ပုံဖော်ဖို့သပ်သပ် လုပ်ဆောင်တာလို့ သုံးသပ်တဲ့သူတွေ ရှိပါတယ်။ ကြောင်းကျိုး ဆီလျော်မှု မရှိတဲ့ သုံးသပ်ချက်လို့ ပြောရမှာပါ။

တကယ်တော့ ပြည်သူလူထုအနေနဲ့ ယခင် စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ကာလတလျှောက် ဖိနှိပ်မှုတွေ၊ ခေတ်အဆက်ဆက် ဆွေမျိုးကောင်းစားရေးနဲ့ နီးစပ်ရာအပေါင်းအသင်းတွေသာ ဦးစားပေးတဲ့ စီးပွါးရေးပုံစံနဲ့ စစ်တပ်ကို အထူးအခွင့်အရေးပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကြောင့် “လူကြမ်း” အနေနဲ့မြင်နေကြတာ နှစ်ပေါင်းများစွာရှိခဲ့ပါပြီ။ ဒါက အရှိတရားပါ။ NLD အနေနဲ့ အဲဒါကို ထပ်ပြီး သက်သေပြနေစရာ မလိုပါဘူး။

စက်တင်ဘာလအတွင်း နေပြည်တော်တွင် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်/သီဟလွင်/ဧရာဝတီ

ရွေးကောက်ပွဲဆိုတာ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ သက်သက်လို့ပြောရမှာပါ။ ဒါပေမယ့် NLD အပေါ် ထောက်ခံမှုကို မြန်မာပြည်သူတွေက တခဲနက်ပြသလိုက်ခြင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်း အတွက်လည်း သတင်းစကားတခု ပါတယ်လို့ ကျနော်ကမြင်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း ပြည်သူတွေကရွေးချယ်ခဲ့တဲ့ ပထမဆုံးအရပ်သားအစိုးရလို့ ပြောလို့ရတဲ့ NLD အစိုးရအနေနဲ့ ရိုဟင်ဂျာခေါ် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်တွေရဲ့ ရွာတွေမှာ တပ်မတော်က အင်အားအလွန်အကျွံသုံးပြီး နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေနဲ့ ရှုတ်ချမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

တချို့က တပ်မတော်နဲ့ အစိုးရကို မှန်မှန်ကန်ကန် ဝေဖန်ခဲ့ကြပေမယ့် အချို့သော နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့ တွေကတော့ အစိုးရကိုသာမက ပြည်သူတွေကိုပါ ဝေဖန်တဲ့အဆင့်ကျော်ပြီး အရှက်ခွဲတဲ့အထိ လုပ်ဆောင်ခဲ့ကြပါတယ်။ မြန်မာပြည်သူအများစုက သူတို့တွေ မမျှမတ အပြစ်တင်ခံရတယ်လို့ ခံစားခဲ့ရပါတယ်။

နောက်ထပ်အချက်များစွာ ရှိကောင်းရှိနိုင်ပေမယ့် ဒီအချက်တွေက မဲဆန္ဒရှင် ၂၇ သန်းအနက် အများစုက NLD ကို ရွေးချယ်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ NLD က ကိုယ်စားလှယ် နေရာ ၈၃ ရာ ခိုင်နှုန်း (တပ်မတော်မှ ခန့်အပ်တဲ့ ၂၅ ရာခိုင်နှုန်း မပါဝင်ပါ) အနိုင်ရရှိခဲ့ပါတယ်။ တိုင်းရင်းသားပြည်နယ်အများစုမှာလည်း နေရာ အများစု ရရှိခဲ့ပါတယ်။ အဲဒါကြောင့် NLD အနေနဲ့ အမေရိကန်သမ္မတ Donald Trump က မဲ ၇၁ သန်းရရှိပြီး ရွေး ချယ်ခံရတဲ့ သမ္မတလောင်း Joe Biden က ၇၅ သန်း ရရှိခဲ့တဲ့ အမေရိကန်ပြည်ထောင်စု က ရွေးကောက်ပွဲလို မဟုတ်ဘဲ ပြည်သူလူထုရဲ့ ထောက်ခံမှုကို တခဲနက် ရရှိခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ရလဒ်ဟာ ပြည်သူလူထုက NLD ကို ဒီမိုကရေစီယူဆောင်ပေးဖို့ သို့မဟုတ် အခုလက်ရှိ တဝက်တပျက် သို့မဟုတ် မကျက်တကျက် ဒီမိုကရေစီကို စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီ ဖော်ဆောင်ဖို့ အခွင့်အာဏာ ထပ်မံအပ်နှင်းလိုက်ခြင်းလို့ ကျနော်တို့ အဓိပ္ပာယ်ကောက်ယူရင် ရနိုင်ပါတယ်။

တနည်းအားဖြင့် NLD ပါတီရဲ့ ဒီရွေးကောက်ပွဲအောင်ပွဲဟာ ပြည်သူလူထုက ပြတ်ပြတ်သားသား ရွေးချယ်တာဝန်ပေးအပ်လိုက်ခြင်းပါပဲ။ အဲဒါ ဒီမိုကရေစီပဲ မဟုတ်ပါလား။ ဒါပေမယ့် မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံ အပြည့်အဝတော့ မဟုတ်သေးပါဘူး။

ရွေးကောက်ပွဲ ရလဒ်ဟာ ပြည်သူလူထုက NLD ကို ဒီမိုကရေစီယူဆောင်ပေးဖို့ သို့မဟုတ် အခုလက်ရှိ တဝက်တပျက် သို့မဟုတ် မကျက်တကျက် ဒီမိုကရေစီကို စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီ ဖော်ဆောင်ဖို့ အခွင့်အာဏာ ထပ်မံအပ်နှင်းလိုက်ခြင်းလို့ ကျနော်တို့ အဓိပ္ပာယ်ကောက်ယူရင် ရနိုင်ပါတယ်။

အဲဒါကြောင့် NLD အနေနဲ့လည်း ဒါကိုနားလည် သဘောပေါက်ပြီး ပြည်သူလူထု တရပ်လုံးရဲ့ ရည်မှန်းချက်တွေ အထမြောက်ရေး တာဝန်ယူရမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ကနေ အခုအချိန်အထိ သူတို့ရဲ့ ပထမသက်တမ်းအတွင်း မှားခဲ့တဲ့အမှားတွေကို ထပ်ပြီးမမှားဖို့ ကြိုးစားရမှာပါ။ ပြည်ထောင်စုအစိုးရဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ်အစိုးရရဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေခန့်အပ်တဲ့နေရာမှာ လူရွေးမှားတာတွေ၊ လူမှန်နေရာမှန် မဖြစ်တာတွေ တွေ့ခဲ့ရပါတယ်။ စွမ်းဆောင်ရည်အားနည်းတဲ့ (သို့) လွဲမှားစွာဆောင်ရွက်တဲ့ (သို့) အဂတိလိုက်စားတဲ့ အရာရှိတွေနဲ့ ဝန်ကြီးတွေကိုအရေးယူတဲ့နေရာမှာလည်း အစိုးရအနေနဲ့ အတော်နှေးကွေးခဲ့ပါတယ်။

NLD ရဲ့ ခေါင်းဆောင်ပိုင်း အနေနဲ့ တိုင်းရင်းသားပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပိုမိုပြီး ထိ ရောက်မှုရှိတဲ့၊ ထိတွေ့မှုရှိတဲ့ နည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ယေဘုယျ အားဖြင့် တိုင်းရင်းသားဒေသတွေမှာ NLD ကိုထောက်ခံကြပေမယ့် ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအခွင့်အရေးနဲ့ တခြားရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် NLD အနေနဲ့ တိုင်း ရင်းသား နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားပါတီတွေ၊ ဒေသခံအရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အတူပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

NLD အနေနဲ့ အားလုံးနဲ့ပူးပေါင်းဆောင်ရွက်ရမှာပါ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ သာမက တခြားနယ်ပယ်တွေက ခေါင်းဆောင်တွေနဲ့လည်း ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရပါမယ်။

ပြီးတော့ တပ်မတော်နဲ့လည်း အတူဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။

NLD အနေနဲ့ အားလုံးနဲ့ပူးပေါင်းဆောင်ရွက်ရမှာပါ၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ သာမက တခြားနယ်ပယ်တွေက ခေါင်းဆောင်တွေနဲ့လည်း ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရပါမယ်။

စီးပွားရေး အခြေအနေ တိုးတက်စေဖို့ လိုအပ်သလို ပြည်တွင်းကရော ပြည်ပကုမ္ပဏီတွေအတွက်ပါ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ ကောင်းမွန် မျှတတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့ လိုအပ်တာကိုလည်း ကျနော်တို့မေ့ထားလို့ မရပါဘူး။

ကမ္ဘာ့နိုင်ငံများကလည်း မြန်မာပြည်သူအများစုက ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရနဲ့ အတူ ပူးပေါင်း ဆောင်ရွက်ရမှာပါ။ မြန်မာပြည်သူများရဲ့ ဆန္ဒနဲ့ လိုလားမှုတွေကို လေးစားရှေ့တန်းတင်ပြီး သူတို့ရဲ့ကိုယ်ကျိုးစီးပွားနဲ့ ရည်ရွယ်ချက်တွေကို ဘေးဖယ်ထားပြီး နောက်တက်လာမယ့်အစိုးရနဲ့ မြန်မာနိုင်ငံရဲ့အပျံသင်စ ဒီမိုကရေစီကို စိတ်ရင်းမှန်မှန်နဲ့ ကူညီနိုင်ဖို့ လိုပါတယ်။

(Kyaw Zwa Moe ၏ What Another NLD Victory Means for Myanmar and the World ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

အစိုးရသစ်မှာ လူရွေးမှန်ဖို့ ဖိအားတွေ NLD ရင်ဆိုင်နေရ

NLD ရွေးကောက်ပွဲနိုင်ရခြင်းအကြောင်း အနောက်မီဒီယာများ နားမလည်

အမေရိကန်နှင့် မြန်မာတို့၏ ရွေးကောက်ပွဲ ဇာတ်လမ်း

Did you find apk for android? You can find new Free Android Games and apps.
Loading