ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) မှ အပြည်ပြည်ဆိုင်ရာ အလုံးစုံ လွှမ်းခြုံသည့် ကျန်းမာရေး စောင့်ရှောက်မှုနေ့ (Universal Health Coverage Day) အဖြစ် နှစ်စဉ် ဒီဇင်ဘာလ ၁၂ ရက်ကို ၂၀၁၇ တွင် စတင်သတ်မှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံသည်လည်း နောင်လာမည့် ၂၀၃၀ ခုနှစ်တွင် UHC အောင်မြင် ပေါက်ရောက်ဖို့ နိုင်ငံတကာ ရှေ့မှောက်တွင် ကတိကဝတ်ပြု ခဲ့ပြီး ဖြစ်လေသည်။ အမှန်တကယ်ပြောရရင် လက်ရှိ မြေပြင်အနေအထားအရ နောင် ၁၀ နှစ်သာလိုတော့ သောကာလတွင် UHC ကို အောင်မြင်ပေါက်ရောက်အောင် လုပ်နိုင်ဖို့ ကျနော် တော့ အတော်လေး ရင်လေးမိပါသည်။
စာရေးသူ၏ ရင်လေးမှုများ မှားလိုက မှားပါစေ။ ၂၀၃၀ မှာ ကျနော်တို့နိုင်ငံရဲ့ UHC ကြီးအောင်မြင်စေချင်ပါသည်။
အလုံးစုံလွှမ်းခြုံ ကျန်းမာရေးစောင့်ရှောက်မှု (UHC) အောင်မြင်နိုင်ရန်အတွက် အဓိကသော့ချက်များကို ကုလသမဂ္ဂမှ ဖွင့်ဟပြဆို ထားပြီးဖြစ်ပါသည်။
အလုံးစုံလွှမ်းခြုံ ကျန်းမာရေးစောင့်ရှောက်မှု (UHC) အောင်မြင်နိုင်ရန်အတွက် အဓိကသော့ချက်များကို ကုလသမဂ္ဂမှ ဖွင့်ဟပြဆို ထားပြီးဖြစ်ပါသည်။
၎င်းတို့မှာ
၁။ နိုင်ငံတိုင်းတွင် UHC အောင်မြင်ရန် နိုင်ငံရေးအရ အာသီသ အလေးအနက်ရှိရန် လိုအပ်သည်။ (Ensure Political Leadership)
၂။ နိုင်ငံသူ/သား တဦးတယောက် မကျန် UHC က လွှမ်းခြုံစေရမည်။ (All inclusive, No one Left behind)
၃။ လူအများစု၏ လိုအပ်ချက်များ ခံစား၊ စံစားနိုင်အောင် ဥပဒေအရ ခိုင်ခိုင်မာမာ အထောက်အကူပြုသော အခြေအနေများ မဖြစ်မနေ ဖန်တီးရမည်။ (Create a strong enabling regulatory and legal environment responsive to people’s needs)
၄။ လူထုယုံကြည်အားထားသည့် အရည်အသွေးရှိသော အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို စဉ်ဆက် မပြတ် ရရှိစေရမည်။ (Build quality Health systems that people trust)
၅။ လူထုကျန်းမာရေးအတွက် စဉ်ဆက်မပြတ် ကျန်းမာရေးဆိုင်ရာ ငွေကြေးသုံးစွဲမှု ဖူလုံစေရမည်။ (Sustain public financing & harmonize health investments)
၆။ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရေးအတွက် ကဏ္ဍ ပေါင်းစုံပါဝင်ပြီး စုပေါင်းဆောင်ရွက်ရမည်။ (Establish multi-stakeholder mechanisms for engaging the whole of society for a healtier world)
၇။ UHC အကောင်အထည်ဖေါ်ဆောင်ရာတွင် ကျား၊မ ညီမျှမှုကို အခြေခံမူ အဖြစ် ပါဝင်စေရမည်။ (Gender Equality)
၈။ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများ ပေါ်ပေါက်သည့်အခါ ထိရောက် စွာ ထိန်းသိမ်းနိုင်မည့် ကျန်းမာရေး စနစ်ရှင်သန်စေရမည်။ (Emergency Preparedness)
ကမ္ဘာ့ကုလသမဂ္ဂမှ အထက်ပါ ၈ ချက်လုပ်ငန်းစဉ်များကို နိုင်ငံတိုင်းတွင် အကောင် အထည်ဖေါ်ရန် ရည်ညွှန်းပြောဆိုသည်။ အချုပ်အားဖြင့်ဆိုလျှင် အောက်ဖေါ်ပြပါ ၃ ချက်သည် UHC တွင် မဖြစ်မနေ လိုအပ်ချက်ပင်ဖြစ်သည်။ ဒီအချက် ၃ ချက် မပြည့်မီလျှင် UHC ကို လက်ဝယ် ပိုင်ဆိုင်ရနိုင်မည်လို့ မဆိုသာ။ ထော့နင်း ထော့နင်းနဲ့ပဲ ရှေ့ခရီးကို ဆက်နေပေမည်။
၁။ နိုင်ငံတွင်းရှိ လူတဦးတစ်ယောက်မျှ မချန်ရေး၊ မကျန်ရေး (No one left behind, all inclusive)
၂။ ငွေကြေးမပြည့်စုံသော်လည်း သတ်မှတ်ထားသောအရည်အသွေးရှိ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး (Financial Protection)
၃။ သတ်မှတ်ထားသော အရည်အသွေးပြည့်မီသော ကျန်းမာရေး ဝန်ဆောင်ပေးမှု လူတိုင်းရရှိစေရေး။ ဤအချက်သည် အခြေခံပဏာမ ကျန်းမာရေး စောင့်ရှောက်မှု (Primary Health Care ) ကို အောင်မြင် ဖြည့်မီရေးပင် ဖြစ်သည်။
စာရေးသူသတိပြုမိသည်။ UHC အကြောင်းပြောကြပြီးဆိုရင် ကျွမ်းကျင်သူအများက မိမိ နှင့်တိုက်ရိုက်ဆိုင်သော UHC ၏ နည်းပညာများကို လူထုအား အလင်းပြလေ့ရှိသည်။ ကျန်းမာရေးဆိုင်ရာငွေကြေးကဏ္ဍ (Health Financing)၊
ကျန်းမာရေး ဝန်ဆောင်မှုများ (Health Services)၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦး (Infrastructure)၊ လူသားအရင်းအမြစ် (Human Resource)၊ အမျိုးသားကျန်းမာရေး အာမခံစနစ်နှင့် ဥပဒေသများ (National Insurance System and related laws & regulations)၊ UHC နှင့် ဆက်နွယ်သော သုတေသနလုပ်ငန်းများ (UHC related & supportive research)၊
အရပ်ဘက်အဖွဲ့အစည်များ၏ ပါဝင်မှု အခန်းကဏ္ဍ (Civil societies role in UHC) များသည် UHC အောင်မြင်ရေးအတွက် လမ်းတံတားများပင်ဖြစ်သည်။
လူထုအနေဖြင့် သိထားသင့်သည်ကို ငြင်းဆိုရန် မရှိပါ။ သို့ရာတွင် စာရေးသူ သတိပြုမိသည်မှာ UHC တွင် အဓိကပါဝင်သော “နိုင်ငံသူ/သား တဦး တယောက်မကျန် UHC သည် လွှမ်းခြုံရေး ” (None Left behind/ all inclusive) ဆိုသော အခြေခံ အချက်ကြီးပင်ဖြစ်ပါသည်။ UHC အောင်မြင်ရေးအတွက် အထက်ဖေါ်ပြပါ နည်းပညာလမ်းတံတားများ မည်သို့ပင်တည်ဆောက် ခိုင်မာလာ စေကာမူ ထိုလမ်းကို အသုံးပြုရန် လူ/ယဉ်များဖြင့် ခရီးသွားများ လုံလောက်မှု မရှိလျှင် အိတ်ပေါက်နှင့် ဖါးကောက်သလိုသာ ဖြစ်လိမ့်မည်။
UHC အောင်မြင်ရေးအတွက် အခြားနိုင်ငံများနှင့် ယှဉ်ပါလျှင်အခြား အခက်အခဲ အကန့်အသတ်များ တူ နေသည့်တိုင်အောင် ကျနော်တို့အတွက် အကြီးအကျယ်ဆုံး အဟန့်အတားက နှစ်ပေါင်း ၇၀ ရှည်ကြာ ကမ္ဘာ့အရှည်အကြာဆုံး ပြည်တွင်းစစ်ပင်ဖြစ်သည်။
UHC အောင်မြင်ရေးအတွက် အခြားနိုင်ငံများနှင့် ယှဉ်ပါလျှင်အခြား အခက်အခဲ အကန့်အသတ်များ တူ နေသည့်တိုင်အောင် ကျနော်တို့အတွက် အကြီးအကျယ်ဆုံး အဟန့်အတားက နှစ်ပေါင်း ၇၀ ရှည်ကြာ ကမ္ဘာ့အရှည်အကြာဆုံး ပြည်တွင်းစစ်ပင်ဖြစ်သည်။
ပြည်တွင်းစစ် မငြိမ်းချမ်းသရွေ့ ငြိမ်းချမ်းရေးသည် ဘယ်ဆီနေမယ် မသိ။ ပြည်တွင်းစစ်ကလည်း တိုင်းရင်းသားများ၏ ကြီးစွာသော မျှော်လင့်ချက်ဖြစ်သည့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု မရှိလျှင် ဆက်လက်အဓွန့်ရှည်ကြာနေမည်သာ။
ပြည်တွင်းစစ်တွင် အထိခိုက်ဆုံးမှာ စစ်ရှောင်များ မိခင်နှင့်ကလေးငယ်များ ဖြစ်သည်။ အနီးစပ်ဆုံးရခိုင်စစ်ပွဲ၏ ဆိုးကျိုးဆက်ကြောင့် ပြည်သူလူထု ၂ သိန်းကျော် စစ်ရှောင်ဘဝသို့ ရောက်ခဲ့ကြသည်။ စီးပွားရေးချွတ်ခြုံကျမှုကို ထည့်သွင်း စဉ်းစားမှု မပြုသည့်တိုင် UHC အောင်မြင်ရေး အဓိက လိုအပ်ချက် “None Left Behind” ကို အဘယ်သို့ အောင်မြင် အောင် လုပ်နိုင်ကြမည်နည်း။
ကမ္ဘာ့အလယ်မှာ ကျနော်တို့နိုင်ငံက ၂၀၃၀ တွင် UHC အောင်မြင်ဖို့ ကတိကဝတ်များ မည်သို့ပေးခဲ့ကြသနည်း။
“ပြည်တွင်းစစ်” “ထာဝရငြိမ်းချမ်းရေး” တို့ကို UHC အတွက် ကတိကဝတ်ပေးချိန်က ထည့်သွင်းစဉ်းစားခဲ့ကြပါရဲ့လား။
UHC သည် ကျန်းမာရေးကိစ္စရပ်ဖြစ်သဖြင့် “စစ်ရေး၊ နိုင်ငံရေး” ကို ကိုယ်နှင့်မဆိုင် ကိုယ်ဘာမှမတတ်နိုင်ဟု တွေးဆပြီး ချန်လှပ်ခဲ့သည်လော။
မြေကြီးကို လက်ဖြင့်ရိုက်ရင်သာ လွဲပါမည်။ မြန်မာနိုင်ငံ တနံတလျားတွင် စစ်ပြေးစစ်ရှောင်၊ အပြစ်မဲ့ပြည်သူလူထု၊ မိခင်နှင့် ကလေးများပေါ်ထွက် နေသမျှ “No One Left Behind” မည်သို့မျှမဖြစ်နိုင်။ သို့ဆိုလျှင် UHC သည် ဝေးလာဝေးပင်ဖြစ်နေပေဦးမည်။
မြေကြီးကို လက်ဖြင့်ရိုက်ရင်သာ လွဲပါမည်။ မြန်မာနိုင်ငံ တနံတလျားတွင် စစ်ပြေးစစ်ရှောင်၊ အပြစ်မဲ့ပြည်သူလူထု၊ မိခင်နှင့် ကလေးများပေါ်ထွက် နေသမျှ “No One Left Behind” မည်သို့မျှမဖြစ်နိုင်။ သို့ဆိုလျှင် UHC သည် ဝေးလာဝေးပင်ဖြစ်နေပေဦးမည်။
ကျန်းမာရေးကဏ္ဍက UHC ၏ အခြားနည်းနာများပြုလုပ်ခြင်းကို အကျိုးမဲ့ဟု စာရေးသူ မဆိုလိုပါ။ လုပ်ပါ။ လုပ်သင့်ပါသည်။ ဆက်၍လုပ်ပါ။ သို့သော် စစ်ပွဲတွင် ရပ်ပြီး ငြိမ်းချမ်းရေး ထာဝရ ဖြစ်ပေါ်ဖို့ မည်သူတွေက တာဝန်ယူပါမည်နည်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) လော။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) လော။ သို့မဟုတ် ခွဲထွက်ပြီး တစုခြင်း ပြောရပါမူ NLD အစိုးရလော။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့လော။ တပ်မတော်လော။ နိုင်ငံရေးပါတီများလော။ လွှတ်တော်ကိုယ်စားလှယ်များလော။ လူထုကိုယ်စား အရပ်ဖက်အဖွဲ့အစည်းများလော။
စာရေးသူ သိနေပါသည်။ “ဒီအင်အားတွေအားလုံးက ငြိမ်းချမ်းရေးကို တကယ်လိုချင်တဲ့ဆန္ဒပြင်းပြင်းနဲ့ ရိုးသားပွင့်လင်းစွာ စုပေါင်း လုပ်ဆောင်ကြဖို့ပဲ”ဟု
တစုံတယောက်၏အဖြေကို ကောင်းကောင်းသိ နေပါသည်။ သိပ်ကိုမှန်ပါသည်။ ယေဘုယျကျသော မလွဲနိုင်သော အမှန်တရားဖြစ်သည်။ သို့ရာတွင် ဒီအဖြေမျိုးကို ဘယ်ကာလအထိ ထပ်ခါထပ်ခါ ဖြေဆိုနေကြပါဦးမည်လော။
ဆရာကြီးဦးဝင်းတင်၏ အများသိ ပြောကြားခဲ့သည့် စကားကို စာရေးသူထပ်၍ ပြောဆိုချင်ပါသည်။ “ဟေ့..ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ စိတ်ရင်းမှန် နဲ့လုပ်ရင် တစ်ရက်ပဲကြာမယ်။”
အတွေးစ ဆွဲထုတ်ခြင်း
စာရေးသူသည် ၈၈ ဒီမိုကရေစီ လူထုတိုက်ပွဲအပြီးတွင် တိုက်ပွဲ၏ မုန်တိုင်းဒဏ်ဖြင့် ပြည်ပသို့ရောက်ခဲ့သည်။ တောင်အာဖရိကနိုင်ငံကို စာရေးသူရောက်ချိန်က အကျဉ်းချခံခဲ့ရသော လူမည်း တော်လှန်ရေးခေါင်းဆောင် မန်ဒဲလား ပြန်လွတ်မြောက်သည့် အချိန်ဖြစ်သည်။ နောက် နှစ်ပေါင်း၂၅ နှစ်ကျော် တောင်အာဖရိကနိုင်ငံမှာ နေထိုင်ခဲ့ရသည်။ ကျနော်တို့၏ “မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (တောင်အာဖရိက)” ကို ဒေသခံတောင်အာဖရိက လှုပ်ရှားတက်ကြွသူများက ထောက်ခံမှု ပြုခဲ့ကြသည်။ ဒီလိုနှင့် တောင်အာဖရိက အရပ်ဖက် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခဲ့ကြသည်။
HIV ကုသရေးလှုပ်ရှားမှု (Treatment Action Campaign) (www.tac.org.za) နှင် Section 27 လှုပ်ရှားမှု (ပုဒ်မ ၂၇ လှုပ်ရှားမှု) (www.section27.org.za) အဖွဲ့ ၂ ဖွဲ့အကြောင်း မိတ်ဆက်ချင်သည်။ ဒီနှစ်ဖွဲ့သည် လူထုထောက်ခံမှု လွန်စွာရရှိသော အရပ်ဖက်အဖွဲ့အစည်းနှစ်ဖွဲ့ ဖြစ်ပါသည်။ “Section 27” ဆိုသည်မှာ တောင်အာဖရိကနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ၏ ပုဒ်မ နံပါတ် ၂၇ ကို ရည်ညွန်းသည်။ ၎င်းပုဒ်မက ပြဆိုထားသည်မှာ “ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အစာရေစာ၊ လူမှုလုံခြုံမှု” တို့ကို စောင့်စည်းဖို့ ဖြစ်သည်။ အစိုးရမင်းများသည် ဤသဘောတူညီမှုကို သိသိသာသာ ဖောက်ဖျက်ပါက ဖွဲ့စည်းပုံဥပဒေနှင့်မညီဟု မှတ်ယူသည်။
ထို့ကြောင့် မွေးကင်းစ ကလေးငယ်များ HIV ကာကွယ်ဆေးပေးရန် မလုပ်ဆောင်သော ကျန်းမာရေးဝန်ကြီးကို တရားရုံးတော်က ဆင့်ခေါ်သည်။ ဝန်ကြီးခမျာ ရုံးတော်သို့ မလာဟု ငြင်းဆိုလို့ မရ။ ကုတ်ချောင်းချောင်းနဲ့ ရုံးတော်သို့ အခစား ဝင်ခဲ့ရသည်။ နောက်ဆုံးတော့ “Section 27” အရပ်ဖက်အဖွဲ့အစည်းက တရားနိုင်သည်။ ဝန်ကြီးလည်း ကလေးငယ်များကို HIV ကာကွယ်ဆေးပေးရေးကို ဆောင်ရွက်ခဲ့ရသည်။
ဝန်ကြီးဆိုသူသည် ဒီမိုကရေစီခေတ်တွင် အလုပ်ရှင် ပြည်သူလူထု ထံတွင် ၄၊ ၅ နှစ် ကန်ထရိုက်စည်းမျဉ်း (ဖွဲ့စည်းပုံအခြေခံ ဥပဒေ) ဖြင့် လုပ်ကိုင်နေကြရသည့် အလုပ်သမားသာသာပဲ ဖြစ်ပါသည်။
အဆုံးတော့ ဒီမိုကရေစီခေတ်တွင် “အာဏာမဲ့” များသည် “အာဏာအရှိဆုံး” (The most powerful is the Powerless ) ဖြစ်သည်။ တိုင်းပြည်၏ အရှင်သခင်သည် ပြည်သူလူထုသာလျှင် ဖြစ်တော့သည်။
အဆုံးတော့ ဒီမိုကရေစီခေတ်တွင် “အာဏာမဲ့” များသည် “အာဏာအရှိဆုံး” (The most powerful is the Powerless ) ဖြစ်သည်။ တိုင်းပြည်၏ အရှင်သခင်သည် ပြည်သူလူထုသာလျှင် ဖြစ်တော့သည်။
သို့သော် လူထုက စည်းမဲ့ကမ်းမဲ့ လုပ်ခွင့်တော့မရ။ နည်းလမ်းတကျ ၊ လုပ်သင့်လုပ်ထိုက်တာကို ဥပဒေဘောင်အတွင်းက လုပ်ဆောင်ရမည်သာဖြစ်သည်။ “ငါးကြင်းဆီ နဲ့ ငါးကြင်းကြော်“ တတ်ဖို့လိုသည်။ ဆိုလိုသည်မှာ တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းက ဥပဒေနဲ့အညီ ဖြစ်နိုင်သည်များကို ရှာတတ် ၊ ဖွေတတ်ဖို့ လိုသည်။ အာဏာပိုင်များက ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ကျော်၍ လုပ်ဆောင်သောကိစ္စများကို လူထုကိုယ်စား အရပ်ဘက်အဖွဲ့အစည်းများက ဥပဒေဘောင်အတွင်းက မဖြစ်မနေ ရင်ဆိုင်တိုက်ပွဲဝင်ရသည်။
အရပ်အားဖြင့်ပြောလျှင် ပူညံပူညံ လုပ်နိုင်သည်။ ဥပဒေ ဘောင်အတွင်းက လူအများသိအောင် ကြွေးကြော်နိုင်သည်။ ဆန္ဒထုတ်ဖော်နိုင်သည်။ မလုပ်ဆောင်လျှင် ကြိမ်ဖန်များစွာ လူထုဆန္ဒများကို ထုတ်ဖော်နိုင်သည်။ သို့တိုင် နားပေါက်မပါသော အစိုးရမင်းဖြစ်ပါမူ ဒီမိုကရေစီ တရားရုံးတော်သို့ ဆင့်ခေါ်ရန်သာ ကျန်တော့သည်။
သည်လိုနဲ့ တောင်အာဖရိက ကျန်းမာရေးဝန်ကြီး ဦးကျိုးခဲ့ရလေသည်။ ပြည်သူ့ဘက်တော်သား ဥပဒေ ပညာရှင်များ၏ လမ်းကြောင်းမှန်ပြဆိုမှုသည် အသက်တမျှ အရေးကြီးသည်။ ထို့သို့ ရပ်တည်ဆောင်ရွက်သော “Section 27” အရပ်ဘက်အဖွဲ့အစည်းကို လူထုကလေးစားနေကြခြင်းဖြစ်သည်။
မန်ဒဲလားက သူ့ရဲ့ လူထုကို ပြောဖူးသည်။ “ကျန်းမာရေးဝန်ထမ်းများက လူထု ကျန်းမာရေးလုပ်ငန်းတွေကို အဓိက လုပ်ကြရမှာပဲ ” “ပညာရေးဝန်ထမ်းများက သင်ကြားရေးလုပ်ငန်းတွေကို အဓိက လုပ်ကြရမှာပဲ” “ဒါပေမယ့် ဒီမိုကရေစီခေတ်ကို မရောက်သေးရင်တော့ အားလုံးဟာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် ကိုယ်နဲ့ဆိုင်တဲ့ ကဏ္ဍကို လုပ်ရင်း အနည်းအပါးတော့ ပါဝင် ဆောင်ရွက်စေချင်ပါတယ်”ဟု ပြောဖူးသည်။
ဒီနမူနာ အလွန် စဉ်းစားသင့်သည်။ ကျနော်တို့နိုင်ငံ၏ အဓိက ပြဿနာ ၂ ခုဖြစ်သော စစ်ပွဲရပ်ပြီး ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖယ်ဒရယ်စနစ်အား တက်လှမ်းရန် ဖြစ်သည်။ သို့မှသာ ” No One Left Behind ” ဆိုသော UHC ၏ အဓိကရည်ရွယ်ချက်က ကျွဲကူးရေပါ ဖြစ်လာမည်။
အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်တဲ့ NGO ၊ INGO တို့က မိမိနဲ့သက်ဆိုင်တဲ့ လုပ်ငန်းကို လုပ်ဆောင်တဲ့အချိန်မှာ “စစ်ပွဲရပ်တဲ့ ငြိမ်းချမ်းရေး ” နဲ့ စစ်မှန်တဲ့ ” ဖယ်ဒရယ် ” အတွက် နည်းနည်းလေးတော့ ကြုံကြိုက်တိုင်း ထည့်စဉ်းစားလုပ်ကိုင်ကြရန် လိုပါလိမ့်မည်။
အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်တဲ့ NGO ၊ INGO တို့က မိမိနဲ့သက်ဆိုင်တဲ့ လုပ်ငန်းကို လုပ်ဆောင်တဲ့အချိန်မှာ “စစ်ပွဲရပ်တဲ့ ငြိမ်းချမ်းရေး ” နဲ့ စစ်မှန်တဲ့ ” ဖယ်ဒရယ် ” အတွက် နည်းနည်းလေးတော့ ကြုံကြိုက်တိုင်း ထည့်စဉ်းစားလုပ်ကိုင်ကြရန် လိုပါလိမ့်မည်။
ဤနေရာတွင် ကျနော့် လုပ်ဖော်ကိုင်ဘက် ညီမတဦး၏ စကားတခွန်းကို သတိရမိ၏။
ကျနော့ရဲ့ လုပ်ဖော်ကိုင်ဖက် ညီမငယ်တစ်ယောက်ပြောဖူးပါတယ်။ “ကျမတို့ ဒီကိစ္စတွေပြောလို့လည်း သူတို့ မလုပ်ရင်ပြောရတာ အလကားပဲ ” ဟု သူပြောဖူးသည်။
ကျနော်ကတော့ ဒီလိုမစဉ်းစားစေလို။ လုပ်သင့်လုပ်ထိုက်သည်ဟု ထင်လျှင် ကိုယ့်သမိုင်း ကိုယ်ရေးတာပါပဲ။ ကိုယ်ပြော၍ ထိရောက်မှာမှ မဟုတ်ဘဲဟု စဉ်းစားခြင်းသည် အလွန် အန္တရာယ်ကြီးပါသည်။ အဲဒီလို ကိုယ့်လို လူတိုင်းတွေးမြင်ပြီး လူတိုင်းက ကိုယ်နှင့်မဆိုင် ဆိတ်ဆိတ်သာ နေသွားခဲ့သည်ဆိုလျှင် ကျနော်တို့ အားလုံးမျှော်လင့်နေသော ” စစ်ပွဲရပ်တဲ့ ငြိမ်းချမ်းရေး ” နှင့်” ဖယ်ဒရယ် ” လာချင်းကောင်းနိုင်ပါ့မလား။ ထိုသို့ဆိုလျှင် အပြည်ပြည်ဆိုင်ရာ အလုံးစုံ လွှမ်းခြုံသည့် ကျန်းမာရေး စောင့်ရှောက်မှု UHC ဆိုသည် ရွှေပြည်တော်မျှော်တိုင်းဝေးဦးတော့မည်။
(ဒေါက်တာသိန်းဝင်း(တောင်အာဖရိက) သည် နှစ် ၃၀ ခန့် နိုင်ငံပြင်ပတွင်နေထိုင်ခဲ့ရပြီ မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာနိုင်ငံလွတ်မြောက်ရေးအဖွဲ့(တောင်အာဖရိက)တွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့ပါသည်။ ယခုအခါ ထိုင်း-မြန်မာနယ်စပ်ရှိ ဒေါက်တာစင်သီရာမောင်နှင့်အတူ တိုင်းရင်းသားကျန်းမာရေးလုပ်ငန်များတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်လျက် ရှိသည်။)
You may also like these stories:
ကိုဗစ်အတွက် လစ်ဟာနေသော ကွက်လပ်
ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများလည်း အရေးပါသည်