ရခိုင်အရေးဟာ ကုန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း မြန်မာကိုသာမက ကမ္ဘာတိုင်အောင် လှုပ်ခပ်ခဲ့သည့် ကိစ္စဆိုတာ အားလုံး သိကြပြီးသား ဖြစ်သည်။ ပညာရှင်တွေရော၊ သာမာန်လူတွေရောက ဒီကိစ္စကို ရှုထောင့်အမြင် အမျိုးမျိုးနဲ့ ပြောဆို သုံးသပ်နေခဲ့ကြသလို သုံးသပ်နေကြဆဲလည်း ဖြစ်သည်။
ကုန်ခဲ့သည့် ငါးနှစ်ကို စာကြောင်း တကြောင်းတည်းနဲ့ အတိုချုံ့ပြီး ပြောရမည်ဆိုလျှင် “ရခိုင်ပြည်နယ်ဟာ မျက်ရည်နဲ့ စခဲ့ရပြီး မျက်ရည်နဲ့ အဆုံးသတ်ခဲ့ရတယ်” လို့ ပြောရမယ်ထင်ပါသည်။
ကျနော်ကိုယ်တိုင်လည်း မြင်မိသည့်အချက်၊ ဖြစ်စေချင်သည့် ဆန္ဒတွေကို အလျင်းသင့်သလို သုံးသပ်ရေးသားနေခဲ့ပါသည်။ သာမာန်သုံးသပ်သူ တယောက်အတွက်ဆိုလျှင်တော့ စိတ်ဝင်စားစရာ ကောင်းလွန်းသည့် ရှုပ်ထွေးနက်နဲသည့် ကိစ္စတခု ဖြစ်နေပါမည်။ သို့သော်လည်း နှစ်ရှည်လများ ရခိုင်ပြည် တနံတလျား လှုပ်ရှားသွားလာခဲ့သူတယောက်၊ ရခိုင့်ရေမြေကို ချစ်သည့်သူတယောက်၊ ပြီးတော့ ခွင့်တူညီမျှသည့် ပြည်ထောင်စုကို စိတ်ကူးယဉ်သူ တယောက်အနေနဲ့ကတော့ စိတ်ကြည်နူးစရာ တစက်မှတောင် မရှိခဲ့သလို ခံစားရပေသည်။
ကုန်ခဲ့သည့် ငါးနှစ်ကို စာကြောင်း တကြောင်းတည်းနဲ့ အတိုချုံ့ပြီး ပြောရမည်ဆိုလျှင် “ရခိုင်ပြည်နယ်ဟာ မျက်ရည်နဲ့ စခဲ့ရပြီး မျက်ရည်နဲ့ အဆုံးသတ်ခဲ့ရတယ်” လို့ ပြောရမယ်ထင်ပါသည်။
သို့သော်လည်း ဤပြဿနာတွေကို အမှန်တကယ် ဖြေရှင်းဖို့ဆိုလျှင်တော့ စိတ်ခံစားချက်များ တတ်နိုင်သမျှ ကင်းကင်းထားပြီး အကြောင်းအကျိုး သင့်တင့်သော အချက်အလက်များကို အခြေပြုကာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူ အားလုံး၏ လူမှုဘဝလုံခြုံရေးကို ရှေးရှုသော ချဉ်းကပ် ဆောင်ရွက်မှုမျိုးများ လိုအပ်မည် ဖြစ်ပါသည်။
ကိစ္စတော်တော်များများကို သာမာန်လူတွေက သူတို့ နားလည်ချင်သလို နားလည်ပြီး ခံစားချက်တွေ ဖြစ်ပေါ်နေတာမျိုးတွေ ရှိတတ်ကြသည်။ ထိုသို့ ခံစားချက်များ ပြင်းထန် ဖြစ်ပေါ်လာအောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ပေးသည့် လူတွေလည်း ရှိတယ်လို့ ဆိုချင်ဆိုနိုင်ပါမည်။ သာမာန်လူတွေကြားမှာ ဖြစ်နေသည့် စိတ်ခံစားမှုသက်သက်ကို ကြည့်ပြီး လူတွေကို အပြစ်တင်တာဟာ မီးစာကို မရှာဘဲ မီးညွှန့်ကို ကြည့်ပြီး ဆုံးဖြတ်နေသလိုမျိုးပဲ ဖြစ်ပါမည်။
ဒီတော့ ရခိုင်ပြည်နယ်ရဲ့ မီးစာက ဘာလဲ။ မီးစာကို လေပင့်ပေးတာက ဘာတွေလဲဟု မေးမိပါသည်။ ငါးနှစ်တာကာလကကို ပြန်လည်သုံးသပ် စဉ်းစားကြည့်သည့်အခါ အဖြေတွေထက် မေးခွန်းတွေသာ ပိုများများ ကျန်ခဲ့ရသည်။ မေးခွန်းတွေက များလွန်းလို့ ဘာဖြစ်လို့ ဒီမေးခွန်းတွေ မေးနေရပါလိမ့်လို့တောင် ပြန်မေးချင်စိတ် ပေါက်နိုင်ပါသေးသည်။ သို့သော် တချို့ မေးခွန်းတွေကတော့ မေးချင်လွန်းလှ၍ မေးမိပါသည်။
အဖြစ်ပျက်စဉ်
မေးခွန်းတွေ မမေးခင် အရေးကြီးသည့် အဖြစ်အပျက်အချို့ကို အခုလို စာရင်းချကြည့်မိသည်။
• မတ်/ဧပြီ ၂၀၁၆ – ရွေးကောက်ပွဲ အောင်နိုင်ပြီး ပြည်နယ်အစိုးရဖွဲ့ရာတွင် NLD နှင့် ANP ကြားက သဘောထား ကွဲလွဲမှုဖြစ်ပေါ်။ နောက်ဆက်တွဲအနေဖြင့် NLD မှ ပါတီဝင် ဦးညီပုအား ဝန်ကြီးချုပ်ခန့်ပြီး ANP မှ တချို့အား ဝန်ကြီးစသည့် ရာထူးများပေး။ ထိုသို့ လက်ခံသူများအား ANP မှ ထုတ်ပယ်။
• မေ ၂၀၁၆ – ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီဖွဲ့စည်းပြီး ရခိုင်အရေးကို စတင်ကိုင်တွယ်ရန် ခြေလှမ်း။
• ၂၀၁၆ အစောပိုင်းတွင် – အေအေနှင့် တပ်မတော် ထိတွေ့တိုက်ပွဲ အချို့စတင် ဖြစ်ပေါ်။
• ဩဂုတ် ၂၀၁၆ – ကိုဖီအာနန် ကော်မရှင်ဟု လူသိများသည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်း။ ရခိုင်လူထု၏ ကန့်ကွက်ဆန္ဒပြမှုများ ရှိ။ သို့သော် နောက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ဟုဆို။ ကနဦး ဆန့်ကျင်ခဲ့သူများကိုပင် တွေ့ဆုံကာ သဘောထား ရယူနိုင်ခဲ့ဟုဆို။ ယေဘုယျအားဖြင့် အများလက်ခံနိုင်သည့် အစီရင်ခံစာ တစောင် ထုတ်ပြန်နိုင်ခဲ့။
• အောက်တိုဘာ ၂၀၁၆ – ပထမအကြိမ် နယ်ခြားစောင့်စခန်း အတိုက်ခံရ။ ထိုတိုက်ခိုက်ခံရမှုသည် နိုင်ငံတကာမှ စိတ်ဝင်စားသည့် ကိုဖီအာနန် ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ပြီး ၂၄ ရီအတွင်းဖြစ်ပွားခြင်းဖြစ်။
• ဩဂုတ် ၂၀၁၇ – ဒုတိယအကြိမ် နယ်ခြားစောင့်စခန်း အတိုက်ခံရ။ နောက်တစ်ရက် ဩဂုတ် ၂၆ ရက်နေ့တွင် ကိုဖီအာနန် ကော်မရှင်မှ အစီရင်ခံစာ ထုတ်ပြန်မည်ဟု ကြိုတင် ထုတ်ပြန်ထားပြီးဖြစ်။
• အောက်တိုဘာ ၂၀၁၇ – ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီဖွဲ့စည်းဆောင်ရွက်။
• တပ်မတော်ဘက်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုနှင့် မွတ်စလင်များ နိုင်ငံဖြတ်ကျော် ထွက်ပြေးရသည့် အဖြစ်အပျက်များ။ ထို့နောက်တွင်တော့ ဖောင်းပွလာသော ကော်မတီများနှင့် ပြည်တွင်းပြည်ပ စုံစမ်းရေး ကော်မရှင်၊ ယန္တယားများ – ထိုအထဲတွင် ကိုဖီအာနန် ကော်မရှင် အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီကို ဒီဇင်ဘာ ၈ ၂၀၁၇ နေ့တွင် ဖွဲ့စည်းခြင်းလည်း ပါဝင်။
• ၂၀၁၈ – ၂၀၁၉ ကာလများ – အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခံရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့သို့ စွဲတင်မှုများ။
• ၂၀၁၈ နှောင်းပိုင်း အေအေနှင့် တပ်မတော်ကြား တိုက်ပွဲများစတင်ဖြစ်ပွားလာကာ တဖြည်းဖြည်းနှင့် တိုက်ပွဲအရေအတွက်နှင့် နယ်ပယ် ကျယ်ပြန့်လာ။ နောက်ဆက်တွဲအဖြစ် နှစ်သိန်းနီးပါးရှိ စစ်ဘေးရှောင် ဒုက္ခသည်များ။ လွှတ်တော်အမတ်နှင့် အမတ်လောင်းများအား ဖမ်းဆီးခြင်းများ။
• နောက်ဆုံး အခြေအနေအဖြစ် – မြို့နယ် ၉ မြို့နယ်နှင့် ၂ မြို့နယ်၏ အချို့နေရာများတွင် ရွေးကောက်ပွဲ မကျင်းပနိုင်။ ရွေးကောက်ပွဲပြီးသည့်နောက် အေအေနှင့် တပ်မတော်၏ တွေ့ဆုံမှုနှင့် ယာယီရပ်တန့်နေသော တိုက်ပွဲများ။
ဤသည်မှာ ငါးနှစ်တာကာလကို အကျဉ်းချုံ့ အဖြစ်ပျက် စဉ်ကြည့်ခြင်း ဖြစ်သည်။
ပလေယာများ
ပါဝင်နေသည့် ပလေယာများကို စာရင်းချကြည့်လျှင် ဤသို့တွေ့နိုင်မည်။
တပ်မတော်ကို လက်နက်အင်အားလူအင်အားနဲ့ အင်အားအကြီးဆုံး ပလေယာလို့ မြင်သည်။ ဒီနောက် လူထုထောက်ခံမှုရော ရထားသည့် အေအေ။ နောက်တော့ တပြည်လုံးမှာ အနိုင်ရပေမယ့် ရခိုင်ပြည်နယ်တွင်းမှာ လူကြိုက်အနည်းဆုံး ဖြစ်သည့် NLD နှင့် နောက်ဆုံးကတော့ လူထု ထောက်ခံမှုနဲ့ ပြည်နယ်တွင်း မဲအသာစီးရပေမယ့်လို့ အစိုးရဖွဲ့စည်းခွင့်မရခဲ့သည့် ANP အင်အားစုများ။ ဒီ ၄ စုဟာ အဓိကကျတယ်လို့ မြင်မိပါသည်။
ပလေယာထဲမှာ လက်နက်ကိုင်ထားသည့် အဖွဲ့တွေကိုတော့ အထူးတလည် မသုံးသပ်ချင်ပါ။ အရာရာကို လက်နက်နဲ့ ဖြေရှင်းချင်သည့် လူတွေကြားထဲမှာ တလျှောက်လုံး အကြမ်းမဖက်သည့် နည်းလမ်းကို ကိုင်စွဲ၊ ပြည်သူ့မဲနှင့် တက်လာသည့် အစိုးရရဲ့ နေရာကိုသာ စိတ်ဝင်စားစွာ ကြည့်မိပါသည်။
ပြင်ပလွှမ်းမိုးမှုများကတော့ အမျိုးမျိုးပြောဆိုသော်လည်း တဆင့်ခံများသာဟာ ဖြစ်ပြီး တိုက်ရိုက်ပါဝင်မှုကို မြင်ရခဲသည်။ ကျနော့်အမြင်အရတော့ ARSA ကို စစ်ဘုရင်ရဲ့ နယ်ရုပ်ကလေးများ အဖြစ်ဖြင့် လူရာ မသွင်းချင်ပေ။ သို့သော် စစ်ဘုရင်က ဘယ်သူလဲ ဆိုတာကတော့ စေ့ငုရမည့် မေးခွန်းတခု ဖြစ်ပါမည်။
ပလေယာထဲမှာ လက်နက်ကိုင်ထားသည့် အဖွဲ့တွေကိုတော့ အထူးတလည် မသုံးသပ်ချင်ပါ။ အရာရာကို လက်နက်နဲ့ ဖြေရှင်းချင်သည့် လူတွေကြားထဲမှာ တလျှောက်လုံး အကြမ်းမဖက်သည့် နည်းလမ်းကို ကိုင်စွဲ၊ ပြည်သူ့မဲနှင့် တက်လာသည့် အစိုးရရဲ့ နေရာကိုသာ စိတ်ဝင်စားစွာ ကြည့်မိပါသည်။
ဆူးကြားက ဘူးခါးလို အာဏာရှိပေမယ့် လုပ်ပိုင်ခွင့် မရှိသည့် နယ်ပယ်တွေ ရှိသေးတယ်ဆိုတာ အတိတ်မေ့လွယ်သည့် ကျနော်တို့ မမေ့ဖို့ လိုမယ်လို့လည်း ထင်ပါသည်။
မေးခွန်းများ
ပထမဆုံး မေးခွန်းကတော့ NLD အစိုးရဟာ ရခိုင်ကိစ္စကို ကိုင်တွယ်နည်း မှားယွင်းခဲ့သလား ဆိုတာဖြစ်သည်။
သေချာကြည့်မည် ဆိုလျှင်တော့ အစိုးရ ဖြစ်ပြီးပြီးချင်းမှာပဲ ကော်မတီဖွဲ့တာဟာ NLD အစိုးရဲ့ ဒီကိစ္စအပေါ် အလေးထားမှုကို မြင်သာနိုင်သည်။၊ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်ပြီး ကိုဖီအာနန်ကော်မရှင်ဖြင့် နိုင်ငံတကာနှင့် ပြည်တွင်း မျှခြေကို ရရှိအောင် ဆောင်ရွက်ဖို့ ကြိုးစားခဲ့ပုံရပါသည်။
ဤနေရာတွင် အချို့က နိုင်ငံခြားသားကို ကော်မရှင်ထဲ ထည့်လိုက်၍ ပြည်တွင်းပြဿနာကို နိုင်ငံတကာပြဿနာ ဖြစ်အောင် လုပ်လိုက်သည်ဟု လက်ညှိုးထိုးလေ့ ရှိတတ်ကြသည်။ တကယ်တော့ ဤအချက်သည် လွန်ခဲ့သည့် ၂၀၁၂ ပြဿနာများနောက်ပိုင်း ကတည်းက နိုင်ငံတကာ၏ အထူးအာရုံစိုက်မှုကို ခံနေရပြီးဖြစ်သည်ကို လျစ်လျူရှုခြင်းဟု မြင်မိပါသည်။
ကိုဖီအာနန် ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေ (စဖွဲ့ကတည်းက) လူမျိုးရေး ဘာသာရေးတွေ အသုံးပြုပြီး တောက်လျှောက် ဆန့်ကျင်လှုပ်ရှားခဲ့တာ ဘယ်သူတွေလဲ။ အထူးသဖြင့် နိုင်ငံခြားသားများ ပါဝင်၍ ကန့်ကွက်ခဲ့ကြသည်။ အဲ့လူတွေနောက်က ဘယ်သူတွေရှိနေခဲ့သလဲ။ အမှန်တကယ် မေးရမည်က ဘာဖြစ်လို့ အကြမ်းဖက်မှု လုပ်ရပ်တွေက အစီရင်ခံစာ ထွက်ရမယ့် ပတ်ချာလည်မှာ အချိန်ကိုက်ပေါ်လာရတာလဲ။
NLD အနေနဲ့ အစပိုင်းမှာ တာထွက်ကောင်းခဲ့သော်ငြား နောက်ပိုင်းမှာတော့ အရာရာ သူ့ခြေသူ့လက် ဘာမှ မရှိတော့ပေ။ ကော်မတီတွေ ဖွဲ့ပေမယ့် ပြည်သူတွေ ဟာသလုပ်စရာအဖြစ်သာ ရှိခဲ့သည်။
အဖြေမရှိသေးသည့် မေးခွန်းများပင် ဖြစ်သည်။ အကယ်၍ ဒီလို အကြမ်းဖက်မှုတွေ မပေါ်ပေါက်ခဲ့လျှင် ဒီနေ့ အခြေအနေတွေသည် တမျိုးတဖုံ ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ သို့သော်လည်း အချိန်နှောင်းခဲ့ပြီ ဖြစ်သည်။
NLD အနေနဲ့ အစပိုင်းမှာ တာထွက်ကောင်းခဲ့သော်ငြား နောက်ပိုင်းမှာတော့ အရာရာ သူ့ခြေသူ့လက် ဘာမှ မရှိတော့ပေ။ ကော်မတီတွေ ဖွဲ့ပေမယ့် ပြည်သူတွေ ဟာသလုပ်စရာအဖြစ်သာ ရှိခဲ့သည်။
လူပေါင်း သိန်းသောင်းချီ ထွက်ပြေး ရခြင်းအတွက် NLD ၏ တုံ့ပြန်မှုက UEHRD ကို ဖွဲ့စည်းပြီး ဆောင်ရွက်ခြင်း ဖြစ်သည်။ UEHRD ဟာလည်း အစပိုင်းက တာထွက်ကောင်းပေမယ့် နောက်ပိုင်း နိုင်ငံတကာ အလှူရှင်တွေရဲ့ အမြင်မကြည်မှု၊ လုပ်ထုံးလုပ်နည်းက စေတနာ့ဝန်ထမ်း အခြေပြုမှုတွေနဲ့ စနစ်တကျ မရှိတာတွေကြောင့် ထင်သလောက် ခရီးမပေါက်သာ ဆိုရပါမည်။
သုံးနှစ်ပြည့်သည်အထိ အများပြည်သူနှင့် နိုင်ငံတကာ၏အမြင်တွင် မယ်မယ်ရရ လုပ်ပြထားနိုင်တာ မရှိပေ။ သို့သော် NLD အစိုးရ၏ အပေါင်းလက္ခဏာ ဆောင်သည့် လုပ်ရပ်လို့တော့ ဆိုချင် ဆိုနိုင်ပါမည်။ ပြဿနာများ ပိုမိုဆိုးရွားလာလေ အရပ်သား အစိုးရ၏ လုပ်နိုင်သည့် နယ်ပယ် ဘောင်ကျဉ်းလာလေ ပင်ဖြစ်သည်။
NLD အစိုးရအနေဖြင့် ကောင်းတာလား ဆိုးတာလား အချိန်ကသာ ပြောပြနိုင်မယ့် ကိစ္စတချို့ကို လုပ်ခဲ့ခြင်းကတော့ အရေးကြီးမည်။ မွတ်စလင်တွေနဲ့ ဖြစ်သည့် ပြဿနာမှာရော၊ AA နဲ့ ဖြစ်သည့် တိုက်ပွဲတွေမှာရော “ဓားခုတ်ရာ လက်ဝင်လျှို” ခဲ့ခြင်းဟု ဆိုလိုက ဆိုနိုင်သည်။
မွတ်စလင်တွေ ထွက်ပြေးရသည့် ကိစ္စကြောင့် နိုင်ငံတကာရဲ့ ပြစ်တင်မှုကို ခံခဲ့ရသလို ခံနေရဆဲ ဖြစ်သည်။ ထိုကိစ္စအတွက် ICC တရားရုံးအထိ သွားရောက်ကာ လျှောက်လဲခုခံပြရင်း နိုင်ငံအတွက် ရပ်တည်သည်ဟူသော ပုံရိပ်ကို ရယူခဲ့သည်။ သို့သော်လည်း လာမည့် ငါးနှစ်အတွင်း ICC ကိစ္စသည် မည့်သို့ စခန်းသွားမည်ကိုလည်း သတိကြီးကြီးဖြင့် ပြင်ဆင်ရဦးမည် ဖြစ်သည်။
AA နဲ့ ဖြစ်ပွားသည့် ပဋိပက္ခများတွင်လည်း ပဋိပက္ခကို ဖြန်ဖြေသူအဖြစ် အားမထုတ်နိုင်ခဲ့သလို ဘေးရှောင်မနေခဲ့ခြင်းကလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရဆဲ ဖြစ်သည်။ အထူးသဖြင့် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့ခြင်းနှင့် မြို့နယ်အချို့တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
ဤနေရာတွင် ထူးခြားချက်အဖြစ် မွတ်စလင်တွေကို သိန်းသောင်းချီထွက်ပြေးအောင် နယ်မြေရှင်းလင်းရေး လုပ်နေခဲ့သည့် တပ်မတော်ဟာ အဲ့ဒီဒေသတွင်းမှာပဲ AA ရှိနေတာ၊ ကြီးထွားလာတာကို ဘာဖြစ်လို့ သတိမပြုဘဲ နေတာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းသည့်မေးခွန်းတခု ဖြစ်သင့်ပါသည်။
ဒါဟာ တက်ကြွလှုပ်ရှားသူတွေလို ကြေညာချက်ထုတ် အပြစ်တင်နေရုံမျိုး လုပ်လို့မရသည့် နိုင်ငံရေးတာဝန်ကို ယူတာဖြစ်တယ်၊ ဒီအတွက် နိုင်ငံတော်ရဲ့ တာဝန်တစိတ်တပိုင်းကို မလွဲမသွေ ထမ်းဆောင်ရတာ ဖြစ်တယ်လို့ ဆိုသူရှိသလို ဒီလိုလုပ်တာဟာ မှားတယ်လို့ အပြစ်တင်သူများလည်း မနည်းပေ။ လတ်တလောမှာ ယတိပြတ် ပြောဖို့ စောလွန်းနေသေးပြီး ဆက်လက် အဖြေရှာ၊ အငြင်းပွားနေဦးမည့် ကိစ္စများ ဖြစ်သည်။
ဤနေရာတွင် ထူးခြားချက်အဖြစ် မွတ်စလင်တွေကို သိန်းသောင်းချီထွက်ပြေးအောင် နယ်မြေရှင်းလင်းရေး လုပ်နေခဲ့သည့် တပ်မတော်ဟာ အဲ့ဒီဒေသတွင်းမှာပဲ AA ရှိနေတာ၊ ကြီးထွားလာတာကို ဘာဖြစ်လို့ သတိမပြုဘဲ နေတာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းသည့်မေးခွန်းတခု ဖြစ်သင့်ပါသည်။
အခြားတဖက်တွင်လည်း သက်ဆိုင်ရာ ပြည်သူများကို ကိုယ်စားပြုခဲ့ကြသည့် NLD နဲ့ ANP တို့၏ လက်ရှိ ဆက်ဆံရေး အနေအထားသည်လည်း ပြန်လည်ဆန်းစစ်ရမည် အချက် ဖြစ်ပါသည်။ ဘယ်သူက ဘယ်သူကို ဘယ်လို ကိုယ်စားပြုမလဲ။ အဆိုပါ ကိုယ်စားပြုမှုကို ဘယ်လို အပြန်အလှန် အသိအမှတ်ပြုကြမလဲ ဆိုတာကို ပါဝင်သက်ဆိုင်နေသူများကို မေးခွန်းထုတ်လိုပါသည်။
ထို့အတူ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးနှင့် အရေးကြီးသည့် ကိစ္စရပ်များတွင် အရပ်သား အစိုးရ အမှန်တကယ် ထိန်းချုပ် အာဏာရှိမှုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခဲ့သော ငါးနှစ်ဟု ဆိုရမည် ဖြစ်ပါသည်။ အနိုင်ရပါတီ၊ အစိုးရဖွဲ့သည့် ပါတီဟု မည်သို့ပင် ဆိုသော်ငြား၊ မိမိတို့ပါတီမှ လွှတ်တော်အမတ်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းဆီးသွားခြင်းကိုပင် အကာအကွယ် မပေးနိုင်ခဲ့ပေ။
ထိုအခြေအနေ အားလုံးကို ပြန်ခြုံကြည့်လျှင် လူအများ ထောက်ခံမှုနဲ့ တခါမှ တိုင်းပြည်ကို မအုပ်ချုပ်ဖူးတဲ့ အရပ်သား အစိုးရဟာ ဘာမှ မလုပ်နိုင်ပါဘူးကွာ၊ အရည်အချင်း မရှိပါဘူးလို့ ထင်လာအောင်များ တမင် ဝိုင်းလုပ်နေသလားလို့လည်း တွေးမိပါသေးသည်။ ဒါလည်း စိတ်အစွဲမကင်းသည့် မေးခွန်းဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ရှေ့ဆက်ရမည့်လမ်း
ရွေးကောက်ခံ အစိုးရအနေနဲ့ အားနည်းချက်တွေ ရှိခဲ့သော်ငြား အမွေအဖြစ် လက်ခံရရှိခဲ့သည့် ပြဿနာကို ဦးဆောင်ဖြေရှင်းရန် ကြိုးစားခဲ့သည်ကိုတော့ မြင်သာနိုင်သည်။
အစောပိုင်းမှာ တည်ငြိမ်မှု တစုံတရာ ရှိသည့် အခြေအနေမှာ ကနဦး တက်ကြွမှုနှင့်အတူ တက်ကြွသည့် မူဝါဒဆုံးဖြတ်ချက်အချို့ကို ချမှတ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခြေအနေကပဲ မူဝါဒတွေကို ပြဌာန်းသည့် သဘောသက်ရောက်သွားသည်။ အခြေအနေလိုက်ပြီး မီးစင်ကြည့်ကရသည့် အဆင့်ကို လျောကျသွားသည်။ ပြဿနာ၏ အဖြေထက် မပြီးပြတ်သေးသည့် ရှုပ်ထွေးဆဲ မေးခွန်းများသာ ကျန်ရစ်နေခဲ့သည်။ ယခုအခြေအနေလောက်သာ ဆိုးရွားခြင်းကိုပင် ကျေနပ်ရမလို ဖြစ်နေတော့သည်။
ဘယ်သူတွေ ဝင်ကူထမ်းနိုင်မလဲ တွေးတောပြီး မျှဝေသော၊ ပါဝင်သင့်သူများ (အထူးသဖြင့် ရခိုင်ပြည်တွင်း နေထိုင်သူ လူအုပ်စုများ) ပါဝင်သော၊ ညီညာရုံးကြမည့် အခင်းအကျင်း တခုကို မဖြစ်မနေ စဉ်းစားမှ ဖြစ်မည်ဟု သင်ခန်းစာ ထုတ်နိုင်ပါသည်။
သေချာသည်ကတော့ ရခိုင်ပြည်နယ် ပြဿနာအား အာဏာတစိတ်တပိုင်းသာ ရထားသည့် အစိုးရတရပ်အနေနဲ့ မဖြေရှင်းနိုင်ဘူးဆိုတာကို ကုန်လွန်ခဲ့သည့် ငါးနှစ်က ပြသပြီး ဖြစ်သည်။ ထို့အတွက် အာဏာရပါတီအနေဖြင့်လည်း နေပြည်တော်က ဆုံးဖြတ်ချက်များ ချမှတ်ပြီး တာဝန်များအားလုံးကို ယူထားခြင်းဟာ ဝန်ပိစေရုံသာ ရှိပါမည်။
ဘယ်သူတွေ ဝင်ကူထမ်းနိုင်မလဲ တွေးတောပြီး မျှဝေသော၊ ပါဝင်သင့်သူများ (အထူးသဖြင့် ရခိုင်ပြည်တွင်း နေထိုင်သူ လူအုပ်စုများ) ပါဝင်သော၊ ညီညာရုံးကြမည့် အခင်းအကျင်း တခုကို မဖြစ်မနေ စဉ်းစားမှ ဖြစ်မည်ဟု သင်ခန်းစာ ထုတ်နိုင်ပါသည်။
အခြားဒေသမှာ နေထိုင်ကြသည့် ပြည်ထောင်စုသားများ အနေဖြင့်လည်း ရခိုင်မှာနေတဲ့ လူတွေရဲ့ ပြဿနာအဖြစ်သာ မမြင်ဘဲ နိုင်ငံ့ပြဿနာကြီး တခုအဖြစ် ရှုမြင်ကာ ခံစားချက် သက်သက်၊ အမြင်မကျဉ်းဘဲ ဝိုင်းဝန်းဖေးမဖို့ တိုက်တွန်းချင်ပါသည်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ရခိုင်ပြည်သူများစွာဟာ ပဋိပက္ခများရဲ့ မြေစာပင် ဖြစ်ခဲ့ကြရသည်ကို အသိအမှတ်ပြုရန် အရေးကြီးပါသည်။
နောက်ဆုံးမေးခွန်းနဲ့ အကြီးမားဆုံး မေးခွန်းကတော့ ရခိုင်ပြည်နယ်ကို ဘယ်သူက မောင်းနှင်နေသလဲဆိုတာပဲ ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ဘယ်သူတွေက မောင်းနှင်နေသလဲ။ မြန်မာပြည်သူတွေ အနေနဲ့ရော ဘယ်လိုလူတွေကို မောင်းနှင်စေချင်ပါသလဲ ဆိုတာပဲ ဖြစ်ပါသည်။
(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ယူထားပြီး ငြိမ်းချမ်းရေးနှင် ပဋိပက္ခဆိုင်ရာများ၊ မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)
You may also like these stories:
AA လက်က ပြန်မလွတ်သေးတဲ့ အမေ့ခံ နိုင်ငံ့ဝန်ထမ်းများ
NLD နဲ့ တိုင်းရင်းသားပါတီများကြားက ရှုပ်ရှုပ်ထွေးထွေး ဆက်ဆံရေး
“ဝ” ပြည်နယ်တောင်းဆိုမှု သို့မဟုတ် အစိုးရ ဖြေရှင်းရခက်မယ့် ပုစ္ဆာ