မြန်မာပြည်သူလူထု အုံကြွမှုအရေးတော်ပုံက ဆက်လက်ကြီးထွားနေပါတယ်။ ဒီတကြိမ် အုံကြွအံတုမှုက စစ်အာဏာရှင်စနစ်ကို အနိုင်ယူနိုင်မှာလား။
“အခုချိန်အထိတော့ မြန်မာစစ်အစိုးရကို ဘယ်အရာကမှ မချေမှုန်းနိုင်သေးဘူး”လို့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး ကျနော့်ဆောင်းပါးတပုဒ်ရဲ့အဖွင့်စာကြောင်းမှာ ရေးခဲ့ပါတယ်။ သံဃာတော်တွေနဲ့ ဆန္ဒပြသူတွေအားလုံးကို အဲဒီအချိန်က စစ်အစိုးရက ပစ်ခတ်ချေမှုန်းဖမ်းဆီးပြီး အနိုင်ပိုင်းခဲ့တဲ့ကာလပေါ့။ဝမ်းနည်းစရာကောင်းတာက အခု စစ်အစိုးရသစ် အာဏာသိမ်းပြီးချိန်မှာလည်း “အခုချိန်အထိတော့ မြန်မာစစ်အစိုးရကို ဘယ်အရာကမှ မချေမှုန်းနိုင်သေးဘူး” ဆိုတဲ့အခြေအနေတိုင်းပါပဲ။ ဒါပေမယ့် ဒီအခြေအနေက ဘယ်အထိဆက်မှန်နေဦးမလဲ ဆိုတာကို မေးစရာ၊ တွေးစရာ ရှိပါတယ်။
လူထုအုံကြွမှုရဲ့ ရည်မှန်းချက်ကတော့ အရင်လို စစ်အစိုးရဖြုတ်ချရေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ကာလ၊ အရှိန်အဟုန်နဲ့ နည်းပရိရာယ်တွေကတော့ ပြောင်းလဲသွားခဲ့ပါပြီ။
ဗုဒ္ဓဟူးနေ့ မနက် ယာဉ်ထူထပ်ချိန်မှာ မော်တော်ယာဉ်မျိုးစုံဟာ ရန်ကုန်မြို့ရဲ့ လမ်းတွေ၊ တံတားတွေ၊ ဂုံးကျော်တံတားတွေ တော်တော်များများရဲ့ လမ်းလယ်မှာ ရုတ်တရက် စက်ချို့ယွင်းမှုဖြစ် ထိုးရပ်သွားကြပါတယ်။ တကယ်တော့ ဒီကားတွေက ပျက်တာ မဟုတ်ပါဘူး။ ဒါဟာ စစ်အစိုးရကို ခုခံဆန့်ကျင်မှုမှာ ဆန္ဒပြသူ ကားပိုင်ရှင်တွေနဲ့ ကားဆရာတွေ နောက်ဆုံးအသုံးပြုတဲ့ နည်းလမ်းပါ။
အလုပ်ဆင်းနေကြဆဲဖြစ်တဲ့ ဝန်ထမ်းတွေ ရုံးမသွားနိုင်ဘဲ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်အောင် တိုက်တွန်းဖို့ လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့အောင် လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာတော့ ကမ္ဘာမှာ ကားပျက်မှု အဆိုးဆုံးဖြစ်တဲ့နေ့လို့ ဟာသနှောရေးသားကြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး ၂ ပတ်အတွင်း အစိုးရဝန်ထမ်းတွေ တော်တော်များများသာမက ပုဂ္ဂလိကဘဏ်တွေက ဝန်ထမ်းတွေပါ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာကြပြီး ရုံးမသွားကြတော့ပါဘူး။ တချို့ကလည်း အလုပ်ကို သွားနေတုန်းပဲ ရှိပါသေးတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အုပ်စုတွေ၊ Gen Z လို့ခေါ်ကြတဲ့ ဂျန်နရေးရှင်း Z မျိုးဆက်က လူငယ် ဆန္ဒပြသူတွေ၊ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ သာမန်ပြည်သူတွေအားလုံးဟာ အလုပ်ဆင်းဖို့သွားနေတဲ့ဝန်ထမ်းတွေ CDM မှာပါဝင်ဖို့ ဖြောင်းဖျနိုင်အောင် ကြိုးစားနေကြပါတယ်။ အားလုံးပါဝင်တဲ့ CDM လှုပ်ရှားမှုဟာ စစ်အစိုးရကို ရပ်တန့်စေပြီး အမြန်နိဂုံးချုပ်စေမယ်လို့ သူတို့ ယုံကြည်ကြပါတယ်။
ဒီအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့အတွက် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းဖို့ သူ့ရဲ့မိန့်ခွန်းမှာ တကြိမ်မက တိုက်တွန်းခဲ့ပြီး ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူကလည်း CDM လှုပ်ရှားမှုကို သည်းခံတာဟာ အကန့်အသတ်နဲ့သာဖြစ်ကြောင်း အင်္ဂါနေ့က သတိပေးခဲ့ပါသေးတယ်။
စစ်အစိုးရက ဒီလိုပြောဆိုတာတွေနဲ့ သတိပေးတာဟာ CDM လှုပ်ရှားမှု ထိရောက်မှု ရှိတာကို ပြသနေပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီလိုလားတဲ့ အုံကြွမှုအတွင်းကလည်း ဝန်ထမ်းအများအပြားဟာ အလုပ်မဆင်းကြတော့ပေမယ့် အခုလုပ်နေတဲ့ CDM နဲ့ ကွဲပြားပါတယ်။ အစိုးရဝန်ထမ်းအများအပြားဟာ အဲဒီတုန်းက ဆိုရှယ်လစ်အာဏာရှင်အစိုးရကို ဆန့်ကျင်တဲ့ အထွေထွေသပိတ်မှာ ပါဝင်ခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့အခါ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရပါတယ်။ အလုပ်ထွက်၊ အလုပ်ထုတ်ခံရသူတွေရှိပေမယ့် အများစုကတော့အလုပ်ပြန်တက်ခဲ့ကြရပါတယ်။ နောက်တော့ စစ်အစိုးရက အစိုးရလုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ခဲ့ပါတယ်။

ယခုအကြိမ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးမှ ပြည်သူ့ဝန်ထမ်းတွေက CDM လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့တာပါ။ စစ်အစိုးရရဲ့ ရဲနဲ့စစ်တပ်တွေဟာ ပြည်သူ့ဝန်ထမ်းအချို့ကို အတင်းအကျပ် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်အောင် လုပ်ဆောင်နေပေမယ့် အခုထိတော့ ထိထိရောက်ရောက် မအောင်မြင်သေးပါဘူး။
ကားပျက်တဲ့ လှုပ်ရှားမှုအပြီးမှာတော့ ဆန္ဒပြသူတွေဟာ လမ်းမတွေပေါ်မှာ စတင်ချီတက်လာကြပါတယ်။ မွန်းတည့်ချိန်လောက်ရောက်တဲ့အခါမှာတော့ သန်းနဲ့ မချီရင်တောင်မှ သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဆူးလေဘုရားအနီး လမ်းဆုံမှာ စုဝေးမိနေပြီဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ထောင်နဲ့ သောင်းနဲ့ချီတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေဟာ တနိုင်ငံလုံးက မြို့ကြီး မြို့ငယ်တွေရဲ့ လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြကြပါတယ်။ တနိုင်ငံလုံးက ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေဟာ သန်းဂဏန်းရှိတယ်လို့ ယုံကြည်ရပါတယ်။
၁၉၈၈ ခုနှစ်တုန်းက အခြားကျောင်းသားတွေနဲ့အတူ ကျနော်တို့ ချီတက်ဆန္ဒပြသူတွေ လူစုမခွဲခင် နောက်တနေ့အစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းစကားတွေကို တယောက်နဲ့တယောက် တဆင့်စကားနဲ့ မှာကြားရပါတယ်။ အဲဒီတုန်းက အင်တာနက်မပြောနဲ့ မိုဘိုင်းဖုန်းတောင် မရှိပါဘူး။ ကြိုးဖုန်းတောင် တော်တော်ကို ရှားပါတယ်။ ဒီနေ့ဆန္ဒပြသူတွေ အထူးသဖြင့် လူငယ်တွေ ဆွေးနွေးတဲ့နေရာတွေ လူမှုကွန်ရက်တွေပေါ်မှာ နောက်တနေ့ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ပုံတွေဟာ တော်တော်လေးကို သဘောကျစရာကောင်းပြီး စနစ်လည်း ကျပါတယ်။
အခုနဲ့ ၁၉၈၈ ခုနှစ် အုံကြွမှုနှစ်ခုအကြား မတူညီတဲ့ အဓိကတချက်ကတော့ နိုင်ငံရေးအရ တရားဝင်မှုပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်တုန်းက ဗိုလ်ချုပ်နေဝင်း အာဏာရှင်အစိုးရကို လူထုအုံကြွမှုက ဖြုတ်ချပြီးနောက် ရွေးကောက်ခံပါတီ သို့မဟုတ် အစိုးရမရှိဘဲ အာဏာလစ်ဟာမှု ဖြစ်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ အာဏာသိမ်းခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ဦးဆောင်တဲ့ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရထံက အာဏာကို သိမ်းယူလိုက်တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင်တွေက မဲမသမာမှုရှိတယ်လို့ အကြိမ်ကြိမ်ပြောနေစေကာမူ ၂၀၂၀ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ဟာ မဲအပြတ်အသတ်နဲ့နိုင်ခဲ့တာလို့ သံသယဖြစ်စရာ မရှိပါဘူး။
အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ပြောတဲ့ကောက်ချက်က အတိအကျ မှန်ပါတယ်။ “ဒါဟာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဗြောင်ကျတဲ့ တိုက်ခိုက်မှုဖြစ်တယ်” လို့ သူက ပြောပါတယ်။
တနေ့တခြား ကြီးထွားလာနေတဲ့ လူထုအုံကြွမှုကို သုံးသပ်ကြည့်မယ်ဆိုရင် ဒီစစ်အာဏာသိမ်းမှုဟာ စစ်အစိုးရကပြည်သူတွေနဲ့ နိုင်ငံရဲ့ထွန်းသစ်စ ဒီမိုကရေစီကို မတရားသော စစ်ဆင်နွဲတာလို့ ပြောရင်မမှားပါဘူး။ သူတို့တွေအားလုံးရဲ့ အနာဂတ်မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်တာလို့ ပြည်သူတွေက မြင်ပါတယ်။
ဒါကြောင့်မို့ပဲ အလွှာစုံက ဒီပြည်သူတွေအားလုံးဟာ လွန်ခဲ့တဲ့ ၂ ပတ်လုံး လမ်းမတွေပေါ်ထွက်လာပြီး တညီတညွတ်တည်း ငြိမ်းချမ်းစွာ ပြန်လည်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။
မြန်မာ့သမိုင်းတင်မက ကမ္ဘာ့သမိုင်းမှာပါ ငြိမ်းချမ်းတဲ့အံတုမှုတွေဟာ မမှန်မကန် ဆိုးရွားတဲ့စိတ်ဓာတ်နဲ့ လက်နက်အင်အားပေါင်းစပ်ထားတဲ့ အင်အားကိုတော့ မယှဉ်နိုင်ဘူးဆိုတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ငြိမ်းချမ်းတဲ့လူထုအုံကြွမှုတွေဟာ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တွေမှာ စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်ခဲ့သလို အခု ၂၀၂၁ အထိလည်း မဖယ်ရှားနိုင်သေးပါဘူး။ လွဲမှားတဲ့စိတ်ဆန္ဒနဲ့ လက်နက်အင်အားကို ပေါင်းစပ်ပြီးတော့ အာဏာရှင်တွေက အမြဲလိုလို အနိုင်ယူလေ့ရှိပါတယ်။လွန်ခဲ့တဲ့ ၃၃ နှစ်က အာဏာရှင်စနစ်ကို ကျနော်တို့ထွက်ဆန္ဒပြတော့ ရက်ရက်စက်စက် ပစ်ခေတ်ချေမှုန်းခံခဲ့ရပါတယ်။ နောက်ဆယ်စုနှစ် အတန်ကြာတဲ့အထိ ကျနော်တို့ဟာ ဒီမိုကရေစီကို ဖေါ်ဆောင်နိုင်ခြင်း မရှိခဲ့ဘူး။

အဲဒီလို ဖိနှိပ်တဲ့အခြေအနေဆိုးတွေ အောက်မှာတောင်မှ မြန်မာပြည်သူတွေဟာ မတရားမှုကို တော်လှန်ရဲကြပါတယ်။ ဒီနေ့မှာလည်း သူတို့ရဲ့ ဦးမညွှတ်တဲ့ စိတ်ဓါတ်နဲ့ အာဏာရှင်စနစ်ကို အာခံဆန့်ကျင်မှုဟာ ပြောင်းလဲခြင်းမရှိပါဘူး။ အချိန်ကာလ၊ အရှိန်အဟုန်နဲ့ နည်းပရိရာယ်တွေကတော့ လုံးဝမတူတော့ပါဘူး။
ဗုဒ္ဓဟူးနေ့ နေ့လည်က ရန်ကုန်မြို့လယ်က ဆန္ဒပြလူအုပ်ကြီးကို ၈၈ အရေးတော်ပုံက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မိန့်ခွန်းပြောခဲ့ပါတယ်။ အခုအုံကြွမှုမှာပါဝင်သူတွေဟာ ဂျန်နရေးရှင်း X ၊Y နဲ့ Z မျိုးဆက်တွေဖြစ်တယ်၊ ဆန္ဒပြပွဲတွေ ရှေ့ဆက်နိုင်ဖို့ တူညီတဲ့အတွေ့အကြုံတွေကို အသုံးပြုနိုင်တယ် ဆိုတာကို သူကပြောကြားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နဲ့ အခုအချိန်အကြား မတူညီမှုတွေနဲ့ အားသာချက်တွေကိုထောက်ပြပြီး “အခုအချိန်ဟာ ၂၁ ရာစုဖြစ်တယ်” လို့ပြောကြားခဲ့ပါတယ်။ ဆိုလိုတာကတော့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၃၃ နှစ်က သူတို့ဦးဆောင်ခဲ့တဲ့ အရေးတော်ပုံတုန်းကလို တံခါးပိတ်လူ့အဖွဲ့အစည်းမဟုတ်ကြောင်း ထောက်ပြခဲ့တာဖြစ်ပါတယ်။ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခြင်း အလုပ်မဆင်းတာ သက်သက်မဟုတ်ဘဲ စစ်အစိုးရက ထုတ်တဲ့ အမိန့်တိုင်းကိုအာဏာဖီဆန်တာဖြစ်ကြောင်းကိုလည်း သူအလေးထားပြောကြားခဲ့ပါတယ်။
မိန့်ခွန်းအဆုံးမှာ သူနဲ့ ဆန္ဒပြသူတွေဟာ မြန်မာလူထုအုံကြွမှုတိုင်းမှာကြားရတဲ့ ကြွေးကြော်သံကို တိုင်ပေးခဲ့ပါတယ်။ သူနဲ့ ဆန္ဒပြသူတွေရဲ့ကြွေးကြော်တဲ့ အသံက ရန်ကုန်မြို့လယ်က လမ်းမတွေမှာ ပဲ့တင်ထပ်ခဲ့ပါတော့တယ်…
“အရေးတော်ပုံ… အောင်ရမည်”
“အရေးတော်ပုံ… အောင်ရမည်”
“အရေးတော်ပုံ… အောင်ရမည်”
( Kyaw Zwa Moe ၏ Will Myanmar’s Uprising Succeed This Time? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုတွက်ကိန်းလွဲသွားလဲ
လူထုကို အကြမ်းမဖက်ဘဲ အခြေခံအခွင့်အရေး ကာကွယ်ပေးဖို့ တရုတ်သံအမတ်ပြော
ကျီးလန့်စာ စားနေရတဲ့ ပြည်သူများ ဘဝ