စစ်အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားများအမြင်

Khin Khin Mra
ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ အထွေထွေ သပိတ်ကော်မတီ(GSCN) ကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား အုပ်စု ၂၇ စုက ဖွဲ့စည်းလိုက်သည်/Facebook

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး အစောပိုင်းနေ့များတွင် တိုင်းရင်းသားများအနက် အများအပြားက ထိုစစ်အာဏာသိမ်းမှုသည် တပ်မတော်နှင့် ပထမသက်တမ်းအတွင်း တိုင်းရင်းသား အခွင့်အရေးများကို မြှင့်တင်ရန် ပျက်ကွက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အကြား တိုက်ပွဲအဖြစ် မြင်ကြသည်။ ၎င်းတို့၏ NLD အပေါ်မုန်းတီးမှုကြောင့် တိုင်းရင်းသား အများအပြားသည် NLD အုပ်ချုပ်စဉ် အမှောင်မိုက်ဆုံးကာလများကို စစ်အာဏာသိမ်းမှုက သတိပေးလိုက်သည်ဟု စာရေးသူ ယုံကြည်သည်။ ပြည်ထောင်စုသည် ၎င်းတို့နှင့်မသက်ဆိုင်ဟု အများအပြားက ယူဆပြီး ၎င်းတို့၏ ဘဝနှင့် အခြေအနေသည် စစ်တပ်ဖြစ်စေ NLD ဖြစ်စေကာအုပ်ချုပ်စဉ်အတိုင်း ရှိနေမည်ဟု ယူဆကြသည်။ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကဲ့သို့သော အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်ရှိနိုင်ငံရေး ပဋိပက္ခသည် ၎င်းတို့အတွက် မည်သို့မျှ ထူးခြားခြင်းမရှိဟု ယူဆကြသည်။

၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲကဲ့သို့ပင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို အနိုင်ရပြီး NLD အတွက်နောက်ထပ်တောင်ပြိုကမ်းပြို အောင်ပွဲဖြစ်သည်။ သို့သော် ထိုရွေးကောက်ပွဲသည် လွှတ်တော်နေရာ ၁၀ ရာခိုင်နှုန်းသာရသော တိုင်းရင်းသားပါတီများအတွက် စိတ်ပျက်စရာဖြစ်ခဲ့သည်။ USDP နှင့် စစ်တပ်မဟာမိတ် လွှမ်းမိုးမှုကို တားဆီးရန် လူအများအပြားက NLD ကို ရွေးချယ်ခဲ့သော်လည်း မဲရလဒ်သည် ညွန့်ပေါင်းအစိုးရ အိပ်မက်များကို ဖျက်ဆီးလိုက်ပြီး တိုင်းရင်းသားပါတီများသည် အဆုံးအဖြတ်ပေးမည့် ပါတီများဖြစ်လာမည်ဆိုသည့် မျှော်မှန်းချက်များကိုလည်း ပျက်စီးသွားစေသည်။ တိုင်းရင်းသားပါတီ အများအပြားနှင့် ၎င်းတို့ကို ကိုယ်စားပြုသော ပြည်သူများက NLD သည် ၎င်းတို့ကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်သာမက နည်းလမ်းပေါင်းစုံဖြင့် ချိုးနှိမ်ဖယ်ထုတ်သည်ဟု မြင်ကြသည်။ ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် အမျိုးသား ညီညွတ်ရေး အစိုးရတွင် ပါဝင်ရန် NLD က တိုင်းရင်းသားပါတီအချို့နှင့် ဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း အခြားပါတီများမှာမူ ပစ်ပယ်ခံကြရသည်။

တိုင်းရင်းသားပါတီခေါင်းဆောင် ၄ ဦးသည် အာဏာသိမ်းပြီး တရက်အကြာတွင် ဖွဲ့စည်းသည့် စစ်တပ်နှင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် မင်းအောင်လှိုင် ခေါင်းဆောင်သော အဖွဲ့ဝင် ၁၅ ဦးပါ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) တွင် ရာထူးလက်ခံသည်။ အခြားတိုင်းရင်သားပါတီများသည် ထိုသို့ ရာထူးကမ်းလှမ်းမှုကို ငြင်းပယ်သော်လည်း လက်ခံသူမျာအကြားတွင် ရခိုင်အမျိုးသားပါတီ (ANP) ပါဝင်သည်။ ANP ၏ နာကျည်းချက်များတွင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး ANP က ပြည်နယ်လွှတ်တော်နေရာ အများစုကို နိုင်င်ခဲ့သော်လည်း NLD က သူ့သဘောနှင့်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခဲ့ခြင်း ပါဝင်သည်။ ANP က ယခင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်များတွင်လည်း ရခိုင်ပြည်နယ်မှ အကျပ်အတည်းတလျှောက်လုံးတွင် NLD က ANP ကို ထိတွေ့ဆက်ဆံမှု မရှိခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲလွန်ကာလဆွေးနွေးပွဲများတွင် NLD က ANP ကို ပစ်ပယ်ခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွင်း ရက္ခိုင့်တပ်တော်က တိုက်တွန်းပြီး စစ်တပ်က ထောက်ခံသော်လည်း ရခိုင်ပြည်နယ်တခုလုံးတွင် ရွေးကောက်ပွဲများ ကျင်းပရန် NLD က ငြင်းဆန်ခြင်းတို့ကို မီးမောင်းထိုးပြထားသည်။

ဆန္ဒပြပွဲ အစောပိုင်းရက်များတွင် ဆန္ဒပြသူအများအပြားသည် NLD ၏ သင်္ကေတ အနီရောင် အဝတ်များကို ဝတ်ဆင်ကာ NLD အလံကိုကိုင်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကို ပွေ့ပိုက်ထားကြသည်။ ထိုသို့သော ရုပ်ပုံလွှာများက ထိုစစ်အာဏာသိမ်းမှုသည် NLD နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်သည်ဆိုသည့် လုပ်ဇာတ်ကို ပိုမိုခိုင်မာစေသည်။ ဆန္ဒပြသူများ၏ အခြေခံတောင်းဆိုမှုများတွင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် အခြားဖမ်းဆီးခံခေါင်းဆောင်များအား ပြန်လွှတ်ပေးရေးနှင့် လွှတ်တော်ခေါ်ယူခြင်းဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်ရေးပါဝင်သည်။ သို့သော် ဗမာဆန္ဒပြသူအများစုက ဆုပ်ကိုင်ထားသော ထိုအမြင်သည် တိုင်းရင်းသားအများအပြားနှင့် တူညီခြင်း မရှိပေ။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုင်းရင်းသားများနှင့်ပင် တူညီခြင်း မရှိပေ။

ပိုမိုရှင်းလင်းစွာဖေါ်ပြရပါက အာဏာသိမ်းရခြင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု အကြီးအကျယ် ရှိသောကြောင့်ဖြစ်သည်ဆိုသည့် စစ်တပ်၏ စွပ်စွဲချက်နှင့် တနှစ်အတွင်း လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသည့်ကတိကို တိုင်းရင်းသားပြည်သူနှင့် တိုင်းရင်းသားပါတီအများအပြားက လက်မခံကြပေ။ ၎င်းတို့အများအပြားသည် NLD ကို မထောက်ခံသော်လည်း တိုင်းရင်းသားခေါင်းဆောင်အချို့ SAC တွင်ပါဝင်ခြင်းသည် သစ္စာဖေါက်ခြင်းဖြစ်ကြောင်း ခံစားရသည်။

ထိုနိုင်ငံရေးမူဘောင်အတွင်း စစ်အာဏာသိမ်းမှုကို တိုက်ပွဲဝင်နေသော သူများနှင့် သွေးစည်းညီညွတ်စွာ ရပ်တည်လိုသော တိုင်းရင်းသားအများအပြားသည် စိတ်ပိုင်းဆိုင်ရာ အတားအဆီးများနှင့် ၎င်းတို့၏ အသံကို ဖေါ်ထုတ်ရာတွင် တူညီမှုမရှိခြင်းကို ရင်ဆိုင်ကြရသည်။ အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်မှာ စစ်တပ်သည် အသစ်ဖွဲ့စည်းလိုက်သော အုပ်ချုပ်ရေးကောင်စီအဆင့်ဆင့်တွင် ရာထူးများပေးအပ်ခြင်းဖြင့် တိုင်းရင်းသားပါတီများမှ ပုဂ္ဂိုလ်အချို့ကို ပါဝင်စေကာ တိုင်းရင်းသားပါတီများနှင့် ၄င်တို့ကိုထောက်ခံသူများအကြား နောက်ထပ်သွေးကွဲမှုနှင့် တင်းမာမှုများကို ဖန်တီးလိုက်ခြင်းဖြစ်သည်။

NLD အပေါ် နာကျည်းချက်များ ရှိကြသော်လည်း တိုင်းရင်းသားပြည်သူအများအပြားသည် ၎င်းတို့နိုင်ငံတွင် ဖြစ်ပျက်နေသည်များကို လျစ်လျူရှုမထားနိုင်ကြဘဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်သူများနှင့် သွေးစည်းချစ်ကြည်မှုကို ပြသကြသည်။ ၎င်းတို့သည် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများမှ ဆန္ဒပြပွဲများတွင် ပါဝင်ရုံသာမက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်နှင့် ရှမ်းပြည်နယ်များတွင်လည်း ဒေသအလိုက် ဆန္ဒပြပွဲများ အလျှင်အမြန်ပေါ်လာသည်။

ထိုနောက်ပိုင်း ဆန္ဒပြပွဲများတွင် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စသည်တို့ကို အားလုံးကတောင်းဆိုပြီး အစောပိုင်း ဆန္ဒပြပွဲများနှင့် ကွဲပြားလာသည်။ ထိုတောင်းဆိုချက်များသည် NLD နှင့်မတူညီသော တောင်းဆိုချက်များဖြစ်သည်။ ထိုပြည်နယ်များမှ ဆန္ဒပြသူများသည် အများအားဖြင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ကြပြီး NLD အလံနှင့် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို မကိုင်ဘဲ တိုင်းရင်းသား အလံများကိုသာ ကိုင်ဆောင်ကြသည်။

ရန်ကုန်တွင် ဆန္ဒပြပွဲများဖြစ်ပေါ်သည့် ၅ ရက်မြောက်နေ့ဖြစ်သော ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ အထွေထွေ သပိတ်ကော်မတီ(GSCN) ကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား အုပ်စု ၂၇ စုက ဖွဲ့စည်းလိုက်သည်။ ထိုလှုပ်ရှားမှုသည် အရှိန်အဟုန် ရလာသည်။ ထိုကော်မတီသည် ထိုနေ့တွင်ပင် ရန်ကုန်တွင် ချီတက်ပွဲပြုလုပ်ပြီး တိုင်းရင်းသားဆန္ဒပြသူ အများစုပါဝင်သော ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ ၅၀၀၀ ကျော် ပါဝင်လာသည်။ မတူညီသောတိုင်းရင်းသားအုပ်စုများမှ လူငယ်များ စုစည်းမိပြီး ၎င်းတို့တိုင်းရင်းသားများ၏ သင်္ကေတအရောင်အသွေးများကို ဖေါ်ပြသောစာတန်းများ အမှတ်အသားများကို ကိုင်ဆောင်ကြသည်။ လူမျိုးရေး၊တိုင်းရင်းသားရေးကို ကိုယ်စားပြုသည့် အသံတခုဖြစ်သည့် စုစည်းညီညွတ်သည့် တောင်းဆိုမှုမှာ ရှင်းလင်းလှသည်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေး နှင့် မတရားဖမ်းဆီးထားသူ အားလုံးပြန်လွှတ်ပေးရေးတို့ ဖြစ်သည်။

စစ်တပ်ကိုဆန့်ကျင်သော တိုင်းရင်းသားပြည်သူများ၏ တောင်းဆိုချက်များသည် အဓိကအားဖြင့် စနစ်ပြောင်းလဲရေးကို အာရုံစိုက်ပြီး NLD ထောက်ခံသူများ၏ တောင်းဆိုချက်ဖြစ်သော ပါတီခေါင်းဆောင်များ လွှတ်ပေးရေးနှင့် အစိုးရဖွဲ့စည်းရေးတို့နှင့် မတူပေ။ ထိုတောင်းဆိုချက်များသည် မူလအခြေအနေသို့သာ ပြန်လည်ရောက်ရှိသွားမည်ဟု တိုင်းရင်းသားပြည်သူများက ယူဆသည်။ ထိုအစား တိုင်းရင်းသား ပြည်သူအမျာအပြားသည် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော စနစ်ကိုသာ စဉ်းစားကြသည်။ တန်းတူညီမျှမှုကို အာမမခံဘဲ စစ်အာဏာနှင့် စစ်တပ်ထိန်းချုပ်မှုကိုထည့်သွင်းထားသည့် ၂၀၀၈ ဖွဲ့စည်ပုံသည် စက္ကူစုတ်ထက်မပ်ိုဟု ၎င်းတို့မြင်ကြသည်။ စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီသဘောတရားများဖြင့် လမ်းညွှန်သော ဖွဲ့စည်းပုံသစ်ကို ဖန်တီးရန် အခွင့်အလမ်းရသည်ဟု တိုင်းရင်းသားများကမြင်ကြသည်။

လှုပ်ရှားမှု နှစ်ခုစလုံးသည် စစ်အာဏာသိမ်းမှု အဆုံးသတ်ရန် တောင်းဆိုသော်လည်း မတူညီသော ရည်မှန်းချက်များရှိနေသည်။ ဗမာအများစု ဆန္ဒပြသူများက NLD ခေါင်းဆောင်များကို ထောက်ခံကြပြီး တိုင်းရင်းသားများက ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တောင်းဆိုကြသည်။ သို့သော် တိုင်းရင်းသား ကွဲပြားမှု နက်ရှိုင်းစွာရှိနေသော နိုင်ငံတနိုင်ငံတွင် လူများစု ဗမာများအပါအဝင် မတူညီသော တိုင်းရင်းသားများမှ ကိုယ်စားလှယ်များ၏ အားထုတ်မှုဖြစ်သည့် GSCN ကဲ့သို့သော အစီအစဉ်သည် သတင်းစကားပေးရာတွင် တူညီသော အခြေခံတခု နှင့် ဒီမိုကရေစီအုပ်ချုပ်ရေးပြန်လည်ထိန်းသိမ်းရန် တူညီသော သေနင်္ဂဗျူဟာများ ဖေါ်ထုတ်ရန် တူညီသောအခြေခံဖြစ်နိုင်ခြေကို ဖန်တီးပေးသည်။ တချိန်တည်းတွင် မန္တလေး၊ ကချင်နှင့်မွန် ပြည်နယ်ကဲ့သို့ ပြည်နယ်များမှ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့၏ အကြမ်းဖက်ကို ခံကြရသည်။ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ရာတွင် မိမိတို့၏ အကျိုးစီးပွားနှင့် အမြင်များ မတူညီကြသော်လည်း မိမိတို့အားလုံး ညှိနှိုင်းဆောင်ရွက်ရန်လိုသည်။ မိမိတို့ နေ့စဉ် ခံစားနေရသည့် ကြောက်လန့်မှု၊ နာကျင်မှုများကို အဆုံးသတ်ရန် မိမိတို့ မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်ပါသနည်း။

(Australian National University ၏ New Mandala ဝက်ဘ်ဆိုက်ပါ Myanmar’s coup from the eyes of ethnic minorities ကို ဧရာဝတီက ဘာသာပြန်ဆိုဖော်ပြသည်။)

You may also like these stories:

အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ စစ်တပ်နှင့် အရပ်သား အစိုးရကြား ရပ်တည်ချက် မပြတ်သား

စစ်အာဏာရှင်ကို အံတုသည့် Gen Z နှင့် အဓိက အင်အားစုများ

Loading