မြန်မာစစ်တပ် အာဏာသိမ်းရန် ကြိုးပမ်းမှု မည်သို့ ကျဆုံးသွားနိုင်သနည်း

အောင်ဇော်
ဖေဖော်ဝါရီလအတွင်း ရန်ကုန်ရှိ အမေရိကန်သံရုံးရှေ့ ဆန္ဒပြနေစဉ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သောတလကျော်က စစ်အစိုးရသည် မြန်မာနိုင်ငံတွင်အာဏာသိမ်းပြီး ယခုအခါ လမ်းများတွင် သွေးချောင်းစီးနေပြီဖြစ်သည်။ သို့သော် လူငယ်များနှင့် ဂျန်နရေးရှင်း Z မျိုးဆက်များ လမ်းမများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည်ကို မြင်ရသည်မှာ အားတက်ဖွယ်ကောင်းလှသည်။ ရုတ်တရက် ဖြစ်ပေါ်လာသော်လည်း တောင့်တင်းကြံ့ခိုင်လှသည့် နိုင်ငံတဝန်း အုံကြွမှုသည် နိုင်ငံအနှံ့အပြားတွင် ဖြိုခွဲမှုများ ရှိသည့်ကြားမှပင် အရှိန်အဟုန် ရလာသကဲ့သို့ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုသည်လည်း အားကောင်းလှသည်။

ထိုဖြစ်စဉ်သည် စစ်အာဏာသိမ်းမှုဖြစ်သော်လည်း ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်မှုသည် ထိုအာဏာသ်ိမ်းမှုကို ကျဆုံးစေနိုင်သည်ဆိုသည့် မျှော်လင့်ချက်ရှိနေသည်။ ယခုတိုက်နေရသည့် တိုက်ပွဲသည် ရေရှည်တိုက်ပွဲဖြစ်ပြီး အာဏာသိမ်းရန်ကြိုးစားမှုသည် အောင်မြင်ခြင်းမရှိသေးပေ။ ထို့ကြောင့် အာဏာသိမ်းမှုကို ရပ်တန့်ပစ်ရန် မိမိတို့ မည်သို့ လုပ်ဆောင်နိုင်သနည်း။

တကမ္ဘာလုံးက မြန်မာနိုင်ငံကို အနီးကပ်စောင့်ကြည့်နေကြသည်။ အနှစ်သာရမရှိသော စကားလုံးများကို မကြားလိုတော့ကြောင်း ဖိနှိပ်သော စစ်အစိုးရများ၏ အမှောင်ခေတ်တွင် နေထိုင်ခဲ့ဖူးသော မြန်မာပြည်သူများ ပြောကြားသည်။ “စိတ်မပူပါနဲ့ ကုလသမဂ္ဂ၊ ကျနော်တို့ ခင်များနဲ့အတူ ရပ်တည်ပေးနေပါတယ်” ဟု ရန်ကုန်တွင် ကျော်ကြားလှသော ကာတွန်းဆရာက ကာတွန်းရေးသားလှောင်ပြောင်သည်။

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့လည်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြကြစဉ်/ဧရာဝတီ

အကြမ်းဖက်မှုကို ရပ်တန့်ရန်နှင့် ပြည်သူ့ဆန္ဒကို လေးစားရန် ဒေသတွင်းမှ နိုင်ငံခြားရေး ဝန်ကြီးများက စစ်အစိုးရကို တိုက်တွန်းသည်။ ထိုသတင်းစကားကို မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေး ဝန်ကြီးများက အင်္ဂါနေ့တွင် ကျင်းပသည့် အလွတ်သဘောအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရက ခန့်ထားသည့် ထိပ်တန်းသံတမန် ဦးဝဏ္ဏမောင်လွင်သည် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

“ ဖြစ်နိုင်သမျှ ဘယ်နေရာမှာမဆို ASEAN ကဆက်လက် ထိတွေ့ ဆက်ဆံ ကူညီပြီး အပြုသဘောဆောင်ရွက်ချင်တယ်။ ဒါပေမယ့် ပြဿနာရဲ့အဖြေက မြန်မာနိုင်ငံထဲမှာပဲ ရှိနေတယ်” ဟု စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က ထိုအစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

“ရေရှည်တည်တံ့ခိုင်မြဲ လက်တွေ့ကျတဲ့အဖြေရဖို့ တခုတည်းသောနည်းလမ်းကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်လာဖို့ပဲဖြစ်ပြီး အထူးသဖြင့်တော့ ကျနော်တို့က သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေးအရ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်” ဟုလည်း သူပြောသည်။

စစ်တပ်ကို မြန်မာအစိုးရအဖြစ် စင်္ကာပူက အသိအမှတ်မပြုကြောင်း ဘာလာခရစ်ရှ်နန်က အလေးထားပြောကြားသွားသည်။

“ကျနော်တို့က စစ်ခေါင်းဆောင်တွေကို မြန်မာအစိုးရအဖြစ် အသိအမှတ် မပြုရသေးပါဘူး” ဟု သူပြောသည်။ “ဒါပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးရဲ့ မဏ္ဍိုင်အဖွဲ့အစည်းတခုဆိုတဲ့ အထူးအခန်းကဏ္ဍကို ကျနော်တို့ အသိအမှတ်ပြုပါတယ်” ဟုလည်း သူပြောသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီကလည်း ” မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊ အကျိုးစီးပွားနဲ့ အသံကို လေးစားရမယ်ဆိုတာကို အင်ဒိုနီးရှားက အလေးထားပြောကြားပါတယ်” ဟု ပြောသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် လွန်ခဲ့သောအပတ်က ဘန်ကောက်သို့ သွားပြီး ဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့နှင့်အတူ ထိုင်ဆွေးနွေးခဲ့သည်။

မြန်မာနှင့် နယ်နိမိတ် ၂၄၀၀ ကီလိုမီတာကျော် ဆက်စပ်နေသည့် အနီးဆုံး အိမ်နီးချင်းဖြစ်သော ထိုင်းနိုင်ငံသည် ကြီးထွားနေသော မတည်ငြိမ်မှုများနှင်ပတ်သက်ပြီး စိုးရိမ်ပူပန်နေသည်။ ဒေသတွင်းတွင် ဆန္ဒပြပွဲများနှင့် Milk Tea Alliance မဟာမိတ်များ ကူးစက်လာခြင်းနှင့် နယ်စပ်မှ ဒုက္ခသည်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အလုံးအရင်းနှင့် ဝင်ရောက်လာမည်ကို ထိုင်းအရာရှိများက စိုးရိမ်နေပြီး မြန်မာနိုင်ငံမှ ကြီးထွားနေသော လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) ကို အထိတ်တလန့် စောင့်ကြည့်နေသည်။

ဖေဖော်ဝါရီလအတွင်း အင်ဒိုနီးရှားသံရုံးရှေ့ ဆန္ဒပြကြစဉ်/ဧရာဝတီ

မြန်မာဗိုလ်ချုပ်များသည် ၎င်းတို့လိုလားသော တရားဝင်မှုအတွက် လွန်စွာ လိုအပ်နေသော အကူအညီများပေးနိုင်သော စိတ်တူသဘောတူ အိမ်နီချင်းများကို အားကိုးနေကြသည်။ သို့သော် မြန်မာနိုင်ငံ အကျပ်အတည်းသည် ASEAN ၏ အကျပ်အတည်းဖြစ်ပြီး အမျိုးသားစီးပွားထက် ကျော်လွန်နေသည်။

ဒေသတွင်းအုပ်စုသည် ဒီမိုကရေစီနိုင်ငံများ မဟုတ်ကြောင်း မြန်မာပြည်သူများ သိသည်။ အများအပြားမှာ ဒီမိုကရေစီတပ်ိုင်း အာဏာရှင်တပိုင်း အစိုးရများသာ ဖြစ်သည်။

လမ်းမများပေါ်သို့ ထွက်လာသော မြန်မာလူငယ်များသည် ASEAN ကို အထင်ကြီးခြင်း မရှိပေ။ ၎င်းတို့သည် စကားဖြင့်သာ ကူညီနေသည်ဟု ၎င်းတို့ထင်သည့် ASEAN ၊ တရုတ်၊ ဂျပန်နှင့် နိုင်ငံအများအပြားနှင့် အစိုးရအများအပြား ကိုလှောင်ပြောင်ကြသည်။

လွန်ခဲ့သောလတွင် မြန်မာလူငယ်များသည် ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်နှင့်တရုတ် သံရုံးများရှေ့တွင် ဆန္ဒပြပွဲအများအပြားကျင်းပပြီး စစ်အာဏာသိမ်းမှုကို မထောက်ခံရန် ပြောကြားခဲ့သည်။

ထိုလူငယ်များသည် မူလအခြေအနေကို ပြန်လည်ထိန်းသိမ်းရန် သို့မဟုတ် တရားဝင် ရွေးကောက်သော အစိုးရကို အသိအမှတ်ပြုရန်နှင့် စစ်အာဏာသိမ်းမှုမှ ကင်းလွတ်သော ကြားဝင်စွက်ဖက်မှု ပုံစံတမျိုးမျိုးကို တောင်းဆိုခဲ့သည်။

အမေရိကန်သံရုံးရှေ့မှ အချို့သော ဆိုင်းဘုတ်များက အမေရိကန်တပ်များ ဝင်ရောက်လာရန် သို့မဟုတ် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်များစေလွှတ်ရန် တောင်းဆိုနေသည်။ လက်တွေ့တွင်မူ ထိုသို့မဖြစ်နိုင်ပေ။ မည်သည့် ပြည်ပတပ်မျှ မြန်မာနိုင်ငံကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။

အိမ်နီးချင်းများ၊ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများထံမှ ခိုင်မာသော အရေးယူမှုများကို စောင့်ဆိုင်းရင်း စကားလုံးများ၏ အရေးပါပုံကိုလည်း မြန်မာပြည်သူများက သိသည်။ ၎င်းတို့သည် အင်ဒိုနီးရှားနိုင်ငံ၏ သဘောထား သို့မဟုတ် စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုသော စင်္ကာပူနိုင်ငံ၏ ရပ်တည်ချက်ကို နားလည်နိုင်ကြသည်။

သို့သော် မြန်မာနိုင်ငံတွင် ဖရိုဖရဲဖြစ်လာသောအခါ သနားစရာကောင်းပြီး အရေးမပါလှသော ASEAN သည် ထိုခိုက်ပွန်းပဲ့ရပြန်သည်။ လူငယ်များနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများက ASEAN ကို ဖာဆီယမ် ဟု ခေါ်သည်။ ဖာ ဆိုသော မြန်မာစကားသည် ပြည့်တန်ဆာဟု အဓိပ္ပါယ်ရသလို ဖာထေးသည်ဟုလည်း အဓိပ္ပါယ်ရသည်။ ထိုသို့သော လုပ်ရပ်ကို တရုတ်ကဲ့သို့ပင် ASEAN ကလည်း လုပ်ဆောင်ခဲ့ပြီး ယခင် စစ်အစိုးရများကို အကာအကွယ်ပေးခဲ့ကြသည်။

စစ်အစိုးရအတွင်းမှ လူပုဂ္ဂိုလ်များနှင့် စီးပွားရေး အပေါင်းအပါများအတွက် အမေရိကန်၏ နောက်ထပ်အရေးယူပိတ်ဆို့မှုများ လာနေပြီဟု ယူဆရသည်။

ဖေဖော်ဝါရီလအတွင်း တရုတ် သံရုံးရှေ့ ဆန္ဒပြကြစဉ်/ဧရာဝတီ

ဒေသတွင်းမှ စိတ်တူကိုယ်တူ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဘိုင်ဒင်အစိုးရက ကြေညာထားသည်။ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသော နိုင်ငံဖြစ်သည့် စင်္ကာပူသည် ထိုနည်းလမ်းတွင် အဓိကသော့ချက်ဖြစ်သည်။

ထိုသို့သောရှုပ်ထွေးလှသည့်ဆက်စပ်မှုများတွင် ဂျပန်နိုင်ငံသည်လည်း အခန်းကဏ္ဍတခုမှ ပါဝင်နိုင်သည်။ တိုကျိုသည် မြန်မာနိုင်ငံအတွက် အကြီးမားဆုံး အလှူရှင်ဖြစ်ပြီး ရန်ကုန်နှင့် နိုင်ငံတောင်ပိုင်းရှိ သေနင်္ဂဗျူဟာကျသော စီမံကိန်းအများအပြားတွင် ရင်းနှီးမြှုပ်နှံထားသည်။ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံမြန်မာနိုင်ငံတွင် သြဇာလွှမ်းမိုးမှုကို ချိန်ညှိပေးသော နိုင်ငံဖြစ်သည်ဟုလည်း မြင်ကြသည်။ ပိုမိုအရေးကြီးသည်မှာ ဂျပန်သည် အတိတ်က မြန်မာစစ်တပ်ကို လေ့ကျင့်ပေးခဲ့ပြီး နှစ်နိုင်ငံအကြား ထိုသမိုင်းကြောင့် ဆက်ဆံရေး ခိုင်မာနေခြင်းဖြစ်သည်။

အာဏာသိမ်း ဗ်ိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဂျပန်နိုင်ငံမှ နိပွန်ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ ရိုဟေး ဆာဆာကာဝါနှင့်လည်း ရင်းနှီးသူဖြစ်သည်။ သူသည် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်အစိုးရ၏ အထူးသံတမန်လည်းဖြစ်သည်။

ဗ်ိုလ်ချုပ်မှူးကြီသည် အာဏာသိမ်းပြီးနောက်ပိုင်း ဆာဆာကာဝါနှင့် ဆက်သွယ်ရေးလမ်းကြောင်း တခု ထိန်းသိမ်းထားသည်ဟု ယူဆရသည်။

တရုတ်နိုင်ငံ၏ အနေအထားမှာမူ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ကို့ရို့ကားယားဖြစ်နေသည်။

ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲအများအပြား ဖြစ်ပေါ်လာပြီးနောက် တရုတ်သံအမတ်က မြန်မာနိုင်ငံတွင် ယခုဖြစ်ပေါ်နေသောအခြေအနေသည် တရုတ်နိုင်ငံက တွေ့မြင်လိုသည့် အခြေအနေ လုံးဝမဟုတ်ကြောင်း ပြည်တွင်းမီဒီယာများကို ပြောသည်။ အစောပိုင်းက တရုတ်နိုင်ငံက မြန်မာအာဏာသိမ်းမှုကို ရာထူးအပြောင်းအလဲ ကြီးကြီးမားမားဖြစ်ပေါ်ခြင်းဟုသာ ခေါ်သောကြောင့် မြန်မာပြည်သူများအကြား ဒေါသပေါက်ကွဲကြရသည်။

စစ်တပ်အပေါ် အမေရိကန်နှင့် မဟာမိတ်များက ပိုမိုပြင်းထန်စွာ ရပ်တည်လာလျှင် တရုတ်နိုင်ငံက မည်သို့သဘောထားမည်နည်း။

မြန်မာပြည်သူများ၏ လေးစားမှုကို ပြန်လည်ရရှိရေးနှင့် မြန်မာနိုင်ငံနှင့် ရေရှည်ဆက်ဆံရေး ထူထောင်ရန်အတွက် မြန်မာနိုင်ငံ အကျပ်အတည်းနှင့်ပတ်သက်ပြီး ဘေ့ဂျင်း၏ ရှင်းလင်းလှသော ရပ်တည်ချက်တခု လိုအပ်သည်။ (လွန်ခဲ့သော ရက်အနည်းငယ်က ဘန်ကောက်ပို့စ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားသည်ဆိုသည့် သတင်းသည် မမှန်ပေ။)

လွန်ခဲ့သောအပတ်က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှု ချက်ခြင်းရပ်ရန်၊ အပြစ်မဲ့ပြည်သူများကို ဖိနှိပ်မှု ရပ်ရန်၊ နိုင်ငံတော်အာဏာကို ပြည်သူများထံ ပြန်လည်ပေးအပ်ရန်နှင့် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန်အတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် တတ်နိုင်သမျှ အပြင်းထန်ဆုံးအရေးယူမှုကို တောင်းဆိုသော မိန့်ခွန်းတခုပြောကြားခဲ့သည်။ ထိုသို့တောင်းဆိုလိုက်ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အခြားဒီမိုကရေစီနိုင်ငံများက နောက်ထပ်အရေးယူမှုများ ဆောင်ရွက်နိုင်သည်။

ထို ကုလသမဂ္ဂသံအမတ်ကို စစ်တပ်က ရာထူးမှ ဖြုတ်ချပြီး နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာမြန်မာဒုတိယ သံအမတ် ဦးတင်မောင်နိုင်ကို သံအမတ်ရာထူးသို့ တိုးမြှင့်ပေးလိုက်သော်လည်း ရာထူးမှ နုတ်ထွက်သွားသည်။

စစ်တပ်ကခန့်အပ်သည့် သံအမတ်ကို လက်ခံမည် မခံမည်ကို ကုလသမဂ္ဂက ရှင်းရှင်းလင်းလင်းပြောကြားခြင်း မရှိပေ။

ဦးတင်မောင်နိုင်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ယာယီကိုယ်စားလှယ် အဖြစ် ခန့်အပ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာနစာကို လက်ခံရရှိကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့တွင်ပြောသည်။

မြန်မာသံအမတ်၏ မိန့်ခွန်းကြောင့် လွန်စွာ စိတ်ထိခိုက်ရကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်သစ် လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က ပြောကြားပြီး သူ့ကို ရဲရင့်မှုနှင့် ပြည်သူလူထုအပေါ်ထားသော စာနာမှုအတွက် ချီးကျူးခဲ့သည်။

စစ်တပ်ကို သံတမန်ရေးအရ အကာအကွယ်ပေးလိုသော အာရှသံတမန်တချို့က ဦးကျော်မိုးထွန်း၏ မိန့်ခွန်းသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် “ရှုပ်ထွေးသော ကိစ္စများ” ဖြစ်ကြောင်းပြောသည်။ လက်တွေ့တွင်မူ မည်သူက ပြဿနာကို ဦးစွာရှုပ်ထွေးစေသည်ကို ၎င်းတို့မမြင်နိုင်ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် နယူးယောက်တွင် ကုလသမဂ္ဂနှင့် အသစ်တဖန် ပြန်လည်ထိတွေ့ဆက်ဆံခြင်းကို အသုံးပြုရန် ဆုံးဖြတ်ထားကြောင်းနှင့် စစ်တပ်၏ လုပ်ရပ်များ ရုတ်သိမ်းရေး၊ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ပြန်လည်အစားထိုးရေးအတွက် န်ိုင်ငံတကာနည်းလမ်းအရ လုပ်ဆောင်မည်ဖြစ်ကြောင်း သောမတ်စ် ဂရင်းဖီးလ်ကပြောသည်။

ကုလသမဂ္ဂတွင် ရှင်းလင်းတင်ပြရာတွင် အထွေထွေအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခရစ္စတင်း ရှရနာ ဘာဂနာက သံတမန်များကို “နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဒီစစ်တပ်ကို တရားဝင်မှု၊ အသိအမှတ်ပြုမှုတွေ မပေးဖို့ အရေးကြီးတယ်” ဟုပြောသည်။

လူပုဂ္ဂိုလ်များကို ရည်ရွယ်သော အမေရိကန်၏ နောက်ထပ်အရေးယူပိတ်ဆို့မှုများ လာနေပြီဟု ဆိုသည်။ အတိတ်ကအတိုင်းပင် အမေရိကန် ပြည်ထောင်စုအနေဖြင့် အရေးပါသော အခန်းကဏ္ဍတခုမှ ပါဝင်ရမည်ဖြစ်သည်။

ယခင်က ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများတွင် ရာထူးအများအပြားတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဒဲရက်မစ်ချယ်ကို အမေရိကန်ပြည်ထောင်စုက ၂၀၁၁ ခုနှစ်တွင် မြန်မာစစ်တပ်ကျောထောက်နောက်ခံပြုအစိုးရနှင့် ပတ်သက်သည့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည်အားဖြည့်ရန် မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်သည်။

အစောပိုင်းက ထိုစဉ်က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကက် ကမ့်ဘဲလ်သည် ဆက်ဆံရေး တိုးတက်ရေးအတွက် မြန်မာစစ်အစိုးရအပြင် ထိုစဉ်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသဆိုင်ရာအစိုးရများကိုပါ ထိတွေ့ဆက်ဆံရန် ကြိုးစားခဲ့သည်။

စစ်တပ်က အာဏာသိမ်းတာ မအောင်မြင်သေးဘူး (ရုပ်/သံ)

မူဝါဒများကို ပြန်လည်သုံးသပ် လမ်းကြောင်းပြောင်းလ်ိုက်ပြီးနောက် စစ်အစိုးရနှင့် အဆင့်မြင့်အရာရှိချင်းဆက်ဆံရေးပြုလုပ်ခြင်းသည် အိုဘားမားအစိုးရ၏ မူဝါဒ အစိတ်အပ်ိုင်းတခုဖြစ်သည်။ ထောက်ခံသူများက ထိုမူဝါဒသည် အဓိကကျသော ထိတွေ့ဆက်ဆံမှုဖြစ်သည်ဟု ပြောကြပြီး ဝေဖန်သူများကမူ လမ်းလွဲပြီး မအောင်မြင်သော မူဝါဒအဖြစ် သတ်မှတ်ကြသည်။ မည်သို့ ဆိုစေကာမူ အမေရိကန်ပြည်ထောင်စုအနေဖြင့် အထူးသံတမန်တဦး ခန့်အပ်ရန် သိုမဟုတ် ဂျပန်၊ အိန္ဒိယ (Quad အဖွဲ့ဝင်များဖြစ်သည်) နှင့် တောင်ကိုရီးယားအပါအဝင် အဓိက မဟာမိတ်များနှင့် ဆွေးနွေးရန် က်ိုယ်စားလှယ်အဖွဲ့တဖွဲ့စေလွှတ်သင့်သည်ကို သံသယဖြစ်ရန် မလိုပေ။ စင်္ကာပူနှင့် အင်ဒိုနီးရှားတို့သည်လည်း မြန်မာအကျပ်အတည်းတွင် အဓိက မိတ်ဘက် နိုင်ငံများဖြစ်နိုင်ပေသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က တွစ်တာတွင် “ကျနော်တို့ဟာ မြန်မာနိုင်ငံက ရဲရင့်တဲ့ပြည်သူတွေနဲ့အတူ အခ်ိုင်အမာရပ်တည်ပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထောက်ခံဖို့ တစည်းတလုံးတည်းပြောကြဖို့ နိုင်ငံအားလုံးကို တိုက်တွန်းပါတယ်” ဟု ရေးသားခဲ့သည်။

ကမ့်ဘဲလ်ကို အမျိုးသားလုံခြုံရေးကောင်စီ၏ အင်ဒိုပိစိဖိတ်ရေးရာ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ထားခြင်းသည် ဘိုင်ဒင်၏ ထိုဒေသကို ပိုမိုအာရုံစိုက်ရန် ရည်ရွယ်ချက်နှင့် တရုတ်ကို တန်ပြန်ရန် မဟာမိတ်အားလုံးနှင့် ဆက်ဆံရေး ခိုင်မာရေးတို့ကို ပြသနေသောကြောင့် မြန်မာနိုင်ငံမှ အကျပ်အတည်းသည် ဘိုင်ဒင်အစိုးရအတွက် ဒေသတွင်းမှ မဟာမိတ်များနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်းများကိုလည်း ပေးသည်။

မြန်မာစစ်တပ်ကို တရားဝင်ခွင့် မပေးရန် အရေးကြီးသည်။ ကမ္ဘာတဝန်း အာဏာသိမ်းရန် ကြိုးပမ်းမှုများသည် အောင်မြင်မှုများ ရှိသလို အချို့မှာ ကျဆုံးကြကြောင်း မိမိတို့တွေ့မြင်ပြီး ဖြစ်ပေသည်။

(ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် အင်္ဂလိပ်ပိုင်းတွင် ရေးသားထားသော How Can the Myanmar Military’s Attempted Coup Fail? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ နိုင်ငံတကာ အကူအညီ

ပြည်တွင်းပြည်ပ ကုမ္ပဏီများ စစ်အာဏာသိမ်းမှုကို ရှုတ်ချ

ဒေါက်တာ ဆာဆာနဲ့ KNU ဘာတွေဆွေးနွေးခဲ့ကြလဲ

ကြယ်စင်ကြွေသွားသည့်တိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading