ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ

လင်းငယ်
၂၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်း မွတ်စလင် လူနည်းစုတွေ စစ်တပ်ရဲ့ ရက်စက်မှုတွေကို ကြောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးကြစဉ်
Want create site? Find Free WordPress Themes and plugins.

(၁) ဒီရက်ပိုင်းတွေမှာ မြန်မာပြည်သူတွေဟာ နိုင်ငံတကာ လုပ်ငန်းစဉ်တွေကို စိတ်ပါဝင်စားစွာ စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါပေမယ့် ကြည့်ပုံကြည့်နည်းကတော့ မတူပါဘူး။ လွန်ခဲတဲ့ နှစ်နှစ်သုံးနှစ်ကို ပြန်ကြည့်ရင်တော့ တော်တော်ကလေးကို ပြောင်းပြန်ဖြစ်နေတာကို တွေ့ရပါမယ်။ အရင်က ဆန့်ကျင် မလိုလားမှုကဲခဲ့ပြီး အခုချိန်မှာတော့ မျှော်လင့်ချက် အားကိုးမှုတို့ ဖြစ်လာခဲ့ပါတယ်။

၂၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်း မွတ်စလင် လူနည်းစုတွေအပေါ်မှာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေအပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှု၊ နောက်ဆုံး နိုင်ငံတကာ တရားရုံး (ICC) အထိပါ တရားစွဲဆိုခံခဲ့ရပါတယ်။ တချို့ စွပ်စွဲပြစ်တင်မှုတွေက အဓိက လက်သည်တွေ ဖြစ်တဲ့ စစ်တပ် အကြီးအကဲတွေကို ဖြစ်ပေမယ့် အရပ်ဘက် ခေါင်းဆောင်တွေ အပါအဝင် သာမန်မြန်မာပြည်သူတွေလည်း မလွတ်ကင်းခဲ့ပါဘူး။

အထူးသဖြင့် ရိုဟင်ဂျာ လူနည်းစုအပေါ် သဘောထားနဲ့ ပတ်သက်ပြီး အဝေဖန်ခံရတာပါ။ မြန်မာနိုင်ငံသားမဟုတ်ဘူး၊ တိုင်းရင်းသား မဟုတ်ဘူး၊ ခိုးဝင်လာသူတွေ ဆိုတဲ့ အမြင်က လူကြိုက်များနေဆဲပါ။

ထို့အတူ တည်ဆဲ ဥပဒေတွေအရ ဆောင်ရွက်ဖို့၊ မိမိတို့ ပြည်တွင်းရေးကို မိမိတို့ ကိုယ်တိုင် ဖြေရှင်းဖို့ဆိုတဲ့ ရပ်တည်ချက်လည်း ရှိခဲ့ကြပါတယ်။ ဒီအတွက် နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် နယ်သာလန်နိုင်ငံ သဟိဟ်မြို့မှာ သွားရောက် တရားရင်ဆိုင်တာကို မြန်မာပြည်သူတွေက တခဲနက် ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပြောခဲ့တာက မြန်မာပြည်မှာ တာဝန်ယူမှုအတွက် ယန္တယားတွေ ရှိနေပြီး လုပ်ဆောင် အရေးယူမှာ ဖြစ်ကြောင်း၊ အများပြောတဲ့ ဂျီနီုဆိုဒ်အဆင့် မရောက်ဘူးဆိုတာသာ ဖြစ်တယ်ဆိုတာကို အများပြည်သူ နားလည်ခဲ့သလား ဆိုတာကတော့ သံသယ ဖြစ်စရာ ကောင်းပါတယ်။ ဒီအတွက် အများပြည်သူ လက်လွှတ်သွားခဲ့တာ အမြင်လျှံသွားခဲ့တာတွေတော့ ရှိပါတယ်။

ဒါတွေကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ချဲ့ကားမှု သက်သက်မဟုတ်ဘူး။ အမှန်တကယ် ဖြစ်ပျက်ခဲ့တာတွေသာ ဖြစ်တယ်။ ဖြစ်ပျက်မှု အတိုင်းအတာ ပမာဏနဲ့ အရေးယူမှုပုံစံကိုသာ သဘောထား ကွဲလွဲနေကြတာ ဖြစ်တယ်။ နိုင်ငံတကာကတော့ စံနှုန်းပြည့် ယန္တယားတွေနဲ့ အဓိက တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့ ပြောဆိုပြီး မြန်မာပြည်ကတော့ ဒါဟာ တိုင်းပြည်အတွင်းက စုံစမ်းရေးနည်းလမ်း တရားရေးနည်းလမ်းတွေနဲ့ လုပ်ဆောင်မယ်လို့ အဓိက ရပ်တည် ပြောခဲ့တယ်။

ဆိုလိုတာက လူပေါင်းများစွာကို သေကြေစေပြီး နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ အဖြစ်အပျက်မှာ တာဝန်ရှိခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အရေးယူမယ်လို့ ပြောတာပါ။ ဒီအချက်ကိုပဲ နိုင်ငံတကာ အသိုက်အဝန်းက မယုံကြည်တာ ဖြစ်ပါတယ်။ ဘာကြောင့် မယုံကြည်သလဲ ဆိုတာကတော့ အခုချိန်မှာ ရှင်းပြစရာတောင် လိုမယ် မထင်တော့ပါဘူး။ သောင်းကြမ်းနေတဲ့ ကျားကို ဖမ်းဆီးပြီး ထည့်ထားနိုင်တဲ့ လှောင်အိမ်က မြန်မာပြည်မှာ ရှိမနေသေးပါဘူး။

(၂) စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ လူနည်းစု တိုင်းရင်းသားတွေဘက်က ချက်ချင်းလက်ငင်း ပါဝင်ဖို့အတွက် တုံ့ဆိုင်းနေတာ ရှိခဲ့တယ် ဆိုတာ အားလုံးအသိပါ။ အခုအချိန်အထိလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အချို့သော နေရာတွေမှာ မလှုပ်မရှား ရှိနေဆဲပါ။ စစ်အာဏာသိမ်းခြင်းဟာ တတိုင်းပြည်လုံး ကိစ္စလို့ ယုံကြည်ကြသူ အများစုက အားမလိုအားမရ ဖြစ်ပြီး ဝေဖန်ပြစ်တင်သံကြပါတယ်။

အချို့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကတော့ ကိုယ်ကျိုးစီးပွားတွေ ရှိနေနိုင်ပေမယ့် သာမာန် ရပ်သူရွာသား လူနည်းစု တိုင်းရင်းသားတွေဘက်က အဓိက တုံ့ပြန်ချက် တခုကတော့ နားလည်ဖို့ အရေးကြီးပါတယ်။ ယခုအချိန် မြန်မာနိုင်ငံ တနံတလျားမှာ လုံခြုံရေးတပ်ဖွဲ့တွေက လူတွေကို စိတ်မထင်ရင် မထင်သလို ဖမ်းဆီး၊ အကြမ်းဖက်နေတာတွေကို လူနည်းစု တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ကြုံခဲ့ပြီးရပြီ။ သူတို့အတွက်ကတော့ သန်းခေါင်ထက် ညဉ့်မနက်တော့ဘူး ဆိုတဲ့ သတင်းစကားပါ။

ပြီးတော့ အခုချိန်မှာ ဆိုးရွားတဲ့ စစ်ပွဲတွေကို သူတို့ ဒေသတွေမှာ ပြန်မြင်ချင်မှာ မဟုတ်ပါ။ နှစ်ပေါင်းများစွာက ကိစ္စတွေကို သတင်းမီဒီယာ အားမကောင်းတဲ့ခေတ်၊ အစိုးရက အရာရာကို ကန့်သတ်ထားတဲ့ ခေတ်၊ လမ်းပန်းဆက်သွယ်ရေးကြောင့် အနေဝေးကြတဲ့ ခေတ်မို့ မမြင်နိုင်ခဲ့ကြတာကို အပြစ်မဆိုချင်ပါ။ သို့သော်လည်း လွန်ခဲ့တဲ့ နှစ်အနည်းက ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ကိစ္စတွေကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။

ဗစ်တာဖရန်ကယ် ဆိုတဲ့ စိတ်ပညာရှင် တစ်ယောက်က ပြောဖူးပါတယ်။ “facts will be significant only as far as they are part of a man’s experiences.” အချက်အလက်တွေ ဆိုတာ ကိုယ့်အတွေ့အကြုံရဲ့ အစိတ်အပိုင်း ဖြစ်လာမှ ထင်ရှားသိသာလာတာတဲ့။ ဆိုလိုချင်တာက လူဆိုတာ ကိုယ်ကြုံဖူးမှ ယုံတတ်တာမျိုး။ ရခိုင်ပြည်နယ်မှာ လူဘယ်နှစ်ယောက် မတရားဖမ်းဆီးခံရတာ၊ ကချင်ပြည်နယ်မှာ လက်နက်ကြီးကျလို့ လူဘယ်နှစ်ယောက် အသက်ဆုံးရှုံးသွားတာ၊ ကယားပြည်နယ်မှာ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းပြီး လူဘယ်နှစ်ယောက် အဖမ်းခံရတာတွေဟာ ကိုယ့်အိမ်ဘေးနား ရောက်လာတဲ့အခါမှ မြင်သာထင်ရှား နားလည်လာပါတော့တယ်။

မျက်လုံးပေါင်း များစွာ စောင့်ကြည့်နေတဲ့ အချိန်၊ ကင်မရာပေါင်းစုံက မှတ်တမ်းတင်ဖို့ အသင့် ဖြစ်နေချိန်၊ လူမြင်ကွင်းမှာတောင် ဒါမျိုး အဖြစ်အပျက်တွေ ဖြစ်နေသေးရင် လူသူနည်းတဲ့ တောအရပ်နယ်တွေမှာ ဘာတွေ ဘယ်လို ပြုမှုခဲ့မလဲ စဉ်းစားကြည့်နိုင်ပါတယ်။ ပြောပုံပြောနည်းကြောင့် ကြားရခက်ကောင်း ခက်တာ၊ စိတ်ခံစားမှုကြောင့် ဒေါသသံတွေ ပါတာ ရှိနိုင်ပေမယ့် အဓိကကတော့ ဒီသတင်းစကားပါပဲ။

(၃) တဖန် နိုင်ငံတကာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာ လူအများစု ဖြစ်မှ ဂရုစိုက်ရတာ မဟုတ်ဘဲ လူနည်းစု ချိုးဖောက်ခံရရင်လည်း အရေးတယူပြုရမယ့် အရာဖြစ်တယ်။

ဒီမိုကရေစီရဲ့ အနှစ်သာရက လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေး အလေးထားခြင်းပါ။ တရားဝင် နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်သေးခြင်းကြောင့်၊ လူဦးရေနည်းခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံတာဟာ သည်းခံစရာ မဟုတ်ပါဘူး။ အရင်တုန်းက လူနည်းစု လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကိုထုတ်ဖော်ပြောခဲ့သလို အခုချိန် လူအများစု လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကိုလည်း ထုတ်ဖော် ပြောဆိုနေကြပါတယ်။ (လက်တွေ့ ထိရောက်တဲ့ အကူအညီ ပေးမပေးကတော့ နောက်တစ်ပိုင်းပါ) ဒါဟာ နိုင်ငံတကာက အများစု လက်ခံကျင့်သုံးတဲ့ အခြေခံမှုတစ်ရပ် ဖြစ်ပါတယ်။

ဒါကြောင့်ပါပဲ နိုင်ငံအသီးသီးက လက်ရှိ အဖြစ်အပျက်များနှင့် ပတ်သက်ပြီး သူတို့ရပ်တည်ချက်တွေ ထုတ်ဖော်ပြောဆိုရာမှာ ရိုဟင်ဂျာနဲ့ ထိခိုက်လွယ်သူတွေဆိုပြီး မကြာခဏ ထည့်သွင်းပြောဆိုနေကြတာ ဖြစ်ပါတယ်။ ဒါကို တချို့တွေ အနေနဲ့ ဒုက္ခတွေ ရောက်နေတာ ငါတို့၊ သူတို့က မဆိုင်သူတွေကိုပါ ထည့်ပြောတယ်လို့ မြင်ချင် မြင်နိုင်ပါတယ်။

သူတို့အတွက်တော့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဟာ မြန်မာပြည်မှာ နေထိုင်တဲ့ လူအားလုံး ပါဝင်ပြီး အားလုံးအတွက် အကျိုးကျေးဇူး ရှိရမှာ ဖြစ်ပါတယ်။ မတည်ငြိမ်မှုတွေ ဖြစ်လာရင် လူနည်းစုတွေ၊ ထိခိုက်ခံစားလွယ်သူတွေက ဆိုးကျိုးကို ပိုမိုခံစားတတ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လူနည်းစု တိုင်းရင်းသားတွေရဲ့ အသံတွေနဲ့ လူနည်းစုတွေကို ဘယ်လို ဆက်ဆံသလဲ ဆိုတာ သူတို့ စစ်တဲ့ စာမေးပွဲတခုလည်း ဖြစ်ပါတယ်။

(၄) မြန်မာပြည်သူတွေဟာ သူရဲဘော ကြောင်သူတွေ မဟုတ်တာကို လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ လုံခြုံရေး ယန္တယားကြီးကို အကြမ်းမဖက် အန်တုပြခဲ့တာမှာတင်ထင်ရှားနေပါပြီ။ ဒီထက် ပိုပြီး ရဲရင့်သူတွေကတော့ သူတို့ရဲ့ ဆန္ဒထုတ်ဖော်မှုတွေထဲမှာ လူနည်းစုအပေါ် မှားခဲ့တဲ့ အမြင်၊ လစ်လျူရှုမိခဲ့တာတွေအတွက် တောင်းပန်တဲ့စာမျိုးတွေ အထိ ထည့်သွင်းခဲ့ကြပါတယ်။

ဒါဟာ ကြိုဆိုထိုက်တဲ့ အပြုအမှုများ ဖြစ်ပါတယ်။ ဒါဟာ အရင်က မှားခဲ့တာကို ပြန်ပြင်တယ် ဆိုတာကို ပြတာဖြစ်ပါတယ်။ ဒါဟာ မလိုသူအတွက် တမျိုး၊ ကိုယ့်အတွက် တမျိုးဆိုပြီး စံနှုန်းနှစ်မျိုး မလုပ်ဘူးလို့ ပြောတာ ဖြစ်ပါတယ်။ ဒါဟာ စုံလင်ကွဲပြားတဲ့ မြန်မာပြည်မှာ ရှိနေဆဲ ဖြစ်တဲ့ အကွဲအပြဲတွေကို ရင်ကြားစေ့လိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာပြည်ဟာ သဘောထားကြီးသူတွေ နေထိုင်တာ ဖြစ်ကြောင်း သက်သေထူတာပဲ ဖြစ်ပါတယ်။

ဒါကိုတောင်မှ ဒီမကောင်းမှုတွေကို ကျူးလွန်သူတွေဟာ ငါတို့မဟုတ်ဘူး၊ အခု ငါတို့ ဆန့်ကျင်နေတဲ့ စစ်အာဏာ ကိုင်ထားသူတွေသာ ဖြစ်တယ်၊ ငါတို့ တောင်းပန်စရာ မလိုဘူးလို့ ဆင်ခြေကာချင်သူတွေ ရှိနေဦးမှာပါ။ ဒီအမြင်တွေကတော့ လူနည်းစုခံစားခဲ့ရတဲ့ ဒဏ်ရာတွေကို မစာနာရာ ရောက်ပါတယ်။ ရိုးရိုးလေး တွေးကြည့်ရင် အခုချိန်မှာ အများပြည်သူနဲ့အတူ CDM လှုပ်ရှားမှုတွေမှာ မပါဝင်ဘဲ လက်ပိုက်ကြည့်နေသူကို ကျွန်တော်တို့ ဘယ်လို မြင်မလဲ။ ဘယ်လို တုံ့ပြန်နေသလဲ တွေးကြည့်နိုင်ပါတယ်။

အရေးတော်ပုံတွေ၊ လူထုလှုပ်ရှားမှုတွေ မအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်း တစ်ခုက လူများစုနဲ့ လူနည်းစု တိုင်းရင်းသားတွေကြား ခိုင်မာတဲ့ ပူးပေါင်းမှု မရှိခဲ့ခြင်းကြောင့်လို့ ဆိုပါတယ်။ ခိုင်မာအားကောင်းတဲ့ ပူးပေါင်းပါဝင်မှုမျိုးနဲ့သာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီ အတိတ် သင်ခန်းစာကို နှလုံးသွင်းပြီး ဆင်ခြင်မိတယ်ဆိုရင် ဘာကြောင့် မပူးပေါင်းနိုင်ခဲ့တာလဲကို စဉ်းစားဖြစ်လာမှာ ဖြစ်ပါတယ်။ အဓိက မပူးပေါင်းနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အထက်က ပြောခဲ့တဲ့ ဖြတ်သန်းမှု မတူတာကြောင့် ခံစားချက်အမြင်တွေ မတူညီတာတွေကို ပေါင်းကူးမရခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

ဒီအချက်ကို ကောင်းကောင်းနားလည်တဲ့ စစ်အာဏာရှင်တွေဟာ လူနည်းစု တိုင်းရင်းသားတွေကို စည်းရုံးသိမ်းသွင်းတဲ့ အကွက်တွေ ရွေ့ထားတာကိုလည်း မြင်ကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပြည်သူတွေဟာ မ အ ကြတော့ပါဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ တိုင်းရင်းသား အဖွဲ့အစည်း တချို့ဟာဆိုရင်လည်း သူတို့ တိုင်းရင်းသားတွေရဲ့ အပြစ်တင် ဆန့်ကျင်ခြင်းကိုပါ ခံနေရပါတယ်။

အခုဆိုရင် ပြည်နယ် ဒေသမှာလည်း စစ်အာဏာသိမ်းသူတွေကို တခဲနက် ဆန့်ကျင် ကန့်ကွက်နေကြတာကို မြင်နေနိုင်ပါပြီ။ ဒီနေရာမှာ ပါဝင်နေကြတဲ့ လူနည်းစုရဲ့ ခွန်အားနဲ့ သတ္တိကိုလည်း လေးစား အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကြိုဆိုရမှာ ဖြစ်ပါတယ်။ မြန်မာပြည် အနှံ့အပြားမှာ ရှိတဲ့ သာမာန် အရပ်သားပြည်သူတွေက စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ လူနည်းစုတွေကိုလည်း စာနာကြောင်း ပြောဆိုချက်တွေဟာလည်း လူနည်းစု တိုင်းရင်းသားတွေရဲ့ သံသယကို လျော့ပါးစေမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တန်းတူညီမျှတဲ့ ဖက်ဒရယ်စနစ်ရှိမှာသာ ရေရှည်ခိုင်မြဲပြီး အေးချမ်းတဲ့ ပြည်ထောင်စု ဖြစ်မှာကိုလည်း အလေးအနက် ထားကြရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တာဟာ ကိုယ်အာဏာရှင် ဖြစ်ဖို့ မဟုတ်ဘဲ အာဏာရှင်ရဲ့ တရားကိုယ်သဘော ဖြစ်တဲ့ လူကို လူလို မဆက်ဆံတာ၊ မထင်ရင် မထင်သလို ဥပဒေတွေ အသုံးပြု ဖိနှိပ်တာ၊ လူတစ်စု ကိုယ်ကျိုးစီးပွားကို ဦးစားပေးတာတွေကိုဆန့်ကျင်ခြင်းပဲ ဖြစ်သင့်ပါတယ်။ တနည်း တိုင်းပြည်အာဏာကို အဓမ္မရယူတဲ့ မတရားမှုကို ဆန့်ကျင်တာ ဖြစ်ပါတယ်။

ဒါတွေဟာ တကယ်တော့ အစ ရောင်နီပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ မလျော့သော ဇွဲနဲ့ ဆက်လျောက်ရဦးမှာ ဖြစ်ပါတယ်။ နောက်ထပ် ဆက်လက်တည်ဆောက်ရမယ့် နိုင်ငံတော်အတွက် ခြေလှမ်းတွေ မှန်နေဖို့ လိုပါတယ်။ လူတွေအားလုံး စိတ်ရောကိုယ်ပါ ပင်ပန်းကြီးစွာနဲ့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အခိုက်အတန့်မှာ မတူညီမှုတွေ ကွဲပြားမှုတွေ အကြောင်း ပြောတာက အားလျော့စရာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ထပ်ပြီး လစ်လျူရှုဖို့ မသင့်တာတွေ ဖြစ်မှာကိုတော့ စိုးရိမ်ရမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေ ပြောခြင်းဟာ စိတ်ဝမ်းကွဲဖို့မဟုတ်ဘဲ ပိုမိုပေါင်းစည်းတဲ့ အနာဂတ်အတွက် ဖြစ်ပါတယ်။ ဒီအတွက် လူနည်းစုတွေအပေါ် မြန်မာပြည်သူ အများစုရဲ့ သဘောထားကို အခြေခံကျကျ ပြောင်းဖို့လိုနေပြီလို့ ဆိုချင်ပါတယ်။ ပြောင်းလဲမှုတွေလည်း စတင်‌တွေ့နေရပြီလို့ ဆိုချင်ပါတယ်။

သို့သော် စစ်အာဏာ တည်မြဲသွားရင်တော့ ရရှိထားတဲ့ တစွန်းတစ နားလည်မှုကလေးဟာ စနစ်တကျ ခွဲခြားဆက်ဆံ အုပ်ချုပ်မှု (divide and rule) အောက်မှာ တစစီ ပြိုကွဲသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လူနည်းစု တိုင်းရင်းသားတွေဖြစ်စေ၊ လူများစု ဖြစ်စေ မြန်မာပြည်မှာ နေထိုင်တဲ့ ပြည်သူမှန်သမျှကတော့ တိုင်းပြည်အာဏာကို ပြည်သူ မထောက်ခံတဲ့ နည်းနဲ့ ရယူတဲ့ စနစ်၊ ပြည်သူကို နိုင်လိုမင်းထက် လုပ်တဲ့စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားရမှာပဲ ဖြစ်ပါတယ်။

(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ယူထားပြီး ငြိမ်းချမ်းရေးနှင် ပဋိပက္ခဆိုင်ရာများ၊ မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)

You may also like these stories:

R2P နဲ့ မြန်မာ့နွေဦးတော်လှန်ရေး

မြန်မာပြည်ကို ကယ်တင်ရန် တာဝန်နှင့် အခွင့်အရေး

စစ်အာဏာသိမ်းမှုက ဖွင့်လှစ်ပေးလိုက်သော မျှော်လင့်ခြင်းတံခါးများ

စလျှင်စခြင်း မှောက်လျက်လဲသော အပြုသဘော ထိတွေ့ဆက်ဆံမှု

Did you find apk for android? You can find new Free Android Games and apps.
Loading