ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖယ်ရှားခြင်း၊ ပါတီခေါင်းဆောင်ပိုင်းကို ဖမ်းဆီး ထိန်းသိမ်းခြင်းနှင့် စစ်အစိုးရကို တည်ထောင်ခြင်းများအားဖြင့် တိုင်းပြည်၏ နိုင်ငံရေးအခင်းအကျင်းကို ပြန်လည် ပြင်ဆင်ရန် ကြိုးစားနေခဲ့သည်။
သို့သော်လည်း တိုင်းပြည်၏ အစိတ်အပိုင်းများ၊ ပြည်သူလူထုနှင့် ကျဆင်းနေသော စီးပွါးရေးတို့အပေါ် စစ်အစိုးရက မထိန်းချုပ်နိုင်ခြင်းကြောင့် အာဏာသိမ်းခြင်း၏ အောင်မြင်မှုက အာမခံချက် မရှိပါ။ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) က အဓိက ကျသော ဝန်ကြီးဌာနများတွင် ပျံ့နှံ့နေခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ဝန်ထမ်းများက သပိတ်မှောက်နေကြပြီး ငွေထုတ်ယူခြင်း withdrawals အပေါ် ကန့်သတ်ချက်က ငွေပြန်ဖော်ရေး အကျပ်အတည်း liquidity crisis တခုကို ညွှန်ပြနေသည်။ ပြည်ပကုန်သွယ်မှုသည် ပို့ကုန်က ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုင်ငံခြားကုန်သွယ်မှု အေးခဲသွားခဲ့သည်။ ဆေးဘက်ဆိုင်ရာ ပညာရှင်များက သပိတ်မှောက်နေကြပြီး Covid-19 ကူးစက်ရောဂါ ကာလအတွင်း နိုင်ငံမှ ဆေးရုံများ၏ ၃ ပုံ ၂ ပုံ က ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိပါ။ ရဲတပ်ဖွဲ့ဝင်အချို့ က ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပြီး စစ်တပ်၏ “ညစ်ပတ်သောအလုပ်” ကို လုပ်ရန် ငြင်းဆန်ခဲ့ကြသည်။
ပြည်သူအများစု ပါဝင်သည့် ဆန္ဒပြပွဲများက တနိုင်ငံလုံး အနှံ့အပြားတွင် ပေါ်ပေါက်နေခြင်းနှင့် အတူ မြန်မာနိုင်ငံမှ နည်းပညာကျွမ်းကျင်သော လူငယ်များသည် စစ်တပ်အတွက် ယခင်က မတွေ့ဖူးသေးသည့် တီထွင်ဖန်တီးမှု ရှိပြီး စည်းရုံးလှုံ့ဆော်နိုင်စွမ်း ရှိသော အင်အားစု တခုဖြစ်ကြောင်း သက်သေပြနေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျည်ကာ အင်္ကျီဝတ်၍ လူလုံးထွက်ပြမှု ရှားပါးခြင်းနှင့် အစိုးရမီဒီယာကို အသုံးပြု၍ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) နှင့် ဆန္ဒပြသူများကို ထိုးနှက်ခြင်းများအရ လူထု၏ ခုခံမှုသည် အကျိုးသက်ရောက်မှု တခု ရှိကြောင်း တွေ့ရသည်။
နိုင်ငံတခုနှင့် အကျပ်အတည်းမျိုးစုံကို ဆန့်ကျင် ရင်ဆိုင်၍ စစ်တပ်က အတွင်းစည်းလုံးမှုကို ထိန်းသိမ်းထားနိုင်ပါသလား။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံ၍ ကြည့်လျှင် စစ်တပ်အတွင်း၌ NLD ကိုထောက်ခံ သည့် အရိပ်အယောင်များပင် ရှိနေနိုင်သည်။ မတူညီသော အချက်များနှင့် အတူ ဖြစ်နိုင်ခြေများ အများအပြား ထွက်ပေါ်လာနေသည်။ အရေးအကြီးဆုံးမှာ ဒီမိုကရေစီရရှိရေး မြန်မာပြည်သူများ၏ ခိုင်မာသော စိတ်ပိုင်းဖြတ်ချက် ဖြစ်ပါသည်။
ဖြစ်နိုင်ခြေတခုမှာ အကြွင်းမဲ့စစ်အုပ်ချုပ်ရေးသို့ ပြန်လည်ရောက်ရှိ သွားနိုင်ခြင်း ဖြစ်သည်။ လူမှုအဖွဲ့အစည်းအတွင်းမှ သိသာမြင်သာသော အာခံမှုများကို ဖယ်ရှားရန် စစ်အစိုးရက အကျပ်အတည်းများ၊ အကြမ်းဖက်မှုများနှင့် အကျပ်ကိုင်မှုများကို သုံးပါလိမ့်မည်။ ထို့နောက် ပြည်သူလူထုအား ရွေးချယ်စရာ အတုအယောင် ဝိရောဓိတခု (မင်းမဲ့စရိုက် သို့မဟုတ် အာဏာရှင်စနစ်) ကို ချပြပါလိမ့်မည်။ ရွေးကောက်ပွဲများ ကျင်းပရန် နှစ်ပေါင်းများစွာ အချိန်ဆွဲထားခြင်းအား တည်ငြိမ်မှုကို ပြန်လည်ထူထောင်နေသည်ဆိုသည့် ခေါင်းစဉ်ဖြင့် ခိုင်လုံကြောင်း ပြသပါလိမ့်မည်။
ဒုတိယ ဖြစ်နိုင်ခြေဇာတ်ကြောင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ပြခဲ့သည့် လမ်းကြောင်းအတိုင်း လိုက်ရန် ဖြစ်သည်။ တနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပပြီး တဝက်တပျက် ရွေးကောက်ခံ ပါလီမန်တခုကို ပြန်လည် အသက်သွင်းရန်ဖြစ်သည်။ သူတို့ရေးဆွဲထားခဲ့သော အခြေခံဥပဒေအရ နိုင်ငံရေးစနစ်က ၎င်းတို့၏ နိုင်ငံရေး အောင်မြင်မှုအတွက် အာမခံချက် မပေးကြောင်း စစ်တပ်က ယခုအချိန်တွင် နားလည် သဘောပေါက်နေဖွယ်ရာ ရှိပါသည်။
လွှတ်တော်၏ ကိုယ်စားလှယ် နေရာ ၄ ပုံ ၁ ပုံ ကို စစ်တပ်အတွက် ပေးထားသည့် အားသာချက် ရှိနေသည့်တိုင် စစ်တပ်က ကျောထောက်နောက်ခံပေးထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က NLD ထက် ကျော်လွန်၍ ကိုယ်စားလှယ်နေရာ လုံလုံလောက်လောက် မရရှိခဲ့ပါ။
ဤသို့သော အခြေအနေမျိုးတွင် တိုင်းရင်းသားနှင့် အခြားနိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲ အသစ်တွင် ကိုယ်စားလှယ် နေရာများ ပိုမိုရရှိရေး အသွင်ဆောင်၍ စစ်အစိုးရက ရွေးကောက်ပွဲစနစ်ကို မဲများသူ အနိုင်ရသည့် စနစ်မှနေ၍ အချိုးကျ ကိုယ်စားပြုသို့ ပြောင်းလဲရန် ကြိုးပမ်းလာနိုင်ပါသည်။ ထို့နောက် NLD ကို ရွေးကောက်ပွဲ မြေပုံမှ ဖယ်ရှားလိုက်ခြင်းနှင့် အတူ အတုအယောင် ရွေးကောက်ပွဲ တခု ဖြစ်ပေါ်လာနိုင်သည်။
အစပိုင်းတွင် အာဆီယံနိုင်ငံများက ထိုလမ်းကြောင်းကို နားယောင်ခဲ့ကြပုံရသော်လည်း ဆန့်ကျင်မှုများ အရှိန်လျော့ကျသွားစေရေး လမ်းကြောင်းတခု မပေးနိုင်ခဲ့ပါ။ စစ်အာဏာရှင်က ပြုလုပ်သည့် အတုအယောင် ရွေးကောက်ပွဲတခုအပေါ် မဲဆန္ဒရှင်များက အပ်နှင်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ တရားဝင်မှုကို လွှဲပြောင်းရယူ နိုင်လိမ့်မည် မဟုတ်ပါ။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှ ရွေးကောက်ခံ ကိုယ်စားလှယ်များက စစ်အစိုးရကို ဆန့်ကျင်သည့် အနေဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) ကို ဖွဲ့စည်းခဲ့ကြပြီး ဖြစ်သည်။
တတိယ ဖြစ်နိုင်ခြေမှာ အာဏာသိမ်းမှုသည် ထင်ထင်ရှား ရှုံးနိမ့်ခြင်း သို့မဟုတ် အောင်မြင်ခြင်း မရှိဘဲ မျှော်လင့်ထားသည်ထက် ပိုမိုကာလ ရှည်ကြာသည့် အကျပ်အတည်းတခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာစစ်တပ်သည် အချိုးမညီသော ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို အနိုင်မယူနိုင်ခဲ့ပါ။ နိုင်ငံကို ထိန်းချုပ်နိုင်ရေး တိုက်ပွဲက လိုအပ်သည်ထက် ပိုကြာနေသည့် အကျပ်အတည်းများ၏ နောက်ထပ် ရှေ့တန်း တခု ဖြစ်လာလိမ့်မည်။ စစ်အစိုးရက အကြမ်းဖက်မှုများကို အသုံးပြုခြင်းကလည်း နောက်ထပ် ခုခံတော်လှန်မှုများနှင့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM အပေါ် ထောက်ခံမှုအသစ်များ ဖြစ်ပေါ်စေသည်။
စစ်တပ်အတွင်း သိသာထင်ရှားသည့် အာဏာပြန်လည် ဖွဲ့စည်းမှု ရှိလာခဲ့လျှင် ကြိုတင်မမြင်နိုင်သော ပြိုင်ဆိုင်မှုများသို့ ဦးတည်သွားသည့် ကာလရှည် အကျပ်အတည်းတခု ဖြစ်ပေါ်လာနိုင်ပါသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအများအပြားက တောင်းခဲ့သည့်အတိုင်း စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် စစ်တပ်နှင့် အရပ်ဘက်အဖွဲ့များ တဘက်နှင့် တဘက် အသိအမှတ် မပြုကြတော့ခြင်းကြောင့် မတိုးသာမဆုတ်သာ ဖြစ်ရမည့် အလားအလာများလည်း ရှိနေသည်။
ဖြစ်နိုင်ခြေ အမှတ် ၄ အရဆိုလျှင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အများစုက တောင်းဆိုသည့်အတိုင်း NLD အဖွဲ့ဝင်များကို လွှတ်ပေးပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြုခြင်းဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းထားသော အစိုးရအဖြစ်သို့ ပြန်ရောက်ရှိလာပြီး အာဏာသိမ်းမှု ကျရှုံးခြင်း ဖြစ်သည်။ အာဏာသိမ်းမှု မအောင်မြင်စေရေး အတွက် အာဏာဖီဆန်ရေး လူထု လှုပ်ရှားမှု CDM အနေဖြင့် လူကြိုက်များမှုနှင့် ဘဏ္ဍာရေး အထောက်အပံ့များကို ဆက်လက် ထိန်းထားနိုင်ပြီး စီးပွားရေးနှင့် အုပ်ချုပ်ရေးအပေါ် စစ်အစိုးရ၏ ထိန်းချုပ်မှုကို ဆက်လက်သက်ရောက်စေရန် လိုအပ်လိမ့်မည်ဖြစ်သည်။ အဆိုပါ ဖြစ်နိုင်ခြေသည် သာမန် စစ်တပ် မိသားစုများနှင့် စီးပွားရေးအပေါ် ထိခိုက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော အကျပ်အတည်းမျိုးစုံက ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၏ ခေါင်းဆောင်မှုကို ထောက်ခံမှုများ ယိမ်းယိုင်သွားစေနိုင်ခြေ အပေါ်တွင် မူတည်နေပါသည်။
သို့သော်လည်း ဖြစ်နိုင်ခြေ အမှတ် ၄ မှာ လက်နက်ကိုင် တပ်ဖွဲ့များကို ထိန်းချုပ်ထားနိုင်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ဖြစ်လာနိုင်ဖွယ်ရာ မရှိပါ။ ထို့ကြောင့် အနောက်နိုင်ငံများက စစ်အစိုးရနှင့် ဆက်ဆံရေး ပုံမှန်မဖြစ်အောင် ဆက်လက် ထိန်းချုပ်ထားရန်နှင့် အာဆီယံနိုင်ငံများက စစ်တပ်က ခန့်အပ်ထားသည့် အရာရှိများနှင့် မဟုတ်ဘဲ ရွေးချယ် တင်မြှောက်ခံထားရသည့် အစိုးရအဖွဲ့နှင့် စစ်တပ်ကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရေး စည်းရုံးရန်လည်း လိုအပ်ပါသည်။
နောက်ဆုံးနှင့် ပဉ္စမမြောက် ဖြစ်နိုင်ခြေမှာ စစ်အာဏာသိမ်းမှု ကျဆုံးပြီး အရပ်သားအစိုးရက အသွင်ကူးပြောင်းမှုအသစ်ကို ဦးဆောင်ခြင်း ဖြစ်သည်။ ဆန္ဒပြသူများနှင့် အဖွဲ့အစည်း အများအပြားက စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားခြင်းနှင့် စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖယ်ရှားခြင်းအားဖြင့် နိုင်ငံရေး အစီအစဉ်အသစ်တခုကို တောင်းဆိုနေကြသည်။ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ထောက်ခံခြင်းအစား မြန်မာနိုင်ငံမှ အများစုက တိုင်းရင်းသားလူနည်းစုများ ၁၉၄၇ ခုနှစ်မှ စ၍ ကြိုးပမ်းခဲ့ကြသည့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်သို့ ဦးတည်ချီတက် လိုနေကြသည်။
ဤနောက်ဆုံး ဖြစ်နိုင်ခြေ အကောင်အထည် ပေါ်နိုင်ရေး အရပ်သားအစိုးရ လက်အောက်တွင် အလုပ်လုပ်ရန် ဆန္ဒရှိသည့် ခေါင်းဆောင်မှု အသစ်ပေါ်လာနိုင်ရန် စစ်တပ်အတွင်းတွင် တန်ပြန် အာဏာသိမ်းမှုတခု လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။ ရွေးကောက်ခံ ထားရသော တာဝန်ရှိသူများက ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရန် (လက်နက်ကိုင်အဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများအပါအဝင်) အားလုံး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကော်မတီ တခုကို ဖွဲ့စည်းရနိုင်ပါသည်။ ပြည်တွင်းစစ်နှင့် ပြည်သူလူထု၏ လှုပ်ရှားမှုတခု နောက်ပိုင်း နီပေါနိုင်ငံက ဖက်ဒရယ် စနစ်သို့ အသွင်ကူးပြောင်းခဲ့သည့် ဥပမာတခု ရှိ သော်လည်း ထိုလုပ်ငန်းစဉ်သည် ရှုပ်ထွေးပြီး စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည်။
နောက်ဆုံးတွင် မြန်မာပြည်သူလူထုက သူတို့၏ အစိုးရစနစ်နှင့် တရားဝင်ဖြစ်စေမည့် သူတို့၏ ကံကြမ္မာကို ကိုယ်တိုင်ရွေးချယ်ကြရမည် ဖြစ်သည်။ စစ်အုပ်ချုပ်ရေး သို့မဟုတ် တရားဝင် မဟုတ်သော အစိုးရတခုအောက် ကာလကြာရှည်စွာ ပြန်လည်ရောက်ရှိသွား ခြင်းက ဆက်လက်ဖြစ်ပေါ်နေသော ဆင်းရဲဒုက္ခများနှင့် မတည်ငြိမ်မှုများကိုသာ ဆက်လက် တည်မြဲစေပါလိမ့်မည်။
( Australian National University ၏ East Asia Forum ပါ Can Myanmar’s civil disobedience movement restore democracy? ကို ဆီလျော်အောင် ဘာသာပြန်သည်။ စာရေးသူသည် Australian National University မှ Crawford School of Public Policy တွင် PhD စာတမ်းပြုစုနေသူတဦးဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီကို တော်လှန်ဖို့ ဖက်ဒရယ်တပ်မတော် ဖွဲ့နိုင်မလား
စစ်ကောင်စီ၏ သတ်ဖြတ်မှုများကို ICC တင်ရန် CRPH လမ်းရှာနေ
စစ်ကောင်စီက မျှော်လင့်ချက်ကြီးသည့် တိုင်းပြည်အနာဂတ်ကို လမ်းမများပေါ်တွင် သတ်ဖြတ်နေ
ကျနော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းထံက အကာအကွယ်ကို လိုအပ်နေပါတယ်