မြန်မာပြည်မှ ထွက်ပေါ်လာနေသော သတင်းများက ညွှန်ပြနေသည်မှာ အချို့သော ဆန္ဒပြသမားတို့သည် စစ်အုပ်စု၏ အဆုံးစွန် အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့်ပင် တုံ့ပြန်ရန် စတင်စဉ်းစားလာကြသည့် အချက်ဖြစ်သည်။
လက်နက်မဲ့ ဆန္ဒပြသူတို့အပေါ် အာဏာသိမ်း စစ်ကောင်စီ၏ ရက်ရက်စက်စက် အကြမ်းဖက်မှုများက နေ့စဉ်နှင့်အမျှ ထိုသို့ တုံ့ ပြန်ရန် လှုံ့ဆော်ခံရသလို ဖြစ်နေသည်။ အကြမ်းဖက် တုံ့ပြန်ရန်မှာ မလွှဲမရှောင်သာသည့် အခြေအနေဟု ထင်ရသည်။ လက်နက်ကိုင်တော်လှန်မှုသမိုင်း ရှည်လျားလှသော မြန်မာနိုင်ငံတွင် လူထုလှုပ်ရှားမှုသည်လည်း လက်နက်ကို ရှောင်လွှဲရန် မဖြစ်နိုင်ဟု ထင်ရသည်။ အထူးသဖြင့် ပြည်ပမှလည်း အကူအညီမလာ၊ ပြည်တွင်းတွင်လည်း ဘာမှ ပြန်မလုပ်နိုင်သည့် သိုးလေးများလို အသတ်ခံနေရသည်ဟု စိတ်ပျက်ဒေါသဖြစ်ရချိန်တွင် ထိုသို့ ပိုထင်ရသည်။
မည်သည့်နည်းက သင့်လျော်မည်ကို ကျနော် ပိုသိသည်ဟု မဝင့်ကြွားလိုပါ။ လက်နက်ကိုင် ရင်ဆိုင်မှုကို လုံးလုံး ပစ်ပယ်ရမည်ဟူသော အယူဝါဒသမားလည်း မဟုတ်ပါ။ တဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၊ နိုင်ငံအနေနှင့်ဖြစ်စေ လက်နက်ကိုင်၍ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် အခွင့်အရေးနှင့် တာဝန်ရှိသည့် အခြေအနေများ ရှိသည်ဟု ယူဆပါသည်။ ထို့အပြင် ကျနော်ရှိနေသော လုံခြုံရာ ပရာ့ဂ်ဟာမြို့မှ နေ၍ နေ့စဉ်နှင့်အမျှ အကြမ်းဖက်ခံနေရသူများအား ဘာမလုပ်သင့်ဘူး ဘာလုပ်သင့်တယ် တရားဟောရန် မသင့်လျော်သည်ကိုလည်း သိပါသည်။
သို့ရာတွင် မြန်မာပြည်မှ ကျနော့်မိတ်ဆွေများစွာအတွက် ပူပန်ကြောင့်ကြစိတ်ဖြင့် အချို့သော အတွေးများကို ဝေမျှရန် တာဝန်ရှိသည်ဟု ခံယူပါသည်။ ကျနော့် ခံစား၊ နားလည်၊ သိမြင်မှုအားလုံးက ညွှန်ပြနေသည်မှာ လက်ရှိ ပြည်သူ့လှုပ်ရှားမှုအနေနှင့် လက်နက်ကိုင်ရန် ဆုံးဖြတ်လျှင် ဘေးဒုက္ခကြုံရမည့် မှားယွင်းမှုမျိုး ဖြစ်လိမ့်မည်ဟူသောအချက် ဖြစ်ပါသည်။
အဘယ့်ကြောင့် ထိုသို့ ယူဆသည်ကို ရှင်းပြပါရစေ။
ယခုလို အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်၊ အကြမ်းဖက်၊ ဖမ်းဆီး၊ နှိပ်စက်နေသည့် အဆုံးစွန် အကြမ်းဖက်မှု တွေ့ကြုံနေရချိန်တွင် အကြမ်းမဖက် ဆန့်ကျင်ရေးသည် မည်သည့်အောင်ပွဲ ရလဒ်မှ မရဟု ထင်မြင်ရပါသည်။ အတော်များများက “မိမိကိုယ်ကိုယ် ခုခံကာကွယ်ရမည်” တနည်းအားဖြင့် ပြန်ပစ်ရမည်ဟု ပြောလာကြပါသည်။
သို့သော် ထိုသို့ အလျင်အမြန်ကောက်ချက်ချခြင်းတွင် မှားယွင်းနေသည့် အချက်အလက် တော်တော်များများ ပါ နေပါသည်။ အကြမ်းမဖက်နည်းလမ်းသည် ရလဒ် မြန်မြန်မပေါ်၊ ထို့ကြောင့် အကြမ်းဖက်လမ်းသုံးရမည်ဟု ချက်ချင်း ကောက်ချက်ချခြင်းသည် မှားယွင်းပါသည်။
ပထမနည်း (အကြမ်းမဖက်) သုံး၍ မအောင်မြင်၊ ထို့ကြောင့် ဒုတိယနည်း (အကြမ်းဖက်ခြင်း) က အောင်မြင်လိမ့်မည်ဟု တွေးသည်မှာလည်း မှားပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒုတိယနည်းက ပထမနည်းထက် ပိုဆိုးနိုင်သောကြောင့် ဖြစ်ပါသည်။ အဆိုးဆုံးရလဒ်များပင် ဖြစ်နိုင်ပါသည်။
နည်းလမ်းတခုချင်းစီ၏ အားနည်းချက်၊ အားသာချက်ကို သီးခြားစီ ခွဲခြားသုံးသပ်ရန် လိုပါသည်။ ပထမ နည်းလမ်း၏ အားသာချက်များကို လျစ်လျူရှု၍ ဒေါသဖြင့် ဒုတိယနည်းလမ်း အလုပ်ဖြစ်မည်ဟု ကောက်ချက်ချခြင်း၊ မျှော်လင့်ချက် မရှိတော့သည့်အတွက် ဒုတိယနည်းဖြင့်သာ သွားရမည်ဟု တွေးခြင်းသည် မှားယွင်းသည့်အပြင် လောဂျစ်လည်း မကျပါ။ ခေါင်းဆောင်မှုဆိုင်ရာ မဟာဗျူဟာ ဘေးဒုက္ခအမှားကြီးလည်း ဖြစ်သွားနိုင်ပါသည်။
ဒုတိယနည်း (အကြမ်းဖက်တုံ့ပြန်မှု) ၏ အားသာချက်၊ အားနည်းချက်များကို သေချာစိစစ်ရပါမည်။ ထိုသို့ မဟုတ်ဘဲ အကြမ်းမဖက် ဆန့်ကျင်ရေး (ပထမနည်း) က အလုပ်မဖြစ်၊ ထို့ကြောင့် ဒုတိယနည်းက အလုပ်ဖြစ်လိမ့်မည်ဟု အပေါ်ယံ ဆန္ဒစွဲဖြင့် တွေးခြင်းသည် မှားယွင်းသည်သာမက အလွန်လည်း အန္တရာယ်ကြီးပါသည်။
အဘယ့်ကြောင့်ဆိုသော် ပြည်သူ့လှုပ်ရှားမှု ရင်ဆိုင်နေရသည်မှာ လက်နက်ကိုင်အဖွဲ့လေးများနှင့် ပြည်သူ့အပေါ် ဆယ်စုနှစ်များစွာ စစ်ဆင်နွှဲလာ သော အားကြီး၊ အန္တရာယ်ကြီး၊ စနစ်တကျ စုစည်းထားသည့် အဖွဲ့ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
အချို့ကလည်း “ဆန္ဒပြနေတာလည်း သီတင်းပတ် အတော်ကြာပြီ။ အကြမ်းဖက်ခံ၊ အသတ်ခံ နေရတာပဲ ရှိတယ်။ ဘာမှလည်း မအောင်မြင်ဘူး။ ပြန်ချဖို့ပဲ ရှိတော့တယ်” ဟု ပြောပါလိမ့်မည်။
သို့သော် ဘာမှ အကြမ်းမဖက်နည်း မအောင်မြင်ဘူးဟူသော စကားမှာ မမှန်ပါ။ အများအပြား အောင်မြင်ခဲ့ပြီးပါပြီ။ အဆုံးစွန်အကြမ်းဖက်မှုများဖြင့် သူ့ကျရှုံးမှုများကို ဖုံးကွယ်ရန် စစ်အုပ်စု ကြိုးပမ်းနေပါသည်။
အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုသော နိုင်ငံတခုမျှ မရှိသေးပါ။ တရားမဝင်လူသတ်ကောင်များနှင့် မည်သူမျှ အလုပ်မလုပ်ချင်ပါ။ စကားပြောသူ ရှိသည်ဆိုလျင်လည်း အာဏာသိမ်းရာက စခဲ့သော ရူးသွပ်မှုနှင့် ဘေးဒုက္ခကို ယဉ်ကျေးသောကမ္ဘာမှ စိတ်ရှည်ရှည်နှင့် ရပ်တန့်ရန် ကြိုးစားမှုသာ ဖြစ်ပါလိမ့်မည်။ နိုင်ငံတကာမှ အသိအမှတ်ပြုမှု မျက်နှာစာတွင် စစ်အာဏာသိမ်းရန်ကြိုးစားမှုသည် အကြီးအကျယ် အရေးနိမ့်ပါသည်။
အာဏာသိမ်း စစ်ကောင်စီသည် တပြည်လုံးက တပ်မတော်ကို မုန်းတီးသော အခြေအနေရောက်အောင် ဖန်တီးခဲ့ပါသည်။ တပြည်လုံးက စစ်တပ်အုပ်စိုးမှုကို တညီတညွတ်တည်း ငြင်းပယ်ကြပါသည်။ ဖိနှိပ်မှု၊ကြောက်စိတ်သက်သက်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ရန် မဖြစ်နိုင်ပါ။
တရားဝင်မှု စစ်မျက်နှာတွင်လည်း အာဏာသိမ်းမှုသည် အကြီးအကျယ် ကျရှုံးပါသည်။ ပြည်သူ့သန္နိဌာန်နှင့် ပါဝင်လှုပ်ရှားမှုများကြောင့် စစ်အုပ်စု အနိုင်ရရန် မဖြစ်နိုင်ပါ။
ပြည်သူတို့၏ အာဏာဖီဆန်မှု (CDM) သည် စစ်အုပ်စု၏ စီမံအုပ်ချုပ်နိုင်စွမ်းကို အကြီးအကျယ် အထိနာစေခဲ့ပါသည်။ ပြည်သူ့အပေါ် ဖိနှိပ်ရက်စက် အကြမ်းဖက်မှုများ စစ်အုပ်စုမှ ဆက်လုပ်၍ ရပါသည်။ သို့သော် တိုင်းပြည်ကို အုပ်ချုပ်၍ ရလိမ့်မည်တော့မဟုတ်ပါ။ စစ်အုပ်စု၏ နောက်ထပ် အရှုံးကြီး တခုဖြစ်ပါသည်။
နိုင်ငံ့ဓနဥစ္စာများကို အာဏာသိမ်း စစ်ကောင်စီမှ လိုသလို သုံးဖြုန်းပစ်နေပါသည်။ လက်နက်ကိုင်ထားသူများက ဓားပြ ဆက်တိုက်၍ ရပါသည်။ သို့သော် ထိုအခြေအနေသည် စီးပွါးရေးကို စီမံခန့်ခွဲနိုင်ခြင်း မဟုတ်ပါ။
ပြည်သူများက အခွန်ပေးရန် ငြင်းဆန်နေကြပါသည်။ အာဏာသိမ်းမှုကြောင့် ဖြစ်လာမည့် စီးပွါးရေး အခြေအနေဆိုးကြောင့် လအနည်းငယ်တွင် ပြည်သူများ အခွန်ပေးနိုင်တော့မည်လည်း မဟုတ်ပါ။ ပေးစရာမရှိသည့် ပြည်သူ့ထံမှ ဘာမှ ရမည်မဟုတ်ပါ။
သီတင်း ၆ ပတ်အတွင်းတွင် ကုန်သွယ်ရေးသည် ၈၀ ရာခိုင်နှုန်းကျဆင်းသွားပါသည်။ ဆိုးဝါးလှသော အရေးနိမ့်မှုဖြစ်ပါသည်။
ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်၊ အေဒီဘီ၊ အိုင်အက်ဖ်စီ နှင့် MIGA တွင် မြန်မာပြည်ဆိုင်ရာ ငွေကြေး ဒေါ်လာ ၄.၁ ဘီလီယံ ရှိပါသည်။ ထိုရံပုံငွေများ အားလုံး ရပ်တန့်သွားပြီ။ ပြည်ပအကူ နှင့် ချေးငွေများလည်း တခုပြီးတခု ယာယီရပ်ဆိုင်းလျက် ရှိသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်လညိး စစ်ကောင်စီ အရေးနိမ့်ပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် စစ်တပ်မှ နိုင်ငံရေး၌ ပါဝင်နေသည်ကို မည်သည့် လူမျိုးစုလက်နက်ကိုင်များ (EAOs) ကမှ လက်မခံချင်ကြပါ။
ပြည်သူ့လှုပ်ရှားမှုသည် သတင်းအချက်အလက်စစ်ပွဲကိုလည်း လုံးဝနိုင်ပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများတွင် အာဏာသိမ်း စစ်ကောင်စီ၏ ရက်စက်မှု၊ ပြည်သူတို့၏ ရဲရင့်မှု သတင်းများကိုသာ တင်ပြနေပါသည်။
အကြမ်းမဖက်ဆန့်ကျင်ရေးကြောင့် စစ်အာဏာရှင် ပြုတ်မကျသွားသေးသည်မှာ မှန်ပါသည်။ သို့ရာတွင် လူထုလှုပ်ရှားမှုသည် ခေါင်းမာ၍ ကုတ်ကပ်ခံနေသော ရန်သူကို ရင်ဆိုင်နေရခြင်းဖြစ်ကာ အလွယ်တကူဖြိုလှဲနိုင်ဖို့ မလွယ်ကူပါ။ အချို့လူထုလှုပ်ရှားမှုများသည် အချိန်ယူပါသည်။ ထိုအချက်မှာ ကြေကွဲရပြီး ရေရှည်သွားရသည်မှာ ခက်လှသော်လည်း အာဏာအတွက် အားပြိုင်ရာတွင် မလွှဲမရှောင်သာသော အခြေအနေမှန် ဖြစ်ပါသည်။ အောင်ပွဲခံရန်အတွက် အချိန်နှင့် ခံနိုင်ရည် လိုအပ်ပါသည်။ အကြမ်းမဖက် မြန်မာ့လူထုလှုပ်ရှားမှုသည် စတင်ချိန်မှ ယခုတိုင် အောင်ပွဲငယ်အများအပြား ရခဲ့ ပြီး ဖြစ်ပါသည်။ အောင်ပွဲငယ်များဖြင့် တဆင့်ချင်း အောင်ပွဲကြီးဆီသို့ ရောက်လိမ့်မည် ဖြစ်ပါသည်။
အကြမ်းမဖက် ဆန့်ကျင်ရေးဖြင့် ပြည်ပမှ ဝင်ပါလာအောင် မလုပ်နိုင်ဟု ဆိုသည်။ ပြည်ပအင်အားကို မျှော်လင့် ခြင်းသည် အမြဲပင် မျှော်လင့်ချက်အမှား ဖြစ်ပါသည်။ လက်ရှိမြန်မာပြည်၏ စစ်အာဏာရှင်နှင့် ပြည်သူ့ရင်ဆိုင်မှု ရလဒ် အပေါ် နိုင်ငံတကာဖိအား၏ သက်ရောက်မှုက အများဆုံး ၂၀ ရာခိုင်နှုန်းထက် မပိုနိုင်ပါ။ R2P ကယ်တင်ရှင်လည်း လာလိမ့်မည် မဟုတ်ပါ။ ဂရုစိုက်သော၊ စောင့်ရှောက်သော၊ ကယ်တင်မည့် နတ်ဘုရားဆန်ဆန် နိုင်ငံတကာဟူ၍ ရှိကို မရှိပါ။ ထိုအယူအဆများမှာ အမြင်မှားခြင်းသက်သက်သာ ဖြစ်ပါသည်။ ကိုယ်ကျိုးစီးပွားများအတွက် နိုင်ငံကြီး၊ နိုင်ငံငယ် အုပ်စုဖွဲ့ ပြိုင်ဆိုင်နေကြသည့် ရှုပ်ထွေးသော နိုင်ငံတကာ အစုအဖွဲ့များသာ ရှိပါသည်။
အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး ရှုထောင့်မှ ပကတိအတိုင်း ကြည့်လျှင် မြန်မာ့အကြမ်းမဖက်လှုပ်ရှားမှုသည် ယခုထိ အလွန်အောင်မြင်နေပါသည်။
အကြမ်းမဖက်ဆန့်ကျင်ရေး၏ သိသာသော အားနည်းချက်မှာ ဆန္ဒပြသူများ အသတ်ခံနေရခြင်း၊ တက်ကြွလှုပ်ရှားသူများ အဖမ်းခံနေရခြင်း ဖြစ်ပါသည်။ လူထုလှုပ်ရှားမှုကို ထိခိုက်စေ၍ အပြီးသတ်အောင်ပွဲကို တားဆီးနိုင်သဖြင့် ထိုအခြေအနေသည် အန္တရာယ်ကြီးသော အားနည်းချက် ဖြစ်သည်မှာ မှန်ပါသည်။ သို့သော် အကြမ်းဖက် တုံ့ပြန်မှုကရော ထို ပြဿနာကို ဖြေရှင်းပေးနိုင်မည်လား။
ရပ်ကွက်အဖွဲ့များနှင့် ရှေ့တန်းမှ လှုပ်ရှားသူများက လက်လုပ်ပေါက်ကွဲရေးပစ္စည်းများဖြင့် စစ်သားနှင့် ရဲများကို ရင်ဆိုင်သည် ဆိုကြပါစို့။ အကျိုးဆက် မည်သို့ရှိမည်နည်း။
လက်ရှိ အပြစ်မဲ့ပြည်သူ အသတ်ခံရမှုမှာ ရာဂဏန်း ဖြစ်ပါသည်။ ကြေကွဲစရာဖြစ်သော်လည်း ထိုအခြေအနေက နိုင်ငံတကာမှနေ၍ စစ်အာဏာရှင်ကို ငြင်းပယ်လာစေ၊ ဖိအားပေးလာစေပါသည်။ ဆန္ဒပြသူများမှ အကြမ်းဖက် လက်တုံ့ပြန်သည်နှင့် တက်ကြွလှုပ်ရှားသူနှင့် ပြည်သူများဘက်မှ ထိခိုက်သေဆုံးမှုက ထောင်ဂဏန်းအထိ ရောက်နိုင်ပါသည်။
အရဲရင့်ဆုံးနှင့် လှုပ်ရှားမှုအတွက် အဓိကကျသူများက ဦးဆုံး ကျဆုံးပါလိမ့်မည်။ စစ်အာဏာရှင်သည် ပိုမို ဆိုးဝါးသော နှိပ်ကွပ်ရှင်းလင်းမှုပြုရန် အကြောင်းပြချက် ရသွားပါလိမ့်မည်။ စစ်တပ်သည် လက်နက်ကိုင် အစုအဖွဲ့များကို ရက်စက်သော ဖြတ်တောက်ရေး နည်းလမ်းများဖြင့် လူထုမှ ခွဲထုတ်ရှင်းလင်းသော အတွေ့အကြုံကောင်းကောင်း ရှိပါသည်။ မြိုများ၊ ရပ်ကွက်များတခွင် တပြင်လုံးကို ဖြတ်တောက် ဖျက်ဆီးပါလိမ့်မည်။
အကြမ်းဖက်လာကြလျှင် လူထုတခုလုံးပါသည့် လှုပ်ရှားမှုပုံစံသည် ညတွင်းချင်း ပျောက်ကွယ်ပါလိမ့်မည်။ လူ့အဖွဲ့အစည်းတိုင်းတွင် လမ်းပေါ်တိုက်ပွဲ ပါဝင်နိုင်သူ အရေအတွက် အစိတ်အပိုင်း နည်းနည်းသာ ရှိပါသည်။ ထိုလူနည်းနည်းကပင် မပြည့်မစုံ လက်နက်နှင့် ပြောက်ကျားတိုက်ပွဲဆင်ကာ လက်နက်အပြည့်၊ ဖွဲ့စည်းပုံအပြည့်နှင့် ကြမ်းကြုတ် ရက်စက်သော စစ်တပ်ကို ရင်ဆိုင်တိုက်ပွဲ လုပ်နိုင်ပါသည်။ သို့ရာတွင် ထိုတိုက်ပွဲစသည်နှင့် လက်ရှိ လူထုလှုပ်ရှားမှု၏ လူထု အင်အား ပျောက်ကွယ်သွားပါလိမ့်မည်။
လက်နက်ကိုင်ခုခံမှုစသည်နှင့် လှုပ်ရှားမှုကို တိုးတိုးတိတ်တိတ် ထောက်ခံနေသူတို့က အလျင်အမြန် ဆန့်ကျင်ပါလိမ့်မည်။ အကြောင်းမှာ မတရား ကျူးကျော်သိမ်းပိုက်ထားသည့် မည်သည့်စစ်တပ်မဆို အရပ်သားပြည်သူကို ဂရုစိုက်လေ့ မရှိပါ။ စစ်သား တယောက် နှစ်ယောက် အနည်းငယ်ဒဏ်ရာရ သေဆုံးလျှင်ပင် ရွာလုံးကျွတ်၊ မြို့ပြ ရပ်ကွက်လုံးကျွတ်ကို လက်စားချေပါလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သာမန်ပြည်သူတို့သည် တပ်ကို ဆက်မုန်းမည်ဖြစ်သော်လည်း လက်နက်ကိုင်ခုခံသူတို့ကို သူရဲကောင်းများအဖြစ် ကြည့်ကြတော့မည် မဟုတ်ပါ။
အကြမ်းမဖက်ဆန့်ကျင်ရေး (ပထမနည်း) ဖြင့် ရာချီသေခဲ့ပါပြီ။ ဆိုဝါးလှပါသည်။ သို့သော် အကြမ်းဖက်ဆန့်ကျင်မှု (ဒုတိယနည်း) တွင် သီတင်းပတ်အနည်းငယ်အတွင်း ထောင်ချီသေနိုင်ပါသည်။ လချီကြာလာလျှင် သောင်းချီ သေဆုံးနိုင်၍ အမျာအပြား လွတ်ရာသို့ ထွက်ပြေးကြရပါမည်။ နိုင်ငံတကာကလည်း ဝင်ပါမည် မဟုတ်ပါ။ ရလဒ်တခုမှာ နိုင်ငံတကာ မီဒီယာမှ တင်ပြမှုများတွင် စာနာနားလည်မှု နည်းလာမည့် အခြေအနေဖြစ်ပါသည်။ နိုင်ငံတကာမှ ပရိသတ် အများစုသည်လည်း ဖြစ်ပျက်နေသော အခြေအနေများမှာ အရုပ်ဆိုး ရှုပ်ထွေးလှသည်ဟု ယူဆ၍ မျက်နှာလွှဲသွားကြပါလိမ့်မည်။
နိုင်ငံများကလည်း ပြည်တွင်းစစ်တွင် ဝင်ပါမည် မဟုတ်ပါ။ မီဒီယာမှ သိရသော လူများ၏ ဒုက္ခ၊ အသေအပျောက် ကိန်းဂဏန်းများကို ပြည်ပမှ စ၍ လျစ်လျူရှုပါလိမ့်မည်။ နိုင်ငံတကာ မူဝါဒသမားတို့ကလည်း ဘာမှလုပ်မရသော ပြည်တွင်းရေး ပြဿနာဟူ၍သာ လက်ရှောင်ထားပါလိမ့်မည်။ ကုလသမဂ္ဂမှ လူသားချင်း စာနာသည့် အကူအညီများ ပေးပါလိမ့်မည်။ ထို့ထက် မပိုပါ။
အထက်ပါ အချက်များသည် အကြမ်းဖက်တုံ့ပြန်ရေး (ဒုတိယနည်း) ၏ အားနည်းချက်များ ဖြစ်ပါသည်။ ကြီးမား၍ ဘေးဒုက္ခများမည့် လမ်းအဖြစ် မြင်ပါသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အရေးကြီးသည့် အားသာချက်ကို ရှာမတွေ့ပါ။
ဒုတိယနည်းတွင် ရဲနှင့် စစ်သားအချို့ ဒဏ်ရာရ သေဆုံးသွား၍ တရက်မျှ ကျေနပ်မှု ရကောင်းရမည်။ သို့သော် တပ်မှ လက်တုံ့ပြန်လျှင် အောင်ပွဲဟူသော ခံစားချက် ခဏနှင့် ပျောက်ပါလိမ့်မည်။ စစ်သားနည်းနည်း သေသွား၍ တပ်ကို တစိုးတစေ့မျှပင် အားလျော့သွားစေမည် မဟုတ်ပါ။ တပ်မှ ဝါဒဖြန့်စရာရ၊ ပုံစံသွင်း ဦးနှောက်နှင့် အရာရှိများကလည်း ထိုအခြေအနေကို သုံး၍ သာမန်စစ်သားများကို ပို၍ ကြွလာအောင် လှုံ့ဆော်နိုင်ပါသည်။ ထို့ကြောင့်လည်း အကြမ်းဖက် တုံ့ပြန်ခြင်း (ဒုတိယနည်း) သည် လွဲချော်၍ လမ်းမှားရောက်မည်ဟု ကောက်ချက်ချခြင်း ဖြစ်ပါသည်။
ကျနော့်သုံးသပ်ချက်များ ဆီလျော်သည်ဟု ထင်လျှင် လမ်းမှားသို့ အတင်းတိုး မသွားခြင်းက ပိုကောင်းပါလိမ့်မည်။ ထိုအစား အကြမ်းမဖက်သော လူထုလှုပ်ရှားမှု ပထမနည်းသည် အမှန်တကယ် အလုပ်မဖြစ်တာလား၊ အလုပ်ဖြစ် နေသည့် အခြေအနေ အများအပြားကော မရှိဘူးလား အသေအချာ စဉ်းစားကြစေလိုပါသည်။ ပိုကောင်းအောင် ဘယ်လို လုပ်မလဲ။ အကြမ်းမဖက်နည်း၏ အားနည်းချက်များကို လျှော့ချ၍ အားသာချက်များကို ပိုကြီးလာစေမည့် တတိယ နည်းလမ်းသို့ အဆင့်မြှင့်တင်နိုင်မည့်နည်းလမ်းများကို လည်း အလေးအနက် တွေးကြရပါမည်။
(အီဂေါဗလာဇီဗစ်သည် ချက်နိုင်ငံ ပရာ့ဂ်ဟာမြို့တွင် အခြေစိုက်သော နိုင်ငံရေးသုတေသီတဦးဖြစ်သည်။ ၎င်းဇာတိ ဘော့စနီးယား ဟာဇီဂိုဗီးနားတွင် စစ်ပွဲကာလ ကြမ်းကြုတ်ရက်စက်မှုများကို ကြုံတွေ့ခဲ့ရသူဖြစ်ပြီး မြန်မာအပါအဝင် ပဋိပက္ခဒေသ အများအပြားသို့ သွားရောက်၍ နိုင်ငံရေးသိပ္ပံနှင့် လူအခွင့်အရေးဆိုင်ရာ သင်တန်းများလည်း ပို့ချခဲ့ဖူးသည်။)
You may also like these stories:
စစ်ကောင်စီဝင် သားသမီးများ ပြည်ပတွင် ဆန္ဒပြခံနေရ
စစ်ကောင်စီက မျှော်လင့်ချက်ကြီးသည့် တိုင်းပြည်အနာဂတ်ကို လမ်းမများပေါ်တွင် သတ်ဖြတ်နေ
ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ