စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှု၏ ကြီးမားသော အတိုင်းအတာကို ရင်ဆိုင်နေရစဉ် အာဏာသိမ်း စစ်ကောင်စီသည် သတင်းမီဒီယာများ အထူးသဖြင့် အာဏာသိမ်းခေါင်းဆောင်များ၏ ကိုယ်ရောင်ကိုယ်ဝါ အစစ်အမှန်များ (သူတို့၏ ရက်စက်မှု၊ လူမဆန်မှုနှင့် ပြည်သူတရပ်လုံးကို ဆန့်ကျင်ဆောင်ရွက်သည့် ကျင့်ဝတ်နှင့် မညီသော လုပ်ဆောင်မှုများ) အား နေ့စဉ်ထုတ်ဖော်နေသော စာနယ်ဇင်းသမားများကို ၎င်း၏ အဓိကရန်သူတဦးအဖြစ် သတ်မှတ်ခဲ့သည်။ သူတို့၏ အလုပ်က သတင်း မီဒီယာကို စစ်ကောင်စီ၏ ရန်သူတဦး ဖြစ်စေခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စ၍ တနိုင်ငံလုံးမှ စာနယ်ဇင်းသမားများက အမှန်တရားကို ဖော်ထုတ်ရန် မမောမပန်းနိုင် ကြိုးစားနေခဲ့သည်။ ယင်းသည် သူတို့ သတင်း မီဒီယာအလုပ်မှ ပထမဆုံးနှင့် အဓိက တာဝန်ဖြစ်သည်။
အာဏာသိမ်းသည့် အချိန်က စ၍ တိုင်းပြည်အနှံ့မှ လွတ်လပ်သော မီဒီယာများနှင့် ၎င်းတို့၏ ဂျာနယ်လစ်များက စစ်အစိုးရ၏ စစ်သားများနှင့် ရဲများက ကျူးလွန်ခဲ့သော ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ရက်စက်စွာ ဖြိုခွဲနှိမ်နှင်းခြင်း၊ မတရား ဖမ်းဆီးခြင်း၊ လုယက်ခြင်းနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများကို စေ့စေ့စပ်စပ် သတင်းရယူခဲ့ကြသည်။
နာရီနှင့်အမျှ သူတို့၏ ဝက်ဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာ စာမျက်နှာများမှ တဆင့် မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ကမာ္ဘသို့ အသိပေးခဲ့သည်။ ရလဒ်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်အစိုးရ၏ ရက်စက်စွာ နှိပ်စက်ညှင်းပန်းမှု၊ ဗြောင်ကျကျ လိမ်လည်မှုနှင့် နိုင်ငံရေးဖိနှိပ်မှုများအပြင် စစ်အာဏာရှင်စနစ်ကို တိုင်းပြည်မှ ဖယ်ရှားပစ်ရေး ပြည်သူတို့၏ စိတ်ပိုင်းဖြတ်ထားမှုကို နားလည်လာခဲ့ကြသည်။ မြန်မာနိုင်ငံသားများအတွက် ဂျာနယ်လစ်များ၏ လုပ်ဆောင်မှုက သူတို့ကို သတင်းအချက်အလက် ပေးရုံသာမက စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု၏ အမျိုးသားရေး စိတ်ဓာတ်ကို အားပေးခဲ့သည်။
အာဏာသိမ်းပြီး ပထမ လအတွင်းတွင် သတင်းသမားများအနေဖြင့် “PRESS” ဟု ရေးသားထားသော ဦးထုပ်နှင့် အင်္ကျီကို ဝတ်ဆင်၍ စာနယ်ဇင်းကတ်များကို လည်ပင်း၌ ဆွဲကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများအား လွတ်လပ်စွာ သတင်းယူနိုင်ခဲ့ကြသည်။ သူတို့၏ ကင်မရာများကို ဖုံးကွယ်ထားရန် မလိုအပ်ခဲ့ပါ။ အစပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များက လမ်းပေါ်မှ ဆန္ဒပြသူများကို နှိမ်နင်းစဉ် စာနယ်ဇင်းများကို ပစ်မှတ်မထားခဲ့ပါ။ သို့သော် သဘောထား ပြောင်းလဲသွားရန် များစွာ အချိန်မကြာခဲ့ပါ။
များမကြာမီမှာပင် ဆန္ဒပြပွဲများကို သူတို့ ဖြိုခွဲစဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့များက ဂျာနယ်လစ်များကို လမ်းများပေါ်တွင် စတင်၍ ပစ်မှတ်ထားလာခဲ့သည်။ ယနေ့အထိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် နိုင်ငံတလွှားမှ ဖြိုခွဲမှု သတင်းများ ရယူသည့် သတင်းထောက် ၄၀ ကျော်ကို စစ်အစိုးရက ဖမ်းဆီးခဲ့သည်။ သူတို့ထဲမှ အချို့ကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ၁၈ ဦးမှာ ယခုထိ ထိန်းသိမ်းခံထားဆဲဖြစ်ပြီး သူတို့ထဲမှ ၁၀ ဦးကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်ခြင်း ခံခဲ့ရသည်။
ဘီဘီစီမြန်မာပိုင်းမှ ကိုအောင်သူရနှင့် မဇ္ဈိမသတင်းဌာနမှ အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်တို့သည် ဖမ်းဆီးခံထားရသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းထိန်၏ တရားရုံးကြားနာမှုနှင့် ပတ်သက်၍ သတင်း ယူနေစဉ် ပြီးခဲ့သည့် မတ်လ ၁၉ရက်နေ့က သတင်းထောက် ၂ ဦးကို နေပြည်တော်တွင် အရပ်ဝတ် ရဲများက ဖမ်းဆီးခဲ့သည်။ ထိုနေ့တွင်ပင် မဇ္ဈိမ သတင်းဌာနမှ အလွတ်တန်း သတင်းထောက်တဦးကို ကချင်ပြည်နယ် ဗန်းမော်တွင် ရဲများက ဖမ်းဆီးခဲ့သည်။ မတ်လ ၂၁ ရက်နေ့ တွင်လည်း DVB သတင်းထောက်ကို နေပြည်တော်တွင် ဖမ်းဆီးခဲ့သည်။ မတ်လ ၂၂ ရက် နေ့တွင် ကိုအောင်သူရ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း မဇ္ဈိမသတင်းထောက်ကို ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်သည်။
စစ်အစိုးရက မီဒီယာကို ဖြိုခွဲနှိမ်နင်းခြင်း၏ နောက်ထပ်အဆင့်တခုကို မတ်လ ၈ ရက်နေ့တွင် လုပ်ဆောင်ခဲ့သည်။ ထိုနေ့တွင် သတင်းသမားများကို ဖမ်းဆီး ထိန်းသိမ်းခြင်းထက် ကျော်လွန်၍ သတင်းဌာန ၅ ခု (7Day၊ DVB၊ Myanmar Now, Mizzima News နှင့် Khit Thit Media) တို့၏ လိုင်စင်များကို ပြန်လည် ရုပ်သိမ်းခဲ့သည်။
ထိုနေ့နှင့် နောက်ရက်များတွင် စစ်အစိုးရ၏ စစ်သားများနှင့် ရဲများက ရန်ကုန်ရှိ Myanmar Now နှင့် မဇ္ဈိမသတင်းဌာန ရုံးများ သို့ ဝင်ရောက်စီးနင်း၍ ပစ္စည်းများကို သိမ်းယူခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့သော ဝင်ရောက်စီးနင်းမှုများကို ကြိုတင်မျှော်လင့်ထား၍ ဝန်ထမ်းများက သူတို့၏ ရုံးများတွင် အလုပ်မလုပ်တော့သော ကြောင့် မည်သူမျှ အဖမ်းဆီး မခံခဲ့ရပါ။ သို့သော်လည်း အခြား သတင်း မီဒီယာ တခုဖြစ်သည့် Kamayut Media ၏ ရုံးခန်းများသို့ ဝင်ရောက် စီးနင်းစဉ် အယ်ဒီတာချုပ်နှင့် ပူးတွဲ ထုတ်ဝေသူတို့ ဖမ်းဆီးခံခဲ့ရသည်။ ရက်အနည်းငယ်အကြာတွင် စစ်အစိုးရက ဧရာဝတီ သတင်းဌာနကို ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခဲ့သည်။ ထိုအဖြစ်သည် စာနယ်ဇင်းသမားတဦး ချင်းစီကို မဟုတ်ဘဲ မီဒီယာအဖွဲ့အစည်းတခုလုံး အပေါ် ပထမဆုံး တရားစွဲဆိုခြင်း ဖြစ်သည်။
စစ်အစိုးရ၏ ကြေညာချက်များ၊ ဝင်ရောက်စီးနင်းမှုများနှင့် တရားစွဲဆိုမှုများက လွတ်လပ်သော ဂျာနယ်လစ်များ အားလုံးနီးပါးကို ပုန်းအောင်းနေရန်နှင့် ကျန်သည့်သူများက လူမသိသူမသိ နေရန် ဖြစ်စေခဲ့သည်။
အမှန်တကယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် များမကြာမီ ၎င်း၏ ပြန်ကြားရေး ဝန်ကြီးဌာနက မီဒီယာများအား စစ်တပ်၏ အာဏာရယူမှုကို ဖော်ပြရာတွင် “အာဏာသိမ်း” ဆိုသည့် စကားလုံးအား အသုံးမပြုရန်နှင့် ၎င်းကို “စစ်အစိုးရ” သို့မဟုတ်“ စစ်ကောင်စီ” ဟူ၍ မရည်ညွှန်းရန် အမိန့်ထုတ်ခဲ့သည်။ သို့သော်လည်း လွတ်လပ်သော မီဒီယာအားလုံးက စစ်အစိုးရ၏ သတိပေးချက်ကို ဆန့်ကျင်၍ ထိုဝေါဟာရများကို ဆက်လက် အသုံးပြုခဲ့ကြသည်။
ကျနော်၏ ဂျာနယ်လစ် မိတ်ဆွေများ (သတင်းစာများနှင့် ဒီဂျစ်တယ် မီဒီယာများမှ အယ်ဒီတာများနှင့် သတင်းထောက်များ) ၏ ပြောပြချက်အရ ပုန်းအောင်းနေရသော ဂျာနယ်လစ် အရေအတွက်မှာ တနိုင်ငံလုံးတွင် ရာနှင့်ချီ၍ ရှိသည်။ အခြားသူ အများအပြားက လူမတွေ့အောင် ရှောင်နေကြရသည်။ ကျနော်၏ မိတ်ဆွေများက ဖုန်းမှတဆင့် ကျနော်နှင့် စကားပြောနေဆဲ ဖြစ်သော်လည်း သူတို့ မည်သည့်နေရာတွင် ရှိနေကြောင်း အရိပ်အမြွက်ပင် မပြောဝံ့ကြပါ။ သူတို့ ပုန်းခိုနေသော နေရာများတွင် အလုပ်လုပ်နေကြကြောင်း ပြောသည်။ လူကြားသူကြားတွင် သူတို့ ပေါ်ထွက်လာမှုက သူတို့၏ လွတ်လပ်မှုကို ချက်ချင်း အဆုံးသတ်သွားစေပါလိမ့်မည်။ အချို့က ဝေးလံသော ဒေသများသို့ ပြောင်းရွှေ့ နေထိုင်ရန် သို့မဟုတ် တိုင်းပြည်မှ ထွက်ပြေးရန်ပင် ကြိုးစားနေကြသည်။
အာဏာသိမ်းချိန် မှစ၍ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေသော သတင်းစာများအားလုံးက စစ်အစိုးရ၏ ဖိအားပေးမှုနှင့် ဝင်ရောက် စီးနင်းမှုများအောက်တွင် ထုတ်ဝေမှုများကို ရပ်တန့်ခဲ့ကြသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရရှိနိုင်သော ပုံနှိပ် သတင်းစာများသည် စစ်တပ်ပိုင် သတင်းစာတစောင်နှင့် အစိုးရပိုင် သတင်းစာ ၂ စောင် တို့သာ အဓိက ဖြစ်သည်။ ၎င်းတို့ကိုလည်း စစ်အစိုးရက လုံးလုံးလျားလျား ထိန်းချုပ်ထားသည်။ ဝင်ရောက်စီးနင်းမည်ကို ကြောက်သောကြောင့် မီဒီယာဌာနများ အားလုံးနီးပါး ရက် အကန့်အသတ်မရှိ ပိတ်ထားရသည်။
ပြီးခဲ့သော ဆယ်စုနှစ်တခုအတွင်း အရပ်သားတပိုင်းအစိုးရက ယခင်စစ်အစိုးရ၏ ဆိုးရွားလှသော မီဒီယာ စိစစ်ရေး စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ပုဂ္ဂလိက မီဒီယာများအနေဖြင့် သူတို့၏ တည်ရှိမှုကို ချဲ့ ထွင်ရန် အခွင့်အလမ်း ရရှိခဲ့သည်။ သို့သော်လည်း သတင်းဌာန အရည်အတွက်က နည်းပါးနေဆဲ ဖြစ်သည်။ အရေအတွက် နိုင်ငံတလွှားတွင် ၂၀၀၀ ခန့်ရှိသည်ဟု အချို့ဂျာနယ်လစ်များက ဆိုသည်။ သို့သော် အားလုံးက အမှန်တကယ် မလွတ်လပ် ကြပါ။ အချို့ ဂျာနယ်လစ်များက အစိုးရပိုင်မီဒီယာများ သို့မဟုတ် စစ်ဗိုလ်ချုပ်များ၊ အာဏာရှိသူများနှင့် နီးကပ်သော မီဒီယာများအတွက် အလုပ်လုပ်နေကြသည်။
မြို့ကြီးများရှိ အဓိက သတင်းမီဒီယာများနှင့် တိုင်းရင်းသားပြည်နယ်များရှိ အခြားစာနယ်ဇင်းများမှ သတင်းထောက်ပေါင်းများစွာက ဖေဖော်ဝါရီ ၁ ရက်နေ့ မှစ၍ အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် အစိုးရ၏ ဖြိုခွဲမှုများကို ဝိရိယ စိုက်ထုတ် ဖော်ပြခဲ့သည်။ အမှန်တကယ်တွင် နေ့ရော ညပါ ဖြစ်ပေါ်ခဲ့သည့် ထိုကဲ့သို့သော သတင်းဖြစ်ရပ်များကို ဖော်ပြနိုင်သည်မှာ သေးငယ်သော အစုအဖွဲ့ ဖြစ်ပါသည်။
ထို လွတ်လပ်သော မီဒီယာနှင့် စာနယ်ဇင်းသမား အနည်းငယ်မျှမှာ ပွင့်လင်း လွတ်လပ်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတော့ပါ။ သို့သော်လည်း သူတို့ ပုန်းခိုနေသောနေရာများမှ နေ၍ သတင်းရင်းမြစ်များကို ဆက်သွယ်ခြင်း သို့မဟုတ် သတင်းများကို လျှို့ဝှက်စွာ ရယူရန် ခိုးထွက်ခြင်းနှင့် မဖော်ထုတ်ရသေးသည့် အဖြစ်အပျက်များအတွက် မျက်မြင် သက်သေများအဖြစ် ဆောင်ရွက်ခြင်းတို့ကိုပင် သူတို့ ဆက်လက် လုပ်ဆောင်နေကြသည်။
ပြည်သူလူထုကလည်း မီဒီယာအတွက် ခက်ခဲသောအခြေအနေကို ကောင်းစွာ သတိပြုမိသည်။ မကြာသေးမီရက်များအတွင်း နိုင်ငံသားများက အာဏာသိမ်းပြီးနောက်ပိုင်း သီတင်းပတ်များအတွင်း ပရော်ဖက်ရှင်နယ် သတင်း ထောက်များ လုပ်ဆောင်ခဲ့သည့် အလုပ်များကို ဖြည့်စွက်ပေးရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့ကြသည်။ ဆက်လက်ဖြစ်ပွားနေသော စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား သူတို့က ဓာတ်ပုံများနှင့် ဗွီဒီယိုများ ရိုက်ကူးရန် ကြိုးစားခဲ့ကြသည်။ သူတို့က ထိုသတင်းများနှင့် သတင်းအချက်အလက်များကို မီဒီယာ အဖွဲ့အစည်း အမျိုးမျိုးဆီသို့ ပေးပို့ခဲ့ကြပြီး နိုင်ငံအတွင်းနှင့် ကမာ္ဘအနှံ့မှ ပြည်သူများ ကြည့်ရှုနိုင်ရန် ထုတ်ပြန်ပေးခဲ့သည်။
ယနေ့အချိန်တွင် လမ်းများပေါ်မှ ဆန္ဒပြပွဲများကို ပွင့်ပွင့်လင်းလင်း သတင်းရယူနေသော သတင်းထောက်များကို ကျနော်တို့ မမြင်ရတော့ပါ။ ထိုသို့ ပြုလုပ်သူများက ဘီဘီစီနှင့် မဇ္ဈိမသတင်းထောက်များ ကဲ့သို့ပင် ချက်ချင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံကြရသည်။
စစ်အစိုးရက သတင်းထောက်များကို သူတို့၏ အမြဲတမ်း တိုးပွားလာနေသော ဖမ်းဆီးရန် စာရင်းတွင် ထည့်သွင်းထားပြီး ဖြစ်ပုံရပါသည်။ သတင်းထောက် အများအပြား မြေအောက်သို့ ရောက်သွားခြင်းကြောင့် ထိုဖမ်းဆီးရန် အားထုတ်မှုက ယခုအချိန်တွင် အတိုင်းအတာတခု ရပ်တန့်သွားခဲ့သည်။
သို့သော်လည်း ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်များ အားလုံးက ယခုအခါ စစ်အစိုးရ၏ အဓိက ရန်သူ စာရင်းတွင် Generation Z ဆန္ဒပြသူများ၊ အာဏာဖီဆန်ရေး လူထု လှုပ်ရှားမှု (CDM) တွင် ပါဝင်သော အစိုးရ ဝန်ထမ်းများ၊ ဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD မှ တက်ကြွသောအဖွဲ့ ဝင်များနှင့် အခြားသော နိုင်ငံရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အတူ ပါဝင်နေပါသည်။
လွတ်လပ်သော ဂျာနယ်လစ်များက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အစိုးရက ကျူးလွန်ခဲ့သော လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို မှတ်တမ်းတင်ရုံမျှ ဖြစ်ပါသည်။ သို့သော်လည်း အာဏာသိမ်း ခေါင်းဆောင်များ၏ အမြင်တွင်မူ ထိုသို့ ပြုလုပ်ခြင်းသည် စစ်အစိုးရကို ဆန့်ကျင်သည့် ပြင်းထန်သော ရာဇဝတ်မှု ဖြစ်သည်။
ထိုအလုပ်သည် အရေးကြီးသော အလုပ်ဖြစ်ပါသည်။ ကင်မရာများ၊ မိုဘိုင်းဖုန်းများ၊ အသံဖမ်းစက်များ၊ ဘောပင်များနှင့် မှတ်စုစာအုပ်များကို ကိုင်တွယ် ထားရုံမျှဖြင့် သူတို့ကိုယ်သူတို့ ပစ်မှတ် ဖြစ်စေသည့်အတွက် ထိုသို့ ပြုလုပ်သူအားလုံးက အန္တရာယ် ရှိပါသည်။
သူတို့အလုပ်ကို သူတို့ ဆက်လက်လုပ်ကိုင်နေကြခြင်းအပေါ် ကမ္ဘာနှင့် မြန်မာပြည်သူများက တန်ဖိုးထားကြမည် ဆိုသည်ကို ကျနော် သံသယမရှိပါ။ သူတို့၏ လုပ်ဆောင်မှုက ဤနွေဦးတော်လှန်ရေးအတွက် အလွန်အရေးပါသော ပံ့ပိုးမှုများ ဖြစ်ပြီး အမှန်တရားအပေါ် သူတို့၏ယုံကြည်မှုနှင့် ကတိကဝတ်ပြုမှု၊ မြန်မာပြည်သူများအပေါ် သူတို့၏ သစ္စာစောင့်သိမှုကို ဖော်ပြနေပါသည်။
ကျနော့်အမြင်အရ ဆိုလျှင် တိုင်းပြည်အတွက် တောက်ပသော အနာဂတ်တခု သေချာစေရေး တာဝန်တခုဖြစ်သည့် သမိုင်းကို ဖန်တီးခြင်းနှင့် မှတ်တမ်းတင်ခြင်း ၂ မျိုးလုံးကို လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Firmly on the Regime’s Enemies List, Myanmar Journalists Continue to Document Its Atrocities ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရန်ကုန်တဖက်ကမ်းက ညသန်းခေါင်ယံ ကြွေလွင့်သွားတဲ့ ကြယ်များ
စစ်တပ် အကြမ်းဖက်မှုများက လူငယ်တွေ လက်နက်ကိုင်ရေး တွန်းပို့နေ
မန္တလေး၌ လူတဦး သေနတ်နှင့် ပစ်ပြီး မီးရှို့သတ်ခံရ
ကလေးက အဖေ ကြောက်တယ်ဆိုပြီး ပြောတာကို ဘာကြောက်စရာ လိုလဲပြောပြီး ပစ်သွားတာ