စစ်ကောင်စီက နိုင်ငံ့စီးပွားကို ဖျက်ဆီးလိုက်သည်
ကမ္ဘာ့ဘဏ်မှ မတ်လ၂၆ ရက်နေ့တွင် မြန်မာ့စီးပွားရေးသည် ၁၀ ရာခိုင်နှုန်း ဆုတ်ယုတ်သွားမည်ဟု ခန့်မှန်းချက် ထုတ်ပြန်ခဲ့ကြောင်းနှင့် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်၌ မြန်မာ့စီးပွားရေးကို ၂၀၂၁ ခုနှစ်၌ ၅.၉ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဆိုထားကြောင်း ရိုက်တာသတင်းများတွင် ဖေါ်ပြထားကြသည်။
ပထမ ခန့်မှန်းချက်နှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ခန့်မှန်းချက်သည် လားလားကြီး ဆန့်ကျင်နေသည်။ တိုးတက်မှုနှင့် ဆုတ်ယုတ်မှု ၂ ခုပေါင်းတွက်ကြည့်လျှင် မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်၌ စစ်အာဏသိမ်းမှု မဖြစ်ပွားခဲ့ပါက ဖြစ်နိုင်ခြေ၏ ၁၆ ရာခိုင်နှုန်းခန့် ကျဆင်းသွားရခြင်းဖြစ်သည်။ ခန့်မှန်းထားချက်ထက်ပင် ပိုမိုလည်း ကျဆင်းသွားနိုင်ခြေ ရှိနေသည်။ ထိုထုတ်ပြန်ချက်၂ ခုကို နှိုင်းယှဉ်ကြည့်လျှင်ပင် စစ်အာဏာသိမ်းကောင်စီ၏ တိုင်းပြည်စီးပွားရေးအပေါ်ဖျက်ဆီးမှု အတိုင်းအတာကို သိရှိနိုင်သည်။
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နိုင်ငံတိုင်းလိုလိုသည် စီးပွားရေးကျဆင်းမှုဒဏ်ကို ခံစားနေရပြီး မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်းသည် ၆.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀ တွင်မူ ၁.၇ ရာခိုင်နှုန်းရှိလိမ့်မည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ၌ ဖေါ်ပြထားပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၂ ရာခိုင်နှုန်း တိုးတက်လိမ့်မည်ဟု ခန့်မှန်းထားသည်။
သို့သော် ယခုအခါ စစ်အာဏာသိမ်းမှုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လုံးဝ ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။
အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးမူဝါဒ
အန်အယ်လ်ဒီအစိုးရလက်ထက်က အတည်ပြုခဲ့သည့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၂၀၂၀ ခုနှစ်-စက်တင်ဘာ ၂၀၂၁ ခုနှစ်)ဘတ်ဂျက်တွင် စုစုပေါင်းအသုံးစရိတ်ကို ၃၄၆၅၂ ဘီလီယံကျပ်ကျော်သတ်မှတ်ထားပြီး ပြည်ထောင်စု၏ စုစုပေါင်းရငွေမှာ ၂၇၈၅၁ ဘီလီယံကျပ်ဖြစ်သည်။ လိုငွေမှာ ၆၈၀၀ ဘီလီယံကျော်ရှိပြီး ဂျီဒီပီအချိုးအရ ၅.၄၁ ရာခိုင်နှုန်းရှိသည်။
ရငွေတွင် အခွန်အကောက်မှ ရငွေ (tax revenue) နှင့် အခွန်မဟုတ်သည့် အခြားသယံဇာတရောင်းချမှုနှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများမှ ရငွေ (non-tax revenue) ဟု အဓိက ၂ မျိုးပါဝင်သည်။
အခွန်အကောက်မှ ရငွေသည် ရငွေစုစုပေါင်း၏ ၃၁ ရာခိုင်နှုန်းခန့်ရှိသည်။ အခြားသာမန်ရငွေမှာ ရငွေစုစုပေါင်း၏ ၃ ရာခိုင်နှုန်း ကျော်ရှိသည်။ အခြားသာမန်ရငွေဆိုသည်မှာ ဒဏ်ငွေများနှင့် ဝန်ကြီးဋ္ဌာနများ၏ ပစ္စည်းရောင်းချငွေများ ပါဝင်သည်။
၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်သည် ကိုဗစ်-၁၉ ဒဏ် အလူးအလဲ ခံနေရသည့်ကာလဖြစ်သ ဖြင့် အကြမ်းအားဖြင့် စီးပွားရေးလုပ်ငန်းများနှင့် တဦးချင်း ဝင်ငွေခွန်များ မပေးဆောင်နိုင်ခဲ့ချေ။ ဒုတိယသုံးလပတ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအများစုသည် မည်သည့်အခွန်ကိုမဆို ပေးဆောင်ရန် ငြင်းဆိုနေပြီဖြစ်သည်။ စားသောက်ဆိုင်များမှာပင် ၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရန် ငြင်းဆိုနေပြီဖြစ်သည့်အတွက် အခွန်အကောက်မှ ရရန် မလွယ်ကူတော့ချေ။ ထို့ကြောင့် ပြည်ထောင်စု၏ စုစုပေါင်းရငွေမှ ၃၄ ရာခိုင်နှုန်းခန့်ကို စစ်အာဏာသိမ်းကောင်စီ လက်လှမ်းမမီနိုင်ဖြစ်နေသည်။
ချေးယူရငွေသည် ၁၄.၅ ရာခိုင်နှုန်းခန့်ရှိပြီး ယခုအခါ စစ်အာဏာသိမ်းလိုက်သည့်အတွက် ကြွေးမြီခေါင်းစဉ်အောက်ရှိ နိုင်ငံတကာချေးငွေ အတော်များများ ဆိုင်းငံ့ခံထားရပြီဖြစ်သည်။ ထို့ကြောင့် ပြည်ပချေးငွေဖြင့် အကောင်အထည်ဖေါ်မည့်လုပ်ငန်းများ ရပ်ဆိုင်းသွားပြီဖြစ်သည်။
အခွန်မဟုတ်သည့် သယံဇာတနှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများမှ ရငွေများ၏ ဘဏ္ဍာငွေအရအသုံးတွင် ပါဝင်မှုသည် ၄၂ ရာခိုင်နှုန်းကျော် ရှိသည်။ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ ရငွေမှာ ၁၀.၂၄ ရာခိုင်နှုန်းရှိသည်ဟု စီမံဘဏ္ဍာနှင့် စက်မှုဝန်ကြီးဋ္ဌာနမှ ထုတ်ဝေခဲ့သည့် ၂၀၂၀-၂၁ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းချက် အနှစ်ချုပ် အစီရင်ခံစာ၌ ဖေါ်ပြထားသည်။
ယေဘုယျသုံးသပ်ရလျှင် စစ်ကောင်စီ၏ အဓိက ဝင်ငွေရလမ်းမှာ ထိုနိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများပင်ဖြစ်သည်။ လတ်တလော မသိရှိနိုင်သော်လည်း လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ CDM လုပ်ဆောင်မှုက ၎င်းတို့၏ ဝင်ငွေရလမ်းကို အကြီးအကျယ် ထိခိုက်နေပြီဖြစ်သည်။ အခြားနိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းများ၏ CDM လုပ်ဆောင်မှုများ (ဥပမာ မြန်မာ့မီးရထား၊ မြန်မာ့လေကြောင်း၊ မြန်မာ့ဆက်သွယ်ရေး၊ မြန်မာ့စီးပွားရေးဘဏ်) ကလည်း ၎င်းတို့၏ ဝင်ငွေရရှိမှုကို ထိခိုက်စေမည်ဖြစ်သည်။
ပြည်ထောင်စု၏ အရအသုံးခန့်မှန်းချက်တွင် ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ သုံးငွေ ပါဝင်မှုအချိုးမှာ ၉.၈၅ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် သုံးငွေအများစု ၇၃ ရာခိုင်နှုန်းကျော်မှာ သာမန်အသုံးစရိတ်များဖြစ်သည်။ ဝန်ထမ်းလစာနှင့် ဝန်ကြီးဋ္ဌာနအဖွဲ့အစည်းများ ပုံမှန်လည်ပတ်နိုင်ရန် သုံးစွဲရသည့် အသုံးစရိတ်များဖြစ်သည်။
ရငွေနည်းသွားသော်လည်း နဂိုမူလ လျာထားချက်အတိုင်း သုံးစွဲပါက လိုငွေပြမှုသည် အလွန်အမင်းမြင့်တက်သွားမည်ဖြစ်သည်။ ငွေစက္ကူများ ရိုက်ထုတ်ပါကလည်း ငွေကြေးဖေါင်းပွမှု အဆမတန်မြင့်တက်သွားပြီး ငွေလဲလှယ်နှုန်း ပြဿနာ ဖြစ်ပေါ်လာနိုင်သည်။
သို့သော်လည်း ဘတ်ဂျက်ကို နဂိုမူလလျာထားသည့်အတိုင်း အကောင်အထည်ဖေါ်ရန်လည်း စစ်ကောင်စီ၌ အင်အားမရှိချေ။ အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၂၀-၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်၌ တင်ဒါအောင်မြင်ခဲ့သူ ပုဂ္ဂလိကလုပ်ငန်းရှင်များပင် စစ်ကောင်စီအပေါ် ယုံကြည်မှုမရှိသည့်အတွက် တင်ဒါများကို အကောင်အထည်မဖေါ် ရပ်ဆိုင်းထားကြသည်ဟု သိရှိရသည်။ အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်သည့်အတွက် အရင်းအနှီးလည်း ကြီးကြသည်။ တင်ဒါအသစ်များတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သူ မရှိသလောက်ဟု သိရသည်။
ဧရာဝတီတိုင်းဒေသကြီး စစ်ကောင်စီအဖွဲ့ တင်ဒါခေါ်ယူနေသည်ကိုမူ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုတွင် တွေ့ လိုက်ရသည်။ သို့သော် နဂိုမူလလျာထားချက်ကို မည်သို့မှ မှီတော့မည် မဟုတ်ချေ။ အစိုးရမှ အကောင်အထည်ဖေါ်မည့် အခြေခံအဆောက်အအုံစီမံချက် အများစုမှာ ရပ်တံ့သွားပြီဖြစ်သည်။
ရှေ့အလားအလာ
ကိုဗစ်-၁၉ ကပ်ဘေးအလွန် စီးပွားရေးနာလန်ထရန် အစိုးရ၏ ဘဏ္ဍာငွေအရ အသုံးမူဝါဒသည် အထူးအရေးကြီးပါသည်။ နိုင်ငံတိုင်းတွင် အစိုးရများသည် တတ်နိုင်သမျှ အသုံးစရိတ်များကို မြှင့်တင်သုံးစွဲနေကြပါသည်။ ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းအထက် ချမ်းသာသည့်နိုင်ငံအစိုးရများက သုံးစွဲ၍ စီးပွားရေးနာလန်ထရန် ကြိုးပမ်းနေကြပါသည်။
မြန်မာနိုင်ငံတွင် အန်အယ်လ်ဒီအစိုးရသည် ကိုဗစ်စီးပွားရေးတုန့်ပြန်မှုအစီအစဉ် စီအီးအာပီ (Covid-19 Economic Response Plan-CERP)အောက်တွင် ဂျီဒီပီ၏ ၁.၇ ရာခိုင်နှုန်းသာ သုံးစွဲရန် လျာထားခဲ့ပြီး ထက်ဝက်ခန့်သာ သုံးစွဲရသေးသည်ဟု သိရသည်။ ၂၀၂၀-၂၁ ခုနှစ် ဘဏ္ဍာငွေအသုံးစရိတ်သည် ကိုဗစ်-၁၉ အလွန် စီးပွားရေးနာလန်ထပြီး ပြန်လည်ဦးမော့နိုင်ရန် အထူးအဓိကကျသည်။ ယခုအခါ အားလုံး ရေစုန်မျောမည့်ပုံ ဖြစ်သည်။ သုံးစရာရငွေ လည်းမရှိ၊ ရှိသည့်ငွေဖြင့်လည်း စီမံကိန်းများအကောင်အထည်မဖေါ်နိုင်၊ ခေတ်စကားဖြင့်ပြောရလျှင် တိုင်ပတ်နေပြီဖြစ်သည်။
စီးပွားရေးနှင့် သက်ဆိုင်သည့် ကဏ္ဍ ၄ ခုကို ကိုဗစ်-၁၉ က လမ်းကြောင်း ၂ ခုမှ သက်ရောက်မှုဖြစ်စေခဲ့သည်ဟု မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ၌ဖေါ်ပြထားသည်။ ယခုအခါ ထိုကဏ္ဍများ အားလုံး ပိုမို ထိခိုက်သွားပြီ ဖြစ်သည်။
လယ်ယာ၊ စက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများပါဝင်သည့် ကုန်ထုတ်စွမ်းအားမြင့်မားသည့်ကဏ္ဍ၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဘဏ္ဍာငွေကြေးကဏ္ဍနှင့် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာကဏ္ဍများ အားလုံး စစ်အာဏာသိမ်းမှုကြောင့် နဂိုကထက် ဆိုးဝါးစွာ ထိခိုက်သွားပြီဖြစ်သည်။
လယ်ယာကဏ္ဍသည် ကိုဗစ်-၁၉ ကပ်ဘေးကာလ၌ မထိခိုက်ဟု ဆိုနိုင်သော်လည်း ယခုအခါ သွင်းအားစုများ ဝယ်ယူရရှိရန် ခက်ခဲမှု၊ မိုးရာသီမတိုင်မီ စိုက်ပျိုးချိန်တွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများက စိုက်ပျိုးရန် အခက်အခဲဖြစ်စေသောကြောင့် လယ်ယာကဏ္ဍထွက်ကုန်များ ကျဆင်းသွားနိုင်ပါသည်။
ကျန် စက်မှုနှင့် ဝန်ဆောင်မှုများတွင်ပါဝင်သည့် အထည်ချုပ်၊ စားသောက်ကုန်၊ ကမ္ဘာလှည့်ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများမှာ အထူးပြောစရာ မလိုတော့ပါ။ ကိုဗစ်ကာလထက်ပင် ဆိုးဝါးစွာ ကျဆင်းသွားနေပြီ ဖြစ်စ်သည်။
နိုင်ငံတကာ အကူအညီ၊ နိုင်ငံခြားချေးငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများလည်း အကြီးအကျယ် ကျဆင်းသွားနေပြီဖြစ်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အစီအစဉ်အရ အကောင်အထည်ဖေါ်မည့် တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းများပင် ပြည်တွင်းမတည်ငြိမ်မှုများကြောင့် အင်မတန် ခက်ခဲသွားပြီဖြစ်သည်။
ငွေကြေးဆိုင်ရာ မတည်ငြိမ်မှုများကလည်း အထူးပြောစရာ မလိုတော့ပါ။ လက်ရှိအချိန်တွင် ဘဏ်များမှ ငွေထုတ်မည့်သူသာ ရှိတော့သည်။ စုဆောင်းမည့်သူ မရှိတော့ပါ။ ဘဏ်နှင့်ငွေရေးကြေးရေးလုပ်ငန်းများ မတည်ငြိမ်မှုကြောင့် ငွေလဲလှယ်မှုပြဿနာ (currency crisis)လည်း ဖြစ်ပေါ်လာရန် အလားအလာများနေပါသည်။ လက်ရှိအချိန်တွင်ပင် ပြည်သူအများစုသည် ဒေါ်လာနှင့်ရွှေကိုသာ သိမ်းထားရန်ကြိုးပမ်းနေသဖြင့် ဒေါ်လာဈေးနှင့်ရွှေဈေး မြင့်တက်လာနေပါသည်။
ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးကို အထက်တွင် ရှင်းလင်းပြီးဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် စစ်ကောင်စီအစိုးရသည် Fiscal Crisis ၊ Monetary Crisis ၊ Currency Crisis ၊ Trade/Investment/Sanctions and External Crisis ၊ Productive Sector (Real Economy) Crisis ဆိုသည့် နိုင်ငံ့စီးပွားရေးရာများနှင့် ပတ်သက်သမျှတွင် အကျပ်အတည်းမျိုးစုံဖြင့် ရင်ဆိုင်နေရပြီဟုသာ ဆိုချင်သည်။
You may also like these stories:
မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းကျမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
သယံဇာတမှ ရငွေများ စစ်ကောင်စီထံ မရောက်ရေး CRPH ကြိုးပမ်း
ဂျပန်အစိုးရ ငွေစိုက်ထုတ်သည့် ဟိုတယ်က စစ်တပ်သို့ မြေငှားခပေးနေသောအခါ
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ၂ ခုကို ဗြိတိန်နှင့် အမေရိကန် အရေးယူ