မြန်မာနိုင်ငံကို ကယ်တင်ရန် စီးပွားရေးကို ဦးစွာ ရိုက်ချိုးပါ

Mark Brown
ဖေဖော်ဝါရီလ ၂၀ ရက်က မန္တလေးတွင် တွေ့ရသော စစ်ကောင်စီ၏ တပ်ဖွဲ့များ/ ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် တင်းကျပ်သော ကိုဗစ်-၁၉ ကာကွယ်ရေး အစီအမံများကြောင့် အင်အားချိနဲ့နေပြီးဖြစ်သော န်ိုင်ငံစီးပွားရေးကို တဖြည်းဖြည်း ရပ်ဆိုင်းသွာစေသည်။

ယခုအချိန်သည် အလုပ်ကို လက်စသတ်ရမည့်အချိန်ဖြစ်သည်။ တနိုင်ငံလုံးရှိ မြို့ကြီးမြို့ငယ်များတွင် ဘဏ်များကို ပိတ်ထားသည်။ ATM စက်များတွင် ငွေမရှိ။ စတိုးဆိုင်များ ပိတ်ထားပြီး စက်ရုံများမှာ ဟာလာဟင်းလင်းဖြစ်နေသည်။ ဖိုင်ဘာလိုင်းများမှလွဲ အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည်။ ကိုဗစ်-၁၉ ကူးစက်မှု တနှစ်တာကာလသည် မြန်မာ့စီးပွားရေးကို အထိနာစေခဲ့သည်။ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထုကလမ်းမများပေါ်သို့ထွက်လာကြပြီး စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ကမ္ဘာက စက်ဆုတ်တုန်လှုပ်နေချိန်တွင် စီးပွားရေး ရပ်တန့်သွားသည်။

အာရှတွင် နောက်ဆုံး ရင်းနှီးမြှုပ်နှံမှုများ၏ ရှေတန်းစစ်မျက်နှာများအနက်တခုဖြစ်သော မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ စိတ်အားထက်သန်မှု အလျှင်အမြန် ပျောက်ကွယ်သွားသည်ကို တွေ့ကြုံနေကြရပြီး လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုသည် စစ်ကောင်စီ၏ စီးပွားရေးအား ထိန်းချုပ်တည်တံ့အောင် လုပ်နိုင်သော စွမ်းရည်ကို ထိမိစွာ လမ်းချော်သွားစေသည်။

ရန်ကုန်ရှိ အဓိကဆိပ်ကမ်းများသည် စွမ်းဆောင်ရည်၏ ၁၀ ရာခိုင်နှုန်းသာ လုပ်ဆောင်နိုင်ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၅၀ ကျော်သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနှင့် Myanmar Brewery နှင့် ဆက်သွယ်ရေးလုပ်ငန်း Mytel ကဲ့သို့သော စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရေး လှုပ်ရှားမှုကို ထောက်ခံနေကြသည်။ Toyota Motor ၊ Puma Energy နှင့် Woodside Petroleum အပါအဝင် ပြည်ပကုမ္ပဏီများက မြန်မာနိုင်ငံမှ ဆုတ်ခွာ သို့မဟုတ် လုပ်ငန်းများကို ဆိုင်းငံ့ထားလိုက်သည်။ ဂျပန်အဖျော်မယကာလုပ်ငန်း Kirin Holdings ကဲ့သို့ စစ်တပ်နှင့် ဖက်စပ်လုပ်ငန်းထူထောင်ထားသော မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သော အခြားလုပ်ငန်းများက ဖက်စပ်လုပ်ငန်းများကို ဖျက်သိမ်းလိုက်သည်။

ရန်ကုန်ရှိ များပြားလှသော တရုတ်စက်ရုံများကို မတ်လ ၁၄ ရက်နေ့က မီးရှို့ခြင်းသည် မြန်မာနိုင်ငံအနာဂတ်ကို လောင်းကြေးထပ်လိုသော မည်သည့်ရင်းနှီးမြှုပ်နှံသူမဆို၏ နောက်ဆုံးကောက်ရိုးများအနက် တမျှင်ဖြစ်သည်ကို သံသယဖြစ်ဖွယ် မရှိပေ။ ပြည်ပကုမ္ပဏီများ အထူးသဖြင့် ၎င်းတို့အတွက် ကျန်သမျှကို ချွေတာလိုသော အသေးစားအလတ်စားလုပ်ငန်းများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားသည်ကို မိမိတို့မျှော်လင့်နိုင်ပေသည်။

နိုင်ငံ၏လက်ရှိ စီးပွားရေးမူဝါဒများကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကြောင်း စစ်ကောင်စီက အများပြည်သူနှင့် ကမ္ဘာသို့ အာမခံရန် ကြိုးစားပြီး အာဏာသိမ်းပြီးလျှင်ပြီးချင်း စီးပွားရေးခေါင်းဆောင်များကို ခေါ်ယူကာ အားလုံးအဆင်ပြေစေရမည်ဖြစ်ကြောင်း ကတိပြုသည်။ သို့သော် ထိုစီးပွားရေးမူဝါဒများကို ဆက်လက်အကောင်အထည်ဖေါ်မည်ဆိုသည့် စစ်ကောင်စီ၏ ပြောဆိုချက်များသည် ဖရိုဖရဲဖြစ်နေသည်။

စစ်အုပ်ချုပ်ရေးကို လူထု၏ ဆန့်ကျင်မှုအတိုင်းအတာသည် လွန်စွာကျယ်ပြန့်ပြီး မြင့်မားလာနေသော အကြမ်းဖက်မှုများသည် လျှင်မြန်လှသောကြောင့် ထိုစီးပွားရေးမူဝါဒများတွင် အခြေခံ မရှိတော့ပေ။ ပုဂ္ဂလိက ဘဏ်များမှ ငွေများကို အစိုးရဘဏ်များသို့ အတင်းအကျပ် လွှဲပြောင်းမည်ဟု ခြိမ်းခြောက်ခြင်း အပါအဝင် စစ်ကောင်စီ၏ လှုပ်ရှားမှုများသည် အခြေအနေ မည်မျှ အလျှင်အမြန် ဆိုးရွားနေကြောင်း ပြသနေသည်။

စစ်တပ်သည် အာဏာကို စုစည်းနိုင်ပါက အားလုံးဆုံးရှုံးကြမည်ဖြစ်သည်။ ထိုသို့သော လက္ခဏာများကို တွေ့မြင်နေရပြီးဖြစ်သည်။ ဘဏ္ဍာရေး ကဏ္ဍ သိသိသာသာ ကျုံ့သွားခြင်း၊ ဘဏ်လုပ်ငန်း အကျပ်အတည်း၊ ကုန်ထုတ်လုပ်မှု ကျဆင်းသွားခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ထိုးစိုက်ကျဆင်းသွားခြင်းတို့ဖြစ်သည်။ စစ်ကောင်စီက အာဏာကို ထိန်းသ်ိမ်းထားနိုင်ရန် အကြမ်းဖက်မှု၊ အဂတိလိုက်စားမှု၊ အခြားအတင်းအကျပ်ပြုလုပ်သောနည်းလမ်းများ အသုံးပြုခြင်းဆိုသည်မှာ ကြွင်းကျန်ရစ်သော မည်သည့်အခြေခံ စီးပွားရေးမဆိုကို စစ်တပ်အကျိုးစီးပွားအတွက်သက်သက်သာ လိုသလိုသုံးမည်ဖြစ်ကြောင်း ဆိုလိုနေသောအခါ ပိုမိုမတည်ငြိမ်မှုနှင့် အထီးကျန်မှုက ယှဉ်တွဲပါလာသည်။

မြန်မာပြည်သူများအား အကာအကွယ်ပေးရန် အရေးယူပိတ်ဆို့မှုများ ယေဘုယျအားဖြင့် ဆိုရပါက စီးပွားရေးဖိအားကို အကန့်အသတ်ဖြင့်သာ သုံးသင့်သည် သို့မဟုတ် ရှောင်ရှားသင့်သည် ဟု အချို့နိုင်ငံတကာလေ့လာသူများက အာဏာသိမ်းချိန်မှ စတင်ပြီး ငြင်းခုန်ဆွေးနွေးနေသည်။ သို့သော် မြန်မာပြည်သူများအတွက် အန္တရာယ်နှင့် စစ်တပ်အပေါ် ဖိအားအကြား အပေးအယူလုပ်ခြင်းသည် မှားယွင်းသည်ဆိုသည့် ဆွေးနွေးချက်လည်း ရှိနေသည်။

လက်ခံရန်ခက်ခဲသော အမှန်တရားမှာ သာမန်ပြည်သူများသည် စစ်တပ်အာဏာရနေသမျှ ကာလပတ်လုံး လူမှုစီးပွားရေးအခြေအနေများ ဆိုးရွား ထိခိုက်နေခြင်း ဖြစ်သည်။ ထိုပကတိအရှိတရားနှင့် မြန်မာနိုင်ငံမှ အလုံးစုံသောအခြေအနေများ မည်မျှမြန်ဆန်စွာ ပြိုကွဲပျက်စီးနိုင်သည် ဆိုသည့်အချက်ကြောင့် အထောက်အကူ အပြုနိုင်ဆုံး ရှေ့ဆက်လုပ်ရမည့်နည်းလမ်းမှာ ရည်မှန်းချက် ၂ ခု တတ်နိုင်သမျှအောင်မြင်ရေးအတွက် စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားကို တတ်နိုင်သမျှ အပြင်းထန်ဆုံး ဖိအားပေးရေးဖြစ်သည်။

ပထမအချက်မှာ စစ်တပ်၏ အဓိက စီးပွားရေးလုပ်ငန်းစုကြီးများဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အပြင် ၎င်းတို့၏ ဖက်စပ်စီးပွားဖက်များကို ပစ်မှတ်ထားခြင်းဖြင့် အာဏာစွန့်လွှတ်လျှင် စစ်တပ်အတွက် ပိုကောင်းမည်ဖြစ်ကြောင်း စစ်တပ်က သဘောပေါက်စေရန် နိုင်ငံတကာက ဖိအားပေးနိုင်သည်။ ဒုတိယအချက်မှာ အရေးယူပိတ်ဆို့မှုများ အထူးသဖြင့် သဘာဓာတ်ငွေ့တင်ပို့မှုအပေါ် အရေးယူပိတ်ဆို့မှုများသည် စစ်တပ်ကို နိုင်ငံတကာမှ အကူအညီပေးနေသူများ ဆက်လက် မထောက်ခံနိုင်တော့သော တန်ဖိုးအတိုင်းအတာအထိ မြှင့်တင်နိုင်သည်။

ထိုသို့လုပ်ရန် ခိုင်မာသောဆုံးဖြတ်ချက်များ လိုသည်။ ကုန်သွယ်ရေး အထူးအခွင့်အရေးကို ပယ်ဖျက်ခြင်း၊ နိုင်ငံခြားငွေ အထူးသဖြင့် ဒေါ်လာ ရနိုင်မှု လျှော့ချခြင်း၊ အနည်းငယ်သာ ကျန်ရှိသော ပို့ကုန် အထူးသဖြင့် စစ်တပ်က ထိန်းချုပ်သော သို့မဟုတ် စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများမှ လာသော ပို့ကုန်များကို သပိတ်မှောက်ခြင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ဝင်ငွေကို တတိယကြားခံက ထိန်းသိမ်းလိုက်ခြင်း၊ သွင်းကုန်များနှင့်ပတ်သက်သည့် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှု ချမှတ်ခြင်းတို့ ဖြစ်သည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စီးပွားရေးကို ကျားကန်ပေးနိုင်သည့် လုပ်ရပ်များကို ရျောင်ရှားရန်လိုပြီး ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်မှုအတွက် အကူအညီနှင့် ရိက္ခာဖူလှုံရေးအကူအညီ ကဲ့သို့သော လူသားချင်းစာနာမှု အကူအညီများအား လူမှုအခြေပြုအဖွဲ့အစည်းများ သို့မဟုတ် လွန်ခဲ့သော နိုဝင်ဘာက ရွေးကောက်ခံရပြီး ဖြုတ်ချခံရကာ ယခုအခါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲစည်းထားသည့် အစိုးရအဖွဲ့ဝင်များမှတဆင့် ပေးခြင်းတို့ကိုသာ လုပ်ဆောင်သင့်သည်။

စီးပွားရေးသည် လျှင်လျှင်မြန်မြန်နှင့် ပြည့်ပြည့်စုံစုံ ပျက်စီးပြိုကွဲလေလေ စစ်တပ်နှင့် ၎င်း၏အလားအလာရှိသော နိုင်ငံတကာမှ ကူညီသူများသည် စစ်အာဏာသိမ်းမှုကြောင့် ၎င်းတို့အတွက် ထိခိုက်မှုကို ပိုမိုမြန်ဆန်စွာ နားလည်လေလေပင် ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆန္ဒပြသူများက ကမ္ဘာကို တောင်းဆိုနေသော အချက်မှာ ထိုအချက်ပင်။

ဆန္ဒပြရင်း အသက်ကိုပင် စွန့်လွှတ်နေသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများက အသိအမှတ်ပြု ဖေါ်ပြနေသည့် ကြမ်းတမ်းခက်ထန်လှသည့် ပကတိအရှိတရားမှာ စစ်ကောင်စီမြန်မြန်ကျဆုံးလေလေ ကာလတိုအတွက် ခံစားရသော ထိခိုက်နာကျင်မှုများသည် ပေးဆပ်ရကျိုး နပ်လေလေပင်ဖြစ်သည်။ စစ်ရာဇဝတ်ကောင်များသည် စီးပွားရေးကို မထိန်းချုပ်နိုင်ပါက အာဏာသိမ်းမှုသည် မအောင်မြင်ပေ။ စစ်ကောင်စီ မြန်မြန်ပျက်လေလေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လက်တွေ့ကျသော အလားအလာများဖြင့် မြန်မာနိုင်ငံသို့ စောစီးစွာ ပြန်လာနိုင်လေလေပင်ဖြစ်သည်။

မြန်မာပြည်သူများသည် စစ်တပ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ် ၅ ခု ခံစားခဲ့ရသည်။ နောက်ဆုံး ဆယ်စုနှစ်သည် စစ်တပ်နှင့် ရွေးကောက်ခံ အရပ်သားအစိုးရအကြား အာဏာခွဲဝေရေး အကြီးအကျယ် စည်းကမ်းကန့်သတ်ထားသည့် အားထုတ်မှုသာဖြစ်သည်။ နောက်ဆုံးတွင် စစ်တပ်သည် နိုင်ငံ၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ရေးသားရာတွင် ၎င်းတို့က်ိုယ်တိုင်ထူထောင်ခဲ့သော ကစားပွဲစည်းကမ်းများကိုပင် လိုက်နာနိုင်ခြင်း မရှိတော့ပေ။

မြန်မာပြည်သူများသည် စစ်အာဏာရှင်အုပ်ချုပ်ရေးအောက်မှ အပြီးတိုင် လွတ်မြောက်ခွင့်နှင့် ထိုက်တန်သူများဖြစ်သည်။ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရမည်ဆိုလျှင်ပင် ထိုအားထုတ်မှုတွင် ကမ္ဘာက မြန်မာပြည်သူများကို ကူညီသင့်သည်။

(Mark Brown သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အရှေ့တောင်အာရှ နိုင်ငံရေးနှင့် စီးပွားရေးကို သုတေသနပြုလုပ်နေသည့် လွတ်လပ်သော မူဝါဒ ခွဲခြမ်းစိတ်ဖြာလေ့လာသူဖြစ်သည်။ ၎င်း၏ Nikkei Asia ပါ To save Myanmar, first crush its economy ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန် ဦးကျော်မိုးထွန်း တိုက်တွန်း

အိန္ဒိယ Adani အုပ်စုက ဆိပ်ကမ်းငှားခ စစ်တပ်သို့ ဒေါ်လာ သန်း၃၀ ပေး

မြန်မာစစ်တပ်နှင့် အဆက်ဖြတ်ရန် တောင်ကိုးရီးယား POSCO ဖိအားပေးခံနေရ

စစ်ကောင်စီက နိုင်ငံ့စီးပွားကို ဖျက်ဆီးလိုက်သည်

Did you find apk for android? You can find new Free Android Games and apps.
Loading