စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်မှ စတင်သည့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုများနှင့် အလွန်ပြင်းထန်သော အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံကို မီးကုန်ယမ်းကုန်တိုက်ကြမည့် ပြည်တွင်းစစ်နှင့် မြို့ပြစစ်ပွဲဆီသို့ ဦးတည်နေစေသည်။
မိမိတို့သည် နောက်ထပ်သွေးချောင်းစီးမှုများကို မျှော်လင့်နိုင်ပြီး နိုင်ငံသည် ကျရှုံးသော နိုင်ငံတနိုင်ငံဖြစ်လာမည့် အလားအလာသည်လည်း မြင့်မားလာသည်။ ထိုသို့သောအခြေအနေသည် မြန်မာ၏ အိမ်နီးချင်းများနှင့် ၎င်းတို့၏ ဒေသဆိုင်ရာ အဖွဲအစည်းဖြစ်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကို တိုက်ရိုက် ရိုက်ခတ်မည်ဖြစ်ပြီး တကမ္ဘာလုံးသို့လည်း သွယ်ဝိုက်ရိုက်ခတ်မှုများရှိမည်ဖြစ်သည်။ ထိုအကျိုးဆက်ကို မည်သည့်အရာကမျှ တားဆီးနိုင်ပုံ မရပေ။
အော်ဟစ်တောင်းဆိုမှုများနှင့် ကြွေးကြော်သံ ဆိုင်းဘုတ်များဖြင့် သင်္ကေတပြုသည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများသည် လွန်ခဲ့သော ၂ ပတ်အတွင်းတွင် ဗြောင်ကျသော ခုခံမှုအဆင့်အထိ ပြင်းထန်လာသည်။ ငယ်ရွယ်သော ဆန္ဒပြသူအများအပြားသည် ၎င်းတို့၏ နည်းပရိယာယ်ကို အခြေအနေနှင့်ကိုက်ညီအောင် ချိန်ညှိပြီး လက်လုပ်လက်နက်များ တပ်ဆင်ကာ သူတို့ကိုယ်သူတို့ စစ်သည်တော်များဟု ထင်လာကြသည်။ ၎င်းတို့သည် လေးခွများ၊ ပလပ်စတစ်ပိုက်များနှင့် ပြုလုပ်ထားသည့် လေသေနတ်များ၊ ဝါးဖြင့်ပြုလုပ်ထားသည် မြှားများကို ကိုင်ကြသည်။ ၎င်းတို့သည် ၎င်းတို့ကို ကျည်အစစ်များဖြင့် ပစ်ခတ်နေသည့် စစ်ကောင်စီ စစ်သားများနှင့် ရဲများကို ရှောင်တိမ်းပုန်းအောင်းရန် လက်လုပ်ဒိုင်းများ၊ မီးခိုးဗုံးများနှင့် မီးရှုးမီးပန်များကိုလည်း အသုံးပြုသည်။
မတ်လနှောင်းပိုင်းတွင် မြို့ပေါင်းများစွာမှ ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံး ၂ ဒါဇင်ကျော်သည် မီးလောင်ဗုံးများနှင့် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနည်းဆုံး ၈ ရုံး မီးရှို့ခံရပြီး နိုင်ငံတဝှမ်းပြည်နယ်နှင့်တိုင်းများတွင် ရဲစခန်း တဒါဇင်ခန့်သည် ဖေါက်ခွဲပစ္စည်းများ၊ လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင် ၂၁ ဦး သတ်ဖြတ်ခံရ သို့မဟုတ် ဒဏ်ရာရကြောင်း စစ်အစိုးရ ထိန်းချုပ်သော သတင်းစာကဖေါ်ပြသည်။
ထိုကဲ့သို့သော တုံ့ပြန်မှုများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံတဝှမ်းမှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီ၏ ပြင်းထန်စွာ ဖြိုခွဲဖိနှိပ်မှုအတွက် သဘာဝအလျှောက် တုံ့ပြန်မှုဖြစ်သည်။ မြို့ကြီးမြို့ငယ်များတွင် ဖြိုခွဲမှုများသည် ပြင်းထန်လွန်းသောကြောင့် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ခုခံမှုတွင် ပါဝင်လာသည်အထိ ဖြစ်စေပြီး ၎င်းတို့ပိုင်နက်အနီးရှိ ရဲစခန်းများ၊ စစ်စခန်းများကို တိုက်ခိုက်ကြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည် ငြိမ်းချမ်းသော နိုင်ငံကို လူသတ်ကွင်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။ အာဏာသိမ်ချိန်မှ စတင်ပြီး စစ်ကောင်စီစစ်သားများနှင့် ရဲများသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူ အနည်းဆုံး ၅၄၀ ကျော်ကို ကွပ်မျက်သည့်ပုံစံဖြင့် ဦးခေါင်းများ ရင်ပတ်များကိုပစ်သတ်ခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော ၂ လတာကာလအတွင်း စစ်ကောင်စီ၏ နေ့စဉ်လုပ်ငန်းဆောင်တာမှာ စစ်တပ်ကို ဆန့်ကျင်သည့် နိုင်ငံတဝန်းဆန္ဒပြပွဲများကို နှိမ်နင်းရန် နိုင်ငံသားများကို သတ်ဖြတ်ခြင်းသာ တသမတ်တည်းဖြစ်နေခဲ့သည်။ သေဆုံးမှုစာရင်းများအရဆိုပါက စစ်ကောင်စီတပ်များနှင့် ရဲများသည် လွန်ခဲ့သော နှစ်လအတွင်း တနေ့လျှင် လူ ၉ ဦးနှုန်း ပစ်သတ်နေခဲ့သည်။
ထိုသို့သတ်ဖြတ်ရာတွင်လည်း စစ်ကောင်စီတပ်များသည် သိမ်းကြုံးသတ်ဖြတ်ပြီး ကလေးများကိုပါ ပစ်သတ်သည်။ ယခုအချိန်အထိ ပစ်သတ်ခံရသော ကလေးငယ်အရေအတွက် ၄၃ ဦးရှိပြီဖြစ်သည်။ ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲဝင် အနည်းဆုံး ၃ ဦးကို ဖမ်းဆီးထားစဉ် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။ လွန်ခဲ့သော ၂ လအတွင်း ဆန္ဒပြသူ၊ ကျောင်းသားနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အနည်းဆုံး ၃၀၀၀ နီးပါးကိုလည်း ဖမ်းဆီးခဲ့သည်။ ပြည်သူများပိုင်ဆိုင်သည့် ပစ္စည်များကို စစ်ကောင်စီတပ်များနှင့် ရဲများက လုယက်ဖျက်ဆီးမှုသည်လည်း နေရာတိုင်းတွင်ဖြစ်နေသည်။ မြို့ကြီးမြို့ငယ်များတွင် စစ်သားများနှင့်ရဲများက လူနေအိမ်များကို ရမ်းသမ်းပစ်ခတ်နေသည်မှာလည်း ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်နေသည်။
ဒေါသထက် ကျော်လွန်၍
လူတိုင်း လူတိုင်း တုန်လှုပ် ဒေါသထွက်ကြရသည်မှာ အမှန်ပင်။ မြန်မာနိုင်ငံမှ သွေးချောင်းစီးမှုနှင့်ပတ်သက်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် မကြာသေးမီက ပြောသည်မှာ “ လုံးဝကို တုန်လှုပ်စရာကောင်းပြီး လက်မခံနိုင်ဖွယ်ဖြစ်သည်။ မိမိကြားရသော သတင်းများအရ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် များပြားသော ပြည်သူများကို လုံးဝမလိုအပ်ဘဲ သတ်ဖြတ်နေသည်ဟု သိရသည်” ဟု ဖြစ်သည်။
သို့သော် နေ့စဉ် ချစ်ရသူ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရဲဘော်ရဲဘက်များကို ဆုံးရှုံနေရသော မြန်မာပြည်သူများအတွက် အခြေအနေသည် ဒေါသထွက်ရသည့် အဆင့်ထက် ကျော်လွန်နေသည်။ ၂ လတာမျှ စနစ်တကျ သတ်ဖြတ်ခြင်းနှင့် ပြည်သူတရပ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းကို ခံစားခဲ့ရပြီးနောက် ငြိမ်းချမ်းသော ဆန္ဒပြပွဲများသည် လုံလောက်သည်ဟု ၎င်းတို့ မခံစားရတော့ပေ။ ၎င်းတို့၏ သဘာဝအတိုင်း တုံ့ပြန်မှုမှာ အင်အားကြီးမားသော စစ်တပ်ကို ပြန်လည်တ်ိုက်ထုတ်ရေးအတွက် ကြိုစားရန် ဖြစ်လာသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ရာပေါင်းများစွာက ရန်ကုန်ရှိ လှိုင်သာယာမြို့နယ်တွင် လက်နက်မျိုးစုံသုံးကာ ဆန္ဒပြပွဲများကို နှိမ်နင်းသောကြောင့် ဆန္ဒပြသူနှင့် ဒေသခံဒါဇင်ပေါင်းများစွာ သေဆုံးပြီးနောက် မတ်လလယ်တွင် နိုင်ငံတဝှမ်းမှ ဆန္ဒပြသူအများအပြားသည် လက်နက်စွဲက်ိုင်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့သည် လက်လုပ်မီးလောင်ဗုံးများပစ်ရန် လောက်လွှဲများ၊ ပလပ်စတစ်ပိုက်ဖြင့်ပြုလုပ်ထားသော လေသေနတ်များ၊ လေးများနှင့် မြှားများကိုပင် ပြုလုပ်ကြသည်။
ထိုအခြေအနေကို တုံ့ပြန်သောအားဖြင့် စစ်ကောင်စီတပ်များကလည်း လူအုပ်ကိုချေမှုန်းပြီး ပိုမိုများပြားသော ပြည်သူများကို သတ်ရန် ပိုမိုပြင်းထန်သည့် လူသတ်လက်နက်များဖြစ်သည့် M-79 ဗုံးသီးပစ် လောင်ချာများအပါအဝင် အခြားလက်နက်အများအပြားကို အသုံးပြုသည်။ မတ်လ ၂၇ ရက် တရက်တည်းတွင် တနိုင်ငံလုံးရှိ မြို့ကြီးမြို့ငယ်များမှ လူ ၁၅၀ ကျော် ပစ်သတ်ခံရသည်။
ဝေးကွာသော အချို့မြို့များတွင် လုံးဝစစ်ဖြစ်နေသည်။ စစ်ကိုင်းတိုင်း ကလေးမြို့မှတိုုက်ခိုက်မှုများ စတင်ဖြစ်ပွားသည်။ ထိုမြို့မှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတခုကို ချေမှုန်းရန် စီစဉ်ထားသော စစ်ကောင်စီတပ်များသည် ရိုးရာတူမီးသေနတ်များ ကိုင်ဆောင်ထားသည့် ရွာသားများနှင့် လမ်းတွင် ရင်ဆိုင်ရသည်။ သို့သော် ရွာသားများ၏ ရိုးရှင်းသောလက်နက်များသည် စစ်ကောင်စီ၏ စက်သေနတ်များ၊ လက်ပစ်ဗုံးများ၊ ဒုံးပစ်လောင်ချာများကို မယှဉ်နိုင်ကြောင်း မျက်မြင်သက်သေများပြောသည်။ သို့သော် ထိုတိုက်ပွဲသည် နာရီပေါင်းများစွာကြာသည်။
လက်နက်ကိုင် ညီအကိုများ
စစ်ကောင်စီက ထိုကဲ့သို့ အညှာအတာကင်းမဲ့သော သတ်ဖြတ်ဖိနှိပ်မှုများကြောင့် အရပ်သားများကို သတ်ဖြတ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိဟု ရိုးရှင်းစွာ ဆုံးဖြတ်ပြီး အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ထိုးစစ်များဆင်ကာ စစ်စခန်းများနှင့် ရဲစခန်းများကို တိုက်ခိုက်သည်။
ကချင်ပြည်နယ်မှ ရဲစခန်းအများအပြားသည် မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကချင်လွတ်လပ်ရေးတပ်မတော်၏ တိုက်ခိုက်မှုကို ခံရသည်။
ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဆယ်စုနှစ်များစွာ တိုက်ပွဲဝင်ခဲ့ကြသော်လည်း မကြာသေးမီနှစ်များက ယခင်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သော ခန့်မှန်းခြေ ၂၀ ခန့်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အာဏာသိမ်းပြီး ရက်သတ္တပတ်အတန်ကြာသည်အထိ နိုင်ငံတဝှမ်းတွင်ဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး တစုံတရာ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိပေ။ သို့သော်မကြာသေးမီကမူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နိုင်ငံအရှေ့ပိုင်းတွင်အခြေစိုက်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်က်ိုင်အဖွဲ့အစည်းအချို့က ၎င်းတို့သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း စတင်ကြေညာလာခဲ့သည်။
မတ်လ ၂၇ ရက်နေ့တွင် KNU ၏ တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) သည် ကရင်ပြည်နယ်တွင် စစ်ကောင်စီက သိမ်းပိုက်ထားသည့် တောင်ကုန်းတခုကို သိမ်းပိုက်လိုက်သည်။ အရာရှိတဦးအပါအဝင် စစ်သား ဆယ်ယောက်သေပြီး အခြားစစ်သား ၈ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိသည်။
လက်တုံ့ပြန်သောအားဖြင့် စစ်ကောင်စီသည် နာရီပိုင်းအတွင်း ဂျက်လေယာဉ် ၂ စင်းသုံးကာ ကရင်ပြည်နယ် ဖာပွန်ရှိ KNLA ကို လေကြောင်းမှ တိုက်ခိုက်သည်။ နောက်ဆက်တွဲလေကြောင်းတိုက်ခိုက်မှုများတွင် ကရင်တိုင်းရင်းသား တဒါဇင်ကျော်သေပြီး လူထောင်ပေါင်းများစွာ ၎င်းတို့၏ ကျေးရွာများကို စွန့်ခွာထွက်ပြေးရသည်။
စစ်ကောင်စီတပ်များက ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် လူငယ်ဆန္ဒပြသူ အနည်းဆုံး ၃ ဦးကို ပစ်သတ်ပြီးသောအခါ မြောက်ပိုင်းရှိ ကချင်ပြည်နယ်တွင် KIA က ကျောက်စိမ်းမှော် ဖားကန့်ရှိ စစ်စခန်းတခုနှင့် အင်ဂျန်းယန်မြို့နယ်ရှိ စစ်စခန်းတခုကို မတ်လ ၁၅ ရက်နေ့တွင် ထိုးစစ်ဆင်သည်။ နောက်တနေ့တွင် KIA က ထိုးစစ်များထပ်မံဆင်ပြီး KIA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
KNU သည် စစ်အုပ်စုနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ခုတွင် ပါဝင်သည်။ သို့သော် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် KNU သည် ထိုစာချုပ်ကို တရားဝင် ချိုးဖျက်ရသည်။ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် KIA ၊ KNU တို့နှင့် စစ်ကောင်စီအကြား နောက်ထပ်တိုက်ပွဲများ ဖြစ်နိုင်ခြေ အလွန်မြင့်မားနေသည်။ ထိုဒေသမှ မြို့ကြီးမြို့ငယ်များမှ ရဲစခန်းများနှင့် စစ်စခန်းများသည် လာမည့်ရက်များ၊ ရက်သတ္တပတ်များနှင့် လများအတွင်း အလားအလာရှိသော ပစ်မှတ်များဖြစ်နိုင်သည်။
ထိုမျှသာမကသေးပေ။
အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေလျှင် ၎င်းတို့သည် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလိုလားသော ထောက်ခံသူများ ပူးပေါင်းကာ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုမှ အကာအကွယ်ပေးရမည်ဖြစ်ကြောင်း မတ်လနှောင်းပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဟု ခေါ်သော လက်နက်ကိုင်သုံးဖွဲ့က ကြေညာသည်။ ထိုမဟာမိတ်အဖွဲ့မှ ရက္ခိုင့်တပ်တော် (AA), မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က နေ့စဉ် အရပ်သား သေဆုံးမှုမြင့်တက်နေချိန်တွင် စစ်ကောင်စီကို ရှုတ်ချသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ထိုလက်နက်ကိုင်အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်အနောက်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှ ၎င်းတို့၏ နယ်မြေများတွင် လှုပ်ရှားကြသည်။ KNU ကဲ့သို့မဟုတ်ဘဲ ၎င်းတို့သည် NCA ကို လက်မှတ်ရေးထိုးခြင်း မရှိပေ။
အကြမ်းဖက်ဖြိုခွဲမှု ရပ်ရန်၊ အရပ်သားခေါင်းဆောင်များနှင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် ၊ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြိုနိုင်သော ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်တို့ကို ထိုလက်နက်ကိုင်အဖွဲ့အစည်း ၅ ခုလုံးတို့က စစ်အာဏာသိမ်းခေါင်းဆောင်များကို တိုက်တွန်းသည်။
စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို ဆက်လက်သတ်ဖြတ်ပြီး ပြည်သူတရပ်လုံးကို ဆက်လက်အကြမ်းဖက်နေပါက မြို့ကြီးများမှ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုမှ ပေါ်ပေါက်လာသော တိုက်ပွဲတွင် လက်နက်ကိုင်အဖွဲ့အစည်း ၂၀ ကျော် ပါဝင်လာနိုင်သည်။ သို့သော် စစ်ကောင်စီသည် ပြည်သူများကိုသာမက နိုင်ငံတကာ အသိုက်အဝန်းကိုပါ ဂရုမစိုက်သောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် အထက်ပါအတိုင်း အစီအစဉ်ရှိပါက အမြန်ဆုံးအကောင်အထည်ဖေါ်သင့်သည်။ လွန်ခဲ့သော ၂ လလုံးတွင် ကမ္ဘာက အထက်တွင်ဖေါ်ပြထာသည့် တောင်းဆိုမှုကိုပင် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ သို့သော် စစ်ကောင်စီခေါင်းဆောင်များက ထိုတောင်းဆိုမှုများကို ဂရုမစိုက်ပေ။ ထိုအချက်က ၎င်းတို့သည် ပြည်သူများအား သတ်ဖြတ်မှုကို မရပ်ဘဲ ဆက်လက်အကြမ်းဖက်ဖိနှိပ်မည်ဖြစ်ကြောင်း ပြသနေသည်။
အကြွင်းမဲ့ စစ်ကောင်စီဆန့်ကျင်ရေးစိတ်ဓါတ်
“ဘယ်တော့မှ မမေ့နဲ၊ ဘယ်တော့မှ ခွင့်မလွှတ်နဲ့” ဟူသောစကားသည် ဆန္ဒပြသူများအကြားတွင်သာမက ပြည်သူတရပ်လုံးအကြားတွင်ပါ ၎င်းတို့အပေါ်စစ်ကောင်စီက ထိခိုက်နစ်နာအောင်လုပ်ခဲ့သည်များကို မမေ့စေရန် ၎င်းတို့ကိုယ် ၎င်းတို့ သတိပေးနေသည့် အကြိမ်ကြိမ်အဖန်ဖန်ပြောနေသော စကားဖြစ်လာသည်။ ထိုစကားသည် စစ်ကောင်စီနှင့် အခြားအဆင့်မြင့်အရာရှိများက ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုများကိုသာမက ပြည်သူလူထုကို စတေးပြီး မကြံစဖူး ချမ်းသာကာ အခွင့်ထူးများ ခံစားနေကြသော ၎င်းတို့၏ မိသားစုများကိုလည်း ရည်ရွယ်သည်။
စစ်အာဏာသိမ်းပြီးချိန်မှစတင်ပြီး လူငယ်ကျောင်းသားများအပါအဝင် လူအများအပြားက “ငါတို့ဟာ အခုသေရမှာထက် စစ်အာဏာရှင်စနစ်အောက်မှာ ရှင်ရတာကို ပိုကြောက်တယ်” ဟု ပြောကြသည်။ ထိုစိတ်ခံစားမှုကို မြန်မာပြည်သူ ၅၄ သန်း၏ အများစုက ခံစားနေကြရသည်။ ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီနှင့် ၎င်းတို့၏ လူသတ်တပ်ဖွဲ့များကို မြန်မာပြည်သူများ၏ ရဲရင့်သော ခုခံမှုတွင် ထို စိတ်ခံစားမှုကို ကမ္ဘာကတွေ့မြင်ခဲ့ပြီးဖြစ်သည်။ ဆန္ဒပြသူများသည် နေ့စဉ်လမ်းမများပေါ်သို့ ထွက်သောအခါ ပစ်သတ်ခံရနိုင်သည်ကို သိကြသော်လည်း နောက်မတွန့်ကြပေ။ စစ်အာဏာရှင်စနစ်အောက်တွင်နေရခြင်းထက် သေရခြင်းက ပိုမိုမြင့်မြတ်နေသည်။
ထို့ကြောင့် ၎င်းတို့၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲသည် စစ်ကောင်စီက သတ်ဖြတ်နေသည့်ကြားမှ ဆက်လက်ရှိနေမည်ဖြစ်သည်။ ခုခံဆန့်ကျင်မှု ပုံစံသစ်ကို တွေ့ကြရမည်ဖြစ်သည်။
မတ်လလယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ခံ ကိုယ်စားလှယ် အများစုပါဝင်သော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု အတွက် အများဝိုင်းဝန်းလှူဒါန်းရန် ပြည်သူများကို တိုက်တွန်းသည်။ ရက်ပိုင်းအတွင်း CRPH သည် အမေရိကန်ဒေါ်လာ ၉.၂ သန်း အလှူငွေရသည်။ နိုင်ငံတွင်း နိုင်ငံပမှ ပြည်သူအများအပြားက ၎င်းတို့လှူဒါန်းသော ငွေသည် စစ်ကောင်စီကိုတိုက်ရန် ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရာတွင် အထောက်အကူပြုမည်ဟု ယုံကြည်သောကြောင့် ထိုငွေများကို လှူကြသည်။
ဘဝအလွှာစုံမှ မြန်မာပြည်သူအများစုက နွေဦးတော်လှန်ရေး (မြန်မာနိုင်ငံနွေရာသီအစောပိုင်းတွင် ဖြစ်ပွားသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအမည်) သည် အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ်အောက်မှ ၎င်းတို့၏ နိုင်ငံကို ကယ်တယ်ရန် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း ဆုံးဖြတ်ထားကြသည်။ ၎င်းတို့သည် လေးခွများကိုသာ ကိုင်ဆောင်ထားစေကာမူ လွန်စွာလေးနက်ကြောင်း လွန်ခဲ့သော ၂ လအတွင်း ၎င်းတို့၏ ဆန္ဒပြပွဲများကို နေ့စဉ် အနီးကပ် လေ့လာစောင့်ကြည့်နေသော မည်သူမဆိုသည် သိနိုင်ပေသည်။
အာဏာသ်ိမ်းခေါင်းဆောင်များက သူ့ပြည်သူကို သူတို့ပြန်လည် ပစ်သတ်ရာတွင် မည်သည့်အတားအဆီးမျှ မရှိသကဲ့သို့ စစ်ကောင်စီ၏ အင်အားကြီးမားလှသော စစ်တပ်ကို တိုက်ခိုက်ရာတွင် ၎င်းတို့အတွက်လည်း မည်သည့်အရာမျှ အတားအဆီးမျှ မရှိတော့ပေ။
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု ဦးဆောင်သည့် နိုင်ငံတကာ အသိုက်အဝန်း၊ အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် တရုတ်ကဲ့သို့သော အိမ်နီးချင်းများ သို့မဟုတ် ဂျပန်နှင့် ကိုရီးယားကဲ့သို့သော အခြားအာရှနိုင်ငံများအပါအဝင် မည်သူမျှ မတားဆီးနိုင်တော့သည့် ပုံစံမျိုးဖြစ်နေသည်။
ယခုတကြိမ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင်အပေးအယူလုပ်ရန် နေရာ လုံး၀ မရှိတော့ပေ။ ထို့ကြောင့် ပြည်တွင်းစစ် သို့မဟုတ် မြို့ပြပဋိပက္ခကို ရှောင်လွှဲမရတော့ပေ။ အများအားဖြင့် တိုက်ခိုက်မှုများသည် ဝေးကွာသော ဒေသများ သို့မဟုတ် နယ်စပ်ဒေသများတွင် ဖြစ်နေသော်လည်း မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် နှစ်ပေါင်း ၇၀ ကျော်ကြာသော ပြည်တွင်းစစ်ကို ခံစားနေရပြီးဖြစ်သည်။ သို့သော် ယခုတကြိမ်ဖြစ်သော စစ်သည် ကွဲပြားခြားနားသော စစ်ဖြစ်သည်။ ပြည်တွင်းစစ်သည် နယ်စပ်မှ ပြည်တွင်းသို့ကူးစက်လာရုံသာမက မိမိတို့၏ မြို့ကြီးများတွင် မြိုပြစစ်ပွဲများလည်း ဖြစ်လာတော့မည်။
စစ်သည် ချီတက်လာပြီဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဧပြီလ ၂ ရက်နေ့က ဖော်ပြခဲ့သော The Junta Is Dragging Myanmar Into Full-Blown Civil War ကို ဘာသာပြန်ဆိုသည်။ ယခု ဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီ တပ်တွေကို တမူးဒေသခံတွေ ဘယ်လိုခုခံခဲ့သလဲ
အာဏာသိမ်း စစ်ကောင်စီနှင့် အပစ်ရပ် လက်နက်ကိုင်များ ဘယ်လိုဆက်သွားမလဲ
စစ်တပ် အကြမ်းဖက်မှုများက လူငယ်တွေ လက်နက်ကိုင်ရေး တွန်းပို့နေ
စစ်ကောင်စီက သတ်လို့ သေကြရတဲ့ ကလေးနဲ့ ဆယ်ကျော်သက်တွေ