ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လျှော့မတွက်နဲ့

Tom Fawthrop
ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့လည်၌ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှ ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုသည် ဒေါသပေါက်ကွဲမှုများ၊ လူထု၏ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုနှင့် တနိုင်ငံလုံး တိုင်းရင်းသားပေါင်းစုံပါဝင်သော မဟာမိတ်အင်အားစုတခုပေါ်ပေါက်စေလိမ့်မည်ဟု မည်သူမျှ အနည်ဆုံး စစ်ကောင်စီက ထင်မထားခဲ့ပေ။

အာဏာသိမ်းပြီး ၂ လကြာသည်အထိ စစ်ကောင်စီတပ်များသည် အာခံမှုကို ချေမှုန်းနိုင်မည်မဟုတ်ကြောင်း ပြောလျှင် ဒေသတွင်းရှိ များပြားလှစွာသော သုတေသနလုပ်ငန်းများမှ မြန်မာ့ရေးရာကျွမ်းကျင်သူအများစုက လှောင်ပြောင်ကြမည်ဖြစ်သည်။

ဆန္ဒပြပွဲများ၏ အင်အားကောင်းလှသောနေ့ရက်များကို အကောင်းဆုံး သရုပ်ဖေါ်နိုင်သူမှာ ဝါရင့်သုတေသီနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာခင်ဇော်ဝင်းဖြစ်သည်။ openDemocracy အတွက် ရေးသားပေးရာတွင် ဒေါက်တာခင်ဇော်ဝင်းက “ ဒီဆန္ဒပြပွဲတွေဟာ အရွယ်အစားအရနဲ့ ကွဲပြားစုံလင်မှုအရ ထူးခြားတယ်။ လူမျိုးစု ပေါင်းစုံ၊ ဘာသာယုံကြည်မှုပေါင်းစုံ၊ အသက်မွေးဝမ်းကြောင်းပေါင်းစုံက ပြည်သူတွေဟာ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးဆိုတဲ့ တခုတည်းသော ရည်မှန်းချက်နဲ့ အတူတကွ စုစည်းမိသွားတာကို မြင်ရတာ တကယ်ကိုပဲ အံ့သြဖို့ကောင်းတယ်” ဟု ရေးသားခဲ့သည်။

အကြီးအကျယ် ဖိနှိပ်ခံထားရသော ရိုဟင်ဂျာများသည်ပင် ယခုလှုပ်ရှားမှုတွင် ပါဝင်နေသည်ကို တွေ့ရကြောင်း ရန်ကုန်ရှိ တမ္ပဒီပ အင်စတီကျုမှ ဒါရိုက်တာ ဒေါက်တာ ခင်ဇော်ဝင်းပြောသည်။ “ ကာလကြာမြင့်စွာ ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာနဲ့ မွတ်ဆလင် တွေလိုလူတွေရဲ့ အသံကို အခု ထင်ထင်ရှားရှား မြင်တွေ့ကြားသိနေရပြီး အမျိုးသမီးတွေကလည်း ခွန်နဲ့အားတဲ့ ပါဝင်နေကြတယ်” ဟု သူပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးတွင် အလုံးအရင်းဖြင့် ပေါ်ပေါက်လာသော လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကြောင့် အင်အားချိနဲ့သွားရသည်မှာ မေးခွန်းထုတ်စရာမလိုအောင် ရှင်းလင်းလှသည်။ တနိုင်ငံလုံးကျယ်ပြန့်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် အစိုးရအုပ်ချုပ်ရေး ယန္တရားမှ ဘဏ်လုပ်ငန်းနှင့် စီးပွားရေး တခုလုံးအထိ ကဏ္ဍအားလုံးနီးပါးကို အကျပ်အတည်းဖြစ်သွားစေသည်။

စစ်အုပ်စုက အင်အားသုံး တုံ့ပြန်သည်။ ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှု ရန်ကုန်နှင့် မန္တလေးမြို့များ၏ အစိတ်အပိုင်းများကို လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း စစ်မြေပြင်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ဆန္ဒပြသူများနှင့် ဘေးမှ အားပေးသူများသေဆုံးမှုနှုန်းသည် ၆၀၀ ဦးကျော် ရှိနေပြီး လူ ၂၆၀၀ ရာကျော်ဖမ်းဆီးခံရသည်။

ဖိနှိပ်မှုများရှိနေသော်လည်း “အာဏာသိမ်းမှုကို စစ်ကောင်စီက ပုံမှန်အခြေအနေရောက်အောင် လုပ်ဖို့မဖြစ်နိုင်တော့ဘူး။ ကျောင်းတွေကို ပိတ်ထားပြီးပြီ။ ဒီနေ့မြန်မာနိုင်ငံက ကျောင်းတွေထဲမှာ ပုံမှန်အတိုင်းလည်ပတ်နေတဲ့ကျောင်းတွေက ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ကချင်၊ မွန်နဲ့ ရှမ်းပြည်နယ်အစိတ်အပိုင်းတွေက တိုင်းရင်းသားလက်နက်က်ိုင်အဖွဲ့အစည်းတွေရဲ့ လွတ်မြောက်နယ်မြေထဲကကျောင်းတွေ ဖြစ်နေတာ အရမ်းကို အံ့သြစရာကောင်းတယ်” ဟု ထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ အက်ရှ်လေ ဆောက်သ်ပြောသည်။

အာဏာသိမ်းသည့်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ထိပ်တန်းခေါင်းဆောင်အများစု အဖမ်းခံကြရသော်လည်း နေပြည်တော်မှ လွှတ်တော်ကိုယ်စားလှယ် အများအပြားလွတ်မြောက်နေပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထူထောင်ခဲ့သည်။ ထိုကော်မတီက ၎င်းတို့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို ပြန်လည်ရွေးကောက်ခံရသည့် NLD အစိုးရ၏ ကိုယ်စားလှယ်များအဖြစ် တရားဝင် အစိုးရဖြစ်ကြောင်းပြောသည်။

ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုများအကြားမှ ထောင်နှင့်ချီသောသူများသည် မြို့ကြီးများမှ ထွက်ခွာပြီး တိုင်းရင်းသား ပြည်နယ်များသို့ ဦးတည်ကြသည်။ CRPH သည် လျှို့ဝှက်စင်ပြိုင်အစိုးရ တည်ထောင်ရေးအတွက် စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုများကြောင့် ထွက်ပြေးသူ မြို့ပြတက်ကြွလှုပ်ရှားသူများနှင့် လက်တွဲလိုက်သည်။ ယခုအခါ ထိုအစိုးရကို တိုင်းရင်းသား လှုပ်ရှားမှု၏ အကာအကွယ်ဖြင့် ထူထောင်ထားသည်။

သို့သော် ကရင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၅) နယ်မြေ အနီးရှိ ကရင်ကျေးရွာများကို စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာသား ၅၀၀၀ ကျော်သည် ထိုင်းနယ်စပ်သို့ ထွက်ပြေးပြီး ခိုလှုံရာနှင့် အကူအညီ တောင်းခံရသည်။ ထိုဖြစ်ရပ်ကြောင့် စစ်ကောင်စီတပ်များ၏ ထိုးစစ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) ပေးနိုင်သည့် အကာအကွယ်နှင့်ပတ်သက်ပြီး လေးနက်သော သံသယများကို ဖြစ်စေသည်။

KNU ကလည်း ၎င်းတို့သည် ကရင်ပြည်သူများကို အစားအစာ၊ နေရာထိုင်ခင်းနှင့် လုံခြုံရေး အကူအညီများပေးနေရသည့်အပြင် ယခုအခါ မြို့ကြီးများမှ ထွက်ပြေးလာသူ တထောင်ကျော်ကို လက်ခံထားရသောကြောင့် ခြေကုန်လက်ပမ်းကျနေပြီး လက်နက်ကိုင်တိုက်ပွဲဆင်နွှဲလိုသော မြို့ပြတက်ကြွလှုပ်ရှားသူများအနေဖြင့် ၎င်းတို့ဒေသသို့ မလာရောက်ကြရန် အကြံပေးထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ကောင်စီသည်လည်း ပြည်တွင်းတွင် လုပ်ငန်းလည်ပတ်နိုင်သော အစိုးရ ထူထောင်နိုင်ရေးအတွက် ရုန်းကန်နေရပြီး နိုင်ငံတကာမျက်နှာစာတွင် နေပြည်တော်စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုသည့် အစိုးရများမှာ ယနေ့တိုင် အနည်းငယ်သာရှိသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် ခိုင်ခိုင်မာမာ ကတိပေးထားသည်။ သူ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာကလည်း စစ်ကောင်စီကို မည်သည့်အစိုးရကမျှ အသိအမှတ်မပြုသင့်ကြောင်း သတိပေးထားပြီးဖြစ်သည်။

သို့သော် ထိုသတိပေးချက်သည် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် မြန်မာလက်နက်ကိုင်တပ်နေ့သို့ နိုင်ငံ ၈ နိုင်ငံမှ ကိုယ်စားလှယ်များ မတက်ရောက်စေရန် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ထိုနေ့တွင်ပင် ဘေးမှရပ်ကြည့်သူများ၊ ကလေးများအပါအဝင် လူတရာကျော်ကို စစ်ကောင်စီရဲနှင့် စစ်တပ်က ပစ်သတ်ခဲ့သည်။

စစ်ကောင်စီသို့ လက်နက်အဓိကရောင်းချနေသည့် ရုရှားနှင့်တရုတ် တို့နှင့်အတူ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ထိုအခမ်းအနားသို့ တက်ရောက်ကြသည်။ မြန်မာပါဝင်သည် အရှေတောင်အာရှနိုင်ငံများအသင်းမှ တက်ရောက်သည့် နိုင်ငံများမှာ လာအို၊ ထိုင်းနှင့် ဗီယက်နမ်တို့ဖြစ်သည်။ လက်နက်မဲ့ ဆန္ဒပြသူများကို ပစ်သတ်ခြင်းကြောင့် တုန်လှုပ်ကြောင်းဖေါ်ပြခဲ့သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူတို့သည် ထိုပွဲကိုတက်ရောက်ခြင်း မရှိပေ။

စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်မီ ရှေ့လာမည့်လများတွင် မည်သည့်အစိုးရက မြန်မာပြည်သူများကို ကိုယ်စားပြုသည်နှင့် ပတ်သက်သည့် အဓိကနိုင်ငံတကာအငြင်းပွားမှုဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ လက်ရှိသံတမန် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်ပြောကြားသည့် သူ၏မိန့်ခွန်းတွင် စစ်ကောင်စီအစိုးရကို ရှုတ်ချပြီး စစ်အာဏာသိမ်းမှုကို ပယ်ဖျက်ရန် လိုအပ်သော မည်သည့်နည်းလမ်းမဆိုအသုံးပြုရန် တိုက်တွန်းသည်။

စစ်ကောင်စီ၏ ရာထူးမှ ထုတ်ပယ်ခြင်းကို ခံရသော်လည်း CRPH အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုသောကြောင့် ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂတွင် ဆက်လက်လုပ်ကိုင်နေသည်။ ပြည်ပရှိ မြန်မာသံတမန်အချို့ကလည်း ၎င်းတို့ကို ခန့်အပ်ခဲ့သည့် ဖြုတ်ချခံ ဒီမိုကရက်တစ် အစိုးရကို သစ္စာခံကြသည်။

CRPH ကို တရားဝင်အစိုးရဖြစ် အသိအမှတ်ပြုသကဲ့သိုသော ယခင်ဖြစ်ရပ်များစွာလည်း ရှိနေသည်။ ခမာနီအစိုးရကို ဖြုတ်ချပြီး ၁၉၇၉ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ရာထူးအတွက် အဝေးရောက် ကမ္ဘောဒီးယား ညွန့်ပေါင်းအစိုးရကိုသာ ဆက်လက် အသိအမှတ်ပြုခဲ့ခြင်းကို ကုလသမဂ္ဂအထွေထွေညီလာခံ သံအမတ် ခန့်အပ်လွှာ အတည်ပြုရေးကော်မတီက မှတ်မိနေမည်ဖြစ်သည်။ ထိုသို့သော အတိတ်က သာဓကကြောင့် ကုလသမဂ္ဂသည် နိုင်ငံကို ပြည်တွင်းစစ်မီးအတွင်း တွန်းပို့သည့် စစ်ကောင်စီကို ကုလသမဂ္ဂကိုယ်စားလှယ်နေရာမပေးဘဲ နေနိုင်သည်။

သို့သော် အဆုံးအဖြတ်ပေးမည့် ဆွေးနွေးချက်မှာ မြန်မာနိုင်ငံအကြီးအကဲသစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံအနောက်ပိုင်းမှ ရိုဟင်ဂျာမွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်မှုအား အမိန့်ပေးခဲ့သော ဗိုလ်ချုပ်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်က တွေရှိထားသည် ဆိုသည့်အချက်ဖြစ်သည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် “စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင်မြန်မာ ထိပ်တန်းဗ်ိုလ်ချုပ်များကို ရခိုင်မြောက်ပိုင်းမှ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များမှ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက်လည်း စုံစမ်းစစ်ဆေးအရေးယူရမည်” ဟု ဖေါ်ပြထားသည်။

စစ်ကောင်စီသည် ၎င်းအပေါ် အသိအမှတ်ပြုရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောဆိုနိုင်ခြင်းမရှိလျှင် ထိုအချက်သည် CRPH စင်ပြိုင်အစိုးရအတွက် ကြီးမားသော အောင်ပွဲတခုဖြစ်မည်။ ထိုလုပ်ရပ်ကို တရုတ်နှင့် ရုရှားတို့က ကန့်ကွက်လျှင်ပင် ထိုကိုယ်စားလှယ်နေရာကို ဒီမိုကရေစီပြန်လည်ထိန်းသိမ်းပြီးသောအချိန်အထိ မည်သူ့ကိုမျှ မခန့်ဘဲထားရန် ဆုံးဖြတ်နိုင်သည်။

လွန်စွာ လက်တွေ့မကျသည့် မျှော်မှန်းချက်များဖြစ်သော ကုလသမဂ္ဂက အလျှင်အမြန် ကြားဝင်ဆောင်ရွက်ခြင်း သို့မဟုတ် သွေးချောင်းစီးမှု ရပ်ဆိုင်းအောင် ASEAN က ဖိအားပေးခြင်းတို့သည် အလားအလာ မှေးမှိန်နေသည်။ ရန်ကုန်၏ လမ်းမများပေါ်ရှိ ဆန္ဒပြပွဲပိုစတာ အများအပြားတွင် တွေ့ရသည့် ကာကွယ်ဆောင်ရှောက်ရန် တာဝန် R2P ဆိုသည့် ကြွေးကြော်သံသည် ကုလသမဂ္ဂလူသားချင်းစာနာမှု ကြားဝင်စွက်ဖက်ခြင်းကို အပြင်းအထန်မေတ္တာ ရပ်ခံခြင်းဖြစ်သော်လည်း ထိုစည်းမျဉ်းကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပွားခြင်းမှ တားဆီးရန် အသုံးပြုခဲ့ဖူးခြင်း မရှိပေ။

သို့သော် အက်ရှ်လေဆောက်သ်က ထိုကာကွယ်စောင့်ရှောက်ရန် တာဝန်ကို မြန်မာနိုင်ငံတွင် အရပ်သားများကို လက်ရှိအကာအကွယ်ပေးနေသည့် အဖွဲ့အစည်းများ EAOs များက ယူသင့်သည်ဟု ဆိုသည်။ “ ကုလသမဂ္ဂသည် မြန်မာပြည်သူများကို အကာအကွယ်မပေးနိုင်သည့် ပုံစံဖြစ်နေသောကြောင့် စစ်ကောင်စီတပ်များက ပစ်မှတ်ထားနေသည့် တ်ိုင်းရင်းသား အရပ်သားများ နှင့် မြို့ကြီးမြို့ငယ်များတွင် စစ်ကောင်စီ၏ လူသတ်အကြမ်းဖက်မှုမှ ထွက်ပြေးလာသူများကိုပါ အကူအညီနှင့် အကာအကွယ်ပေးရန် ကြိုးစားနေသည့် EAOs များကို ထောက်ပံ့ကူညီ အသိအမှတ်ပြုသင့်သည်” ဟု သူက ရေးသားသည်။

သတ်ဖြတ်မှုများသည် လျှော့ကျခြင်းမရှိဘဲ ကုလသမဂ္ဂ၏ အရေးယူမှုများကို ရုရှားနှင့်တရုတ်တို့က ပိတ်ဆို့နေပါက မြန်မာနိုင်ငံသည် ကျယ်ပြန့်သည့် ပြည်တွင်းစစ်သို့ ချဉ်းကပ်လာစဉ် ထိုအစီအစဉ်သည်ကျိုးကြောင်းဆီလျှော်သည်။ စစ်ကောင်စီလေယာဉ်များက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ကင်းလှည့်နေသည့် ဇုန်များအတွင်းရှိ ကရင်ကျေးရွာများသို့ ဗုံးကြဲပြီးနောက် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် လူသားချင်းစာနာမှုအကျပ်အတည်းသည် နီးကပ်လာပြီဖြစ်သည်။ ထိုင်းနိုင်ငံသည် ဒုက္ခသည် ၃၀၀၀ ကို ယာယီသဘော လက်ခံထားပြီး အခြား ၂၀၀၀ ကိုပြန်လည်ပို့ဆောင်ခဲ့သည်။

မြန်မာပြည်သူ့အာဏာလှုပ်ရှားမှု၏ ရဲရင့်မှုနှင့် ပြင်းထန်မှုရှိသော်လည်း ၎င်းတို့သည် နိုင်ငံကို လွန်ခဲ့သော နှစ်ပေါင်း ၇၀ လုံးအုပ်ချုပ်ခဲ့သည့် အညှာတာကင်းမဲ့သော စစ်အုပ်စုနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရသောကြောင့် ၎င်းတို့၏ တိုက်ပွဲသည် ချေမှုန်းခံရမည်ဖြစ်ကြောင်း အနောက်တိုင်း သုတေသီများနှင့် ဘေးအန္တရာယ် အတိုင်ပင်ခံ လုပ်ငန်းများက ကောက်ချက်ချထားသည်။

အရှေ့တီမော လွတ်လပ်ရေးတောင်းဆိုမှုနှင့်ပတ်သက်ပြီး အင်ဒိုနီးရှား သိမ်းပ်ိုက်မှုကို အဆုံးသတ်ခြင်းသည် မဖြစ်နိုင်သည့် စိတ်ကူးယဉ်မှုသဖွယ် သံတမန်နှင့် သုတေသီများက အလားတူ သုံးသပ် ဖေါ်ပြခဲ့သည်ကို စာရေးသူ ပြန်လည်သတိရမိသည်။ သို့သော် ၂၀၀၀ ပြည့်နှစ်ရောက်သောအခါ လွတ်လပ်ရေးသည် အမှန်တကယ်ဖြစ်လာခဲ့ပြီး အရှေ့တီမော (ယခု တီမောလက်စ်) သည် ၂၁ ရာစုတွင် ပေါ်ပေါက်သည့် ပထမဆုံး နိုင်ငံသစ် ဖြစ်လာခဲ့သည်။

သက်ဆိုးရှည်သော အင်ဒိုနီးရှားနှင့် ဖိလစ်ပ်ိုင်မှ အာဏာရှင်စနစ်များကို ပြည်သူ့အာဏာ လှုပ်ရှားမှုနှင့် အခြားအချက်အလက်များ ပေါင်းစပ်ဖြုတ်ချခဲ့သည်။

ဖိလစ်ပိုင်ကိစ္စတွင် ဗိုလ်ချုပ်ကြီး ဖီဒယ်ရားမို့စ် ဘက်ပြောင်းလာခြင်းနှင့် ကာကွယ်ရေး ဝန်ကြီးက အာဏာရှင် သမ္မတ ဖါဒီနန် မားကို့စ် ကျဆုံးမှု မြန်အောင်ပြုလုပ်ခြင်းတို့ ဖြစ်ခဲ့သည်။ ထိုအခါ အမေရိကန်ပြည်ထောင်စုသည် ပွဲသိမ်းကစားကွက်ကို ဖန်တီးပေးရသည်။ မားကို့စ်နှင့် သူ၏မိသားစုကို အမေရိကန် ရဟတ်ယာဉ်ဖြင့် မနီလာမှ ခေါ်ထုတ်ပြီး ဟာဝိုင်အီသို့ ဘေးကင်းသော ထွက်ပေါက်ပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှ်ိုင်နှင့် သူ၏ စစ်ကောင်စီကိစ္စတွင်မူ ထိုသို့သော ပွဲသိမ်းကစားကွက်မျိုး အတိအကျဖြစ်မလာနိုင်ပေ။ သို့သော် ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော်တို့ လူမှုအာဏာဖီဆန်ရေးသို့ ဘက်ပြောင်းလာခြင်းသည် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများနှင့်အတူ ယုံကြည်မှုစိတ်ဓါတ်ပျက်ပြားခြင်းလည်း ဖြစ်နိုင်ကြောင်း အထောက်အထားပင်ဖြစ်သည်။

၂ လမျှကာလအတွင်း ဆန္ဒပြလှုပ်ရှားမှုသည် အကြီးအကျယ်အောင်မြင်သော သပိတ်များနှင့် အထွေထွေသပိတ်တခုကို ဆင်နွှဲနိုင်ခဲ့သော်လည်း အာရှတွင် အမြစ်အတွယ်ဆုံးနှင့်ကြောက်စရာအကောင်းဆုံး စစ်အာဏာရှင်စနစ်ကို မဖြုတ်ချနိုင်သေးသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ သို့သော် ဆန္ဒပြသူများ အောင်မြင်ခဲ့သည့် အရာမှာ စစ်ကောင်စီကို အထီးကျန်စေခြင်းဖြစ်ပြီး စစ်ကောင်စီသည် ယခုအခါ အာဏာသိမ်းလွန်ကာလ နွံအိုင်တွင် စမ်းတဝါးဝါးသွားနေရပြီး အကျပ်အတည်းမှ ထွက်ပေါက်ကို ပစ်ခတ်ရှာဖွေရန် မျှော်လင့်နေသည်။

၂၀၁၁ ခုနှစ်မှ ယခုအာဏာသိမ်းချိန်အထိ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပွင့်လင်းသောကာလနှင့် စီးပွားရေးတိုးတက်မှုကို နှစ်ခြိုက်ပြီး ယခုအခါ လျှို့ဝှက်သော ဒေါသနှင့် ပွက်ပွက်ဆူနေသော စစ်ဗိုလ်များ မရှိဟု မည်သူမျှ တပ်အပ်ပြောဆိုနိုင်ခြင်း မရှိပေ။ ၎င်းတို့သည် နွေဦးတော်လှန်ရေးတွင် ဘက်ပြောင်းလာသူများအဖြစ်ဖြင့်ဖြစ်စေ ပုန်ကန်မှုခေါင်းဆောင်များအနေဖြင့် ဖြစ်စေ ဝင်ရောက်ပူးပေါင်းရန်အချိန်ကောင်းကို တွက်ချက်နေကြသလော။

မြန်မာနိုင်ငံအတွက် ပွဲသိမ်းကစားကွက်သည် မည်သို့ရှိမည်နည်း။ ထိုအဖြေကို ပြောရန် အလွန်စောနေသေးသော်လည်း မြန်မာနိုင်ငံတွင်ဖြစ်စေ၊ ဖိလစ်ပိုင်တွင်ဖြစ်စေ၊ တီမောလက်စ်တွင်ဖြစ်စေ ပြည်သူများ၏ ဆုံးဖြတ်ချက်ကို လျစ်လျူမရှုရန် သမိုင်းက မိမိတို့ကို သင်ကြားပေးခဲ့သည်။ စစ်ကောင်စီခေါင်းဆောင်သည် အထီးကျန် အခြေအနေကို သိသွားသောအခါ ထွက်ပေါက် သေနင်္ဂဗျူဟာတခုကို အလုအယက်ရှာဖွေရန် ဖြစ်နိုင်ခြေလည်း ရှိနေသေးသည်။

(The Diplomat ပါ Can Myanmar’s Protesters Win? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ Tom Fawthrop သည် အရှေ့တောင်အာရှရေးရာများကို နှစ်ပေါင်းများစွာ ရေးသားနေသူ သတင်းစာဆရာတဦးဖြစ်သည်။)

You may also like these stories:

CDM သည် ဆယ်စုနှစ်များစွာ လှုပ်ရှားမှုအပေါ် အခြေခံတည်ဆောက်ထားသည်

စစ်ကောင်စီကို ဘယ်အဖွဲ့တွေ တိုက်ပြီး ဘယ်အဖွဲ့တွေ မတိုက်ဘူးလဲ

စစ်ကောင်စီက နိုင်ငံ့စီးပွားကို ဖျက်ဆီးလိုက်သည်

ဒီပွဲနိုင်ရင် ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်ပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading