ရွေးချယ် တင်မြှောက်ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကို ဖယ်ရှား၍ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့သည်မှာ ၂ လ ကျော်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် တိုင်းပြည်ကို ပုံမှန် အခြေအနေသို့ ပြန်လည် မခေါ်ဆောင်နိုင်သေးပါ။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများက နိုင်ငံတလွှား နေ့စဉ် ဆက်လက်၍ ရှိနေပြီး ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုနှင့် စစ်ကောင်စီကို ဖယ်ချရန် စစ်တပ် အသစ်တခုအတွက် တောင်းဆိုမှုများက နေ့စဉ်နှင့်အမျှ ပိုမိုကျယ်လောင်လာသည်။ ပိုပို၍ ညီညွတ်စနစ်ကျလာသည်။
အခြားတဘက်တွင်မူ အာဏာသိမ်း စစ်ကောင်စီက မြို့ကြီးများတွင် ဆန္ဒပြသူများကို ရက်စက်စွာပစ်ခတ်ခြင်းနှင့် ကရင် ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့အားဖြင့် တနိုင်ငံလုံးကို ဆက်လက်၍ အကြမ်းဖက်နေသည်။ အကြမ်းဖက်စစ်ကောင်စီက ယခုထိပြုတ်မကျသေးသော်လည်း အုပ်ချုပ်ရန်အတွက် ၎င်း၏ တရားဝင်ဖြစ်မှုနှင့် အာဏာပိုင်ဆိုင်မှုကို တည်ထောင်ရာတွင် ဆိုးရွားစွာ ကျရှုံးနေသည်။
မီဒီယာဘက်သို့ကြည့်မည်ဆိုလျှင် အာဏာသိမ်း စစ်ကောင်စီက Mizzima နှင့် Democratic Voice of Burma (DVB) တို့ အပါအဝင် ပုဂ္ဂလိက မီဒီယာ အဖွဲ့အစည်းများ၏ ထုတ်လွှင့်ခွင့် လိုင်စင်များကို ပြန် လည်ရုပ်သိမ်းခဲ့သည့်တိုင် ပြည်သူများက ပြည်တွင်းနှင့် နိုင်ငံတကာ အရင်းအမြစ် များထံမှ သတင်းအချက်အလက်များ ရရှိနိုင်ရန် ဆိုရှယ်မီဒီယာနှင့် လှိုင်းတို ရေဒီယိုများဘက်သို့ ရောက်သွားကြသောကြောင့် ၎င်း၏ ရုပ်မြင်သံကြားလိုင်းများမှတဆင့် ပြည်သူလူထုထံသို့ ရောက်ရှိရေးနှင့် ဩဇာ လွှမ်းမိုးနိုင်ရေး စွမ်းရည် ပျောက်ဆုံးခဲ့ရသည်။
စစ်ကောင်စီက ထိန်းချုပ်ထားသည့် မီဒီယာမှန်သမျှကို ပြည်သူလူထုက ယုံကြည်မှု မရှိပါ။ ၎င်း၏ အလိမ်အညာများနှင့် ဝါဒဖြန့်ချိရေးများကြောင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်း အမျိုးမျိုးမှလည်း ဖယ်ရှားခြင်းခံခဲ့ရသည်။
ပြီးခဲ့သည့် ၂ လ အတွင်း စစ်ကောင်စီက အမိန့်တခုပြီးတခု ထုတ်ခဲ့သော်လည်း လက်တွေ့တွင် သက်ရောက်မှု မရှိခဲ့ပါ။ ဘဏ်များက မဖွင့်ကြသေးဘဲ ဈေးဆိုင်များနှင့် ကျောင်းများက ပိတ်ထားကြဆဲ ဖြစ်သည်။ စစ်ကောင်စီက နေပြည်တော်တွင် သီးခြားရှိနေသည့် အသွင်ဖြစ်နေပြီး အလုပ်ဖြစ် လည်ပတ်နေသည့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး မရှိပါ။ စစ်အာဏာသာလျှင် သေနတ်ပြောင်းမှ ထွက်နေခဲ့သည်။
အလောတကြီးဖြစ်နေသည့် စစ်ကောင်စီက ၎င်း၏ အမိန့်များနှင့်အညီ ဖြစ်စေရေး သေချာရန် အကြမ်းနည်း ဘက်သို့ လှည့်လာခဲ့သည်။ ဥပမာ ဘဏ်များ မဖွင့်ပါက ဖမ်းဆီးမည်ဟု ဘဏ်အမှုဆောင်များကို ခြိမ်းခြောက်ခဲ့သည်။ အလုပ်ပြန်ဝင်ရန် ငြင်းဆန်သည့် အစိုးရဝန်ထမ်းများကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။
သပိတ်မှောက်နေသော မီးရထားလုပ်သားများကို သူတို့၏ အစိုးရလိုင်းခန်းများမှ ထွက်ခွာသွားရန် စစ်အစိုးရက အမိန့်ထုတ်ခဲ့သည်။ယင်းသည် အသည်းအသန် ဖြစ်နေခြင်းနှင့် ခက်ခဲသော အခြေအနေမှ ထွက်လမ်းတခု မရှိခြင်းတို့၏ သင်္ကေတများ ဖြစ်ပါသည်။
စစ်တပ် သို့မဟုတ် တပ်မတော်သည် မြန်မာနိုင်ငံတွင် လက်နက် တရားဝင်ကိုင်စွဲခွင့်ရှိသည့် တခုတည်းသော အဖွဲ့အစည်း ဖြစ်ပါသည်။ ၎င်း၏ အလုပ်သည် ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး အနိုင်ကျင့် ရန်၊ အကြမ်းဖက်ရန် မဟုတ်ပါ။ ထိုသို့ ပြုလုပ်ရမည့် အစား စစ်တပ်က တိုင်းပြည်၏ နိုင်ငံရေးကို ပြန်ပေးဆွဲ၍ သူတို့၏ အင်အားသုံး အုပ်ချုပ်ရေး အားထုတ်မှုကို လက်ခံရန် ငြင်းဆန်သော နိုင်ငံသားများကို ရက်စက်စွာ အပြစ်ပေးခဲ့သည်။ ယခုအခါတွင် စစ်ဗိုလ်ချုပ်များမှာ “အကြမ်းဖက်သမားများ” ဟု မြန်မာပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် အမည်တပ်ခြင်း ခံခဲ့ရသည်။
စစ်တပ်နှင့် ပြည်သူကြား မည်သည့်အခါကမျှ အလွန်ခိုင်မာခဲ့ခြင်း မရှိသော ယုံကြည်မှုက ယခုအခါ လုံးဝ ကျိုးပျက်သွားခဲ့ရပြီး ပြန်လည် ပြင်ဆင်၍ မရတော့ပါ။ တရားဝင်ဖြစ်မှု မည်သည့် အတိုင်းအတာမှ ရှိမနေခြင်းနှင့် ပြည်သူများအပေါ်ကျူးလွန်သည့် ကြီးမားသော ရက်စက်မှုများက စစ်ဗိုလ်ချုပ်များကို တရားမဝင်မှုများ သူတို့ကိုယ်တိုင် နောက်ထပ်လျော့ကျစေခဲ့သည်။
ထိုနေရာတွင် စစ်တပ်က ပြန်လည် အဖတ်ဆည်၍ မရတော့ပါ။ အကယ်၍ ဖျက်ဆီး မပစ်လျှင်ပင် ၎င်းကို တစစီ အပြည့်အဝ ဖျက်သိမ်းရတော့မည် ဖြစ်သည်။ လက်ရှိ စစ်တပ်အတွင်းမှ လေ့ကျင့်ရေး အဖွဲ့အ စည်း အားလုံးကို အလုံးစုံ ပြင်ဆင်မွမ်းမံခြင်း သို့မဟုတ် ပြန်လည် တည်ဆောက်ခြင်း ပြုလုပ်ရမည်။ ဝိဉာဉ်သစ်တခု၊ ဘဝသစ်တခု နှင့် စရိုက်လက္ခဏာ အသစ်တခု လိုအပ်ပါသည်။
စိတ်ပိုင်းဖြတ်ထားသည့် သာမန်ပြည်သူများ အထူးသဖြင့် ယခုအခါ အများစုက Generation Z ဟု သူတို့ကို ခေါ်ကြသည့် လူငယ်များက စစ်အစိုးရ၏ မမျှတသော အမိန့်များကို ငြင်းပယ်၍ လမ်းမများ ပေါ်သို့ ပြန်လာမြဲ ပြန်လာနေကြသည်။ ပွင့်လင်းမှုနှင့် လွတ်လပ်ခွင့် တိုးလာနေသည့် ဆယ်စုနှစ် တခုကို တွေ့ကြုံခဲ့ကြသည့် အဆိုပါ လူငယ်များက စစ်အာဏာရှင် စနစ်နှင့် ပြတ်စဲပြီးဖြစ်သည်။ တိုင်းပြည်၏ အနာဂတ်အတွက် သူတို့၏ ဘဝများကို စတေးရန် အများစုက ဆန္ဒရှိနေကြသည်။
ရက်စက်စွာ ပစ်ခတ်ခြင်းကြောင့် စစ်အာဏာသိမ်းသည့် အချိန်မှစ၍ ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၇၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သော်လည်း အကျပ်အတည်းက အဆုံးသတ် မမြင်ရသည့် အသွင်ရှိနေသည်။ မတရားသည့် ဥပဒေများကို မလိုက်နာရန် သူတို့က ဆန္ဒရှိနေသည်နှင့် အမျှ အင်အားသုံး အုပ်ချုပ်ရန် စစ်အစိုးရ၏ အားထုတ်မှုက အလုပ်ဖြစ်မည် မဟုတ်ပါ။
ထိုအချိန်တွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ကို ဖျက်သိမ်းကြောင်း ကြေငြာခဲ့ပြီး နိုင်ငံရေး လမ်းပြမြေပုံတခုနှင့် အခြေခံ ဥပဒေသစ် အခြေခံမည့် အဓိက မူဝါဒများ ချမှတ် ထားသည့် အစိတ်အပိုင်း ၂ ခု ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ ကြေညာချက်ကို ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် “ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် အသစ်တခု ဖွဲ့စည်းရေး” နှင့် ပတ်သက်သည့် အခန်းတခုလည်း ပါဝင်သည်။ ၎င်းမှာ ဖိနှိပ်သည့် တပ်မတော်ကို အရပ်သား အုပ်ချုပ်မှုအောက်မှ စုံလင် ကွဲပြားသည့် လုံခြုံရေး တပ်ဖွဲ့တခုနှင့် အစားထိုးရန် ပြီးခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်အတွင်း တိုင်းရင်းသားလူမျိုးစုများက တောင်းဆိုနေခဲ့ကြသော အရာဖြစ်သည်။ ထို့ပြင် ပိုမို၍ စုံလင်ကွဲပြားမှုနှင့် ပါဝင်မှုရှိမည်ဟု မျှော်လင့်ရသော အမျိုးသား ညီညွတ်ရေး အစိုးရသစ်တခုကိုလည်း ကြေညာမည်ဖြစ်ကြောင်း CRPH က ပြောသည်။
ထိုအရာအားလုံးသည် မြန်မာပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသော အားတက်စရာ တိုးတက်မှုများဖြစ်ကြသည်။ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများမှ အစိုးရများက ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီအတွက် မြန်မာပြည်သူများ၏ ဆန္ဒကို လေးစား၍ အလားတူ ကြိုဆိုကြမည်ဟု မျှော်လင့်ရပါသည်။
စစ်အစိုးရ မည်သည့်အချိန်တွင် ပြုတ်ကျလိမ့်မည်ဟု ပြောရန် ခက်ပါသည်။ သို့သော်လည်း ၎င်းက ဘက်ပေါင်းစုံတွင် ကျဆင်းနေသည်မှာ သေချာပါသည်။
ကွဲပြားခြားနားသည့် လူမျိုးစုများ၏ မျိုးဆက်သစ်များကြားမှ နိုင်ငံရေး အသိအမြင် ရေချိန် အသစ်တခုနှင့် လတ်တလော ကြေငြာခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ ကြေညာချက်တို့နှင့် အတူ မြန်မာပြည်သူများက သူတို့ကိုယ်တိုင် ပြန်လည်ရုန်းထွက်နိုင်လိမ့်မည်။ ဒီမိုကရေစီကို ပြန်လည် အသက်သွင်းနိုင်လိမ့်မည်။ ကာလရှည်ကြာစွာ ထိခိုက်ခံစားခဲ့ရသော နိုင်ငံတခုအတွက် အရုဏ်သစ် တခုဆီသို့ ဦးတည် နိုင်လိမ့်မည်ဟု မျှော်လင့်နိုင်ပါသည်။
( စောကပိသည် Salween Institute for Public Policy ၏ တည်ထောင်သူ ဒါရိုက်တာ ဖြစ်သည်။ The Diplomat ပါ ၎င်း၏ The Military’s Coup is Giving Way to a New Dawn for Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ဒီပွဲနိုင်ရင် ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်ပြီ
ဒေါ်အောင်ဆန်းစုကြည်လည်း အခုချိန်မှာ နားလည်လောက်ပြီ
ကြောက်ရွံ့ခြင်းက စစ်တပ်မကွဲအောင် စွဲကပ်ထားသည်
ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်