ဒီမိုကရေစီနည်းကျအုပ်ချုပ်တဲ့ နိုင်ငံတနိုင်ငံမှာ အာဏာကြီး ၃ ရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဟာ တခုနဲ့တခု အမှီသဟဲပြု အပြန်အလှန်ထိန်းကျောင်းပြီး နိုင်ငံကို စီမံအုပ်ချုပ်ရတာ ဖြစ်ပါတယ်။ ဒီမဏ္ဍိုင်ကြီး ၃ ခုထဲကမှ တရားစီရင်ရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဌာန်းဥပဒေများ၊ နည်းဥပဒေများနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ လွတ်လပ်မျှတစွာ အမှီအခိုကင်းကင်း တရားစီရင်ပြီး ဥပဒေပြုရေးမဏ္ဍိုင်ကပြဌာန်းချက်များကို တရားဥပဒေ စိုးမိုးရေးအတွက် စနစ်တကျ အနက်အဓိပ္ပာယ်ဖွင့် အကောင်အထည်ဖော်ရတာဖြစ်ပါတယ်။
တဖက်နဲ့ တဖက် အပြန်အလှန်ထိန်းကျောင်းနိုင်မှုဟာ နိုင်ငံတည်ငြိမ် အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အခြေခံအုတ်မြစ်ပါပဲ။ ဒီအာဏာကြီး ၃ ရပ်ဟာ လူပုဂ္ဂိုလ်တဦးတယောက် ဒါမှမဟုတ် အစုအဖွဲ့တခုတည်းမှာပဲ စုပေါင်းကျင့်သုံးလို့ မရပါဘူး။ အကယ်၍ ဒီလိုတနေရာတည်းမှာပဲ စုပြီးကျင့်သုံးသွားမယ်ဆိုရင် အပြန်အလှန်ထိန်းကျောင်းနိုင်မှု အားနည်းသွားနိုင်သည့်အပြင် အကျိုးစီးပွါးတစုံတရာအတွက် အသုံးချမှု၊ အလွဲသုံးစားပြုလုပ်မှုတွေ အနည်းနဲ့ အများ မလွဲမသွေပေါ်ပေါက်လာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း လူလူချင်းအကြား တန်းတူညီမျှမှုကင်းမဲ့ပြီး အုပ်ချုပ်သူတွေက အာဏာကြီး ၃ ရပ်ကို စိတ်တိုင်းကျချယ်လှယ်အသုံးချခဲ့ကြလို့ အကျိုးဆက်အနေနဲ့ တိုင်းပြည်ဆင်းရဲမွဲတေခြင်း၊ လူနေမှုစနစ် ကွာဟချက်ကြီးမားခြင်း၊ အမျိုးမျိုးသောဖိနှိပ်မှုတွေနဲ့အတူ ပြည်တွင်းစစ်ဘေးဒုက္ခဒဏ်ကို တောင်ပေါ်ဒေသနေ လူမျိုးစုတွေက ဆယ်စုနှစ်များနဲ့ချီကာ ခါးစည်းပြီး ခံစားခဲ့ကြရပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနဲ့အတူ မွေးဖွားလာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာတော့ သကာရည်စိမ်ထားတဲ့ ဖားတပိုင်းငါးတပိုင်း ဒီမိုကရေစီမျိုးကို စစ်အုပ်ချုပ်ရေး အာဏာပိုင်တွေက မိတ်ဆက်လာခဲ့ပါတယ်။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ အရ ကျင်းပတဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲကနေတဆင့် အရပ်သားတပိုင်း စစ်ဗိုလ်ချုပ်များက နိုင်ငံကို လက်လွှဲ အုပ်ချုပ်ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာတော့ ရွေးကောက်ခံ အရပ်သားအစိုးရလို့ သတ်မှတ်နိုင်တဲ့ အစိုးရဖြစ်လာကာ နိုင်ငံရဲ့ အာဏာကြီး ၃ ရပ်ခွဲဝေကျင့်သုံးမှုက ယခင်ကာလများထက် ပိုပြီး သူ့စည်းကိုယ့်စည်း ခွဲခြားကျင့်သုံးမှု ရှိလာတယ်လို့ ယေဘုယျအားဖြင့် ခြုံပြောလို့ရပါတယ်။
သို့သော် ဒီလိုပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဖို့ လိုအပ်နေပြီး အညွန့်တက်မယ် ဟန်ပြင်ကာရှိသေးတဲ့ တရားစီရင်ရေးစနစ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့အတူ ပြန်လောင်းရိပ်မိသွားတော့မယ့် အသွင်သဏ္ဌာန်ဖြစ်သွားပါတယ်။
အမှီအခိုကင်းပြီး လွတ်လပ်တဲ့ တရားစီရင် ရေးဟာ မှန်ကန်ဖြောင့်မတ်တဲ့ တရားရေးရဲ့ ပင်မအသက်သွေးကြောပါ။ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ တရားစီရင်ရေးဆိုတာ တနည်းအားဖြင့် ပြင်ပပရောဂ လွှမ်းမိုးစွက်ဖက်မှု တစုံတရာကနေ ကင်းဝေးပြီး လွတ်လပ်မျှတစွာ တရားစီရင်မှုပြုခြင်းကို ဆိုလိုပါတယ်။ တရားစီရင်မှုဟာ လူပုဂ္ဂိုလ်တဦးတယောက် ဒါမှမဟုတ် အစုအဖွဲ့တခုခုရဲ့ လွှမ်းမိုးချုပ်ကိုင်ခြင်းကနေ ကင်းဝေးရပါမယ်။ စီရင်ချက်များ ချမှတ်ရာမှာလည်း စိုးရိမ်ကြောင့်လန့်ခြင်းမရှိ ဘက်လိုက်မှုကင်းကင်းနဲ့ အမှုအခင်းများကို ဆင်ခြင်သုံးသပ်စစ်ဆေးပြီး ကိုင်တွယ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။
တနည်းအားဖြင့် အမှီအခိုကင်းပြီး လွတ်လပ်တဲ့ တရားစီရင်ရေးဆိုတာ ကြောက်လန့်မှုကင်းရှင်းစွာဖြင့် သို့တည်းမဟုတ် ဘက်လိုက်မှုကင်းရှင်းစွာဖြင့် စီရင်ဆုံးဖြတ်နိုင်ခြင်းပါ။ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေရဲ့ ရှေ့မှောက် လူသားတဦးချင်းစီရဲ့ လွတ်လပ်ခွင့်၊ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုတို့အတွက် ဘက်လိုက်မှုကင်းရှင်းပြီး ထိရောက်တဲ့ တရားစီရင်ရေးများ ပြုလုပ်ရတဲ့နည်းတူ အစိုးရရဲ့ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်များကိုလည်း ကျောသားရင်သား မခွဲခြားပဲ အပြန်အလှန် ထိန်းကျောင်းရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တရားစီရင်ရေးကဏ္ဍဟာ မည်သည့်အစိုးရယန္တရားရဲ့ လက်အောက်ခံမှ မဟုတ်သလို အခြားဌာန တခုခုရဲ့ ဌာနခွဲလည်း မဟုတ်ပါ။ လွတ်လပ်စွာ သီးခြားရပ်တည်ပြီး မည်သည့်စွက်ဖက်မှုမျှ မပါပဲ အမှီအခိုကင်းတဲ့ တရားစီရင်ရေးကို တရားရုံးများက မှန်ကန်ဖြောင့်မတ်စွာ ကျင့်သုံး ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။
ထိုသို့ကျင့်သုံးနိုင်ရေး တရားသူကြီးများက အမှီအခိုကင်းရမှာ ဖြစ်သလို အမျိုးမျိုးသော ကန့်သတ်မှု၊ လွှမ်းမိုးမှု၊ လာဘ်ပေး လာဘ်ယူမှု၊ ဖိအားပေးမှုနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ခြိမ်းခြောက်မှုတွေက လွတ်မြောက်ဖို့ အထူးလိုအပ်လှပါတယ်။ တရားသူကြီးများ တာဝန်ထမ်းဆောင်တဲ့ သက်တမ်း၊ ၎င်းတို့ လစာနဲ့ ခံစားခွင့်များ စတာတွေအတွက် ခိုင်မာတဲ့ အာမခံချက်များရှိဖို့ လိုအပ်သလို တရားရုံးချုပ်ရဲ့ တရားစီရင်ပိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်များ၊ တရားသူကြီးများရဲ့ အရည်အချင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှု၊ ပြင်ပဘေးပရောဂ ဒဏ်များကို ခံနိုင်စွမ်း၊ တရားစီရင်ရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်မှုနဲ့ လေ့ကျင့်သင်ကြားမှု ပုံစံ၊ တရားရုံးများကို မထီမဲ့မြင်ပြုမှုအတွက် ပြစ်ဒဏ် ချမှတ်နိုင်ခွင့် အာဏာ စတာတွေကလည်း အမှီအခိုကင်းပြီး လွတ်လပ်တဲ့ တရားစီရင်ရေးပေါ်ပေါက်ဖို့ ပဓာနကျလှပါတယ်။
တရားသူကြီးများအနေနဲ့ တရားစီရင်ရေးဆိုင်ရာ တာဝန်ဝတ္တရားများဆောင်ရွက်နေစဉ် အခြားသော ဟန့်တားနှောက်ယှက်ခြင်းတွေဖြစ်တဲ့ မိမိတို့ အထက်ရာရှိ၊ လုပ်ဖော်ကိုင်ဖက်တွေက လွှမ်းမိုးချုပ်ကိုင်ခြင်းတို့အပါအဝင် ပြင်ပပရောဂ တစုံတရာ ဝင်ရောက်စွက်ဖက်ခြင်းများမရှိပဲ အမှုအခင်းတွေကို ဘက်လိုက်မှုကင်းရှင်းစွာ စစ်ဆေးစီရင်ဆုံးဖြတ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ထို့အတူ ဥပဒေပြုရေးကဏ္ဍအနေနဲ့ တရားသူကြီးများရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးစွက်ဖက်မှုများရှောင်ကြဉ်ခြင်းအပြင် အုပ်ချုပ်ရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍကို သီးခြားစီထားရှိဖို့လည်း အရေးကြီးပါတယ်။
ဒါမှ တရားသူကြီးတွေ အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်မျှတစွာ အမှုအခင်းများကို စစ်ဆေးစီရင်နိုင်မှာ ဖြစ်တယ်။ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ တရားစီရင်နိုင်ဖို့ တရားစီရင်ရေးကဏ္ဍ လုပ်ငန်းလည်ပတ်မှုများကို စနစ်တကျ စစ်ဆေးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနဲ့ အငြင်းပွါးမှုများကို ဘက်လိုက်မှုကင်းပြီး ဖြောင့်မတ်စွာ စစ်ဆေးစီရင်နိုင်ဖို့လည်း လိုအပ်ပါတယ်။
အဂတိလိုက်စားခြင်း၊ နိုင်ငံရေးပါတီများ သို့မဟုတ် အစုအဖွဲ့တခုခုမှ လွှမ်းမိုးခြင်း၊ အစိုးရရဲ့ အခြားမဏ္ဍိုင်ကြီး ၂ ရပ်မှ တရားရေးရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ တရားသူကြီးများခန့်အပ်ရာ၌ ပွင့်လင်းမြင်သာမှု မရှိခြင်း သို့မဟုတ် အားနည်းခြင်းနဲ့ အာဏာရှိသောအစုအဖွဲ့တခုခုရဲ့ လောင်းရိပ်အောက်တွင်ရှိခြင်း တွေဟာ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ တရားစီရင်ရေးပေါ်ပေါက်ဖို့ ကြီးမားတဲ့ အဟန့်အတားတွေပါ။
အဆိုပါ အခြေအနေများအောက်မှာ တရားသူကြီးရဲ့ လွတ်လပ်ပြီး အမှီအခိုကင်းစွာ တရားစီရင်နိုင်ရေးက ပျက်စီးထိခိုက်စေနိုင်ပါတယ်။ မြန်မာနိုင်ငံ တရားစီရင်ရေး သမိုင်းတလျှောက်ကို ခြုံငုံ ကြည့်ရင်လည်း အမှီအခိုကင်းပြီး လွတ်လပ်တဲ့ တရားစီရင်ရေးဆိုတာ ဆူးကြားက ဗူးခါးဘဝအနေအထားပဲ ရှိခဲ့တာပါ။ လက်ရှိ စစ်ကောင်စီလက်ထက်မှာတော့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတဲ့ အာဏာမဏ္ဍိုင်ကြီး ၃ ရပ်လုံးဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်ထဲ ကျရောက်သွားပါပြီ။
တရားစီရင်ရေးကဏ္ဍအနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဌာန်းဥပဒေများ၊ နည်းဥပဒေများနဲ့ လုပ်ထုံးလုပ်နည်းတွေကို မှန်ကန်ဖြောင့်မတ်စွာ ကျင့်သုံးပြီး ရုံးတော်ရှေ့သို့ ရောက်ရှိလာတဲ့ အမှုအခင်းများကို အနှောင်အဖွဲ့ကင်းကင်းနဲ့ လွတ်လပ်စွာ ကိုင်တွယ်ဆုံးဖြတ်နိုင်ခြင်းက အမှီအခိုကင်းတဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုရဲ့ အသက်သွေးကြောပဲ ဖြစ်ပါတယ်။
လတ်တလော မြန်မာ့တရားစီရင်ရေး အခြေအနေကို ကြည့်ရင်း အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဗိသုကာတဦးလည်းဖြစ် စတုတ္ထမြောက် သမ္မတ လည်း ဖြစ်တဲ့ ဂျိမ်းစ်မက်ဒီဆင် James Madison ရဲ့ စကားကို သတိရပါတယ်။
“ထီးနန်းဆက်ခံရလို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်သဘောနဲ့ကိုယ် ရာထူးယူယူ၊ အများက တင်မြှောက်လို့ပဲဖြစ်ဖြစ် လူတယောက် သို့မဟုတ် လူတစု သို့မဟုတ် လူအများလက်ထဲမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာ အားလုံးကို တနေရာတည်း စုပေါင်းကျင့်သုံးမယ်ဆိုရင်တော့ မင်းဆိုးမင်းညစ်ဖြစ်လာဖို့ပဲ ရှိတယ်” တဲ့။
(Amisungthluai Chin သည် အမေရိကန်နိုင်ငံ၊ Indiana University Bloomington ရှိ Maurer School of Law တွင် ပညာသင်ကြားနေသော Ph.D. ကျောင်းသူတဦးဖြစ်သည်။)
You may also like these stories:
စစ်သားနှင့်ရဲ ပစ်ခတ်မှုကြောင့် နှစ်လအတွင်း ကလေး ၄၃ ဦး သေဆုံးခဲ့
ဆန္ဒပြသူတွေကို သူတို့က ရာဇဝတ်သားတွေလို မြင်ကြတယ်
သင်ပုန်းချေလိုက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး
လက်ပြန်ကြိုးတုပ် သေဆုံးနေသည့် ဗလီမော်ဇင် ကိုယ့်ကိုယ်ကိုယ်သတ်သေ ဟု ရဲ မှတ်ချက်ပေး
အာဏာသိမ်း စစ်ကောင်စီက ၁ ရက်လျှင် ၉ ဦးနှုန်း သတ်ဖြတ်နေ