ဖေဖော်ဝါရီလ (၁)ရက်၊ ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည်။ ထိုနေ့မှစ၍ ချင်းအမျိုးသားတရပ်လုံးသည် အခြားတိုင်းရင်းသားများနည်းတူ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို ယနေ့တိုင် နည်းအမျိုးမျိုးဖြင့် တော်လှန်ပုန်ကန် တိုက်ပွဲဝင်လျှက်ရှိပါသည်။
ချင်းလူထုအတွက်မူ ဤတော်လှန်ရေးသည် မိမိတို့ နှစ်ပေါင်း (၇၀) ကျော် စောင့်မျှော်ရင်း မက်ခဲ့ရသည့် ဖက်ဒရယ် အိမ်မက်ကို အကောင်အထည် ဖော်ခွင့်တည်းဟူသော အခွင့်အရေးကို ရရှိလိုက်ခြင်းပင် ဖြစ်ပါသည်။ ၎င်း အခွင့်အရေးကို အမိအရဖမ်းဆုတ်ကာ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အဆုံးတိုင် တော်လှန်ကြရမည်။
ချင်းပြည်နယ်၌ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေး အောင်မြင်မှုသည် မိမိတို့ ချင်းတမျိုး သားလုံး၏ စည်းလုံးညီညွတ်မှုပေါ်တွင် များစွာမူတည်နေပါသည်။ သို့ဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် “ညီနောင်ချင်းများ သွေးစည်းကြစို့” ဟုဖိတ်ခေါ်လိုက်ရပါသည်။
ကွာဟချက်များသည့် ချင်းတို့၏ ကံကြမ္မာချင်းလူမျိုးတို့သည် ဘေဘယ်လ်ကျိန်စာသင့်ခဲ့လေသလော ဟုပင်ထင်မှတ်ရလောက်အောင် ကွဲပြားခြားနားမှုများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ထူးဆန်းသည့် လူမျိုးဖြစ်သည်။ ချင်းလူမျိုး အကြားတွင် ကြီးမားသည့် ကွာဟမှုများစွာရှိခဲ့သည်။ ထိုကွာဟမှုများသည် ချင်းညီနောင်များ၏ စည်းလုံးညီညွတ်မှု အင်အားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အဟန့် အတား ဖြစ်စေခဲ့သည်။ ထိုကွာဟချက်များတွင် အောက်ပါအချက်ကြီး (၄) ချက်ကိုသတိချပ်ရပါမည်။
ပထဝီဆိုင်ရာကွာဟမှု – ပထဝီအနေအထားအရ လမ်းပန်းဆက်သွယ်မှု ကြမ်းတမ်းခက်ခဲ မှုကြောင့် တမြို့နှင့် တမြို့၊ ဒေသတခုနှင့်တခုသို့ သွားလာရန်မလွယ်ကူပေ။ ယင်း ပထဝီဆိုင်ရာကွာဟ မှုကြေင့် ချင်းလူမျိုးတို့သည် တမြို့နှင့်တမြို့၊ တဦးနှင့်တဦး သီးခြားစွာ နေထိုင်ခဲ့ကြရသည်။ သို့ဖြစ်၍ ဒေသစွဲများရှိကြသည်။
ဆက်သွယ်ရေးကွာဟမှု – ပထဝီဆိုင်ရာကွာဟမှုကြောင့် ဆက်သွယ်ရေးကွာဟမှု ဖြစ်ပေါ် လာရသည်။ ပထဝီဆိုင်ရာကွာဟမှုကြေင့် တဦးနှင့်တဦး သီးခြားစွာ နေထိုင်ကြသဖြင့် တဦးနှင့် တဦး အဆက်အသွယ်မရှိခဲ့ချေ။ သို့ဖြစ်၍ တဦးနှင့်တဦး ခင်မင်ရင်းနှီးကျွမ်းဝင်မှုများ ဆုံးရှုံးကြ ရသည်။
ဘာသာစကားကွာဟမှုကြောင့် တဦးနှင့်တဦး အသိအမြင်ခြင်း နှီးနှော်ဖလှယ်၍မလွယ်ကူ။ တဦး၏ဘာသာစကားကို အခြားတယောက်က မပြောတတ်။ နားမလည်။ ချင်းလူမျိုးတွင် မတူညီ သည့် ဘာသာစကားခွဲ (၅၀) ကျော်ရှိပြီး အားလုံးနားလည်သည့် ဘုံသုံးစကားမရှိချေ။ သို့ဖြစ်၍ ဘာသာ စကားခွဲကို လူမျိုးကွဲအဖြစ်မှတ်ယူကာ ဘာသာစကားခွဲမှုပေါ်တွင် အခြေခံသည့် ပုဂ္ဂိုလ်စွဲများ ရှိကြသည်။
ဘာသာရေးဂိုဏ်းကွဲကွာဟမှု – ချင်းလူမျိုး၏ လူဦးရေ ၉၅ ရာခိုင်နှူန်းခန့်သည် ခရစ်ယာန်ဘာ သာကို သက်ဝင်ယုံကြည်ကိုးကွယ်ကြပါသည်။ ခရစ်ယာန်ဘာသာတွင် ဂိုဏ်းဂဏအမျိုးမျိုး ရှိသည့် အားလျှော်စွာ အသင်းတော်တစ်ပါးနှင့်တပါးသည်လည်း ကွဲပြားကြပါသည်။ သို့ဖြစ်၍ ဝါဒစွဲ၊ ဂိုဏ်းဂ ဏစွဲများရှိကြသည်။
အထက်ဖော်ပြပါ ကွာဟချက်များသည် စေ့စပ်၍မရနိုင်လောက်အောင်ပင် ကြီးမားလှပါသည်။ ၎င်းကွာဟမှုသည် ချင်းလူမျိုးတို့၏ စည်းလုံးမှုအင်အားကို အပိုင်းပိုင်း၊ အစိတ်စိတ်၊ အမွှာမွှာ ခွဲစေသည်။ ဤသို့ဆိုလျှင် ချင်းလူမျိုးတို့၏ အနာဂတ်သည် ကွဲပြားခြားနားသည့် ကွာဟချက်များဖြင့်သာ နိဂုံးချုပ်ရပါမည်လော။ သို့မဟုတ် စည်းလုံးညီညွတ်မှု ကင်းမဲ့သည့် လူမျိုးအဖြစ်သာ မိမိတို့၏ သမိုင်းကို မော်ကွန်းရေးထိုးကြမည်လော။
ကွာဟမှုများကို ပေါင်းကူးဆက်သွယ်ခြင်း ဂလိုဘယ်လိုင်ဇေးရှင်းခေတ်တွင် ကမ္ဘာကြီးပင်လျှင် ရွာလေးတရွာကဲ့သို့မှတ်ယူ ကြသည့် (၂၁) ရာစုတွင် ချင်းလူမျိုးတို့အတွက် အပေါင်းလက္ခဏာဆန်သည့် မျှော်လင့်ချက်များစွာရှိနေပါသည်။
ချင်းပြည်နယ်ကြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်လာသည်။ တမြို့နှင့်တမြို့ အသွားအလာ အဝင်အထွက်ရှိလာသည်။ ၎င်းက ပထဝီ ဆိုင်ရာကွာဟမှုကို ကျဉ်းလာစေရန် စေ့စပ်ပေးသည်။ လမ်းပန်းဆက်သွယ်ရေးသည် လူမှုဆက်သွယ် ရေးနှင့် ဆက်ဆံရေး တိုးတက်ပြောင်းလဲလာသည်။ ထို့အပြင် နည်းပညာတိုးတက်လာသည်နှင့်အမျှ တဦးနှင့်တဦး လူမှုမီဒီယာဖြင့်တမျိုး တယ်လီဖုန်းဖြင့်တသွယ် အင်တာနက်ကွန်ရက်အားဖြင့် ကူးလူးပေါင်းသင်း ဆက်ဆံလာကြသည်။ ၎င်းက ဆက်သွယ်ရေးကွာဟမှုကို ကျဉ်းလာစေရန် စေ့စပ်ပေးသည်။
လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုဆက်သွယ်ရေးတိုးတက်လာနှင့်အမျှ တဦး ဘာသာစကားကို အခြားတဦးက ကြားဖူးနားဝရှိလာပြီး နားယည်လာသည်။ နားလည်ပြောတတ်လာသည်။ ထို့အပြင် တိုင်းပြည်နှင့် နည်းပညာခေတ်မီ တိုးတက်လာသောကြောင့် ဗမာစကားနှင့် အင်္ဂလိပ်စကားကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်။ မဝေးတော့သည့် အနာဂတ်တွင် အင်္ဂလိပ်ဘာသာစကားသည် ချင်းလူမျိုးတို့၏ အရပ်သုံး၊ ရုံးသုံးဘာသာစကား ဖြစ်လာတော့မည်။ သို့ဖြစ်လျှင် မြန်မာနိုင်ငံတွင် ချင်းပြည်နယ်သည် အင်္ဂလိပ်ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုမည့် ပထမဦးဆုံး ပြည်နယ်ဖြစ်လာတော့မည်။ ၎င်းက ဘာသာစကားကွာဟမှုကို ကျဉ်းလာစေရန် စေ့စပ်ပေးသည်။
သင်းအုပ်ဆရာများ၊ ခရစ်ယာန်ခေါင်းဆောင်များ၊ အသင်းတော်များ ကြိုးစားအားထုတ်မှု၊ သဘောထားကြီးမြတ်မှု၊ အမြင်ကျယ်မှု၊ မေတ္တာတရားကိုရှေ့တန်းတင်မှုကြောင့် ပညာရေး၊ လူမှုရေး၊ နှင့် ဘာသာရေးနယ်ပယ်အသီးသီးတွင် အသင်းတော်များနှင့် ဂိုဏ်းများ အတူတကွ ပူးပေါင်းဆောင်ရွက် မှုများရှိလာသည်။ အထူးသဖြင့် ဂိုဏ်းပေါင်းစုံ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများသည် အကျိုးသက် ရောက်မှုရှိလှသည်။ ၎င်းက ဘာသာရေးဂုဏ်းကွဲကွာဟမှုကို ကျဉ်းလာစေရန် စေ့စပ်ပေးသည်။
ခေတ်ရေးစီးကြောင်းပြောင်းလဲမှု၊ နိုင်ငံတိုးတက်ပြောင်းလဲ လာမှု၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ လှုပ်ရှားမှုနှင့် နည်းပညာ တိုးတက်ခေတ်မီလာမှုတို့သည် ကွာဟချက်များကြား ပေါင်းကူးတံတား ဖြစ်လာပြီး ကြီးမားသည့် ကွာဟချက်များသည် ကျဉ်းလာပြီး သေးငယ်သောကွဟချက်များမှာမူ စေ့စပ် ဆက်သွယ်ပြီးဖြစ်သည်။ ချင်းလူထုသည် ကွဟမှုများကို စည်းလုံးညီညွတ်မှုအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပါသည်။
စည်းလုံးညီညွတ်မှုဖြင့် တော်လှန်ရေးခရီးနှင်ခြင်း
ဘုံရန်သူတည်းဟူသော အာဏာသိမ်း စစ်ကောင်စီကို တော်လှန်ရာတွင် ချင်းအမျိုး သားတို့၏ သွေးစည်းညီညွတ်မှုသည် ပို၍သိသာထင်ရှားလာသည်။ ချင်းအမျိုးသားတို့သည် အကြမ်းမဖက်သော လူထုမနာခံမှု နည်းဖြင့်တမျိုး၊ ရိုးရာတူမီးဖြင့် လက်နက်စွဲ ကိုင်တော်လှန်သည့် နည်းဖြင့် တဖုံ ဖက်ဒရယ်ဒီမိုကရေစီအလင်း လင်းလက်တောက်ပစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ပါဝင် တိုက်ပွဲဝင်လျှက်ရှိပါသည်။
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ရာတွင် ဒေသအလိုက် လိုအပ်ချက်များ ဖြည့်စွက်ပေးရန် (သို့) အပေါ်မူတည်၍ အဖွဲ့အစည်းများဖွဲ့ကာ လှုပ်ရှားတော်လှန်ကြရပါသည်။ ယင်းသို့ ဖွဲ့စည်းရာတွင် စည်းလုံးညီညွတ်ရေးကို ရှေ့ရှုလျက် မိမိတို့၏ ဒေသခံ အဖွဲ့အစည်းများသည် ၁။ နိုင်ငံ ရေးကိစ္စရပ်များနှင့်စပ်လျှင်းလာလျှင် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (Interim Chin National Consultative Council) ကိုသော်လည်းကောင်း၊ ၂။ ကာကွယ်ရေးနှင့်ပတ်သက်လျှင် ချင်းအမျိုး သားတပ်ဦး (Chin National Front) ကိုသော်လည်းကောင်း၊ တော်လှန်ရေးလုပ်ငန်းများကို တွဲဘက် ဆောင်ရွှက်သင့်ပါသည်။
၁။ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီကို ဧပြီလ (၁၃) ရက်တွင် ပြည် တွင်း၊ ပြည်ပ ရှိ ချင်းအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ချင်းပြည်နှင့် ချင်းအမျိုးသား တရပ်လုံး ကို ကိုယ်စားပြုမည့် အဖွဲ့အစည်းကြီးဖြစ်ပါသည်။ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီသည် အောက်ပါရည်ရွှယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါသည်။
၁။ ပင်လုံစိတ်ဓာတ်ဖြင့် ပင်လုံစာချုပ်ပါ ကတိကဝတ်များနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး (ယင်းသို့ ဖော်ဆောင်ရာတွင် အာဏာရှင်စနစ်ကို အမြစ်ဖြုတ်တော်လှန်ရေး ပါဝင် သည်။) ၂။ ပြည်နယ်အဆင့်တွင် ချင်းပြည်နယ်အစိုးရ (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး) ဖွဲ့စည်းထူထောင်ရေး ၃။ ပြည်ထောင်စုအဆင့်တွင် အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ (National Unity Government) နှင့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)တို့နှင့် ပူးပေါင်း ဆောင် ရွှက်ရေးနှင့် ၄။ ပူးပေါင်းလာဦးမည့် အရပ်ဘက် ချင်းအဖွဲ့အစည်းများနှင့် အစုအဖွဲ့များ အတွက် ဆွေးနွေးညှိနှိုင်းတိုင်ပင်နိုင်ရန် တံခါးကို ကျယ်ပြန့်စွာ ဖွင့်လှစ်ထားရေး တို့ဖြစ်ပါသည်။
သို့ဖြစ်၍ နိုင်ငံရေးကိစ္စရပ်များနှင့်ပတ်သက်လာလျှင် ချင်းပြည်နယ်ရှိ မည်သည့်ဒေသခံ အဖွဲ့ အစည်းများမဆို ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီနှင့် ဆက်သွယ်၍ မိတ်ဖက်ပြု လက်တွဲပါဝင်သင့်သည်။
၂။ ချင်းအမျိုးသားတပ်ဦး (CNF) ကို ၁၉၈၈ ခုနှစ် မတ်လတွင် တည် ထောင်ခဲ့ပါသည်။ ချင်းအမျိုး သားတို့၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည် ထောင်ရေးနှင့် ဒီမိုကရေစီစနစ် ထွန်းကားရေး စသည်တို့သည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး ချင်းပြည်သူ တရပ်လုံး၏ မူလ အမျိုးသားရပိုင်ခွင့်ဖြစ်သော လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအတွက် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွှေးချယ်ကျင့်သုံးသည့် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါသည်။
ချင်းအမျိုးသားတပ်ဦး (CNF) ၏ (၃၃) ကာလကြာ တော်လှန်ရေးအတွေ့အကြုံ၊ ပင်လုံစာချုပ်ပါ ကတိကဝတ်များနှင့်အညီ ချမှတ်ထားသည့် နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်နှင့် ခေါင်းဆောင်များ၏ နိုင်ငံရေး အတွေ့အကြုံကြွယ်ဝမှုနှင့် ပါးနပ်ကျွမ်းကျင်မှုတို့သည် ယနေ့ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို အမြစ်ဖြုတ် တော်လှန်ရန် တာဆူလျှက်နေကြသော ချင်းအမျိုးသားတရပ်လုံးအတွက် တန်ဖိုးနှင့် ခွန်အားဖြစ်ပါသည်။
ချင်းလူမျိုးတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ရာတွင်ပါဝင်ခဲ့သည့် လူမျိုး တမျိုးဖြစ်သည်။ ယင်းသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝံ့ကြွားထိုက်သည့် သမိုင်းဖြစ်ပါသည်။ ၎င်းနည်းတူ ယနေ့တွင် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အဆုံးတိုင်တော်လှန်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ထူထောင်ရာတွင်ပါဝင်သည့် လူမျိုးဖြစ်ဖို့ရန် “ညီနောင်ချင်း များ သွေးစည်းကြစို့” ဟုဖိတ်ခေါ်လိုက်ရပါသည်။
စည်းလုံးညီညွတ်မှုဖြင့်သာ မိမိတို့၏ အနာဂတ်သစ် ကို လှပစွာ ထုဆစ်ပုံဖော်နိုင်လိမ့်မည်မဟုတ်လော။
(ဆလိုင်းဟင်နရီလျန်သည် အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့တွင် နေထိုင်လျက်ရှိပြီး Southern Baptist Theological School ၏ Ph.D candidate တဦးဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီကို ဘယ်လိုချေမှုန်းကြမလဲ
စစ်အုပ်ချုပ်ရေးအောက်မှာ လွတ်လပ်တဲ့ တရားစီရင်ရေး မရှိပါ
စစ်အာဏာသိမ်းခြင်းက နေ့သစ်ဆီ လမ်းဖွင့်ပေးခဲ့သည်