စစ်ကောင်စီတွင် နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်း မရှိပါ

Charles Petrie
မတ်လ ၃ ရက် ရန်ကုန်တွင် ဆန္ဒပြသူများအား နှိပ်ကွပ်ရန် စစ်သားများက အသင့်ပြင်နေစဉ် / ဧရာဝတီ

အာဏာသိမ်းမှု ကျရှုံးရန် ကံကြမ္မာ ပါလာခဲ့သည်။ ယနေ့ တိုင်းပြည်ကို စစ်တပ်က မထိန်းချုပ်နိုင်ကြောင်း အကြီးတန်းခေါင်းဆောင်များ နားမလည်သောကြောင့် ကျရှုံးရပါလိမ့်မည်။ အာဏာသိမ်းမှုသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မနိုင်ဝန်ကို လုံးလုံးလျားလျား ထမ်းပိုးလိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်းမှုသည် ဒီမိုကရေစီသို့ ဦးတည်သော (ချောမွေ့မှု မရှိသော်လည်း) တိုးတက်မှုကို သာမက အကောင်အထည်ဖော်ဆဲဖြစ်သည့် (ကျိုးပဲ့လွယ်သော) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ ပြောင်းပြန်လန်သွားစေခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယခင် စစ်အစိုးရ အတွင်းမှ လူအများအပြား၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံ အတွင်းတွင် အဓိက ပထဝီနိုင်ငံရေး အကျိုးစီးပွား ရှိသည့် ဒေသတွင်း အင်အားကြီး ပလေယာများကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

အလွန်ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော အရပ်သား ဆန္ဒပြပွဲများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရက်စက်သော အကြမ်းဖက်မှုများ အဆင့်အထိ ခွင့်ပြုလိုက်ခြင်းသည် တပ်မတော်အတွင်းမှ အများစု စိုးရိမ်သင့်သည်။ မိမိတို့ကိုယ်ကို တိုင်းပြည်၏ ညီညွတ်မှုကို အကာအကွယ်ပေးသူများအဖြစ် အမြဲမြင်ခဲ့သော တပ်မတော်သည် နိုင်ငံ၏ ပြိုကျပျက်စီးမှုအတွက် လက်သည်တရားခံ ဖြစ်လာနေသည့် အန္တရာယ်ကြုံနေရသည်။

လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်အနေဖြင့် ၁၉၈၀ နှစ်များနှောင်းပိုင်း၊ ၁၉၉၀ နှစ်များ အစောပိုင်းနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာပင် အလုပ်ဖြစ်ခဲ့သော ဖိနှိပ်ချုပ်ခြယ်မှု ဇာတ်ညွှန်းဟောင်းကြီးနှင့် စစ်တပ်က သိမ်းပိုက်မှုတို့ကို လိုက်နာကျင့်သုံး ရနိုင်သည်ဟု ယုံကြည်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

သို့သော်လည်း ယနေ့ မြန်မာနိုင်ငံသည် (ယခင်ကနှင့်) အခြေခံကျကျ ကွဲပြားခြားနားသော နိုင်ငံတခုဖြစ်နေသည် ဆိုသောအချက်ကို သူ ထည့်မတွက်ခဲ့ပါ။ မြန်မာပြည်သူများ အထူးသဖြင့် လူငယ်များက တိုင်းပြည်ကို ၂၀၁၁ ခုနှစ်တွင် တံခါးဖွင့်လှစ်လိုက်ခြင်းနှင့်အတူ ပါလာသော လွတ်လပ်မှုကို မြည်းစမ်းကြည့်ခဲ့ကြပြီး ဖြစ်သည်။ ထိုလွတ်လပ်ခွင့်များကို လက်လွတ်ခံရန် သူတို့ ပြင်ဆင် မထားခဲ့ကြပါ။

မလိုချင်သော နိုင်ငံရေးရလဒ် တခုကို ဖြေရှင်းရန် အာဏာသိမ်းခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ်၏ စိတ်ကူးသည် စစ်တပ်၏ အစောပိုင်းက ယခင် လမ်းပြမြေပုံ ၇ ချက် မရှိခဲ့လျှင် အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အဆိုပါ လမ်းပြမြေပုံသည် အစိုးရကို အရပ်သားပုံစံ ပြောင်းလဲရန် နောက်ဆုံး စစ်အစိုးရ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ-နအဖ) ၏ အစီအစဉ်ဖြစ်သည်။

၎င်း၏ နောက်ဆုံးအဆင့်ကို ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အကောင်အထည်ဖော်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြဿနာများစွာ ရှိနေသော်လည်း ၂၀၁၁ ခုနှစ်မှ စ၍ မြန်မာနိုင်ငံသည် စစ်တပ်ကို တိုင်းပြည်၏ အုပ်ချုပ်ရေးမှ ခွဲထုတ်သည့် လမ်းကြောင်းကို စတင်ခဲ့သည်။ ထိုအချိန်အထိ စစ်တပ်က တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုကဏ္ဍ အားလုံးတွင် တိုက်ရိုက် ပါဝင် ပတ်သက်နေခဲ့သည်။ အရပ်ဘက်အုပ်ချုပ်ရေးမှူး အများစုသည် စစ်တပ်မှ အငြိမ်းစားယူခဲ့သော သို့မဟုတ် ပြောင်းရွှေ့လာသော စစ်အရာရှိများဖြစ်ကြသည်။

စီးပွားရေးသည် စစ်အစိုးရဟောင်း ထိပ်တန်းခေါင်းဆောင်များ၏ လက်ထဲတွင် တိုက်ရိုက်ရှိခဲ့သည် သို့မဟုတ် စီးပွားရေးသည် စစ်တပ်နှင့် အခြား”ခရိုနီ” အထက်တန်းလွှာများ၏ အကျိုးအတွက် သွယ်ဝိုက်သောနည်းလမ်းဖြင့် လည်ပတ်နေခဲ့သည်။ သယံဇာတ ကြွယ်ဝသော ဒေသများကို ထိန်းချုပ်ထားသော ထောင်နှင့်ချီသည့် ပြည်သူ့စစ်များနှင့် ရာဇဝတ်မှု မကင်းသည့် စီးပွားရေးသမားများပင်လျှင် သူတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် နအဖ စစ်အစိုးရ၏ ခေါင်းဆောင်ပိုင်း ဖွဲ့စည်းပုံတွင် ပါဝင်သော ဒေသဆိုင်ရာ တိုင်းမှူးများ၏ အာဏာကို အသိအမှတ်ပြုခဲ့ကြသည်။

သို့သော်လည်း ၂၀၁၁ ခုနှစ်မှ စ၍ အားလုံး ပြောင်းလဲသွားခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ ဦးဆောင်မှု အောက်တွင် ယခင် ခေါင်းဆောင်ပိုင်းအများစုက တိုင်းပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး တံခါးဖွင့်လှစ်မှုများကို စီမံခန့်ခွဲရန် (စစ်တပ်မှ) အငြိမ်းစား ယူခဲ့ကြသည်။ သို့မဟုတ် သူတို့၏ဝတ်စုံများ ချွတ်ခဲ့ကြသည်။

အသွင်ကူးပြောင်းရေးက အမှန်တကယ်ပင် အခြေခံကျကျ ဖြစ်ခဲ့သည်။ ပြည်နယ်/တိုင်း လွှတ်တော်များနှင့် (နေပြည်တော်မှ ခန့်အပ်ခြင်းဖြစ်သော်လည်း) ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များက ဒေသဆိုင်ရာတပ်မှူးများနေရာတွင် အစားထိုးဝင်လာခဲ့သည်။ နိုင်ငံရေးနယ်ပယ် ပွင့်လင်းလာပြီး လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်က ယခင်က မကြားဖူသည့် အဆင့်တခုအထိ တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ များစွာ မျှော်လင့်ထားကြသော အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကို ထိုသို့သော ကမ်းလှမ်းမှုမျိုးအား ထိုအချိန် အထိ ပယ်ချနေခဲ့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် စတင်နိုင်ခဲ့သည်။

၎င်းတို့ထဲမှ အဓိကကျသော အဖွဲ့မှာ သမိုင်းအစဉ်အလာအရ တိုင်းပြည်တွင် အရေးအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) ဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU) ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခံရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ လက်ထက်တွင် အဆိုပါလုပ်ငန်းစဉ် အများစုက၂၀၁၆ ခုနှစ်မှစ၍ ရပ်တန့်သွားခဲ့သည့်တိုင် တိုင်းပြည်၏ အုပ်ချုပ်မှုဆိုင်ရာ တည်ဆောက်ပုံ ပြုပြင်ပြောင်းလဲမှုက မူလအတိုင်း မဟုတ်တော့ဘဲ ပြောင်းလဲသွားခဲ့သည်။ သို့မဟုတ် ပြောင်းလဲသွားခဲ့သည့် အသွင် ရှိသည်။

သို့သော်လည်း ထို အပြောင်းအလဲများနှင့် လွဲချော်ခဲ့ပုံရသူ တစု ရှိပါသည်။ ၎င်းတို့မှာ လက်ရှိ တပ်မတော် ခေါင်းဆောင်ပိုင်း ဖြစ်သည်။ အသွင်ကူးပြောင်းရေး နှစ်များအတွင်း ကာကွယ်ရေး ဦးစီးချုပ်က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်မှ ဝေးလံသော ဧရိယာများရှိ လက်နက်ကိုင် အဖွဲ့များ တိုက်ခိုက်ခြင်း (နှင့် တိုင်းရင်းသား လူမျိုးစုများမှ အရပ်သားအသိုင်းအဝိုင်းများ အား အကြမ်းဖက်ခြင်း) များအား တက်ကြွစွာ လုပ်ကိုင်ခဲ့သည်။

ရလဒ်အနေဖြင့် အသွင်ပြောင်းရေးကာလက သူ့ကို ကျော်ဖြတ်သွားသောအခါ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။ သို့သော်လည်း တိုင်းပြည်ကို ထိန်းချုပ်ခြင်းအစား သူက အရူးလွယ်အိတ်ကို သွန်ချလိုက်ခြင်း ဖြစ်သွားခဲ့သည်။

လူငယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများက စစ်တပ်ကို ဆန့်ကျင်ရာတွင် ယခင်က မမြင်ဖူးသည့် နည်းမျိုးဖြင့် စုရုံးခဲ့ကြသည်။ အုပ်ချုပ်ရေးအရာရှိများ၊ ပြည်သူ့ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်သားများနှင့် အခြားအလုပ်သမားများက သပိတ်မှောက်ခဲ့ကြသည်။ ထို့ပြင် အချို့သော EAO များက လူသစ်စုဆောင်းကြသည်၊ လက်နက်ပြန်ကိုင်ကြသည်၊ အာဏာသိမ်းမှုကို လူသိရှင်ကြား ဆန့်ကျင်သည့် အနေအထားကို ရယူခဲ့ကြသည်၊ အချို့သော ဖြစ်ရပ်များတွင် ပြည်နယ်များရှိ မြို့များ၌ ပြည်သူလူထု၏ ဆန္ဒပြပိုင်ခွင့်ကို ကာကွယ်ပေးရန် လမ်းများပေါ်တွင် တက်တက်ကြွကြွ ပေါ်ထွက်လာကြသည်။

နေရာအများအပြားတွင် အထူးသဖြင့် အာဏာမသိမ်းက အခြားနေရာများထက် တည်ငြိမ်မှုရှိသော မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသများစွာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သစ်များနှင့် အခြားသော ခုခံရေးအဖွဲ့များ ဖွဲ့စည်းလာခြင်းက တိုင်းပြည်၏ အနာဂတ်တည်ငြိမ်မှုကို ပိုမိုရှုပ်ထွေးစေခဲ့သည်။

ထိုအချိန်တွင် ဘဏ်စနစ်နှင့် ကျယ်ပြန့်သော စီးပွားရေးက ပြိုလဲလုနီးပါး ဖြစ်နေပြီး အများပြည်သူကျန်းမာရေးဝန်ဆောင်မှုများက မလည်ပတ်နိုင်တော့ခြင်းနှင့်အတူ တနိုင်ငံတလုံး အတိုင်းအတာဖြင့် ဘက်ပေါင်းစုံမှ ထိုးနှက်လာမည့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတခု၏ အလွန်စစ်မှန်သော အလားအလာများက မိုးကုပ်စက်ဝိုင်းနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အာဏာသိမ်းပြီး ၃ လအကြာတွင် တိုင်းပြည်က ကျရှုံးနိုင်ငံတခု အဖြစ်သို့ အလျင်အမြန် ထိုးဆင်းနေသည်။ မြန်မာနိုင်ငံ၏ မြို့ပြအချက်အချာများသည် ပြောက်ကျားစစ်ဆင်ရေးများတွင် ပါဝင်သွားနိုင်သည့် အန္တရာယ် ရှိလာနေသည်။ ယခင်က ပြိုင်ဆိုင်မှုရှိခဲ့သော်လည်း အများအားဖြင့် ငြိမ်းချမ်းနေခဲ့သော တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေးဒေသမျာ မှာ အသက်ဝင်လာသော လက်နက်ကိုင် ပဋိပက္ခထဲသို့ ပြန်လည်နစ်မြုပ်နေသည်။

 

မြန်မာနိုင်ငံ၏ ကျယ်ပြန့်သောဒေသများသည် မည်သည့်အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်တဦး၏ ထိန်းချုပ်မှုအောက်တွင်မှ ရှိမနေခြင်းနှင့်/သို့မဟုတ် စစ်ဘုရင်များ (လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့တခု လက်ကိုင်ရှိသူများ) လက်အောက်မှ ရာဇဝတ်ကွန်ရက်များ၊ ရာဇဝတ်မှု မကင်းသည့် စီးပွားရေးသမားများ (လက်နက်ကိုင်အဖွဲ့မရှိသူများ) သို့မဟုတ် ရာဇဝတ်ကွန်ရက်များနှင့် သဘောတူညီချက် ယူထားရသည့် အခြေအနေမျိုးကို ကြုံရနိုင်သည့် တကယ့် အလားအလာတခု ရှိနေပါသည်။ ၎င်းသည် ကာလကြာရှည်စွာ တည်ထောင်ထားသည့် EAO များက ရှင်းလင်းသည့် နိုင်ငံရေး အစီအစဉ်များ ချမှတ်ထားပြီး သူတို့ ထိန်းချုပ်သော သို့မဟုတ် သြဇာလွှမ်းမိုးမှုရှိသော နယ်မြေများရှိ ထိခိုက်လွယ်သော ပြည်သူများကို အုပ်ချုပ်မှုနှင့် ဝန်ဆောင်မှုများ ပေးနေသော နေရာဖြစ်သည့် နိုင်ငံ၏ အစိတ်အပိုင်းများတွင် ရှိနှင့်ပြီး အခြေအနေများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

တိုင်းပြည်၏ ကျရှုံးမှု အခြေအနေများမှ ပြန်လည်ထူထောင် နာလံထရန် မလွယ်ကူပါ။ ကျရှုံးနိုင်ငံ အနေအထားမှ ပြန်ထွက်လာရေးက ကွက်လပ်ဖြည့်သလို ရိုးရှင်းသော မေးခွန်းမျိုးမဟုတ်ပါ။ တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး ပုံစံများကို စတင်တည်ထောင်ရန် အတွက်ပင်လျှင် လက်ရှိ မှုခင်းဆိုင်ရာ ဟန်ချက်ညီမျှမှုကို ဖျက်သိမ်းရေးက ကြိုတင် သတ်မှတ်ထားရမည့် အခြေအနေတခုအဖြစ် လိုအပ်သည်။

ကျရှုံးနိုင်ငံတခုကို ကျယ်ပြန့်စွာ အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှု၊ ပြည်သူလူထု၏ ဆန္ဒမပါဘဲ အတင်းအဓမ္မပြောင်းရွှေ့ခြင်း၊ စီးပွားရေး သိသာစွာ ကျဆင်းခြင်းနှင့် အကြမ်းဖက်မှုတို့ဖြင့် ဆုံးဖြတ်သည်။ ၁၇ ရာစု က အတွေးအခေါ်ပညာရှင် Thomas Hobbes ၏ စကားအတိုင်းဆိုလျှင် ကျရှုံးနိုင်ငံတခုမှ လူတယောက် အတွက် ဘဝဆိုသည်မှာ အစဉ်အမြဲကြောက်ရွံ့နေခြင်းနှင့် အကြမ်းဖက်မှုကြောင့် သေနိုင်သည့် အန္တရာယ် ဖြစ်သည်။ အခြေခံအားဖြင့် အထီးကျန်ခြင်း၊ ဆင်းရဲခြင်း၊ နာကျည်းရခြင်း၊ ရိုင်းစိုင်းလာခြင်း၊ အခြေခံလိုအပ်ချက်များ မပြည့်စုံခြင်းတို့ ဖြစ်သည်။ ယင်းမြင်ကွင်းများကို ယနေ့မြန်မာပြည်သူများ ရင်ဆိုင်နေရသည်။

မြန်မာနိုင်ငံသည် တွင်းနက်ထဲသို့ အလျင်အမြန် ကျဆင်းလာသည့် အချိန်တွင် စိုးရိမ်စရာ အကောင်းဆုံး အချက်မှာ ကာကွယ်ရေး ဦးစီးချုပ်က ကနဦး တွက်ချက်မှု မှားယွင်းခြင်း၏ အတိုင်းအတာနှင့် အကျိုးဆက်များကို မေ့လွယ်ပုံရခြင်းပင် ဖြစ်သည်။ သူတို့ ဖန်တီးခဲ့သော လူမှုစီးပွား အခြေအနေများက မည်မျှ ပြင်းထန်ပြီး၊ မည်မျှ မတည်ငြိမ်ကြောင်း တပ်မတော်၏ နားလည်သဘောပေါက်နိုင်စွမ်း မရှိမှုကို လျှော့မတွက်သင့်ကြောင်း မဝေးသေးသည့် အတိတ်များက ကျနော်တို့ကို သင်ပေးနေပါသည်။

နအဖ စစ်အစိုးရလက်ထက် စစ်တပ်ခေါင်းဆောင်ပိုင်းသည် ဂဏန်း ၂ လုံး တိုးတက်မှု ထွင်လုံးကို စိတ်ကူးဖြင့် နေခဲ့ကြသည်။ ၂၀၀၂ ခုနှစ်မှ၂၀၀၇ ခုနှစ် အတွင်း တရားဝင် ဂျီဒီပီ တိုးတက်မှုနှုန်းက ၁၂.၂ ရာခိုင်နှုန်းမှ ၁၃.၆ ရာခိုင်နှုန်း အတွင်း ရှိခဲ့သည်။ ထိုနှုန်းသည် မြန်မာနိုင်ငံကို စင်ကာပူ၏ နှုန်းနှင့် အလားတူ ဖြစ်စေခဲ့ပြီး ထိုသို့ မည်သည့်အချိန်ကမှ မဖြစ်ခဲ့သည်မှာ ထင်ရှားပါသည်။ ၉၆ ရာခိုင်နှုန်း ကျော်သော စာတတ်မြောက်မှုနှုန်းကိုလည်း အလားတူ ကာလအတွင်းမှာပင် တရားဝင် ဖော်ပြခဲ့သည်။

ကိန်းဂဏန်းများက မြေပြင်တွင် လက်တွေ့ ဖြစ်ပျက်နေသော အမှန်တရားများကို မည်သည့်အခါကမျှ ရောင်ပြန်မဟပ်ခဲ့ပါ။ ၎င်းသည် ပြည်သူလူထု၏ လူမှုစီးပွားအခြေအနေများကို နားလည်နိုင်စွမ်း မရှိခြင်းပင် ဖြစ်သည်။ ၂၀၀၇ ခုနှစ်သြဂုတ်လတွင် လောင်စာနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ သိသိသာသာ မြင့်တက်သွားခြင်းကြောင့် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပေါ်လာခဲ့သည်။ ယနေ့ တပ်မတော် ခေါင်းဆောင်ပိုင်းသည်လည်း ထူးမခြားနားပင်။ နိုင်ငံတော်၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြိုကျပျက်စီးခြင်းကို နားလည်နိုင်စွမ်း လုံးဝ မရှိသည့် အဖွဲ့အစည်းတခုဖြစ်သည်။

အာဏာသိမ်းမှု မအောင်မြင်ပါ၊ နောက်ဆုံးတွင် တပ်မတော်က စစ်ပွဲတွင် ရှုံးသွားပါလိမ့်မည်။

ကြီးမားသော အင်အားကို အသုံးပြုခြင်း၊ ပစ်ခတ်မှု အင်အားတိုးမြှင့်ခြင်းနှင့် အထိန်းအချုပ် မရှိသော ရက်စက်မှုတို့ မှ တဆင့် ကာကွယ်ရေး ဦးစီးချုပ်က ငြိမ်းချမ်းစွာဆန္ဒပြသူများကို အနိုင်ယူရန်နှင့် သူတို့ကို သုတ်သင်ခြင်းအားဖြင့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကို ဖြိုဖျက်ရန် ကြိုးစားနိုင်သော်လည်း တိုင်းပြည် ပျက်စီးခြင်းက ပေးဆပ်ရမည့် တန်ဖိုး ဖြစ်လာပါလိမ့်မည်။ ထိုသို့ ပြုလုပ်ခြင်းက တပ်မတော်အတွက် နာမည်ဆိုးဖြင့် ကျော်ကြားသူတို့အတွက် ထိုက်တန်သော နေရာတခု ရရှိရေးကို သေချာစေပါလိမ့်မည်။ တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်ရန် သူတို့တွင် သမိုင်းပေး ကံကြမ္မာတခု ရှိသည်ဟု ယုံကြည်ထားသူများက သူတို့ကို သမိုင်းတွင် အမှတ်ရနေစေလိုသည်မှာ ဤအတိုင်းပင် ဖြစ်ပါသလား။

(Charles Petrie သည် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်းနှင့် ၂၀၀၃ မှ ၂၀၀၇ ခုနှစ်အတွင်း တာဝန်ထမ်းခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးဟောင်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်ရခြင်း၏ နောက်ကွယ်မှ လူမှုစီးပွားဆိုင်ရာ အကြောင်းရင်းများကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သည့်အတွက် ထိုစဉ်က စစ်အစိုးရက သူ့ကို persona-non grata လက်ခံနိုင်စရာ မရှိသောသူအဖြစ် ကြေငြာခဲ့သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Myanmar Junta’s Leadership Has No Idea What Forces Have Been Unleashed ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်

ကျရှုံးနိုင်ငံအဖြစ်မှ မြန်မာနိုင်ငံ ရှောင်လွှဲနိုင်မလား

ဘဏ်တွေ ပြိုလဲနိုင်သလား

စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေး လက်လွတ်ခြေလွတ် ပြုတ်ကျနေ

Loading