အာဏာသိမ်းစစ်ကောင်စီခန့် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဝင်းသော်က ဘီဘီစီအင်တာဗျူးတွင် ဘဏ်များ၌ မလိုအပ်ဘဲ လူများ တန်းစီငွေထုတ်နေမှုမှာ နိုင်ငံရေးပယောဂကြောင့် ဖြစ်ပြီး လက်ရှိရင်ဆိုင်နေရသော ငွေကြေးအကျပ်အတည်းအပေါ် အမြတ်ထုတ် စီးပွားရှာနေသူများကို ဥပဒေအရ အရေးယူနိုင်ကြောင်း ပြောပြီးလျှင်ပြီးချင်း ရန်ကုန်မြို့လမ်းမများပေါ်ရှိ ငွေလဲလှယ်ကောင်တာများတွင် အမေရိကန် တဒေါ်လာ ၁၇၀၀ ကျပ်ကျော်သွားသည်။ ရွှေဆိုင်များ၌ အခေါက်ရွှေ တကျပ်သားဈေးနှုန်းသည်လည်း ကျပ် ၁၆သိန်း ၄ သောင်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်သွားသည်။
ယင်းသည် စစ်ကောင်စီ၏ အာဏာသိမ်း ရက် ၁၀၀ ပြည့်နှင့် တိုက်ဆိုင်နေပြီး အာဏာသိမ်းချိန်မှ စ၍ မြန်မာကျပ်ငွေတန်ဖိုး ၂၅ ရာခိုင်နှုန်း ကျဆင်းသွားနေခြင်းကို ဖော်ပြနေကာ ဗဟိုဘဏ်က ပြည်သူလူထု၏ ဘဏ်များ၌ အပ်နှံငွေများအား အာမခံချက်ပေးနေခြင်းကိုလည်း မယုံကြည်ဘဲ တန်ဖိုးခိုင်မာသည့် ရွှေနှင့် ဒေါ်လာငွေများ ဝယ်ယူစုဆောင်းနေကြကြောင်း ပြသနေခြင်းပင်။
ဗဟိုဘဏ်တွင် လုပ်သက် ၁၀ နှစ် ရှိခဲ့ပြီး ငွေလဲလှယ်မှုဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းခဲ့သော စစ်ကောင်စီခန့် ဒု ဥက္ကဋ္ဌ ဦးဝင်းသော်က ငွေကြေးကျပ်အတည်းကို ဗဟိုဘဏ်အနေဖြင့် လုပ်စရာရှိသည်များ လုပ်ဆောင်နေခြင်းကြောင့် ဘဏ်များ မပြိုလဲနိုင်ဘဲ သူ့အဆို “ယုံကြည်မှုပျက်စေသော အကြောင်းတရားများကို မူတည်ပြီး ဝိုင်းလုပ်မှသာ” ဘဏ်နှင့် ငွေကြေးစနစ်တို့ ပြိုလဲနိုင်မည်ဖြစ်၍ “အဆိုးမြင်”မှုက မကောင်းကြောင်း ဘီဘီစီအင်တာဗျူးတွင် ပြောသည်။
ထို့ပြင် မည်သည့်အစိုးရတက်စေ ဘဏ်စနစ်အားကောင်းပြီး ဘဏ္ဍာရေးစနစ်က တည်ငြိမ်နေမှသာ ပြည်သူလူထု၏ စားဝတ်နေရေး ပြေလည်မည်ဟု နိဂုံးချုပ်ရင်း “နိုင်ငံရေးနှင့် ဘဏ္ဍာရေး မည်သို့မျှ မသက်ဆိုင် ကွဲပြားစေချင်”ကြောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှ စ၍ မြန်မာ့နိုင်ငံရေးအကူးအပြောင်းကာလများတွင် နိုင်ငံရပ်ခြားမှ အထူးသဖြင့် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် လေ့လာခဲ့ဖူးသော နီယိုလစ်ဘရယ်အယူအဆများအား ဦးဝင်းသော်က ပြောဆိုခဲ့သည်။
သို့သော် ရယ်စရာ ကောင်းသည်မှာ တပ်မတော်အရာရှိဟောင်း ဦးဝင်းသော်သည် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အားကောင်းပြီး အပြန်အလှန် စောင့်ကျပ်ထိန်းချုပ်ရေးစနစ် ထွန်းကားသည့် လစ်ဘရယ်ဒီမိုကရေစီစနစ်အတွင်း နိုင်ငံရေးဩဇာမှ ကင်းလွတ်စွာ လုပ်ကိုင်နေသော ဗဟိုဘဏ်ကို ဦးစီးလုပ်ကိုင်နေရခြင်း မဟုတ်သောကြောင့်ပင်။ ယင်းအစား အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးကဏ္ဍများကို အလုံးစုံထိန်းချုပ်ထားသော စစ်အာဏာရှင်စနစ်၏ အမိန့်ပေး စီးပွားရေးကို ကာကွယ်ဖာထေးရန် တာဝန်ထမ်းနေရကြောင်း ၎င်း၏ ဘီဘီစီအင်တာဗျူး အဖြေများက ပြသနေသည်။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းအပြီး မြန်မာပြည်၏ အကျပ်အတည်းသည် နိုင်ငံရေးနှင့် စီးပွားရေး ခွဲခြားမရပါ။ အမည်မဖေါ်လိုသော ရန်ကုန်အခြေစိုက် သုတေသီတဦး၏ “ဒါက ယုံကြည်မှုအကျပ်အတည်းဖြစ်နေတာ။ စစ်ကောင်စီအုပ်ချုပ်ရေးကို ပြည်သူတွေက မယုံကြည်ဘူး။ ဘဏ်စနစ်ကို သူတို့မယုံတာလည်း အံ့သြစရာမဟုတ်ဘူး။ ဒီမိုကရေစီအစိုးရ ပြန်လာမှပဲ ဒီအကျပ်အတည်းက သက်သာမယ်” ဟူသော ဧရာဝတီကို ပြောဆိုချက်က ပြဿနာဖြေရှင်းရေး ထွက်ပေါက် အကျဉ်းချုပ်ဖြစ်သည်။
ဆိုရှယ်မီဒီယာတွင် ဦးဝင်းသော်ကို ဘဏ်နှင့် ငွေကြေးကဏ္ဍသို့ မရောက်လာမီ တပ်မတော် အမြောက်တပ်တွင် တပ်မှူးအဖြစ် တာဝန်ထမ်းဖူးသူဟု ဖော်ပြနေကြသည်။ ဧရာဝတီအနေဖြင့် ယင်းအချက် မှန် မမှန် အတည်မပြုနိုင်ပါ။ သို့သော် ဦးဝင်းသော်၏ စကားလုံးများကမူ ခေတ်သစ် ဈေးကွက်စီးပွားရေးစနစ်တွင် အဓိကဖြစ်သည့် စားသုံးသူ ပြည်သူလူထု သက်သာချောင်ချိရေး အထောက်အကူမဖြစ်လှဘဲ စစ်ပွဲအတွင်း မမြင်ရသော ရန်သူကို အမြောက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေသလိုမျိုး ဖြစ်နေ၍ ပိုမိုကျပ်တည်းရန်သာ ကြုံလာနေရပေတော့သည်။
You may also like these stories:
ဗဟိုဘဏ်က ငွေလွှဲကောင်တာများမှတဆင့် ဒေါ်လာ ထုတ်ရောင်းမည်
ဒေါ်လာနှင့် ရွှေဈေး မိုးသို့ ထိုးတက်နေ
စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်