ဇွန်လမှာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသဖြင့် အာဏာသိမ်း စစ်ကောင်စီလက်ထက် ပညာရေးစနစ်အောက်တွင် ပညာသင်ကြားသင့် မသင့် (သို့မဟုတ်) ကျောင်းတက်ရေး မတက်ရေးသည် အငြင်းပွားစရာကိစ္စတခု ဖြစ်လာခဲ့ပါသည်။ လက်ရှိမှာလည်း ပုဂ္ဂလိကကျောင်းအချို့ ဖွင့်လှစ်နေပြီး တက်ရောက်သူများ ရှိနေသည်ဟု ကြားသိရသည်။
ကျောင်းမတက်ရေး အုပ်စုက စစ်အာဏာရှင်စနစ်အောက်မှာ ဖွင့်လှစ်သည့် ကျောင်းများနှင့် ပညာရေးစနစ်ကို ဆန့်ကျင်ကန့်ကွက်ရေး၊ အသိအမှတ်မပြုရေးဖြစ်ပြီး အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းရေးသည် ပြည်သူတရပ်လုံး၏ အန္တိမပန်းတိုင်ဖြစ်သင့်သည်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားမှသာ စစ်မှန်သည့် အရည်အသွေးရှိသည့် ပညာရေးကို ကျောင်းသူကျောင်းသားများ ရရှိခံစားနိုင်မည်ဟု ဆိုသည်။
ကျောင်းမတက်ရေးအုပ်စုက လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ကြီးမားသည့် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးဆိုင်ရာပြောင်းလဲမှုကြီး (transformational change)အတွက် အဓိက ဦးတည်လုပ်ဆောင်နေတာဖြစ်သည်ဟု သုံးသပ်နိုင်သည်။ စစ်အာဏာရှင်စနစ် တည်မြဲနေသရွေ့ မြန်မာနိုင်ငံဟာ အဘက်ဘက်က ဆိုးဝါးနိမ့်ကျဖြစ်နေမှာ ဖြစ်သည့်အတွက် အရင်ဆုံး ယင်းစနစ်ကို အမြစ်ဖြတ်ခြင်းသည် ပထမဦးစားပေးဖြစ်ရမည်ဟု ခံယူထားကြခြင်း ဖြစ်ပြီး အားလုံးညီညွှတ်ကြပါက စစ်အာဏာရှင်စနစ်ကို အချိန်တိုအတွင်း အမြစ်ဖြတ်နိုင်မည်ဟုလည်း ခံယူထား ကြသူများဖြစ်သည်။
လက်ရှိကျောင်းပတ်ဝန်းကျင်ကလည်း ကျောင်းသားကျောင်းသူများ ပညာသင်ကြားရန် ကောင်းမွန်သည့် ပတ်ဝန်းကျင်မဟုတ်ဘဲ အချိန်မရွေး ဖမ်းဆီးပစ်သတ်ခံရနိုင်သည့် အခြေအနေ ပတ်ဝန်းကျင်ဟုလည်း ရှုမြင်သုံးသပ်ထားကြသူများဖြစ်သည်။
အခြားတဘက်ကမူ လက်တွေ့ကျသည့် ရွေးချယ်စရာ ကျယ်ကျယ်ပြန့်ပြန့် မဖန်တီးပေးနိုင်ဘဲ ကျောင်းမတက်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းသည် ဆင်းရဲသားအောက်ခြေ လူတန်းစားများအတွက် ပိုမို ထိခိုက်စေသည်ဟု ထောက်ပြသည်။ ငွေကြေးတတ်နိုင်သူများအတွက် နိုင်ငံခြား၊ ပြည်တွင်းပုဂ္ဂလိကနှင့် အွန်လိုင်းမှ သင်ကြားနိုင်သော်လည်း လူမှုတရားမျှတမှုရှုဒေါင့်၊ လူစွမ်းအားအရင်းအမြစ်နှင့် နိုင်ငံဖွံ့ဖြိုးမှုအမြင်ဖြင့် သင်ယူမှုဆုံးရှုံးခြင်း (learning loss) မဖြစ်စေရန် အရေးကြီးသောကြောင့် ကျောင်းတက်ခြင်းကို မရှုတ်ချသင့်သူသော အမြင်ဖြစ်သည်။ ယင်းအယူအဆကို တင်ပြသူများထဲ မြန်မာပညာရှင်များ အဖွဲ့အစည်းတခုဖြစ်သည့် အိုင်အက်စ်ပီ-မြန်မာက ရှေ့တန်းရောက်သည်။ ၎င်းအဖွဲ့၏ ISP-Myanmar, 2021, What Matters-25 တွင် ဖတ်ရှုနိုင်သည်။
အိုင်အက်စ်ပီ-မြန်မာမှ အကြီးတန်းသုတေသီ ဦးမင်းဇင်ကလည်း ရေတိုထက် ရေရှည်အတွက် ယင်းကိစ္စကို သက်ဆိုင်သူတို့ သေချာစဉ်းစားသင့်သည်၊ နိုင်ငံရေးအရ ရန်-ငါ စည်းခြားခြင်း မပြုသင့်ဟု ၎င်း၏ ဖေ့ဘွတ် စာမျက်နှာတွင် သီးခြားဆိုထားသည်။
စဉ်ဆက်မပြတ် သင်ယူလေ့လာနေကြရသော ပညာခေတ်ကြီးထဲ အခြေခံပညာပင် ဖြစ်ပါစေ ပညာရေးအရည်အသွေးကလည်း အရေးတကြီး ထည့်စဉ်းစားသင့်ကြောင်း စာရေးသူ ထင်မြင်မိသည်။ ထို့ကြောင့် စစ်အစိုးရအဆက်ဆက် ပညာရေးကို ဦးစားမပေးဘဲ အစိုးရအသုံးစရိတ်ကို လျှော့ချလာခြင်းကြောင့် မြန်မာနိုင်ငံ ပညာရေးအဆင့်အတန်း နိမ့်ကျသွားရသည် ဟု စာရင်းဇယားများကို အခြေပြုပြောလိုသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၁၅ ခုနှစ် ပြည်သူ့ဘဏ္ဍာသုံးစွဲမှု အစီရင်ခံစာအရ ၁၉၇၃/၇၄ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရသည် ပညာရေးတွင် ဂျီဒီပီ၏ ၃.၃ ရာခိုင်နှုန်း ခန့်သုံးစွဲရာမှ ၂၀၁၁/၁၂ ဘဏ္ဍာရေးနှစ်၌ အရပ်သားတပိုင်း စစ်အစိုးရတပိုင်း ဦးသိန်းစိန်လက်ထက် ၀.၇ ရာခိုင်နှုန်းသာ သုံးစွဲခဲ့တော့သည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်းန်ိုင်ငံများ၏ ပညာရေးအသုံးစရိတ်များဖြင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးသည်ကို တွေ့ရသည်။ ဗီယက်နမ်နိုင်ငံ အစိုးရသည် ၂၀၀၈ ခုနှစ်တွင် ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းကျော်သုံးစွဲနေချိန် မြန်မာအစိုးရက ၁ ရာခိုင်နှုန်းမရှိ ဖြစ်နေသည်။ အာဆီယံနိုင်ငံများ၏ ပျမ်မျှသုံးစွဲမှုသည် ဂျီဒီပီ၏ ၃.၆ ရာခိုင်နှုန်းရှိပြီး ဝင်ငွေနည်းနိုင်ငံများပင် ပျမ်းမျှ ၃.၃ ရာခိုင်နှုန်း ပညာရေးတွင် သုံးစွဲသဖြင့် စစ်အစိုးရခေတ်အဆက်ဆက် ပညာရေးကို အလေးမထားခဲ့ကြောင်း တွေ့ နိုင်သည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း တိုးမြှင့်သုံးစွဲသည်ဟုဆိုရာမှာပင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ၂.၁ ရာခိုင်နှုန်းသာရှိရာ လာအိုနိုင်ငံထက်ပင် နည်းပါးသုံးစွဲသည်ကို တွေ့ရသည်။
ထို့ပြင် အစိုးရ ပညာရေးအသုံးစရိတ်များက နည်းပါးပြီး ပညာရေးအတွက် မိဘများ အိမ်ထောင်စု များ၏ out of pocket ဟုခေါ်သည့် မိမိပိုက်ဆံ စိုက်ထုတ် သုံးစွဲရမှုက ပိုမိုများပြားလာခဲ့သည်။ ပညာရေးအသုံးစရိတ်များအားလုံး၌ အစိုးရအသုံးစရိတ်သည် ၃၁ ရာခိုုင်နှုန်းသာဖြစ်ပြီး အိမ်ထောင်စုများမှ စိုက်ထုတ်သုံးစွဲရသည့် (ကျောင်းအပ်စရိတ်များ အပါအဝင်) ၆၃ ရာခိုင်နှုန်းနှင့် အလှူရှင်များ၏ ထည့်ဝင်မှုသည် ၆ ရာခိုင်နှုန်းခန့်ရှိသည်ဟု ပညာရေးဝန်ကြီးဋ္ဌာန၏ ၂၀၀၉-၁၀ စာရင်းများကို ကိုးကား၍ ကမ္ဘာ့ဘဏ်က တွက်ချက်ထားခဲ့သည်။
ထိုသို့ ပြည်သူလူထုက မိမိပိုက်ဆံစိုက်ထုတ်ပြီး သားသမီးပညာရေးကို ပံ့ပိုးပေးရ၍ မြန်မာနိုင်ငံလို ဆင်းရဲသည့် ဖွံ့ဖြိုးဆဲနိုင်ငံတွင် အိုင်အက်စ်ပီ-မြန်မာ စာတမ်း၌ ဖေါ်ပြထားသည့် လူမှုတရားမျှတမှုပြဿနာသည်လည်း ကြီးထွားခဲ့ရသည်။ ဆင်းရဲချမ်းသာကွာဟမှု ပိုမိုကြီးမားလာခဲ့သည်။ ဆင်းရဲသားမိသားစုများမှ ကလေးများ ပညာရေး လက်လှမ်းမမီ ဖြစ်ကြရသည်။ မြန်မာန်ိုင်ငံတွင် ဝင်ငွေနည်းဆင်းရဲသားမိသားစုများမှ ကျောင်းနေအရွယ် ကလေးသူငယ် ၂၉ ရာခိုင်နှုန်းသာ secondary education ဟုခေါ်သည့် အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ပညာသင်ကြားနိုင်သည်။
စစ်အစိုးရခေတ်ပညာရေး မည်မျှဆိုးဝါး နိမ့်ကျလာခဲ့သည်ကို ကမ္ဘာ့ဘဏ်က ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် “Closing the Gap: Expanding Access to Social Services” အစီရင်ခံစာ၌ ပထမတန်းကျောင်းသားများ၏ ၃၇ ရာခိုင်နှုန်းသည် စာတလုံးမျှ မဖတ်တတ်၍ ၇၃ ရာခိုင်နှုန်းသည် ယင်းတို့ ဖတ်ရှုခဲ့သည့် သင်ခဏ်းစာပါ အကြောင်းအရာကို ပြန်လည်မေးခွန်းထုတ်လျှင် မဖြေဆိုနိုင်ကြဟု တင်ပြထားသည်။
ထို့အတွက်ကြောင့် အရည်အတွက်သာ ဦးစားပေး၍ အရည်အသွေးကို အလေးမထား၊ ပညာတတ်ကိုဂရုမစိုက် မလေးစားသည့်အပြင် ရိုက်နှက်ဖမ်းဆီးပြီး အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူ ကျောင်းသားများ၏ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ် သတ်ဖြတ်တတ်သော စစ်ကောင်စီထံမှ ရရှိမည့် ပညာရေးကို မှန်းဆပြီး အင်မတန် ရင်လေးမိပါသည်။
ပညာရေးအဆင့်အတန်း အလွန်အမင်း နိမ့်ကျသွားရခြင်းတွင် တက္ကသိုလ်တန်းများကို ၃ လဖြင့်စာမေးပွဲစစ်ပြီး အောင်ချက်ကောင်းအောင် ဖြေဆိုသူအားလုံးနီးပါး အအောင်ပေးခြင်း၊ တက္ကသိုလ်များမှ အရည်အချင်းပြည့်ဝသူ တော်သူထက်သူ ဆရာဆရာမ အများအပြား အလုပ်မှနှုတ်ထွက်၍ န်ိုင်ငံခြားသို့ထွက်ခွာသွားခြင်း၊ တက္ကသိုလ်များတွင် ကျောင်းသားများ စုစည်းမိပြီး စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ မဖြစ်ပွားရန် တက္ကသိုလ်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အလွယ်တကူ မသွားရောက်နိုင်သည့် ဝေးလှမ်းသည့် နေရာများ၌ သင်ကြားမည့် ဆရာ ဆရာမ လုံလောက်စွာမရှိဘဲ တက္ကသိုလ်များဖွင့်လှစ်ခြင်းတို့လည်းပါဝင်သည်။
၈၈ အရေးတော်ပုံနောက်ပိုင်း စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် မြန်မာနိုင်ငံ ပညာရေးကော်မတီဥက္ကဋ္ဌ ဖြစ်လာသောအခါ ကျင့်သုံးခဲ့သည့် ထိုသို့သော ပညာရေးစနစ် ပြန်လည်တပတ်လည်လာတော့မည်ဟု အာဏာဖီဆန်သော ဆရာ ဆရာမများကို အလုံးအရင်းဖြင့် အလုပ်မှ ဖြုတ်အပြီး ပို၍ စိုးရိမ်လာနေရပါသည်။
အိုင်အက်စ်ပီ-မြန်မာ စာတမ်းပါ အချက်အလက်များအရ တက္ကသိုလ် ဆရာဆရာမ အများအပြား (၅၆ ရာခိုင်နှုန်း ) နုတ်ထွက်သွားသဖြင့် တက္ကသိုလ်ပညာရေးစနစ်က ပျက်စီးသွားပြီဟု ဆိုနိုင်သည်။ အခြေခံပညာတွင်တော့ ဆရာဆရာမ ၂၆ ရာခိုင်နှုန်းသာ စီဒီအမ်လုပ်သည့်ထဲ ပါဝင်သည်ဆိုသော်လည်း နဂိုထဲက ကျောင်းသား-ဆရာ အချိုးအစား မညီမျှမှုများကြောင့် သင်ကြားရေးက အတော်ထိခိုက်သွားမည်ဟုဆိုနိုင်သည်။
အထက်တွင်ဖေါ်ပြခဲ့သလို လူမှုတရားမျှတမှု၊ သင်ကြားမှုအခွင့်အလမ်း မဆုံးရှုံးရေး ဦးစားပေး ဆွေးနွေးနေခြင်းဖြစ်သော်လည်း မိမိအမြင်က စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ မညီမျှမှု၊ ဆင်းရဲမှုသည် ပိုမိုဆိုးဝါးသွားမည်မှာ ပြဿနာ၏ အရင်းအမြစ်ဟု မျိုးဆက်နှင့် ချီ၍ ခံစားလာခဲ့ရသည့် အတွေ့အကြုံပေါ် မူတည်ပြီး ပြောချင်သည်။
ထို့ကြောင့် ဧပြီလနောက်ဆုံးပတ်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၏ အစီရင်ခံစာအရ စစ်အာဏာသိမ်းခြင်းနောက်ပိုင်း ဆင်းရဲမှုနှုန်းသည် ၂ ဆတိုးပြီး လူဦးရေ၏ထက်ဝက် ၂၄-၅သန်းခန့် ဆင်းရဲတွင်းထဲ နစ်မြှုပ်သွားနိုင်သည်ဟု ဖေါ်ပြထားသည့်အတွက် ထိုကဲ့သို့သော အခြေအနေအောက်တွင် အောက်ဆုံးအလွှာမှ ကလေးများ ပညာသင်ကြားနိုင်ရန် အခွင့်အလမ်းများ မည်မျှလျှော့နည်းသွားပြီကို မှန်းဆကြည့်နိုင်သည်။
ဤနေရာမှာ အိုင်အက်စ်ပီစာတမ်းပါ အချက်တချက်ကိုတော့ အံ့အားသင့်မိသည်။ ထိုအချက်သည်သားသမီးငယ်တွေကို ကျောင်းမပို့နိုင်လျှင် လူကြီးတယောက်ယောက် အိမ်မှာနေရသည့်အတွက် မိသားစုဝင်ငွေ နည်းသွားမည်ကို လျှော့မတွက်သင့်ဟု ဖြစ်သည်။ အိုက်အက်စ်ပီအဖွဲ့မှ သုတေသနပညာရှင်များ ကျေးလက်ဒေသနှင့် ဆင်ခြေဖုန်း ရပ်ကွက်များရှိ မိသားစုများ၏ ဘဝကို မျက်စိလျှမ်းသွားသလော။
ဆင်းရဲသားမိသားစုဝင် ကျောင်းနေကလေးအများအပြားသည် နဝတ/နအဖ စစ်ကောင်စီများလက်ထက်မှစ၍ မြို့ကြီးပြကြီးများတွင် စားပွဲထိုး၊ အိမ်အကူများအဖြစ် ကလေးလုပ်သားများဖြစ်နေကြသည်ကို ရန်ကုန်မြို့ရှိ လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ သွားလျှင်ပင် သိရှိနိုင်သည်။ မိဘဝင်ငွေနည်းခြင်းကြောင့် ကလေးများက ပညာရေးကို စွန့်လွှတ်၍ ဝင်ငွေရှာဖွေ၍ မိသားစုဝန်ကို ထမ်းကြရသည်။ ကျောင်းမတက်သည့် ကလေးများကို မိဘများက အလုပ်မလုပ်ဘဲ ထိုင်စောင့်စရာလည်း မလိုတော့။ တိုင်းပြည်စီးပွားရေး ထိုးကျသွားသဖြင့် ပြည်သူအများအပြား အလုပ်လက်မဲ့ (အထူးသဖြင့် ကျဘန်းလုပ်သားများ) ဖြစ်သွားကြပြီး ၎င်းတို့၏ သားသမီးများ ကျောင်းထွက်သွားကြရသည်။
အိုင်အက်စ်ပီ-မြန်မာအဖွဲ့ အကြံပြုထားသည့် Alternatives အခြားနည်းလမ်းရွေးချယ်စရာများ လိုအပ်သည်ဆိုသည်ကိုမူ အကြွင်းမဲ့လက်ခံသည်။ မိမိတို့နိုင်ငံ အနာဂတ်မျိုးဆက်များ ပညာမဲ့ မသွားရေးအတွက် ဝိုင်းဝန်းအဖြေရှာကြရမည်ဖြစ်သည်။ ဆန်းသစ်ဖန်တီးမှုများ ဖေါက်ထွက်စဉ်းစားမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။
ပညာရှင်ဆန်ဆန် ဆွေးနွေးရာတွင် စကားကြုံ၍သာ ပြောရမည့် အကြောင်းက ရှိနေသည်။ မပြောမပြီး၍ ဖြစ်သည်။ ယင်းမှာ ပညာသင်ရန် ဆန္ဒရှိသူများကို ကျောင်းမတက်နိုင်အောင် ခြိမ်းခြောက်ပြီး ကျောင်းကို ဗုံးခွဲသူများမှာ အာဖဂန်က တာလီဘန် အစွန်းရောက် အကြမ်းဖက်သောင်းကျန်းသူများနှင့် လုပ်ရပ် အတူတူဖြစ်သွားပြီဟု ကျောင်းမတက်ရေး ကျောင်းမအပ်ရေးလှုပ်ရှားမှု လုပ်နေသူများကို ဝါးလုံးဖြင့် ရမ်းသလို အကြမ်းဖက်သမားများအဖြင့် စွပ်စွဲပြောဆိုခြင်း ဖြစ်သည်။
အံ့ဩစရာတော့ မဟုတ်ပါ။ ထိုသို့ရေးသားသူမှာ ဦးသိန်းစိန်လက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ဖြစ်နေသောကြောင့်ပင်။
ယခုအခါ ဗုံးကွဲမှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းရှိ မြို့ကြီးများတွင် ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေမှုက စိုးရိမ်စရာ ဖြစ်ပါသည်။ လက်သည်တရားခံ အစစ်အမှန်များ မည်သူမည်ဝါဟု မဖော်ထုတ်နိုင်ကြပါ။ ထို့အပြင် ယင်းလုပ်ရပ်များသည် လမ်းမများပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ကျောင်းသားလူငယ်များအား ရက်ရက်စက်စက် စစ်ကောင်စီ၏ တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းများ၏ နောက်ဆက်တွဲ ဖြစ်ရပ်များဟု မမေ့ရန်လည်း လိုသည်။ ယခင် စစ်အုပ်ချုပ်သူများလက်ထက်က လက်သည် တရားခံရှာမတွေ့ဘဲ ကြုံရာဖမ်းဆွဲပြီး ညှဉ်းပမ်းနှိပ်စက်ကာ အဓမ္မဝန်ခံခိုင်းသည့် လက်စလက်နများ ရှိခဲ့ဖူးသောကြောင့်လည်း ယင်းလုပ်ရပ်များသည် တဘက်တည်းက လုပ်ဆောင်နေခြင်းဟု ယုံကြည်ရန် ခက်ခဲပါသည်။
ယင်းသို့ အနေအထားတွင် ဦးရဲထွဋ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်နေသူများအပြင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် တိုင်းရင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွှတ်ရေးအစိုးရသည် ဗုံးဖောက်ခွဲမှုများ၏ လက်သည်တရားခံဟု ကောက်ချက်ဆွဲလိုက်ခြင်းက စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် Institute of South East Asian Studies (ISEAS) တွင် မည်သို့များ သုတေသနပြုလာသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်ရသည်။
ထို့ပြင် စစ်အစိုးရများ ဖေါ်ဆောင်ပေးခဲ့သည့် ပညာရေးစနစ်များအောက်မှာပင် ထူးချွန်ထက်မြက်သူတွေ ရှိခဲ့ပြီး ထိုပညာရေးစနစ်ကပင် အရည်အချင်းရှိသူများကို မွေးထုတ်ပေးခဲ့သည်ဟု ရေးသားထားသည့် တင်ပြချက်ကလည်း လူရယ်စရာသာဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး မြန်မာပညာရှင် ပညာတတ်များ နိုင်ငံက စွန့်ခွာသွားခဲ့ရပြီး မြန်မာ့ပညာရေးစနစ် မည်မျှနိမ့်ကျသွားကြောင်း ကမာ္ဘ့ဘဏ်အစီရင်ခံစာများမှ အချက်အလက်များ အထက်တွင် တင်ပြထားပြီဖြစ်သဖြင့် သူသည် မည်ကဲ့သို့ သုတေသနသမားတယောက် ဆိုသည်ကို ရှင်းပြစရာ မလိုတော့ပါ။
စာရေးသူတဦးတည်း အမြင်က ပညာရေးသည် အင်မတန်ကျယ်ပြန့်သည့် ရပ်ဝန်းနယ်ပယ်ဖြစ်သဖြင့် သင်ယူမှုသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ဖြင့် ဆက်စပ်ပတ်သက်လျက်ရှိသည့်အတွက် လက်ရှိနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း တခုလုံးကို ခြုံငုံသုံးသပ် ဆွေးနွေးရန် လိုအပ်သည်ဟု ထင်မြင်သည်။ ပညာရေးကို နိုင်ငံ၏ လက်ရှိအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုများမှ ခွဲထုတ်စဉ်းစား၍ မရ (Education cannot be disembedded from political economy of the country; it is embedded in society) ဟု သုံးသပ်ပါသည်။
(လင်းထက်မြက်သည် ရန်ကုန်အခြေစိုက် စီးပွားရေးရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)
You may also like these stories:
ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ စကားများက ပြည်သူ့နားမှာ မချိုသာ