ဗိုလ်ချုပ်မှူးကြီး၏ သမ္မတအိပ်မက်က အဖြစ်ဆိုးများသာ သယ်ဆောင်လာသည်

နိုင်ခေတ်
၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့ မဲထည့်အပြီး တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

လူတိုင်းလူတိုင်းသည် ရေရှည်တည်တံ့သောဘဝ၊ ရေရှည်တည်တံ့သော စီးပွားရေး၊ ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော နိုင်ငံတို့ကိုလိုချင်ကြသည်။ သို့သော် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သောအခါ မြန်မာပြည်သူများအတွက် ထိုသို့သော ရည်မှန်းချက်များ ရုတ်တရက်ပျောက်ကွယ်သွားရသည်။ သို့သော် တနိုင်ငံလုံးကို အစိတ်စိတ်အမွှာမွာဖြစ်အောင် လုပ်လိုက်သူသည် သူဖန်တီးလိုက်သည့် ရေရှည်တည်တံ့ခိုင်မြဲမှုဟု ယူဆရသောအရာအတွက် ကျေနပ်နေပုံရသည်။ သူ့အနေဖြင့် ရပိုင်ခွင့်မရှိသည့် အခွင့်အရေးဖြစ်သော သမ္မတအိမ်တော်တွင် တက်နေပြီး ကပ်ဘေးဒုက္ခများကို ဦးစီးဦးဆောင် ဖန်တီးနေတော့သည်။

အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာ ဗ်ိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပထမဆုံး လုပ်ကိုင်သည့် လုပ်ရပ်များတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသော သမ္မတဦးဝင်းမြင့်ကို သမ္မတ အိမ်တော်မှ နေပြည်တော်ရှိ အခြားနေရာတခုသို့ အတင်းအကျပ်ရွှေ့ပြောင်း ဖမ်းဆီးထားခြင်း ဖြစ်သည်။ ထို့နောက်ချက်ခြင်းဆိုသလို သူနှင့် သူ့ဇနီးသည် သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် ဘုန်းကြီး ၅ ပါးပင့်ပြီး ရိုးရာအစဉ်အလာ အိမ်တက်မင်္ဂလာအခမ်းအနား ကျင်းပကြသည်။ ယင်းသည် အာဏာသိမ်း ခေါင်းဆောင်နှင့် သူ၏မိသားစုက သမ္မတအိမ်တော်ကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း စစ်ဘက်ထိပ်တန်းခေါင်းဆောင်များနှင့် နီးကပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။

အမှန်ဆိုပါက ထိုနေရာသည် သူ့အတွက်နေရာ မဟုတ်ပေ။ ထိုနေရာ၏ တရားဝင်အမည်ဖြစ်သည့် သမ္မတအိမ်တော် ဆိုသည့်အတိုင်း သမ္မတများအတွက် သတ်မှတ်ထားသောနေရာသာ ဖြစ်သည်။

ယခင်စစ်အုပ်စုက အာဏာကို အကြွင်းမဲ့ ထိန်းချုပ်ထားခြင်းကို ဖြေလျှော့လိုက်သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်အတွင်းတွင် ထိုအိမ်တော်တွင် ရွေးကောက်ခံ သမ္မတ ၃ ဦးနေထိုင်ခဲ့သည်။ ဦးသိန်းစိန်၊ ဦးထင်ကျော်နှင့် ဦးဝင်းမြင့်တို့ဖြစ်သည်။ ယခင်စစ်အုပ်စုလက်အောက် ၂၀၁၀ ခုနှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် လွတ်လပ် မျှတမှုနှင့် အားလုံးပါဝင်နိုင်မှုများ မရှိသော်လည်း ဗိုလ်ချုပ်ဟောင်းဖြစ်သော ဦးသိန်းစိန်သည် ရွေးကောက်ခံသမ္မတဖြစ်လာခဲ့သည်။ သို့သော် အခေါ်အဝေါ်အားဖြင့်ဆိုပါက သူသည် ရွေးကောက်ခံသမ္မတဖြစ်လာခဲ့သည်။

သူ့ကို ဆက်ခံရန် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးထင်ကျော်ကို ၂ နှစ်တာမျှနှင့် နောင်တွင် ဦးဝင်းမြင့်တို့ကို ပထမဆုံး အရပ်သားသမ္မတများ အဖြစ် လွှတ်တော်သက်တမ်း ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ခန့်ထားခဲ့သည်။

ဖြုတ်ချခံ NLD အစိုးရ ခေါင်းဆာင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုမူ နေအိမ်မှ အတင်းအကျပ်ရွှေ့ပြောင်းခိုင်းခြင်း မရှိဘဲ နေအိမ်တွင်ပင် ဖမ်းဆီးထားသည်။ NLD အစိုးရအဖွဲ့ဝင်အများစုကိုလည်း နေပြည်တော်ရှိ ၎င်းတို့၏ နေအိမ်များတွင်ပင် ဖမ်းဆီးထားသည်။

NLD က တောင်ပြိုကမ်းပြိုနိုင်သည့် နောက်ထပ်ရွေးကောက်ပွဲရလဒ်အပြီး အာဏာသိမ်းရန် ဗ်ိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆုံးဖြတ်ချက်မှာ နိုင်ငံအကြီးအကဲအဖြစ် သို့မဟုတ် ရှေ့လာမည့်နှစ်များတွင် ရွေးကောက်ပွဲ လုပ်ပြီးသောအခါ ရွေးကောက်ခံသမ္မတအဖြစ် သူ၏ ရေရှည်တည်တံ့ရေးမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရွေးကောက်ပွဲကျင်းပရန်မှာ စစ်ကောင်စီက ကြေညာထားသော စီမံချက်ဖြစ်သည်။ ၂၀၂၀ ခုနှစ်က ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုချက်အရ သူသည် န်ိုင်ငံအကြီးအကဲနေရာကို ရရှိရန် အမှန်တကယ်ကြိုးစားနေသည်ကို သံသယဖြစ်ရန် မလိုကြောင်း ပြသနေသည်။

သူ၏ စိတ်တွင် သမ္မတအိမ်တော်နှင့် အခြားအဆောင်အယောင်များအပါအဝင် သမ္မတရာထူးကို စွဲလန်းနေသည်ဟု ဆိုလျှင် မမှားလောက်ပေ။ ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်ကို သမ္မတအိမ်တော်မှ အလျှင်အမြန် ရွှေ့ပြောင်းလိုက်ခြင်းသည် ကြိုတင်ကြံစည်ထားသော လုပ်ရပ်ဖြစ်ကြောင်း ပြသနေသည်။

အာဏာသိမ်းပြီး ၃ လကျော်ကြာပြီဖြစ်သည့် ယခုအချိန်တွင် ဗ်ိုလ်ချုပ်မှူးကြီးနှင့် သူ၏ မိသားစုသည် သမ္မတများအတွက် သတ်မှတ်ထားသည့် အိမ်တော်တွင် ဇိမ်ကျကျ အရှက်တရားကင်းမဲ့စွာ နေထိုင်နေကြပြီဖြစ်သည်။ သူသည် အနာဂတ် သမ္မတဖြစ်သည်ဟု သူ့ကိုယ်သူ ထင်ကောင်းထင်နေနိုင်သော်လည်း လတ်တလောတွင် သူသည် သူ့ဖာသာသူ ခန့်ထားသည့် နိုင်ငံအကြီးအကဲဖြစ်သောကြောင့် ထိုနေရာတွင် နေထိုင်ခွင့်ရှိသည်ဟုလည်း အထင်ရောက်နေပုံရသည်။

သူ၏ နိုင်ငံရေး ရည်မှန်းချက်များကို ဘေးဖယ်ထားပြီး စစ်အာဏာသိမ်းမှုကို စစ်ဘက်ရှုထောင့်မှကြည့်လျှင်ပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြုမူဆောင်ရွက်နေပုံများသည် လက်နက်ကိုင်တပ်များ၏ အကြီးအကဲအဖြစ် သူ့ ပုံရိပ်ကို ထိခိုက်စေရုံသာမက စစ်တပ်သည်လည်း ပြည်သူလူထုအမြင်တွင် လုံးဝစက်ဆုပ်စရာ ဖြစ်သွားစေသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့က သူ၏လုပ်ရပ်သည် နိုင်ငံအတွက်သာမက စစ်တပ်အတွက်ပါ ကပ်ဘေးတခုဖြစ်သည်။ စစ်တပ်သည် မြန်မာနိုင်ငံတွင် အမည်ဆိုးကျော်ကြားပြီးဖြစ်သော်လည်း သူ၏အာဏာသိမ်းမှုကြောင့် လူထုကို စစ်တပ်က ပိုမိုမုန်းတီးစေသည်။ ယခုအခါ မြန်မာပြည်သူများသည် စစ်တပ်နှင့်ပတ်သက်ပြီး အထူးသဖြင့် ခေါင်းဆောင်ပိုင်းနှင့် ပတ်သက်ပြီး အမုန်းတရားနှင့် ခွင့်မလွှတ်နိုင်ခြင်းများသာ ခံစားနေရသည်။

လက်တွေ့တွင်လည်း စစ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံမှ ဒီမိုကရေစီစနစ်များကို ဖျက်ဆီးခဲ့သည့် ရှည်လျားသော သမိုင်းကြောင်းရှိကြသည်။ သို့သော် ယခုတကြိမ်တွင်မူ ပိုမိုဆိုးရွာသွားသည်။ ယခု အပတ်အစောပိုင်းက စစ်ကောင်စီသက်တမ်း ရက် ၁၀၀ ပြည့်သောအခါ ၎င်းတို့သည် အာဏာသိမ်းစဉ်က ချမှတ်ခဲ့သည့် မည်သည့် ရည်မှန်းချက်ကိုမျှ အောင်မြင်အောင်လုပ်ရန် မဆိုထားနှင့် နိုင်ငံတွင် တည်ငြိမ်မှု ကိုပင် တည်ဆောက်နိုင်ခြင်း မရှိသေးပါ။

ဒီမိုကရေစီ အစိုးရစနစ်ကို ဖျက်ဆီးလိုက်သောအခါ နိုင်ငံသည် များပြားလှသည့် ခါးသည်းသော အတွေ့အကြုံများကို ခံစားရသည်။

၁၉၆၂ ခုနှစ်တွင် အာဏာရှင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းလိုက်ပြီး ပါလီမန်ဒီမိုကရေစီစနစ်နှင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ပုံမှန်ကျင်းပနေသော လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများကို ဖျက်သိမ်းလိုက်သည်။ နောက်ထပ် ၂၆ နှစ်လုံးလုံး နိုင်ငံတွင် နောက်ထပ် ဒီမိုကရေစီရွေးကောက်ပွဲများကို မတွေ့ရတော့ပေ။

စစ်ခေါင်းဆောင်များသည် နှစ်ပေါင်း ၅၀ နီးပါးကြာသည့် တင်းကျပ်သော စစ်အုပ်ချုပ်ရေးအောက်တွင် ဒီမိုကရက်တစ်မြန်မာကို ဒီမိုကရက်တစ်မဆန်သည့် နိုင်ငံဖြစ်အောင် ပြောင်းလဲပစ်လိုက်သည်။ သို့သော် တရားမဝင် နည်းလမ်းဖြင့် အာဏာသိမ်းသော ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ကိုယ်၎င်းတို့ တရားဝင်စေရန် နည်းလမ်းရှာဖွေကြရသည်။

၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းပြီး ၂ နှစ်အကြာ စစ်အုပ်စုသစ်က အထွေထွေရွေးကောက်ပွဲတခု ကျင်းပသည်။ NLD က တောင်ပြိုကမ်းပြိုနိုင်သည်။ ထိုအခြေအနေကို တုံ့ပြန်သောအားဖြင့် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ လက်ထောက်ဗ်ိုလ်ချုပ်ကြီးများသည် ထိုရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကာ အနိုင်ရသူကို အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။

နောက်ထပ် နှစ်ပေါင်း ၂၀ လုံးလုံး ရွေးကောက်ပွဲ မရှိတော့ပေ။ နောက်ဆုံးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အုပ်စုသည် ၎င်းတို့ကိုယ်၎င်းတို့ တရားဝင်စေလိုသောကြောင့် နောက်ထပ်ရွေးကောက်ပွဲ ကျင်းပပြန်သည်။ အားလုံးပါဝင်မှု၊ လွတ်လပ်မျှတမှုများ မရှိသော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် ယခင်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် အရပ်သားတပိုင်း အစိုးရအောက်တွင် တစိတ်တပိုင်းဒီမိုကရေစီစနစ်ကို ထူထောင်ရန် တံခါးပွင့်သွားစေသည်။

သို့သော် အားလုံးပါဝင်ပြီး လွတ်လပ်မျှတသည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက ၂၀၁၀ ခုနှစ် ရလဒ်များကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ NLD က တောင်ပြိုကမ်းပြို အနိုင်ရပြန်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးစီးသော စစ်အုပ်စုက ရေးဆွဲခဲ့သည့် ဒီမိုကရေစီနည်းလမ်းမကျသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် နိုင်ငံသည် အသွင်ကူးပြောင်းလာခဲ့ပြီး ယခင်စစ်အာဏာရှင်အဆက်ဆက် ငြင်းပယ်ခံခဲ့ရသော လွတ်လပ်မှုများကို ခံစားလာရသည်။ NLD အာဏာရသည့် ၅ နှစ်အတွင်း စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် အာဏာရ NLD အကြား တင်းမာမှုများရှိသော်လည်း နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် စီးပွားရေး အပါအဝင် အခြားကဏ္ဍများတွင် အခြေခံကျသည့် အပြောင်းအလဲများဖြင့် ခရီးဆက်ခဲ့သည်။

နိုင်ငံရေးနယ်ပယ်တွင် စစ်တပ်ကို အခွင့်ထူးများပေးသော ဒီမိုကရေစီနည်းလမ်းမကျသည့် ၂၀၀၈ ဖွဲ့စည်းပုံ အောက်တွင်ပင် ထိုအစီအစဉ်သည် အခြား ပုံမှန်အခြေအနေနိုင်ငံများနှင့်တူပြီး အဓိကပါဝင်ပတ်သက်သူများအကြား သဘောထားကွဲလွဲမှု ထိပ်တ်ိုက်တွေ့မှုများရှိသော်လည်း န်ိုင်ငံရေးအခြေအနေသည် ရေရှည်တည်တံ့ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အကြီးအကဲတဦးအနေဖြင့် မယူမနေရ အငြိမ်းစားယူရမည့် အသက် ကန့်သတ်ချက်သည် ၆၀ ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွင်မူ ရာထူးသက်တမ်းကို ထိုကန့်သတ်အသက်ထက် ၅ နှစ် ထပ်မံတိုးချဲ့သော်လည်း ထိုတိုးချဲ့မှုသည် ယခုနှစ်ကုန်တွင် သက်တမ်း ထပ်မံကုန်ဆုံးမည်ဖြစ်သည်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်သည်လည်း သူ့မိသားစု စီးပွားရေးလုပ်ငန်းများကို အသာထား သူ၏ နိုင်ငံရေး ရည်မှန်းချက် တည်မြဲရေးအတွက် အလားတူ သက်တမ်းကုန်မည့် အဓိပ္ပါယ် သက်ရောက်သည်။

ထိုသို့သော စဉ်းစားသုံးသပ်မှုများဖြင့် အာဏာသိမ်းရန် စိတ်ကူးကို မွေးဖွားလာသည်ဟု ယူဆသည်။ ယခုမူ သူ၏ ရာထူးသက်တမ်း ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ၆၅ နှစ် သတ်မှတ်ချက်ကိုပါ ဖျက်သိမ်းပစ်လိုက်ပြီ ဖြစ်သည်။

ပုဂ္ဂိုလ်ရေး ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် လူတယောက်၏ ဆန္ဒက နိုင်ငံတခုလုံးနှင့် ပြည်သူ ၅၄ သန်းတို့၏ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖျက်ဆီးပစ်နေသည်။ ယခုအခါ မြန်မာနိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်မှု သို့မဟုတ် လုံခြုံမှုမရှိသော ကမ္ဘာသို့ ရောက်ရှိသွားပြီဖြစ်သည်။

သို့သော် အခု မေးရမည့်မေးခွန်းမှာ မင်းအောင်လှိုင်၏ မတရားသည့် တရားမဝင် ရေရှည်တည်တံ့မှုက မည်မျှကြာကြာ တည်တံ့မည်နည်းဆိုသည်ပင် ဖြစ်တော့သည်။

(န်ိုင်ခေတ်သည် နိုင်ငံရေးဆောင်းပါးရှင်တဦးဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Coup Leader Brought Myanmar to Its Knees to Sustain a Failed Political Dream ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ )

You may also like these stories:

တပ်ချုပ်နှင့် ဒုတပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက် ၆၅ နှစ် ကန့်သတ်ချက် ပယ်ဖျက်

စစ်မှုထမ်း စည်းမျဉ်းများ ပြင်ဆင်ပြီး တပ်ချုပ်သက်တမ်း အကန့်သတ်မဲ့ ပြုလုပ်

ယူနီဖောင်းဝတ်ထားတဲ့အချိန် ရွံရှာတဲ့ အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး

စစ်ကောင်စီ နိုင်ငံခြားငွေမာ ဆက်ပြီး မရနိုင်လျှင်

Did you find apk for android? You can find new Free Android Games and apps.
Loading