ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး တနိုင်ငံလုံးလူထု ဆန့်ကျင်ခုခံမှုများနောက်ပိုင်း မြန်မာနိုင်ငံမှဖြုတ်ချဖမ်းဆီးခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့က ရုံးထုတ်သောအခါ ပထမဆုံးအကြိမ် အများပြည်သူရှေ့သို့ ရောက်လာသည်။
ထိုကြားနာမှုသည် ပထမဆုံး မိနစ် ၃၀ ကြာ ကြားနာမှုသာဖြစ်သော်လည်း ထိုရုံးချိန်းသည် နောက်ဆုံးတွင် ဒေါ်အောင်ဆန်စုကြည်ကို ထောင်ချပြီး သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖျက်သိမ်းခြင်းအထိ ဦးတည်သွားနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လမ်းလျှောက်စကားပြောစက် တရားမဝင် ပိုင်ဆိုင်ခြင်းမှသည် ၁၉၂၃ ခုနှစ် ကိုလိုနီ အစိုးရ လျှို့ဝှက်ချက်ဥပဒေကို ချိုးဖေါက်ခြင်းအထိ ပါဝင်သော စစ်ကောင်စီ၏ စွပ်စွဲချက်များစွာကို ရင်ဆိုင်နေရသည်။
သို့သော် အမှန်တရားမှာ စစ်ကောင်စီထိပ်တန်းပုဂ္ဂိုလ်များသည် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ်မှစတင် ဦးဆောင်သည့် အစိုးရကို ဒဏ်ခတ်ပြီး ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် NLD သည် ၂၀၁၅ နှင့် ၁၉၉၀ ခုနှစ်ကအတိုင်း တောင်ပြိုကမ်းပြိုနိုင်သည်။
ရွေးကောက်ပွဲ မသမာမှုရှိသည်ဆိုသည့် စစ်ကောင်စီ၏စွပ်စွဲချက်များသည် လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့သည့် လွတ်လပ်သော နိုင်ငံတကာလေ့လာစောင့်ကြည့်သူများ၏ ပြောဆိုချက်များနှင့် ဆန့်ကျင်ဖက် ဖြစ်သည်။
အာဏာသိမ်းပြီးနောက် နိုင်ငံ၏အဓိကကျသော အဖွဲ့အစည်းများကို စစ်ကောင်စီက ထိန်းချုပ်ထားခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုသည့် အမှုများအားလုံး၏ ရလဒ်သည် အပြစ်ရှိကြောင်းဆုံးဖြတ်ပြီး နိုင်ငံရေးမှာ တားမြစ်ပိတ်ပင်မည်ကို သံသယရှိစရာ မလိုပေ။ ထိုကြောင့် ရွေးကောက်ပွဲသစ်များသည် စစ်ကောင်စီအလိုကျ လိမ်လည်ပြီး NLD လည်း ထိုရွေးကောက်ပွဲများတွင် ပါဝင်ခွင့်ရမည် မဟုတ်ပေ။
နေပြည်တော်တွင် ပထမဆုံးအကြိမ်လွှတ်တော်ကို ခေါ်ယူရန် စီစဉ်ထားသည့် နေ့တွင် အာဏာသိမ်းသော စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်ကျစေသည့် ဆုံးဖြတ်ချက်ကြောင့် ဖရိုဖရဲဖြစ်နေပြီးသော နိုင်ငံတွင် ထိုစီရင်ချက်များကို မည်သည့်အချိန်တွင် ချမှတ်သည်ဖြစ်စေ ပိုမိုပြင်းထန်သည့် မတည်ငြိမ်မှုများကို ဖြစ်စေမည်မှာ သေချာသည်။
အာဏာသိမ်းမှုသည် မြန်မာနိုင်ငံကို နိုင်ငံတကာ အပယ်ခံနိုင်ငံအဆင့်သို့လည်း ပြန်လည်ရောက်ရှိစေပြီး အာဏာသိမ်းသူများအပေါ် အနောက်နိုင်ငံများ၏ဝေဖန်မှုများနှင့် အရေးယူပိတ်ဆို့မှုများလည်း စုပြုံကျရောက် စေသည်။
တချိန်တည်းတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုသို့အာဏာသိမ်းမှုကြောင့် မဟုတ်ဘဲ အာဏာသိမ်းမှုကို ခိုင်မာအောင်လုပ်ဆောင်နိုင်သည့် စွမ်းရည်ကင်းမဲ့သောကြောင့် စစ်တပ်တွင်းတွင်လည်း ဝေဖန်ခံနေရသည်။ စစ်တပ်တွင်းတွင် သူ့ကို ဘုရားဒကာ “သံပုံးတီးမင်းသား”ဟု ခေါ်နေကြသည်။ သံပုံးတီး မင်းသားဆိုသည်မှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ဒေါသများကို တနိုင်ငံလုံးက သံပုံးတီးကာ ဖေါ်ထုတ်ခြင်းကို ရည်ရွယ်ပြော ဆိုခြင်းဖြစ်သည်။
စစ်အာဏာသိမ်းမှုသည် မြန်မာတန်ိုင်ငံလုံးတွင် ကြီးမားသော ဆန္ဒပြပွဲများကိုဖြစ်စေပြီး ဒီမိုကရေစီလိုလားသူများသည် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ဆိုင်းဘုတ်များကို ဝှေ့ယမ်းကြသည်။ စစ်ကောင်စီက ထိုဆန္ဒပြပွဲများကို အပြင်းအထန်နှိမ်နင်းပြီး ဆန္ဒပြ ပြည်သူ ၈၀၀ ကျော်ကို ပစ်သတ်ကာ လူ ၄၀၀၀ ကျော်ကို ဖမ်းဆီးထားသည်။ အကြမ်းဖက်မှုနှင့် ညှင်းပမ်းနှိပ်စက်မှုများသည် အဆုံးသတ်ရန်ဝေးနေသေးသည်။
ငြိမ်းချမ်းစွာစတင်ခဲ့သော ဆန္ဒပြပွဲများသည် စစ်တပ်၊ ရဲများနှင့် စစ်အာဏာသ်ိမ်းမှုဆန့်ကျင်သူများအကြား အကြမ်းဖက် ပဋိပက္ခအဖြစ် ပြောင်းလဲသွားကာ အချို့နေရာများတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများက လက်နက်ကိုင်အဖွဲ့များကိုပင် ဖွဲ့စည်းလာကြသည်။ နောက်ဆုံးလှုပ်ရှားမှုအနေဖြင့် နိုင်ငံအရှေ့ပိုင်းရှိ ကယားပြည်နယ်တွင် လက်နက်ကိုင်ပြည်သူများက မေလ ၂၃ ရက်နေ့တွင် ရဲစခန်းတခုကို တိုက်ခိုက်သိမ်းပိုက် မီးရှို့လိုက်သည်။
ဒေသခံ သတင်းဝက်ဆိုက်ဖြစ်သော ကန္တာရဝတီ တိုင်းမ်၏ အဆိုအရ ထိုတိုက်ခိုက်မှုတွင် အနည်းဆုံး ရဲ ၁၅ ဦးသေဆုံးပြီး ၄ ဦးအဖမ်းခံရကြောင်း သိရသည်။ ကယားပြည်နယ် အခြားနေရာများတွင်လည်း မကြာသေးမီက စစ်ကောင်စီ စစ်သား ၂၆ ဦးသေဆုံးသည်။ တိုက်ခိုက်မှုအတွင်း ခုခံရေးတိုက်ပွဲဝင်သူတဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း ထိုသတင်းဌာနကပင် ဆိုသည်။
နိုင်ငံအနောက်ပိုင်း မင်းတပ်မြို့တွင်လည်း ခုခံရေးတိုက်ပွဲဝင်သူများသည် အမဲလိုက်ရိုင်ဖယ်များ၊ လုပ်သေနတ်များဖြင့် မြို့ကို သိမ်းပ်ိုက်လိုက်သောကြောင့် စစ်တပ်က အမြောက်များ၊ ရဟတ်ယာဉ်များသုံးကာ ပြန်လည်ပစ်ခတ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ဗုံးခွဲတိုက်ခိုက်ခြင်းများ နေ့စဉ်ဖြစ်ပေါ်နေပြီး ပစ်မှတ်များမှာ စစ်တပ်က ထိန်းချုပ်ထားသည့် ဘဏ်များ၊ ကုမ္ပဏီများနှင့် ဒေသဆိုင်ရာ အစိုးရရုံးများဖြစ်သည်။
နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားတွင် မေလ ၂၃ ရက်နေ့က အစိုးရအဆောက်အအုံတခု မီးလောင်သည်။ ထိုနေ့တွင်ပင် နိုင်ငံ၏ အကြီးမားဆုံးမြို့နှင့် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မှ စမ်းချောင်းရှိ မြူနီစပယ်ရုံးရှေ့တွင် ဗုံးတလုံးပေါက်ပြီး သေနတ်ပစ်ခတ်သံများကို ကြားရသည်။
ယခင်က မကြားဖူးသော အဖွဲ့များ၏ ဒေသအလိုက် လက်နက်ကိုင်ခုခံမှုအပြင် ကရင်နှင့် ကချင်ပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား စစ်ပွဲသည်လည်း အသစ်တဖန် ပြန်လည် ဖြစ်ပွားလာသည်။
ကရင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် လူ ၂ သောင်းကျော် ထွက်ပြေးနေရပြီး ကချင်ပြည်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ကောင်စီတပ်နှင့် ရဲစခန်းအများအပြားကို သိမ်းပိုက်လိုက်ပြီး မကြာသေးမီ မေလ ၂၂ ရက်နေ့က တိုက်ပွဲတွင် စစ်ကိုင်းတိုင်း ခန္တီးမှ စစ်ကောင်စီစခန်းများကို တိုက်ခိုက် သိမ်းပိုက်သည်။
မိတ္ထီလာ၊ မကွေးနှင့် တောင်ငူမှ လေတပ်စခန်းများမှာလည်း ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး ထိုတ်ိုက်ခိုက်မှုများသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြို့ပြမှ စစ်ကောင်စီဆန့်ကျင်သူများ ပူးပေါင်းဆောင်ရွက်သည့် တိုက်ခိုက်မှုများ ဖြစ်နိုင်သည်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားသူများတွင် သတင်းသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ စစ်အာဏာသ်ိမ်းမှုကို ဆန့်ကျင်သည့် ကျန်းမာရေးလုပ်သားများ၊ ဆရာဆရာမများ ပါဝင်သည်။ မေလ ၂၃ ရက်နေ့ Reuters သတင်းတပုဒ်အရ နိုင်ငံရှိကျောင်းဆရာဆရာမ ၄၃၀၀၀၀ အနက် ၁၂၅၀၀၀ ကို တာဝန်မှ ဆိုင်းငံ့လိုက်ကြောင်း မြန်မာနိုင်ငံကျောင်းဆရာများအဖွဲ့ချုပ် တာဝန်ရှိသူတဦးကို ကိုးကားထားသည်။
အလုပ်မှ ထုတ်ပယ်ခံရသည့် ဆရာဝန်နှင့် သူနာပြုအရေအတွက်ကို မသိရသေးသော်လည်း လွန်စွာများပြားကြောင်း ထင်ရှားသည်။ ပညာတတ်ပုဂ္ဂိုလ်အများအပြားသည် ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် နိုင်ငံမှ ထွက်ခွာနေပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ဖြိုခွဲပြီးနောက် ပေါ်ပေါက်လာသည့် နောက်ထပ် ဦးနှောက်ယိုစီးမှုသို့ ဦးတည်နေသည်။
နိုင်ငံ၏အခြေအနေမှာ အထိန်းအချုပ်မရှိတော့ဘဲ ကျင့်ဝတ်ကင်းမဲ့စွာ ဖြစ်ချင်တိုင်းဖြစ်နေသည်။ နိုင်ငံတဝန်း သပိတ်များနှင့် မတည်ငြိမ်မှုများကြောင့် ဘဏ်များ လုပ်ငန်းလည်ပတ်ခြင်း မရှိတော့ဘဲ စီးပွားရေးသည် ဒရွတ်ဆွဲနေသည်။ စစ်သားများနှင့် ရဲများက ပြည်သူများ၏နေအိမ်များကို ချိုးဖျက်ဝင်ရောက်၊ ပရိဘောဂများ ဖျက်ဆီးကာ ရရာပစ္စည်းများကို ခိုးယူနေသည့် သတင်းများလည်း ထွက်ပေါ်နေသည်။
ဆန္ဒပြသူများကို ဖြိုခွဲမှုမလုပ်မီ ရဲဆေးတင်ရန် စစ်သားများနှင့်ရဲများကို မက်သာဖက်တမင်း ဆေးပြားများ ကျွေးထားကြောင်း သတင်းများက ပြသနေပြီး ထို့ကြောင့်ပင် ၎င်းတို့သည် မူမမှန် ရိုင်းစိုင်းအကြမ်းဖက်သည့် လုပ်ရပ်များကို ကျူးလွန်ခြင်းဖြစ်ကြောင်း သိနေရသည်။
မေလ ၂၄ ရက်နေ့တရားရုံးမှထွက်ပေါ်လာသည့် တခုတည်းသောသတင်းမှာ ဦးမညွှတ်သော ဒေါ်အောင်ဆန်းစုကြည်က NLD ကို ပြည်သူများက တည်ထောင်ထားသည်၊ ထို့ကြောင့် ပြည်သူရှိလျှင် ထိုပါတီ ရှိမည်ဟု ပြောသည်ဆိုသည့် သတင်းသာဖြစ်သည်။ နိုင်ငံ၏ သင်္ကေတဆန်သော ဒီမိုကရေစီခေါင်းဆောင်၏ ထိုမျှ တိုတောင်းသော စကားသည် မြေပြင်မှ မတည်ငြိမ်သောအခြေအနေများကို မည်သို့သက်ရောက်စေမည်ကို ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်ပေ။
သို့သော် ထင်ရှားသည်မှာ သူမကို ထောက်ခံသူများသည် သူမ အာဏာရစဉ်က သူမကိုယ်တိုင် ညှိနှိုင်း ပူးတွဲလုပ်ကိုင်ခဲ့သည့် စစ်တပ်ကို တိုက်ခိုက်နေပြီဆိုသည့် အချက်ကို ဒေါ်အောင်ဆန်းစုကြည် ဝန်ခံလိုက်ခြင်းဖြစ်သည်။
ပြည်သူလူထုတွင် ရှိကောင်းရှိခဲ့နိုင်သည့် စစ်တပ်အပေါ် စာနာထောက်ခံမှုများသည်လည်း စစ်သားများက လုံး၀ ဂရုမစိုက်ဘဲ ဖျက်ဆီး၊ သတ်ဖြတ်၊ လုယက်သောကြောင့် ပျောက်ဆုံးသွားခဲ့ပြီး ဖြစ်သည်မှာ ထင်ရှားလှသည်။ ထိုအချက်ကြောင့် စစ်တပ်အတွင်း သွေးကွဲနေနိုင်သည်ဟု အချို့ကပြောသည်။
ယခုတိုင်း ဖြစ်မလာနိုင်သေးသော်လည်း အကယ်၍ မင်းအောင်လှိုင်နေရာတွင် လူစားထိုးလျှင်ပင် သူ့ကိုဆက်ခံသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလှုပ်ရှားမှုအပါအဝင် နိုင်ငံမှ အရပ်သားခေါင်းဆောင်များနှင့် ပိုမိုကျေအေးသင့်မြတ်မည်ဟု မယူဆနိုင်တော့ပေ။
သို့သော် သူရှိနေသမျှ ဒေါ်အောင်ဆန်းစုကြည်သည် လုပ်ကြံစွပ်စွဲချက်များဖြင့် တရားခွင်တွင် ရှိနေဦးမည်ဖြစ်သလို မြန်မာပြည်သူများနှင့် စစ်တပ်အကြား ပဋိပက္ခကလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ပျံ့နှံ့နေဦးမည်ဖြစ်သည်။
(Asia Times တွင် ဖော်ပြထားသော Bertil Lintner ၏ Suu Kyi trial adds more fuel to Myanmar’s fire ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories:
ပြည်သူအတွက် NLD ပါတီ ဆက်ရှိနေမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ဗိုလ်ချုပ်မှူးကြီး၏ သမ္မတအိပ်မက်က အဖြစ်ဆိုးများသာ သယ်ဆောင်လာသည်
NLD ကို ဖျက်သိမ်းမယ်ဆိုတဲ့ စစ်ကောင်စီခန့် UEC ပြောကြားချက်အပေါ် သူတို့အမြင်များ
စစ်အုပ်စုကို ကုလသမဂ္ဂရဲ့ အစည်းအဝေးထဲမှာ ထိုင်ခွင့်မရအောင် လုပ်ထားနိုင်ပါတယ်