မြန်မာရွေးကောက်ခံအရပ်သားအစိုးရကို စစ်အာဏာသိမ်းခြင်းကို တရုတ်က ထောက်ခံခဲ့သည်ဆိုသည့် သံသယသည် စစ်အာဏာရှင်စနစ်ကို ခုခံနေသည့် မြန်မာများအကြားတွင် နက်နက်ရှိုင်းရှိုင်းရှိနေသည်။ ထိုသို့ ဝင်ရောက်စွက်ဖက်မှုနှင့် ပတ်သက်သည့် အထောက်အထားများကို တချိန်တွင် ရကောင်းရနိုင်မည်ဖြစ်သည်။ သို့သော် လတ်တလောတွင် ထင်ရှားလှသောအချက်မှာ စစ်အာဏာသ်ိမ်းမှုနောက်ပိုင်း ဖရိုဖရဲအခြေအနေများတွင် မြန်မာနိုင်ငံမှ တရုတ်အကျိုးစီးပွားများကို ပျက်စီးစေသည်ကို သိလျှင် ထိုနည်းလမ်းကို ရွေးချယ်မည်မဟုတ် ဆိုသည့်အချက်ဖြစ်သည်။
စစ်အာဏာသိမ်းမှုအပြီး အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးမှု ပျက်စီးခြင်းကြောင့် ပေါ်ပေါက်လာသည့် ခြိမ်းခြောက်မှုသစ်များကို တရုတ်နိုင်ငံသည် အများပြည်သူ ကျန်းမာရေးမှ အမျိုးသား လုံခြုံရေးအထိ စစ်မျက်နှာအားလုံးနီးပါးတွင် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထိုသို့သော အကျိုးဆက်များကို အာရုံစိုက်မိလာသောအခါ ဘေ့ဂျင်းသည် ဗိုလ်ချုပ်များ၏ စစ်ကောင်စီကို လျှို့ဝှက်လက်ခံမည် သို့မဟုတ် တောင်ပိုင်းအိမ်နီးချင်း မြန်မာနိုင်ငံမှ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် အခြားမူဝါဒ လမ်းကြောင်းကို လ်ိုက်မည်ကို ဆုံးဖြတ်ရလိမ့်မည်ဖြစ်သည်။
စစ်အာဏာသိမ်းမှုနှင့် မြန်မာနိုင်ငံမှ ဖရိုဖရဲအခြေအနေများသည် တရုတ်-မြန်မာဆက်ဆံရေး သွင်ပြင်လက္ခဏာများအားလုံးကို ထိခိုက်စေသည်။ အရေးအပါဆုံးနှင့် ကြိုတင်ခန့်မှန်းနိုင်သော ကိစ္စမှာ ရွေးကောက်ခံခေါင်းဆောင်များကို တရုတ်က နိုင်ငံ၏ ဆယ်စုနှစ်တခုကြာ ပြုစုပျိုးထောင်ပြီး ဆက်ဆံခဲ့ခြင်းအား ထိခိုက်စေမည်ဖြစ်သည်။ ထို့နောက် ကြီးမားလှပြီး ကြိုတင်မှန်းဆမရသည့် ခြိမ်းခြောက်မှုများဖြစ်သော နယ်စပ်တွင် ကိုဗစ်-၁၉ ကူးစက်မှု ပေါက်ကွဲသွားခြင်း၊ များမြောင်ပြီး အသစ်ပေါ်ပေါက်လာသော ပဋိပက္ခများကြောင့် အလားလာရှိသော စီမံကိန်းများကို အဆုံးသတ်သွားစေမည့် အန္တရာယ်၊ မြန်မာပြည်သူအများစုအကြား တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ် မြင့်မားလာခြင်းနှင့် တရုတ်နိုင်ငံကို ရည်ရွယ်သော သို့မဟုတ် တရုတ် ရာဇဝတ်ဂိုဏ်းကွန်ရက်များ၏ ရာဇဝတ်မှုများ မြင့်မားလာခြင်းတို့ဖြစ်သည်။
ထိုသို့ဖြစ်ရပ်များအနက် မည်သည့်ဖြစ်ရပ်မဆိုသည် မြန်မာနိုင်ငံမှ တရုတ်အကျိုးစီးပွားများအတွက် စိန်ခေါ်မှုများ ဖြစ်သည်။ ထိုဖြစ်ရပ်များအားလုံးကို ပေါင်းစပ်လိုက်သောအခါ နှစ်နိုင်ငံအကြား အလွန်အရေးပါသည့် မဟာစီမံကိန်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) ကို ထိထိရောက်ရောက် အကောင်အထည်ဖေါ်မည့် အလားအလာများကို ဖျက်ဆီးလိုက်သည်။ ထိုစီမံကိန်းသည် သယ်ယူပို့ဆောင်ရေး၊ စက်မှု၊ ဘဏ္ဍာရေးနှင့် ဆက်သွယ်ရေး စီမံကိန်းများဖြင့် မြန်မာနှင့် တရုတ် စီးပွားရေးများကို ပိုမိုနီးကပ်စွာ ပေါင်းစည်းပေးမည်ဖြစ်ပြီး ဖြုတ်ချခံ ရွေးကောက်ခံအစိုးရက ချမှတ်ထားသည့် စီမံကိန်းဖြစ်သည်။
စစ်ကောင်စီနှင့် ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လုပ်ရန် ဘေ့ဂျင်းက ဆုံးဖြတ်ခဲ့ပါက ဘေ့ဂျင်းသည် စစ်ဇုန်တခုတွင် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အချည်းနှီးသော အားထုတ်မှုအတွက် အဖိုးတန်သော ရင်းမြစ်များကို ဆုံးရှုံးတော့မည်ဖြစ်သည်။
တရုတ်စီးပွားရေးစင်္ကြန်ကို ပဋိပက္ခများ ဝါးမြို၊ ယူနန်တိုးတက်ရေးကို ထိခိုက်
အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနယ်စပ်များမှ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု အားလုံးနီးပါးသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ပြန်လည်စတင်နေသည်။
ထိုပဋိပက္ခများသည် CMEC နှင့်ပတ်သက်သည့် စီမံကိန်းများအတွက် ပြင်းထန်သော လုံခြုံရေး အန္တရာယ် ကျရောက်စေပြီး တိုက်ပွဲ အထူး ပြင်းထန်စွာ ဖြစ်ပွားသည့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ကို ဖြတ်သန်းသွားသည်။ ထိုဒေသတွင် ထိုးစစ်များဆင်နွဲခြင်းသည် နယ်စပ်ကုန်သွယ်ရေးကို အကြီးအကျယ် ထိခိုက်စေသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး မကြာသေးမီလများအတွင်း ကုန်သွယ်မှုသည် ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း ကျဆင်းသွားစေသည်။
ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုသည် ကာလတိုအတွင်းသာ ဖြစ်မည်ဟု ယူဆနိုင်လောက်သော အကြောင်းမရှိပေ။ လွန်ခဲ့သော နှစ်အတန်ကြာက စစ်အုပ်စုနှင့် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ထိုစာချုပ်ကို ဆိုင်းငံ့လိုက်သည်။ မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေသည်မှာ အချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသမားများကို ခိုလှုံခွင့်ပေးပြီး ၎င်းတို့ကိုယ်ပိုင် ကာကွယ်ရေးတပ်များဖွဲ့စည်းရေးတွက် စစ်သင်တန်းပေးသည်။ ထိုတပ်ဖွဲ့သစ်များသည် ၎င်းတို့၏ ဒေသအသီးသီးတွင် စစ်တပ်များ၊ ရဲများ၊ အုပ်ချုပ်ရေးရုံးများကို တိုက်ခိုက်နေကြပြီဖြစ်သည်။ ယခင်က အလှမ်းဝေးသည့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသော ပြည်တွင်းစစ်သည် မြန်မာနိုင်ငံအလယ်ပိုင်းမှ မြို့ပြများနှင့် ကျေးလက်လူမှုအသိုက်အဝန်းများသို့ ကူးစက်သွားပြီဖြစ်သည်။
တရုတ်နိုင်ငံအတွက် အရေးအကြီးဆုံးမှာ ရှမ်းနှင့် ကချင်ပြည်နယ်တွင် အသစ်တဖန် ပြန်လည်ဖြစ်ပေါ်လာသော ပဋိပက္ခသည် ယူနန်ပြည်နယ် စီးပွားရေးတိုးတက်မှုအတွက် မှီခိုနေရသော ပျက်စီးလွယ်သည့် နယ်စပ်တည်ငြိမ်မှုကို တစစီဖြိုခွဲလိုက်ပြီဖြစ်သည်။ ဆင်းရဲသော ပြည်နယ်တခုဖြစ်သော ယူနန်ပြည်နယ်သည် အရှေ့တောင်အာရှသို့ ဝင်ပေါက်တွင် တည်ရှိသောကြောင့် ငွေရင်းများကို ဆွဲဆောင်နိုင်သည်။ တရုတ်နိုင်ငံ တောင်ဖက်နယ်စပ်အနီးတွင် မကြာသေးမီက ဖြစ်ပွားသော တိုက်ခိုက်မှုများသည် အိန္ဒိယ သမုဒ္ဒရာသို့ မြန်မာနိုင်ငံမှတဆင့် ဆက်သွယ်ပေးသည့် လှုပ်ရှားတက်ကြွသော စီးပွားရေး စင်္ကြန်၏ အလားအလာကို မှေးမှိန်စေပြီး လည်ပတ်နေသော စက်ရုံများကို ရပ်ဆိုင်းသွားစေနိုင်သောကြောင့် ရင်းနှီးမြှုပ်နှံသူများ တုန်လှုပ်နေပြီဖြစ်သည်။ ထိုကဲ့သို့သော စီးပွားရေးထိုးနှက်ချက်တခုသည် မရေတွက်နိုင်လောက်အောင် များပြားသည့် တရုတ်နိုင်ငံသားများကို ဆင်ရဲနွမ်းပါးမှုအောက် ပြန်လည်ကျရောက်သွားစေနိုင်သည်။
ထို့ကြောင့် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုသည် ယူနန်ပြည်နယ်တွင် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကို မမျှော်လင့်သည့် ဆုတ်ယုတ်မှုများ ဖြစ်စေနိုင်သည်။
မြန်မာနိုင်ငံမှ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ အကြမ်းဖက်လာ
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မတိုင်မီ တရုတ် နိုင်ငံတော်ကောင်စီဝင် ဝမ်ယိနှင့် ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂျေ ရွှိုင်ဂုတို့သည် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံသည်။ ထိုစစ်ဗိုလ်ချုပ်က လွန်ခဲ့သော နိုဝင်ဘာလက ရွေကောက်ပွဲတွင် အာဏာရ့ပါတီကို တောင်ပြိုကမ်းပြိုအနိုင်ရစေသော မဲမသမာမှုဆိုသည့် စွပ်စွဲချက်များ ပါဝင်သော ဒေါသတကြီးမိန့်ခွန်းဖြင့် ၎င်းတို့နှစ်ဦးကို ဧည့်ခံသည်။ အာဏာသိမ်းပြီး မကြာမီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူမှုအာဏာဖီဆန်ရေးလုပ်ရှားမှု (CDM) ကလည်း ထိုဧည့်သည်တော်ကြီးများသည် ဗိုလ်ချုပ်များ၏ အကြံအစည်ကို သိရှိပြီး အနိမ့်ဆုံးအနေဖြင့် လျှို့ဝှက်ထောက်ခံကြသည်ဟု ယူဆလာသည်။
ထိုလှုပ်ရှားမှုအတွင်း တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်သည် ချက်ခြင်း ပျံ့နှံ့သွားပြီး ရန်ကုန်ရှိ တရုတ်သံရုံးနှင့် တရုတ်အဆောက်အအုံများရှေ့တွင် ကြီးမားသော ဆန္ဒပြပွဲများ ပြုလုပ်ကြသည်။ မကြာမီတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များသည် တရုတ်စက်ရုံများကို မီးရှို့ခြင်းဖြင့် အကြမ်းဖက်လာပြီး မြန်မာနိုင်ငံ မြို့ပြဒေသများမှ တရုတ်အလုပ်သမားများကို ခြိမ်းခြောက်မှုများလည်း ဖြစ်ပေါ်လာသည်။ တရုတ်စက်ရုံအများအပြား ပိတ်လိုက်ပြီး တရုတ်နိုင်ငံသားများလည်း ဘေးကင်းလုံခြုံရေးအတွက် တရုတ်နိုင်ငံသို့ ပြန်ကြရသည်။
မေလ ၅ ရက်နေ့တွင် မန္တလေးမြို့အနီး တရုတ်-မြန်မာရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှ ထုတ်ယူရေး စခန်းတခုကို မိမိကိုယ်မိမိ ခုခံကာကွယ်ရေးအဖွဲ့တခုက တိုက်ခိုက်သည်။ ထိုတိုက်ခိုက်မှုတွင် လုံခြုံရေး အစောင့် ၃ ဦးသေဆုံးသည်။ ဖေဖေါ်ဝါရီလက ထိုပိုက်လိုင်းများနှင့်ပတ်သက်သည့် ဖြစ်ရပ်တခုကြောင့်လည်း ပိုက်လိုင်းများ လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ရန် တရုတ်အစိုးရက မြန်မာစစ်ကောင်စီကို တောင်းဆိုပြီး တရုတ်နိုင်ငံမှ လုံခြုံရေး ကျွမ်းကျင်သူများ ချထားခြင်းကို စစ်ကောင်စီက လက်ခံစေခဲ့သည်။
မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၇၇၀ ဖြတ်သန်းသွားသော ထိုပိုက်လိုင်းများသည် ၎င်းတို့၏ သေနင်္ဂဗျူဟာတန်ဖိုးကို သိသော အတိုက်အခံအုပ်စုများအတွက် အဓိကပစ်မှတ်ထားစရာဖြစ်နေသည်။ ထိုပိုက်လိုင်းများသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းပြည်နယ်များအနက် ၄ ပြည်နယ်မှ မြို့နယ်များအတွက် သဘာဝဓါတ်ငွေ့ အခြေခံ ရင်းမြစ်များဖြစ်နေပြီး ထိုပိုက်လိုင်းသည် ယူနန်ပြည်နယ်၏ နှစ်စဉ် စုစုပေါင်းကုန်ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်း ကျော်ကို ထည့်ဝင်ပေးနေသည်။ စနစ်တကျကောင်းစွာ စီစဉ်တိုက်ခိုက်မှုတခုတည်းကပင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီးပွားရေးကို ထိခိုက်စေပြီး ယူနန်ပြည် ကူမင်းမြို့ပြင်မှ အန်နင်း ရေနံသန့်စင်စက်ရုံကို ချည့်နဲ့သွားစေနိုင်သည်။ ထိုစီမံကိန်းတခုတည်းကပင် ယူနန်ပြည်နယ်၏ စုစုပေါင်းထုတ်ကုန်များ၏ ၈ ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည်။
တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် မည်သည့် စီမံကိန်းအသစ်မဆို ထိုပိုက်လိုင်းများကဲ့သို့ပင် အတိုက်အခံအင်အားစုများက အကြမ်းဖက်တိုက်ခိုက်ခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံ သို့မဟုတ် ကိုဗစ်-၁၉ ပေါက်ဖွားသော ဌာနကြီး
ကျန်းမာရေးလုပ်သားများ စစ်အာဏာသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ခြင်းက မြန်မာနိုင်ငံ၏ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲသွားစေပြီး ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ရွေးကောက်ခံအစိုးရက ပြုလုပ်ထားသည့် အစီအမံများလည်း ပြိုကွဲစေသည်။ ထိုသို့ဖြစ်သောကြောင့် ယူနန်ပြည်နယ်တွင် ရောဂါကူးစက်မှုတခု ဧပြီလတွင်ဖြစ်ပွားပြီး နယ်စပ်ကို လုံခြုံအောင် မပိတ်ခြင်းအတွက် ရွှေလီမှ အာဏာပိုင်များတွင် တာဝန်ရှိကြောင်း ပြည်နယ်အရာရှိများက ပြောကြားလိုက်သောအခါ နိုင်ငံရေး ကမောက်ကမပင် ဖြစ်စေခဲ့သည်။
မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ယူနန်ပြည်နယ်မှ အရာရှိများက ထိုသို့လုံခြုံရေး ကျိုးပေါက်ခြင်းကြောင့် အိန္ဒိယတွင် မျိုးဗီဇ ပြောင်းလာသော ကိုရိုနာဗိုင်းရပ်စ် တရုတ်ပြည်သို့ ကူးစက်မည်ကို စိုးရိမ်ကြသည်။ ၎င်းတို့သည် ခြံစည်းရိုးများ ပိုမိုတောင့်တင်းအောင် လုပ်ဆောင်ကြသည်။ စောင့်ကြည့်ရေးစခန်းသစ်များကို ထူထောင်ကြပြီး နယ်စပ်တလျှောက် ကင်းလှည့်ခြင်းများကို ပိုမိုဆောင်ရွက်ကြသည်။
တရုတ်နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံနိုင်မှု မလုံလောက်သောကြောင့်နှင့် တရုတ်ကာကွယ်ဆေးသည် ထိုမျိုးဗီဇပြောင်းပိုးကို မကာကွယ်နိုင်မည်ကို သံသယဝင်သောကြောင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများ ပိုမိုပြင်းထန်လာသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ဆက်လက်ကူးစက်နေသောကြောင့် အဆင့်မြင့်စီမံကိန်းများကို ကြီးကြပ်အကောင်အထည်ဖေါ်ရန် တရုတ်ပညာရှင်များနှင့် အလုပ်သမားများ မြန်မာသို့စေလွှတ်လျှင် လွန်စွာ အန္တရာယ်များမည်ဖြစ်သည်။
ရာဇဝတ်ဂိုဏ်းများ ပြန်လည်ခေါင်းထောင်လာ
ဥပဒေနှင့် စီးပွားရေးအဆောက်အအုံများကို ဖျက်ဆီးရန် အာဏာသိမ်းခေါင်းဆောင်များ၏ လုပ်ဆောင်မှုများနှင့် ဒေသအုပ်ချုပ်ရေးတွင် အကြမ်းဖက်သည့် ပဋိပက္ခများသည် တရားမဝင်လောင်းကစားခြင်း၊ ငွေကြေးခဝါချခြင်း၊ မူးယစ်ဆေး၊ လက်နက်နှင့် လူမှောင်ခိုခြင်း စသည့် ဒုစရိုက် လုပ်ငန်းများပြန်လည် ခေါင်းထောင်ထရန် လမ်းဖွင့်ပေးလိုက်သည်။ ထိုရာဇဝတ်မှုများသည် တနိုင်ငံလုံး ဖြစ်ပေါ်နေသော်လည်း တရုတ်နှင့် ထိုင်းနယ်စပ်များတွင် ပိုမိုဖြစ်ပေါ်လာသည်။
ရာဇဝတ်မှုများ အင်နှင့်အားနှင့် ပြန်လည်ခေါင်းထောင်ထလာခြင်းနောက်ကွယ်တွင် စစ်အာဏာပိုင်များ အောက် လုပ်ကိုင်နေသည့် ပြည်သူ့စစ်များနှင့် ပူးပေါင်းထားသော တရုတ် ရာဇဝတ်ဂိုဏ်းများ ရှိနေသည်။ အာဏာမသိမ်းမီက ရွေးကောက်ခံအစိုးရသည် ထိုရာဇဝတ်များကို စုံစမ်းစစ်ဆေးနေပြီး စတင်ထိန်းချုပ်နေပြီ ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ရာဇဝတ်အုပ်စုများသည် ထိုင်းနယ်စပ် ကရင်ပြည်နယ်နှင့် တရုတ်နယ်စပ်တလျှောက် ရှမ်းပြည်နယ်မှ ၀ နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို အားဖြည့်နေကြသည်။
အဓိကပစ်မှတ်သည် အကျိုးအမြတ်များလှသည် တရုတ်အွန်လိုင်းလောင်းကစားဈေးကွက်ဖြစ်သော်လည်း တရားမဝင် အစီအစဉ်များ၏ အတိုင်းအတာသည် ကျယ်ပြန့်လွန်းလှသည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင် ယာဘဆေးများ ဖမ်းဆီးရရှိမှု တိုးလာကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။ တချိန်တည်းတွင် ရန်ကုန်ရှိ တရုတ်ဘာသာ သတင်းမီဒီယာကလည်း တရားမဝင်သစ်ခိုးထုတ်မှု တိုးလာကြောင်း ဖေါ်ပြကာ စစ်ကောင်စီကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရခေတ်က ဖမ်းဆီးထားသည့် သစ်များကို လေလံတင်းရန် ပြင်ဆင်နေကြောင်း မှတ်ချက်ချသည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းတခုလုံးတွင် မြို့နယ်များ မြန်မာနိုင်ငံမြောက်ပိုင်းသို့ သွားလာခြင်းကို တင်းတင်းကျပ်ကျပ် ပိတ်ပင်နေကြသော်လည်း နယ်စပ်ဖြတ်ကျော် တရားမဝင်လုပ်ငန်းများကို ရပ်တန့်အောင် မလုပ်နိုင်သည့် အချည်းနှီးသော အားထုတ်မှုသာ ဖြစ်ပုံရသည်။
ရာဇဝတ်မှု မြင့်မားလာခြင်းသည် နှစ်နိုင်ငံအကြား မည်သည့်တရားဝင် စီးပွားရေး ဆက်ဆံမှုကိုမဆို ထိခိုက်စေကာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဆက်ဆိုသည့် တရုတ်နိုင်ငံ၏ နိုင်ငံတကာအဆင့်အတန်းကို ထိခိုက်စေသည်။
စီပွားရေးစင်္ကြန် ရင်းနှီးမြှုပ်နှံမှုများအတွက် ရေရှည် အန္တရာယ်များ
လက်ရှိအချိန်အထိ တရုတ်နိုင်ငံသည် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ ၎င်းတို့၏ ဘဏ္ဍာရေး အကျိုးစီးပွားများအပေါ် သက်ရောက်မှုကို အလေးထားခြင်း မရှိပေ။ “စီမံကိန်းတွေကဘာပဲဖြစ်ဖြစ် ကိုဗစ်ကြောင့် ဒီနှစ်ကုန်အထိတော့ ဆိုင်းငံ့ထားရမှာပဲ။ ဒါကြောင့်မို့ အခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ အချိန်ရှိသေးတယ်” ဟု စက်မှုလုပ်ငန်းအတိုင်ပင်ခံတဦးကပြောသည်။
ထိုသို့သော အမြင်မျာသည် အာဏာသိမ်းမှုကြောင့် ရေရှည်တွင် ဖြစ်ပေါ်လာမည့် အန္တရာယ်များကို ထည့်သွင်းစဉ်းစားခြင်း မရှိပေ။
အမျိုးသား ဒီမိုကရေစီအဖွဲချုပ်အောက်တွင် အစိုးရက စီးပွားရေးစင်္ကြန်စီမံကိန်းများသည် တရုတ်နိုင်ငံကို အဓိက အကျိုးမပြုဘဲ မြန်မာပြည်သူများ၏ အဓိက လိုအပ်ချက်များကို ရှေ့တန်းတင် အကျိုးပြုသည့် မူဝါဒများနှင့် စီမံကိန်းများကို ချမှတ်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အသေးစိတ် သတ်မှတ်များကို ဖေါ်ပြထားသည့် ၎င်း၏ စီမံကိန်းဘဏ်သည် လုပ်ငန်းများခွင့်ပြုရေး စည်းကမ်းချက် အများအပြား လိုသည်။ ထိုစည်းကမ်းချက်များတွင် သဘာဝပတ်ဝန်းကျင်နှင့်လူမှုထိခိုက်မှု အကဲဖြတ်ခြင်း၊ ဘဏ္ဍာရေးအရ လက်တွေ့ကျကြောင်း ပြသနိုင်သည့် စီးပွားရေး လုပ်ငန်းစီမံချက်၊ ပြည်တွင်း မှ သက်ဆိုင်သူများပါဝင်ရေး၊ ထိုစီမံကိန်းသည် မြန်မာအစိုးရပေးရန် တာဝန်ရှိသော အစိုးရကြွေးမြီ မဖြစ်ရေးအာမခံချက် စသည်တို့ ပါဝင်သည်။ စီမံကိန်းအများအပြားသည် ထိုလုပ်ငန်းစဉ်တွင် လိုက်ပါဆောင်ရွက်နေပြီးဖြစ်ကာ ခွင့်ပြုချက်လည်း ပေးထားပြီးဖြစ်သည်။
ထိုအချိန်တွင် စစ်တပ်က အာဏာသိမ်းလိုက်သည်။
အစိုးရ၏ စီးပွားရေးမူဝါဒ ချမှတ်သည့်အဖွဲ့တွင် ယခင်စစ်တပ်မှ လာသူတဦးမှလွဲပြီး အဆင့်မြင့်ခေါင်းဆောင်များအားလုံးကို စစ်ကောင်စီက အလျှင်အမြန် ဖမ်းဆီးလိုက်သည်။ စီမံကိန်း ဘဏ်လုပ်ငန်းစဉ်ကို လုံး၀ လျစ်လျူရှုလိုက်ကာ ဒေါ်လာဘီလျံချီသည့် လုပ်ငန်းများကို ဥပဒေ အကဲဖြတ်ချက်များမရှိဘဲ အတည်ပြုပေးသည်။ စစ်ကောင်စီသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထူထောင်ထားသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံခန့်ခွဲသည့် အဓိကကော်မတီတခုကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်။ စီမံကိန်း အကောင်အထည်ဖေါ်ရာတွင် ပြည်တွင်းမှ ပတ်သက်သူများပါဝင်ရေး လိုအပ်ချက်ကို ထိုပြန်လည်ဖွဲ့စည်းထားသော ကော်မတီက ဆုံးဖြတ်ချက်ချရာတွင် ဖယ်ထားလိုက်သဖြင့် အဓိကကျသော တရုတ်အခြေခံအဆောက်အအုံ စီမံကိန်းများ အလျှင်အမြန် အကောင်အထည်ဖေါ်မည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ကို ပြသနေသည့် လုပ်ဆောင်မှုဖြစ်သည်။
စစ်ကောင်စီသည် တရုတ်နိုင်ငံပိုင် လုပ်ငန်းများက လိုအပ်မည်မှာ သံသယဖြစ်စရာ မလိုသည့် အစိုးရကပေးရန် တာဝန်ရှိသော ကြွေးမြီများကို တာဝန်ခံ မခံ ဆက်လက်စောင့်ကြည့်ရဦးမည်။ အခြားသော ဘဏ္ဍာရေး ရင်းမြစ်များမှာလည်း ဝင်ငွေ ရလာစရာ အကြောင်းမရှိပေ။
တချိန်တည်းတွင် စီးပွားရေး လုပ်ကိုင်နိုင်သော ပတ်ဝန်းကျင် သိသိသာသာ ပျက်စီးယိုယွင်းလာခြင်းအပြင် စစ်ကောင်စီက ချေးယူသည့် ငွေများကို ၎င်းတို့အာဏာရသောအခါ တာဝန်ယူမည် မဟုတ်ကြောင်း အတိုက်အခံတို့က ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာထားသောကြောင့် နောက်ထပ်အန္တရာယ် ရှိနေသည်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သတိပြုသင့်သည်။
တရုတ် ရင်းနှီးမြှုပ်နှံသူများသည် စီးပွားရေးစင်္ကြန် စီမံကိန်းများကို လက်ရှိ ပဋိပက္ခ၊ ဖရိုဖရဲ၊ ကူးစက်ရေးဂါ၊ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များအပြင် အုပ်ချုပ်ရေးနှင့် နိုင်ငံရေး ပြိုကွဲမှုများအကြား ရှေ့ဆက်လုပ်ရန် ဆုံးဖြတ်ပါက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် ပြင်းထန်ရှည်ကြာသော အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ စစ်ကောင်စီက ရွေးကောက်ခံအစိုးရနှင့် ဒီမိုကရေစီအခွင့်အရေးများကို ငြင်းပယ်နေသမျှ ကာလပတ်လုံး ထိုခြိမ်းခြောက်မှုသည် ဆက်လက်ကြီးထွားနေမည်ဖြစ်တော့သည်။
(USIP တွင် ဖော်ပြထားသော Jason Tower နှင့် Priscilla A. Clapp တို့ရေးသားသည့် Chaos in Myanmar Is China’s Nightmare ကို ဘာသာပြန်ဆို ဖော်ပြသည်။)
You may also like these stories:
တရုတ်သို့ နယ်စပ်မှ ရေထွက်ကုန်နှင့် ဆန် တင်ပို့မှု ရပ်ဆိုင်းနေ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်
စင်ကာပူအခြေစိုက် တရုတ်အစိုးရပိုင်ကုမ္ပဏီ မြန်မာကို လေယာဉ်ဆီ ရောင်းခဲ့