အလုပ်ဖြင့် သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား တောင်းဆိုခြင်း

Brenna Gonderman
၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်သည် ဖမ်းဆီးခံ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆ နှစ်ပြည့် မွေးနေ့ဖြစ်သည် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

“ အပြုသဘောနဲ့ ကိုယ်စိတ်နှလုံးချမ်းသာမှုကို တိုးပွားစေတဲ့ အတွေးတိုင်း၊ စကားတိုင်း၊ လုပ်ရပ်တိုင်းဟာ ငြိမ်းချမ်းမှုကို အကျိုးပြုနိုင်တယ်။ ကျမတို့ လူတိုင်းလူတိုင်းဟာ အဲဒီလိုအကျိုးဆောင်မှုကို လုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိကြပါတယ်” ― ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆ နှစ်ပြည့်ပြီ။ မည်သည့်နေရာတွင် ချုပ်နှောင်ခံနေရသည်ကို မသိရ။ နေအိမ်အကျယ်ချုပ်ဆိုသည့် ဟန်ဆောင်ယဉ်ကျေးမှုကို ပြတ်ပြတ်သားသား ခွာချခဲ့လိုက်သည်။

မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ ယခုနှစ်မေလ ၂၄ ရက်နေ့တွင် ပေါ်ထွက်လာခဲ့သည်။ ဖမ်းဆီးစောင့်ကြပ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် စစ်ခုံရုံးတခုတွင် ရောက်နေပြီး စစ်အာဏာရှင်ဖြစ်လာသူ မင်းအောင်လှိုင် ခေါင်းဆောင်သည့် အကျင့်ပျက်ခြစားပြီး ညှင်းပမ်းနှိပ်စက်သော အာဏာသိမ်းစစ်ကောင်စီ၏ လိမ်လည်စွပ်စွဲချက်များကြောင့် ထောင်ထဲတွင် အချိန်ကုန်ဆုံးရမည့် အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်လာသောအခြေအနေတွင် မိမိတို့သည် မီဒီယာက ဒေါ်အောင်ဆန်းစုကြည်ကို မှားယွင်းစွာ လူဆိုးသဖွယ် ပုံဖေါ်သည့် ဇာတ်လမ်းဇာတ်ကွက်များကို ဝေဖန်စမ်းစစ် ပြန်လည်အကဲဖြတ်ရန် လွန်စွာအရေးကြီးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မည်သူဖြစ်သည်နှင့် မည်သည်အတွက် ရပ်တည်သည်ကို မိမိတို့ သတိရရန် လိုသည်။ ထိုကိစ္စသည် အသေးအဖွဲ ကိစ္စမဟုတ်ဘဲ လွန်စွာအရေးပါသော ကိစ္စဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏နိုင်ငံမှ ပြည်သူများအတွက် အထူးသဖြင့် စစ်အာဏာသိမ်းမှုစတင်ပြီးနောက် ဖမ်းဆီး၊ နှိပ်စက်၊ နှုတ်ပိတ်ခံရသူများအတွက် မျှော်လင့်ချက်ခံတပ်နှင့် ဒီမိုကရေစီ မီးရှူးတန်ဆောင်ဖြစ်သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် ထင်ရှားသည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်းများကို ဖမ်းဆီးခြင်းဖြင့် စတင်သည်။

တပ်မတော်သည် မြန်မာစစ်တပ်၏ တရားဝင်အမည်ဖြစ်သော်လည်း ကမ္ဘာတဝန်းက တွေ့မြင်နေရသည့်အတိုင်း တရားဥပဒေစိုးမိုးမှုကို ဗြောင်ကျကျ လျစ်လျူရှုထားသောကြောင့် ထိုဝေါဟာရအား ထိုလက်နက်ကိုင်တပ်ကို ခေါ်သည့် အမည်အဖြစ် မသတ်မှတ်ကြတော့ပေ။ ထိုသို့ခေါ်သည့်အစား ကမ္ဘောဒီးယားတွင် ပိုပေါ့၏ ခမာနီခေတ် အစောပိုင်းက အကြမ်းဖက်အဖွဲ့အစည်းကဲ့သို့ အတိုကောက်အားဖြင့် မအလ-စကစ၊ မင်းအောင်လှိုင်၏ စစ်ကောင်စီဟု ခေါ်ကြသည်။

အာဏာသိမ်းပြီးချိန်မှစတင်ဖြစ်ပွားသည် မြန်မာလူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုကို လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်သည်ကို ကြည့်နိုင်သည်။ ကုန်ဆုံးခဲ့သောနေ့တိုင်းတွင် အရပ်သားသေဆုံးမှုသစ်များ ဖြစ်ပေါ်နေသည်။

ထိုသို့အကြမ်းဖက်မှုမင်းမူသည့်ကာလအတွင်း လူအနည်းဆုံး ၈၆၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ၄၈၉၃ ဦးကို ဖမ်းဆီးထားကာ ဖမ်းဆီခံရသူအများစုသည် ညှင်းပမ်းနှိပ်စက်ခံနေကြရသည်။ ထိုနိုင်ငံရေး အကျဉ်းသားများတွင် အကြွင်းမဲ့လူ့အခွင့်အရေးကို တိုက်ခိုက်မှုအား ဆန့်ကျင်ပြောဆိုရဲသည့် ပန်းချီဆရာများ၊ ကဗျာဆရာများ၊ ပါမောက္ခများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျောင်းဆရာဆရာမများနှင့် ဒီမိုကရေစည်နည်းကျရွေးကောက်ခံထားရသည့် အရပ်သားများပါဝင်သည်။ ထိုတက်ကြွလှုပ်ရှားသူများသည် အသန့်စင်ဆုံးနှင့် အကြမ်းထည် ဒီမိုကရေစီဖြစ်သည့် ရှင်သန်လှုပ်ရှားနေသော ဒီမိုကရေစီအတွက် ရှေ့ဆောင်လမ်းပြဖြစ်သည်။

ယင်းသည် တနိုင်ငံလုံးတွင် လွတ်လပ်မှုကို မြတ်နိုးခြင်းနှင့် ငြိမ်းချမ်းရေး ရရှိအောင် နှိုးဆော်သော လှုပ်ရှားမှု၊ သူ၏ “အဇ္ဈတ္တတော်လှန်ရေး”ဖြင့် ၁၉၈၈ ခုနှစ် စတင်ပြီး နှစ်ပေါင်း ၄၀ နီးပါး မနားမနေ လုပ်ကိုင်ခဲ့သည့် လှုပ်ရှားမှု ဖြစ်သည်။

ထိုအခြေအနေကို စာဖတ်သူများ အာရုံစိုက်စေရန်အတွက် ရင်းနှီးခင်မင်မှု အတိုင်းအတာတခုဖြင့် ဖေါ်ပြခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အရှေ့တောင်အာရှတွင် အလုပ်လုပ်ခဲ့သောကြောင့် စာရေးသူသည် မြန်မာနိုင်ငံသို့ အကြိမ်များစွာ ရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံသို့ရောက်သောအခါ စာရေးသူကို ရန်ကုန်မှကျော်ကြားလှသော မဟာစည် သာသနာ့ရိပ်သာသို့ ဖိတ်ကြားခံရသည်။ အလန်ကလီးမင့်နှင့် တွေ့ဆုံခဲ့သည်မှာ ထိုနေရာတွင်ဖြစ်သည်။ သူသည် တချိန်က မြန်မာနိုင်ငံတွင် ပထမဆုံး ရဟန်းဝတ်သော အနောက်နိုင်ငံသားများအနက် တဦးဖြစ်သည်။ ထိုနေရာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားများပြားလှသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ မဟာစည် ဆရာတော်ဘုရားကြီးထံမှ ဗုဒ္ဓစာပေ ကျမ်းဂန်များကို လေ့လာသောနေရာဖြစ်သည်။

ကလီးမင့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းရင်းနှီးနှီးသိသည်။ ၁၉၉၅ ခုနှစ် ဇူလိုင်လက ပထမအကြိမ် နေအိမ်အကျယ်ချုပ် ၆ နှစ်အပြီး လွတ်မြောက်လာသောအခါ ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် နေအိမ်တွင် ၆ ကြာမျှ တွေ့ဆုံဖူးသည်။ ထိုစဉ်က ၎င်းတို့ပြောဆိုဆွေးနွေးခဲ့သည်များသည် နောက်ဆုံးတွင် ကလီးမင့်၏ နိုင်ငံတကာတွင် ကျော်ကြားသော “အောင်ဆန်းစုကြည် သို့မဟုတ် မျှော်လင့်ချက်၏ အသံ – အလန်ကလီးမင့်နှင့် ဆွေးနွေးခြင်း” အမည်ရှိ စာအုပ်ဖြစ်လာခဲ့သည်။ ထိုစာအုပ်နှင့် ကလီးမင့် မကြာသေးမီက ထုတ်ဝေသည် လေးအုပ်တွဲစာအုပ် “ဗမာ့လွတ်မြောက်ရေးအသံ” (ဖားဂတ်စ် ဟာလိုး နှင့် ပူးတွဲရေးသားသည်) တို့သည် ဒေါ်အောင်ဆန်းုကြည်၏ ကျင့်ဝတ်နှင့် စိတ်ဓါတ်ဆိုင်ရာ မူများနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖေါ်ဆောင်ရေး သူမ၏ ရဲရင့်သော နည်းလမ်းကို မီးမောင်းထိုးပြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နိုင်ငံရေးပါတီ NLD တို့ ၂၀၁၅ ခုနှစ်က အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသောအခါ ဒေါ်အောင်ဆန်းစုကြည်က အဓိကပြဿနာ သုံးခုကို ပြောကြားသည်။ စစ်တပ်က ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးမှု ထူထောင်ရေးနှင့် ပြည်တွင်းငြ်ိမ်းချမ်းရေးတို့ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးလိုတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရပြီး ပထမဆုံးနေ့ကတည်းက ကျမတို့ နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတယ်။ အခု ကျမတို့ဟာ ဒီပြည်တွင်းပဋိပက္ခကို အဆုံးသတ်ဖို့ အခွင့်အလမ်းရှိတဲ့ ကျမတို့ သမိုင်းရဲ့လမ်းဆုံလမ်းခွကို ရောက်နေပါပြီ” ဟု သူပြောသည်။

ဆယ်စုနှစ်များစွာကြာသော အကြမ်းဖက်မှုများကြောင့် ထိခိုက်နာကျင်နေသည့် လူမျိုးစုံနေထိုင်သော မြန်မာနိုင်ငံသို့ ပြန်လည်သင့်မြတ်ရေးကို ဆောင်ယူရန် စိန်ခေါ်မှုများကို ဆက်တိုက် ရင်ဆိုင်နေရစဉ် ထိုရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို နားလည်ခြင်းဖြင့် မိမိတို့သည် နောင် ၃ နှစ်ကြာသောအခါ သည်ဟိဂ်ရှိ နိုင်ငံတကာတရားရုံး (ICJ) ရှေ့မှောက်တွင် ပြောကြားမည့် ယခင်ကနှင့် လွန်စွာ ကွဲပြားခြားနားနေသည့် မေတ္တာရပ်ခံချက်ကိုလည်း စတင်နားလည်လာနိုင်သည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ အပေါ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများသည် မြန်မာနိုင်ငံက ၁၉၅၆ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖေါက်သည်ဟု ထိုတရားရုံးတွင် စွပ်စွဲခံထားသည်။

ထိုစွပ်စွဲချက်များနှင့်ပတ်သက်ပြီး ကိုင်တွယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်က “၂၀၁၆-၁၇ က ဖြစ်ရပ်တွေ မတိုင်ခင်ကတောင်မှ ရခိုင်ပြည်နယ်က မွတ်ဆလင်၊ ဗုဒ္ဓဘာသာနဲ့ အခြားလူမှုအသိုက်အဝန်းတွေဟာ ကိုဖီအာနန် အကြံပေးကော်မတီက ထောက်ပြခဲ့တဲ့ လူမှုအသိုက်အဝန်းများအကြား ရှည်ကြာတဲ့ လူမှုပဋိပက္ခမှာ အမြစ်တွယ်နေတဲ့ ဖွံ့ဖြိုးမှုနိမ့်ကျခြင်းနှင့် ဆင်းရဲနွမ်းပါးမှုရဲ့ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။ ထိုစိန်ခေါ်မှုများကို ကိုင်တွယ်ရန်နှင့် ဘာသာရေးအရ သည်းခံမှုကို ယူဆောင်ပေးရန် မြန်မာအရပ်သားအစိုးရ ဆုံးဖြတ်ထားသည့် နည်းလမ်းများကို ကောက်ကြောင်းဖေါ်ပြီး သူ ဆက်လက်တင်ပြခဲ့သည်။

ထိုသို့လုပ်ဆောင်မည့် အားထုတ်မှုများတွင် နိုင်ငံသားဖြစ်ခွင့် အလျှင်အမြန်ရရှိရေး၊ ဘာသာရေးနောက်ခံကို ထည့်မတွက်ဘဲ ရခိုင်တွင်မွေးဖွားသည့် ကလေးများအားလုံးကို မွေးစာရင်းထုတ်ပေးရေး၊ မွတ်ဆလင်ကျောင်းသားများကို ပညာသင်ဆုများ ပိုမိုပေးအပ်ရေးနှင့် တနိုင်ငံလုံးရှိ တက္ကသိုလ်များတွင် ပညာတက်ရောက်သင်ကြားနိုင်ရန် အခွင့်အလမ်းများ ပေးခြင်းတို့ ပါဝင်သည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကြေကွဲစရာဖြစ်ရပ်များကို ဒေါ်အောင်ဆန်စုကြည်က ငြင်းပယ်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းပြုလုပ်ရန် ကြိုးစားခဲ့ခြင်း မရှိပေ။ ရိုဟင်ဂျာ အသိုက်အဝန်းအပေါ် စစ်တပ်က ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များသည် မှန်ကန်ကြောင်း ပြရန်လည်း သူ မကြိုးစားခဲ့ပေ။ လူမှုအသိုက်အဝန်းအတွင်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု သံသရာကို မီးမောင်းထိုးပြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က အခြေအနေ၏ လုံး၀ ရှုပ်ထွေးမှုကို တင်ပြကာ အမှန်တရားဖေါ်ထုတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ကတိကဝတ်ပြုရန် လိုကြောင်း ပြသသည်။ သူသည် ထိုစစ်ရာဇဝတ်မှုများကို ပေါ်ပေါက်လာနေသည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများတွင် ယုံကြည်မှုကို တည်ဆောက်ပေးမည့် ပြည်တွင်း ရာဇဝတ်မှု တရားစီရင်ရေးလုပ်ငန်းစဉ်မှတဆင့် ဆောင်ရွက်လိုသည်။

ထိုသဘောထား၏ ကွဲပြားခြားနားသော အနေအထားကို အသိအမှတ်ပြုရန် ပျက်ကွက်ပြီး မီဒီယာအများစုက ဒေါ်အောင်ဆန်းစုကြည်သည် လူမျိုးတုံးသတ်ဖြတ်မှုတွင် ကြံရာပါအဖြစ် သရုပ်ဖေါ်ကြသည်။ ထိုထက် အမှန်တရားနှင့် ပိုမိုဝေးကွာသောအရာ မရှိတော့ပေ။

မြန်မာ့သမိုင်းကို ရင်းနှီးကျွမ်းဝင်သူများသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများအတွက် လွတ်လပ်မှုနှင့် ဒီမိုကရေစီ၊ တိုင်းရင်းသားအုပ်စုများအကြား ပြန်လည်သင့်မြတ်မှုကိုဆောင်ယူပေးရန် မတွန့်ဆုတ်သော အားထုတ်မှုတွင် အခြေအနေဖိအားကြောင့် လျှောက်လှမ်းနေရသော ကြိုးတန်းကို သိကြသည်။ ၂၀၀၈ ခုနှစ်တွင် NLD သည် နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ထူထောင်ခြင်းတွင် ပါဝင်ခွင့် ငြင်းပယ်ခံရသည်။ မင်းအောင်လှိုင်နှင့် သူ၏ စစ်တပ်သည် အထွေထွေရွေးကောက်ပွဲများတွင် NLD အပြတ်အသတ် အောင်ပွဲခံခြင်းများကို အသိအမှတ် မပြုချင်ကြပေ။ အတိုက်အခံအဖွဲ့ဝင်များကို ဖမ်းဆီးညှင်းပမ်း နှိပ်စက်ရန်မူ “လွတ်လပ် မျှတသည့် ရွေးကောက်ပွဲ”ဆိုသည့် စကားကို မကြာခဏ သုံးကြသည်။

ထိုအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသည့် ဓါတ်ပုံများ ပျံ့နှံ့လာသည့်နေ့ဖြစ်သော မေလ ၂၄ ရက်နေ့က ကလီးမင့်က သူ၏ Facebook တိုက်ရိုက်ထုတ်လွှင့်ရာတွင် အကောင်းဆုံးတင်ပြခဲ့သည်။ “ ၁၉၈၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓါတ်ရေးရာတော်လှန်ရေးဖြစ်လာမယ့် တော်လှန်ရေးကို စတင်ခဲ့တယ်။ သူ့နိုင်ငံက ပြည်သူတွေနဲ့အတူ အကြမ်းမဖက်ရေးမော်ကွန်းကို အသုံးပြုတယ်။ ဒါပေမယ့် ဒီထက် ပိုမိုလေးနက်တာက၊ လက်နက်ကိုင်ဖို့ ငြင်းဆန်တာထက် ပိုမိုနက်ရှိုင်းတာက သူတပါးကို မကောင်းဆိုးရွားအဖြစ် လူယုတ်မာအဖြစ် ပုံဖေါ်ခြင်းကို လုံး၀ငြင်းဆန်တာဖြစ်တယ်။ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရခြင်းရဲ့ စိတ်ချမ်းမြေ့မှု၊ အကြမ်းဖက်မှုမှ ရှောင်ကျဉ်ခြင်း၊ သူတပါးကို လူယုတ်မာအဖြစ် သတ်မှတ်ခြင်းမှ ရှောင်ကျဉ်ခြင်း၊ သူ့ကို ညှင်းပမ်းနှိပ်စက်တဲ့သူတွေနဲ့ ပြန်လည်သင့်မြတ်ဖို့ ရဲရင့်ပွင့်လင်းတဲ့ နှလုံးသားတို့ဖြစ်တယ်။ ဒီနေ့ ဒီအမျိုးသမီးကြီးဟာ သမ္မတနဲ့ ရွေးကောက်ခံအရာရှိအများအပြားနဲ့အတူ နိုင်ငံတွင်း အတိအကျ မသိရတဲ့နေရာတခုက စစ်အကျဉ်းထောင်ထဲမှာ နေထိုင်ပြီး ထောင်တသက်တကျွန်းချမှာကို စောင့်နေရတယ်ဆိုတာ စိတ်ကူးယဉ်ကြည့်မှုထက်တောင် ကျော်လွန်သွားခဲ့ပါပြီ” ဟု သူပြောသည်။

ယခုအချိန်သည် ပြတ်သားသော လုပ်ရပ်များလုပ်ရတော့မည့် အချိန်ဖြစ်ကြောင်းထင်ရှားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် မိမိတို့တောင်းဆိုရမည်။ ယခု ချက်ခြင်းတောင်းဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည်သည် သင်္ကေတ သက်သက်တခု မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ဇာတ်ခုံတွင် စစ်မှန်သော စိတ်ခွန်အားကိုပေးသည့် အမျိုးသမီးခေါင်းဆောင်၊ လျစ်လျူရှု ဂုဏ်သိက္ခာချခံရခြင်းထက် သူမဘဝ၏ ကျန်အစိတ်အပိုင်းများ ငြိမ်းချမ်းစွာ ကုန်ဆုံးစေရန် ထိုက်တန်သူ၊ သူမထားရစ်သော အမွေအနှစ်အတွက် ဂုဏ်ပြုခံထိုက်သူဖြစ်သည်။

လတ်တလောတွင် မြန်မာပြည်သူများသည် လွတ်လပ်မှု၏ အနှစ်အသားအဖြစ်ဆုံး ပုံစံတခုအတွက် တိုက်ပွဲဝင်နေကြသည်။ သူတို့သည် သူတို့၏နှလုံးသားများ၊ စိတ်များနှင့် အသိတရားများတွင် အမှန်တကယ် တည်ရှိနေမှုကို လွတ်လပ်စွာ ထုတ်ဖေါ်နိုင်စွမ်း၊ ခံစားနိုင်စွမ်းနှင့် တွေးခေါ်နိုင်စွမ်းတို့အတွက် တိုက်ပွဲဝင်နေကြသည်။ မကြောက်မရွံ့ဘဲ ထုတ်ဖေါ်ပြောဆိုခြင်းက ညအချိန် အိမ်သို့လာရောက် ဖမ်းဆီး ခေါ်ဆောင် ထောင်ချ ညှင်းပမ်း နှိပ်စက် သေဆုံးခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရဲရင့်သော ထိုရဲရင့်သော အမျိုးသမီးများနှင့် အမျိုးသားများအတွက် ရပ်တည်ခဲ့သည်။ မိမိတို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပြည်သူများနှင့်အတူ ရပ်တည်ရမည်ဖြစ်သည်။ ယခုကဲ့သို့ အရေးကြီးသော အခြေအနေတွင် ထိုကိစ္စကို ထုတ်ဖေါ်ပြောဆိုကြပါ။ သင်တို့အသံကို အားလုံးကြားသိကြပါစေ။

(ဘရန်နာ ဂွန်ဒါမင်းသည် ဒီမိုကရေစီတိုးတက်ရေးအတွက် လုပ်ကိုင်နေသည့် လွတ်လတ်သော အတွေးအခေါ် သမားဖြစ်သည်။ သူသည် အရှေ့တောင်အာရှတွင် နှစ်ပေါင်းများစွာ နေထိုင်လုပ်ကိုင်ခဲ့သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ A Call to Action on Behalf of Myanmar’s Daw Aung San Suu Kyi ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အသက်ရာကျော် ရှည်ပါစေ၊ ကျန်းမာပါစေ

ဒေါ်အောင်ဆန်းစုကြည်အတွက် အနုပညာရှင်များရဲ့ မွေးနေ့ဆုတောင်း

ရွေးကောက်ပွဲ တရားမဝင် အနိုင်ရရန် စစ်ကောင်စီကြံစည်နေဟု NLD သတိပေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့အမှု တရားလို စစ်ဆေးမှုများ စတင်

Did you find apk for android? You can find new Free Android Games and apps.
Loading