ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးမြင်ကွင်းသစ်ကို မျှော်ကြည့်ခြင်း

မွန်မွန်မြတ်
ဖေဖော်ဝါရီလအတွင်း ဆန္ဒပြပွဲများကြားက စစ်သားများနှင့် ဆန္ဒပြသူများ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၁၀ နှစ်တာမျှ လွတ်လပ်မှုပေးပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို “အကောင်းဆုံး” ဓါးစာခံအဖြစ် ဖမ်းဆီးခြင်းသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် နည်းပရိယာယ်သစ် မဟုတ်ပေ။

သူသည် အကောင်းဆုံး ဖြစ်သည်။ သူတဦးသာ နိုင်ငံကို ကယ်တင်နိုင်သည်ဆိုသည့် အများပြည်သူယုံကြည်ချက်ကြောင့် ဖြစ်သည်။ ဒီမိုကရေစီနှင့် စစ်အာဏာရှင်စနစ်တို့ကို အပေးအယူလုပ်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် စစ်အုပ်စုအကြား “တတိယလမ်း”ကို ရှာဖွေလိုသော နိုင်ငံခြားသားနှင့် နိုင်ငံသားအနည်းငယ်အတွက် ဈေးညှိစရာလည်း ဖြစ်နေသောကြောင့် သူသည် အကောင်းဆုံး ဖြစ်နေပြန်သည်။ သို့သော် ထိုနှစ်ခုသည် လိုက်လျှောညီထွေ မရှိပေ။

မြန်မာစစ်တပ်အတွင်းမှ အာဏာသည် လွန်စွာ ပုဂ္ဂလိကဆန်သည်။ ဗိုလ်ချုပ်ကြီး စောမောင် (၁၉၈၈-၁၉၉၂) မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အထိ စစ်ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ မဟာမိတ်များကို ဖမ်းဆီးခြင်းဖြင့် အတိုက်အခံများကို အင်အားချည့်နဲ့အောင်လုပ်သည့် တူညီသော နည်းလမ်းများကိုသာ အသုံးပြုကြသည်။ ၎င်းတို့သည် မည်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိုမျှ မုန်းတီးနေကြသနည်း။

ဗ်ိုလ်ချုပ်များက နိုင်ငံရေးပြိုင်ဖက်တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်မနှစ်သက်သည့် အကြောင်းရင်း များစွာကို A Political Biography of Aung San Suu Kyi စာအုပ်ရေးသားသူ ဒေါက်တာ မစ်ချယ် လူဘီနာက ထောက်ပြထားသည်။ “သန်းရွှေ (နှင့်အခြားဗိုလ်ချုပ်များ) ၏ စစ်အုပ်စု ဆက်လက်ရှင်သန်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေး မုန်းတီးမှု၊ ကျားမခွဲခြားမှုများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဗမာကပြားဆန်မှု” အရာရာသည် “ယောင်္ကျားကြီးစိုးလွန်းသော စစ်တပ်အတွင်း ပြုစုပျိုးထောင်ထားသည့် နိုင်ငံခြားသားမုန်းတီးရေး အမျိုးသားရေးဝါဒနှင့် လွန်စွာခြားနား”ကြောင်း သူက ဆိုသည်။

“တတိယ နိုင်ငံရေးအင်အားစု”ဆိုသည့် အလွတ်သဘောအယူအဆကို လွန်ခဲ့သော ဆယ်စုနှစ်တခုက စတင်မိတ်ဆက်ခဲ့သော အခြားပညာရှင်တဦးဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်ကမူ အနောက်တိုင်း အရေးယူပိတ်ဆို့မှုများသည် ထိရောက်မှုမရှိဟု ဆိုခဲ့သည်။ “NLD နဲ့ စစ်အုပ်စုအကြား ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိလျှင် မြန်မာပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအပြောင်းအလဲများကိုဆက်စပ်စဉ်းစားခြင်း မပြုသင့်ပေ”ဟု သူရေးသည်။

လွန်ခဲ့သောဆယ်နှစ်က ထုတ်ဝေသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်း Political Impasse in Myanmar အမည်ရှိ ဆောင်းပါးတွင် ထို တတိယအင်အားစုအကြောင်း ဖော်ပြပြီး ပြည်သူများသည် ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ကျော်လွန်ကြည့်မြင်ရမည်ဖြစ်ကြောင်း သူပြောသည်။

“ ဒီဆွေးနွေးချက်ဟာ စစ်အုပ်စုဟာ အင်အားသုံး ဖြုတ်ချမရလောက်အောင် အင်အားကြီးတယ်ဆိုတဲ့ ယူဆချက်အပေါ် အခြေခံပြီး ဒါကြောင့်မို့လို့ ပြည်သူတွေက စစ်တပ်ကချထားတဲ့ အဖွဲ့အစည်းဆိုင်ရာ မူဘောင်အတွင်းကနေ နိုင်ငံရေးကစားပြီး နိုင်ငံရေးလွတ်လပ်ခွင့်ကို တိုက်ယူဖို့ စဉ်းစားရမယ်” ဟု ဒေါက်တာကျော်ရင်လှိုင်က ရေးခဲ့သည်။

ထိုတတိယအင်အားစုအယူအဆသည် စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း နိုင်ငံရေးကစားရန် NLD မှ ခွဲထွက်သော ပါတီများအပါအဝင် နိုင်ငံရေးပါတီအများအပြားအတွက် နည်းစနစ်ပိုင်းဆိုင်ရာ အခြေခံကို ဖြစ်စေသည်။ ထိုအထိုင်သည် စစ်တပ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံနှင့် နောက်ဆုံး ဦးသိန်းစိန်၏ ဒီမိုကရေစီ အတုအယောင်အစိုးရလက်ထက်တွင် ဒီမိုကရေစီနှင့် စစ်အာဏာရှင်အင်အားစုများဖြင့် ဖွဲ့စည်းထားသည့် ကပြားစနစ် ဖြစ်စေသည်ဟု စာရေးဆရာ မယ်လ် ရေးနောက်က မြင်သည်။

တတိယအင်အားစု နိုင်ငံရေးအယူအဆသည် မြန်မာနိုင်ငံမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လေ့လာစမ်းစစ်သူများအကြားတွင် လွန်စွာ အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။ ကွယ်လွန်သူ နိုင်ငံရေးသမားနှင့် စာရေးဆရာမောင်ဝံသက စာရေးသူကို ၂၀၁၁ ခုနှစ်တွင် စကားတခွန်းပြောဖူးသည်။ “ဒီအုပ်စုက မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ရှေ့ဆက်ချင်ကြတယ်” ဟု သူပြောသည်။ ထို့ကြောင့် ထိုအယူအဆသည် စစ်အုပ်စု၏ အယူအဆနှင့် ထပ်တူကျနေသည်။

စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်ထားခဲ့ပြီး ၂၀၁၀ တွင် NLD မပါသော ရွေးကောက်ပွဲကို ကျင်းပသည်။ ထို့နောက် အရပ်သားတပိုင်းအစိုးရကို အောင်မြင်စွာဖွဲ့စည်းပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အသိအမှတ်ပြုမှုအားလုံးကို ရယူသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အုပ်စု (၁၉၉၂-၂၀၁၁) က ၂၀၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးသောအခါ ကျားသေအဖြစ် သတ်မှတ်ထားသည်။ သို့သော် ထိုကျားသေသည် အလျှင်အမြန်ပြန်လည်ရှင်သန်လာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း NLD က တောင်ပြိုကမ်းပြိုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အုပ်စုက ချမှတ်ထားသည့် မူဘောင်အတွင်းမှ နှစ်ပေါင်း ၅၈ နှစ်အတွင်း ပထမဆုံး အရပ်သား ဦးဆောင်သည့် အစိုးရကို ဖွဲ့စည်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သြဇာသည် လွန်စွာကြီးမားနေဆဲဖြစ်သည်ဟု ယူဆကြသော်လည်း ၂၀၁၀ ခုနှစ်မှ စတင်ပြီး အမျိုးမျိုးသော နိုင်ငံရေးအုပ်စုများက ဦးဆောင်သည့် ဇာတ်လမ်းဇာတ်ကွက်များသည် ပိုမိုကွဲပြားလာသည်။ အခင်းအကျင်းသစ်တခု ပေါ်ပေါက်လာပြီး အမြင့်ဆုံးအဆင့်သို့ ရောက်သောအခါ ထိုနားလည်ရခက်သော တတိယအင်အားစုဆိုသည့် တောင်းဆိုမှုကို ထပ်မံကြားလာရပြန်သည်။

နိုင်ငံရေးစနစ် တခုနှင့် တခု ကြားကာလ

သုတေသီများဖြစ်ကြသော ဂီလာမို အိုဒွန်နယ်နှင့် ဖိလစ်ရှမစ်တာတို့က ၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအသွင်ကူးပြောင်းမှုအကြောင်း ရေးသားခဲ့ပြီး “ရေရာသည့် အာဏာရှင်စနစ်များမှ မရေရာသော တစုံတခုသို့ ကူးပြောင်းမှု”အတွင်း မတည်ငြိမ်မှုများနှင့်ပတ်သက်ပြီး သတိပေးခဲ့သည်။ ထိုသို့သော အကူးအပြောင်းကို “နိုင်ငံရေးစနစ်တခုနှင့် တခုအကြား ကြားကာလ”အဖြစ် ၎င်းတို့က ဖွင့်ဆိုကြသည်။

ထိုကြားကာလသည် ပြီးဆုံးသွားကြောင်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုက ပြသနေသည်။ စစ်အုပ်စုသည် စစ်အုပ်ချုပ်ရေးသံသရာသစ်ကို စတင်လိုက်ပြီး ထိုအုပ်ချုပ်ရေးသည် ဆယ်စုနှစ်နှင့်ချီကြာမည်ကို အများအပြားက စိုးရိမ်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ဆက်လက်ထောက်ခံနေခြင်းသည် စစ်ခေါင်းဆောင်များအတွက် ခြိမ်းခြောက်မှုဖြစ်နေသည်။

ထိိုသို့သော စိတ်ဖိစီးစရာ အခြေအနေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအပြောင်းအလဲကို ခွဲခြားရှုမြင်ရေးဆိုသည့် တတိယအုပ်စု၏ ယုတ္တိဗေဒကို အတည်ပြုပေးနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် ဦးသိန်းစိန်အစိုးရ (၂၀၁၁-၁၆) နှင့် တတိယအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် ထိုအစိုးရ အကြံပေးများက ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဆက်ဖြတ်နိုင်ခဲ့လျှင် ယခု ဖေဖေါ်ဝါရီလ အာဏာသိမ်းမှု ပေါ်ပေါက်နိုင်မည်လား။

၂၀၁၂ ခုနှစ်က Journal of Asian Studies စာစောင်တွင် ဒေါက်တာ အဲလိယက် ပရက်စေ ဖရီးမင်းက အာဏာ၊ လူမှုအခြေပြုအဖွဲ့အစည်းနှင့် မြန်မာပြည်က နေ့စဉ် ဖားတပိုင်းငါးတပိုင်း နိုင်ငံရေး Power, Civil Society, and an Inchoate Politics of the Daily in Burma/Myanmar ဆိုသည့် သုတေသနစာတမ်းတွင် ထိုတတိယအင်အားစု၏ အခန်ကဏ္ဍကို ဝေဖန်သည်။

”အပြောင်းအလဲအတွက် အခြားယန္တရားတခု ချမှတ်ပြီး အတိုက်အခံနိုင်ငံရေး စီမံချက်ကြီးတခုလုံးကို စွန့်လွတ်ရမည်၊ (အောက်ခြေနှင့် အထက်လွှာများပါဝင်သည့်) ကျယ်ပြန့်သော လူမှုအခြေပြုကဏ္ဍက ထိုလစ်ဟာသွားသောနေရာကို ယူကာ နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်ရမည် ဆိုသည့် အယူအဆများကို တတိယအင်အားစုက သိမ်မွေ့စွာ ထူထောင်သည်။ ထိုအယူအဆသည် လူထုဒီမိုကရေစီကို မျက်ကွယ်ပြုပြီး တတိယအင်အားစု၏ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုဖြင့် အစားထိုးသောကြောင့် မျက်တောင်တဆုံးသာ ကြည့်သည်။

၂၀၁၀ ခုနှစ်က စတင်ဖေါ်ပြခဲ့သည့် တတိယအုပ်စု အယူအဆသည် မှားယွင်းကြောင်း ယနေ့တွင် သက်သေပြပြီးဖြစ်သည်။ ထိုအယူအဆသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုကို လျှော့တွက်သည်။ လူထုထောက်ခံမှုမရှိဘဲ မည်သည့် စစ်မှန်သော အပြောင်းအလဲမျှ မဖြစ်နိုင်ပေ။ ဦးသိန်းစိန်၏ တတိယအင်အားစု အစိုးရသည် နိုင်ငံတကာ တရားဝင်အသိအမှတ်ပြုမှု၊ ရင်းနှီးမြှုပ်နှံမှုကို ရယူရန်ကြိုးစားပြီး ငြိမ်းချမ်းရေးသမားအဖြစ် ရုပ်ပုံလွှာကို တည်ဆောက်နိုင်သော်လည်း သက်တမ်းတခုသာ အနိုင်ရသည်။ ၂၀၁၅ ခုနှစ်တွင် NLD က တောင်ပြိုကမ်းပြို နိုင်လိုက်သောအခါ ဒေါ်အောင်ဆန်းစုကြည်မပါသည့် နိုင်ငံရေးအပြောင်းအလဲ ဆိုသည့် ရည်မှန်းချက် ပျက်စီးသွားသည်။

ကံမကောင်းအကြောင်းမလှသည်မှာ စစ်အာဏာရှင်စနစ်မပါသည့် ကြားကာလသည် ၁၀ နှစ်သာ ကြာခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးမှ ကပြားအယူအဆသစ်

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စုက ရန်လိုခြင်းသည် ယခုတကြိမ်တွင် ပိုမိုပြင်းထန်သည်။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ဆူပူရန်လှုံ့ဆော်ခြင်း၊ အစိုးရ လျှို့ဝှက်ချက်ဥပဒေ ချိုးဖေါက်ခြင်းနှင့် အဂတိလိုက်စားမှုအပါအဝင် စွဲချက်အများအပြားနှင့် ထောင်ကျမည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်။ ထိုစွဲချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်ဘဝအစိတ်အပိုင်းကို ထောင်ထဲတွင်သာ ကုန်ဆုံးသွားစေနိုင်သည်။ နေအိမ်တွင် အကျယ်ချုပ် ဖမ်းဆီးခြင်းသက်သက်ဖြင့် စစ်အုပ်စုကို ကျေနပ်နိုင်စေပုံမရပေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲထည့်ထားချင်သည်။ ပြည်သူလူထု၏ အသည်းနှလုံးကို ဆယ်စုနှစ်များစွာ သိမ်းပိုက်ထားနိုင်သော အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဗိုလ်ချုပ်များ၏ ကြီးထွားနေသော မုန်းတီးမှုကို ထိုလုပ်ရပ်များက ပြသနေသည်။

စစ်အုပ်စုသည် ယခုတကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ကျော်လွန်ကြည့်မြင်သင့်သည်။ ထိုသို့မြင်ခြင်းသည် နားလည်ရခက်သော တတိယနည်းလမ်းဖြစ်နိုင်သည်။ စစ်အာဏာသိမ်းမှုက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်များအကြား အငြင်းပွားမှုကို စစ်တပ်လိုလားသည့် အထက်လွှာနှင့် လူမှုလူ့အဖွဲ့အစည်းအကြား စစ်ပွဲအဖြစ် ပြောင်းလဲပစ်လိုက်သည်။

အတိုက်အခံများကို ပိတ်ဆို့ထားနိုင်လေလေ အာဏာကြာကြာ ချုပ်ကိုင်နိုင်လေလေဟု စစ်အုပ်စုက ယုံကြည်သည်။ သို့သော် နိုင်ငံရေးအတိုက်အခံများကို ဖမ်းဆီးပိတ်ဆို့ထားခြင်းသည် ၂၁ ရာစုတွင် အလုပ်ဖြစ်မည့်သဘောမရှိပေ။ စစ်အုပ်စုသည် ပြည်သူလူထုကို ဖမ်းဆီးခြောက်လှန့်နိုင်သည့် စွမ်းရည်မရှိသောကြောင့် အုပ်ချုပ်မရသည့် လူထုကြောင့် စစ်အုပ်စု၏ အုပ်ချုပ်ရေးအားထုတ်မှုများ ကျဆုံးရသည်။

နိုင်ငံရေးအခင်းအကျင်းသည် အာဏာရှင်ဖြစ်စေ၊ ဒီမိုကရေစီခေါင်းဆောင်ဖြစ်စေ အမျိုးသားတယောက် သို့မဟုတ် အမျိုးသမီးတယောက် ကြီးစိုးလွှမ်းမိုးခြင်းမှ လူမှုအသိုက်အဝန်းက ဦးဆောင်သည့် အစီအစဉ်များသို့ သိသိသာသာ ခုန်ကျော်ပြောင်းလဲသွားပြီဖြစ်သည်။ အကြမ်းမဖက် ဆန္ဒပြပွဲများနှင့် လက်နက်ကိုင်ခုခံရေး ပေါင်းစည်းထားသော ဗျူဟာသည် နွေဦးတော်လှန်ရေးမှ ထွက်ပေါ်လာနေသော စပ်ကြားချဉ်းကပ်မှုသစ် ဖြစ်သည်။

ကျောင်းသားတက်ကြွလှုပ်ရှားသူများ၊ စက်ရုံလုပ်သားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူမှုတက်ကြွလှုပ်ရှားသူများ၊ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် စစ်အုပ်ချုပ်ရေးအောက်တွင် မနေလိုသည့် အခြားသူများ၏ စုပေါင်းဆောင်ရွက်မှုမှ ပေါ်ထွက်လာသည့် လူမှုအသိုက်အဝန်းက ဦးဆောင်သည့် အစီအစဉ်များ ပေါ်ထွက်လာသည်။

“ ဒီနေ့တော်လှန်ရေးက လူထုတော်လှန်ရေးပဲ။ လူမျိုးနဲ့ပါတီက အရေးမပါတော့ဘူး။ ကျနော်က နိုင်ငံရေးပါတီဝင် မဟုတ်ဘူး။ ကျနော် ဒီတော်လှန်ရေးမှာ ပါဝင်တာ ပါတီတခုအတွက် မဟုတ်ဘူး။ လူမျိုးတမျိုးအတွက် မဟုတ်ဘူး။ လူသားထုနဲ့ ပြည်သူတွေရဲ့အခြေခံလူ့အခွင့်အရေးအတွက် ပါဝင်တာဖြစ်တယ်” ဟု အရပ်သား ဦးဆောင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မဇ္ဈိမ သတင်းဌာနသို့ ပြောသည်။

“ မြန်မာ့နိုင်ငံရေး ပဋိပက္ခက အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံပြည်သူတွေကြားမှာ ဖြစ်နေတာ။ အတိုက်အခံ အင်အားစု အထူးသဖြင့် NLD ဆိုတာက ဒီမိုကရေစီရေးတိုက်ပွဲမှာ ကိရိယာ တခုမျှသာ ဖြစ်တယ်” ဟု ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း လွန်ခဲ့သော ၁၃ နှစ်က ဧရာဝတီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ဒီလို တိုက်ပွဲအတွင်းမှာ တတိယအင်အားစုဆိုတာ မရှိဘူး။ သူတို့တွေက အဖိနှိပ်ခံပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေမဟုတ်ဘဲ အုပ်ချုပ်သူတွေဆီမှာ အညံ့ခံရေးသမားတွေသာဖြစ်တယ်” ဟု သူရှင်းပြသည်။

စစ်မှန်သော ဒီမိုကရေစီ ရရှိရေး အဖိနှိပ်ခံပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်ရှုမြင်ကြမည်လား။ ပြည်သူလူထုသည် စစ်အုပ်စုနှင့် အပေးအယူကို မျှော်နေသူများ မဟုတ်ဘဲ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများအတွင်းနှင့် ယခုအခါ လမ်းမများပေါ်မှ အဖိနှိပ်ခံပြည်သူများ၏ ဆန္ဒပြပွဲများတွင် ဖေါ်ထုတ်လိုက်သော အသံများပင်ဖြစ်သည်။

(မွန်မွန်မြတ်သည် ထိုင်းနိုင်ငံ ချင်းမိုင်မှ ဖယက်တက္ကသိုလ် ငြိမ်းချမ်းရေးတည်ဆောက်မှုအစီအစဉ်မှ ပါရဂူဘွဲ့ သင်တန်းသူနှင့် စာရေးဆရာမဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ သူ၏ Myanmar’s Emerging Landscape Looks Beyond Suu Kyi ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အသက်ရာကျော် ရှည်ပါစေ၊ ကျန်းမာပါစေ

အလုပ်ဖြင့် သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား တောင်းဆိုခြင်း

ရွေးကောက်ပွဲ တရားမဝင် အနိုင်ရရန် စစ်ကောင်စီကြံစည်နေဟု NLD သတိပေး

နိုင်ငံရေး ပါတီများကို CRPH၊ NUG တို့နှင့် မဆက်သွယ်ဖို့ စစ်ကောင်စီ ဖိအားပေး

Did you find apk for android? You can find new Free Android Games and apps.
Loading