မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်နေပြီဆိုသည်ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌကိုယ်တိုင်က ပြီးခဲ့သည့် သောကြာနေ့၌ ကျင်းပသည့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အစည်းအဝေးတွင် ကြေငြာသွားခဲ့ပြီဖြစ်သည်။ ထိုအစည်းအဝေးမှာပင် လက်ရှိကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၀၁၇၂ ဦးရှိသည်ဟုလည်း ပြောကြားသွားခဲ့သည်။
မကြာခင်ရက်ပိုင်းအတွင်းက ဓါတ်ခွဲစစ်ဆေးမှုနှင့် ပိုးတွေ့မှုနှုန်း (positivity rate) သည် ၁၂-၁၃ ရာခိုင်နှုန်းကျော်သို့ ရောက်ရှိလာခဲ့သည်။ တနည်းအားဖြင့် လူ ၈ ဦးကိုစစ်ဆေးကြည့်လျှင် ၁ ဦးထက်မနည်းတွင် ပိုးတွေ့နေရခြင်းဖြစ်သည်။ ရက်သတ္တပတ် ၂ ပတ်အတွင်း ဓါတ်ခွဲစစ်ဆေးပြီး အတည်ပြုလူနာတွေ့ရှိမှုနှုန်းသည်လည်း ဇွန်လ၂၀ ရက် နေ့တွင် တိုင်းတာချက်အရ ၂၄၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုသည် စိုးရိမ်ရေမှတ် ရောက်ရှိလာပြီဟု ဆိုနိုင်သည်။ အိန္ဒိယနိုင်ငံတွင် မကြာခင်က ရိုက်ခတ်ခဲ့သည့် ကိုဗစ်လှိုင်းအခြေအနေကို သတိပေးခေါင်းလောင်း ထိုးသံအဖြင့် မှတ်ယူသင့်၍ ထိုအခြေအနေရောက်လျှင် လူပေါင်းများစွာ ကျန်းမာရေးစနစ်ပြိုလဲမှုကြောင့် မသေသင့်ဘဲ သေဆုံးကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်က ပြိုလဲနေပြီဖြစ်၍ ပိုမိုစိုးရိမ်ရသည်။
လက်ရှိအချိန်တွင် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ပျံ့နှံ့မှုအခြေအနေကို သုံးသပ်ရလျှင် ကိုဗစ်ဗိုင်းရပ်စ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမို ရိုက်ခတ်လာနေသည်ကိုတွေ့ရပြီး အိမ်နီးချင်းအာရှနိုင်ငံများတွင်လည်း ပျံ့နှံ့မှုမြင့်တက်လျက် ရှိသည်ကိုတွေ့ရသည်။ ပထမလှိုင်း၊ဒုတိယလှိုင်းများအတွင်းက စနစ်တကျ ထိန်းချုပ်နိုင်ခဲ့သည့် တိုင်ဝမ်၊ ဗီယက်နမ်နိုင်ငံများမှာပင် စိုးရိမ်ရသည့် အခြေအနေများတွင် ရှိနေသည်။ Bloomberg Covid Resilience Ranking အရလည်း တချိန်က ထိပ်ဆုံးရှိခဲ့သည့် စင်ကာပူ၊ တိုင်ဝမ်တို့ပင် အဆင့်နိမ့်ကျခဲ့၍ နိုင်ငံသား အများစုကို ကာကွယ်ဆေးထိုးနှံပေးနိုင်သည့် အမေရိကန်၊ ဗြိတိန်တို့၏ အဆင့်သည် မြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။
ထိုအခါ ဆင်ခြင်နိုင်သည်မှာ ကိုဗစ်- ၁၉ ကူးစက်မှုကပ်ဘေးကို ထိန်းချုပ်ကာကွယ်တာဆီးရာမှာ ယခင်နှစ်ကလို social distancing လူအချင်းချင်း ခပ်ခွာခွာနေခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းလိုမျိုးနှင့် မရတော့ဘဲ ကာကွယ်ဆေးထိုး နှံပေးနိုင်မှု (လူဦးရေ၏ အနည်းဆုံး ၄၀ ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ်အကုန်) သည် အဓိကကျကြောင်း တွေ့ရှိလာရသည်။
ကိုဗစ်-၁၉ ကပ်ဘေးကို တုန့်ပြန်နိုင်မှုနှင့် စီးပွားရေးနာလန်ထမှုတွင်လည်း ချမ်းသာသည့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဝင်ငွေနည်း ဖွံ့ဖြိုးဆဲနိုင်ငံများအကြား များစွာကွာဟသွားနိုင်သည့် အခြေအနေရှိသည်ကို နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ အကြီးအကဲ Kristalina Georgieva က “Great Divergence: A Fork in the Road for the Global Economy” အမည်ဖြင့် စာတမ်းငယ်တစ်စောင် ဖေဖေါ်ဝါရီလက ရေးသားခဲ့ပြီး ထိုသို့ ကွာခြားမှုက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်မည်ဟု ထောက်ပြထားခဲ့သည်။
အဓိကကွာခြားချက်မှာ ချမ်းသာသည့်နိုင်ငံ အစိုးရများသည် ပြီးခဲ့သသည့်၂၀၂၀ ခုနှစ်က ကိုဗစ်ကုစားမှု အစီအစဉ်များအတွက် ဂျီဒီပီ၏၂၄ ရာခိုင်နှုန်းထိ သုံးစွဲနိုင်သော်လည်း ဝင်ငွေနည်းဖွံ့ဖြိုးဆဲနိုင်ငံများက ၂ ရာခိုင်နှုန်းခန့်သာ သုံးစွဲနိုင်၍ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ပြင် ချမ်းသာသည့်နိုင်ငံများသည် ယခု ၂၀၂၁ ခုနှစ်မှာပင် ယင်းတို့၏ နိုင်ငံသားအားလုံးနီးပါးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်မည် ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ပတ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူအရေအတွက်သည် လူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ရှိ သေးပြီး လက်ရှိထိုးနှံမှုနှုန်းဖြင့်သွားလျှင် နောက်ထပ်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကို ထိုးနှံပြီးရန် ရက်ပေါင်း ၂၀၂ ရက်ကြာလိမ့်မည်ဟု ရိုက်တာသတင်းဋ္ဌာန၏ Covid Tracker ကဖေါ်ပြထားသည်။
တကယ်တော့ အန်အယ်လ်ဒီအစိုးရသည် လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ၂၀၂၁ခုနှစ်အကုန်မှာ အပြီးထိုးနှံပေးနိုင်ရန် စီစဉ်ထားခဲ့ပြီး အိန္ဒိယနိုင်ငံ Serum Institute မှကာကွယ်ဆေး အလုံးရေသန်း ၃၀ ဝယ်ယူထားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် Access to Covid Vaccines-Covax ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်မှလည်း ကာကွယ်ဆေးများရယူရန် ဆွေး နွေးညှိနှိုင်းပြီးဖြစ်သည်။ စစ်ကောင်စီအနေဖြင့် ငြင်းချက်ထုတ်နိုင်သည်မှာ အိန္ဒိယနိုင်ငံမှာဖြစ်ပွား နေသည့် ကိုဗစ်အခြေအနေကြောင့် Serum Institute ၏ ကိုဗစ်ကာကွယ်ဆေးများ တင်ပို့မှုကို ချုပ်ထိန်းလိုက်သဖြင့် ၎င်းတို့၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနအနေဖြင့် ကာကွယ်ဆေးများ မထိုးနှံပေးနိုင်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
သို့သော်လည်း ယင်းတို့ အာဏာသိမ်းပြီး ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်သည် စနစ်တကျ အသက်အရွယ်နှင့် ရောဂါအခံရှိသူများကို ဦးစားပေးထိုးနှံမှုမဟုတ်ဘဲ ဘယ်သူလာလာ ထိုးနှံခြင်းအစီအစဉ်ဖြစ်သည်။ ပြီးခဲ့သည့်မတ်လက အင်းလျားကိုဗစ်စင်တာတွင် ဆေးထိုးနှံရန် တန်းစီနေသူများထဲတွင် အသက်ငယ်ရွယ်သူများကိုလည်းတွေ့ရသည်။ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို နိုင်ငံရေးအရအသုံးမချရန် အထူးအရေးကြီးပြီး ကာကွယ်ဆေးအလုံအလောက် မဝယ်ယူ မရရှိနိုင်သည့် နိုင်ငံများ အနေဖြင့် မဟာဗျူဟာကျကျ လူဦးရေအုပ်စုများခွဲခြား ထိုးနှံပေးမှသာ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ဟန့်တားနိုင်မည်ဖြစ်သည်။
အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများကို ဦးစားပေးထိုးပေးခြင်းသည် ဆေးရုံများတွင် ကုသမှုခံယူရမည့် အရေအတွက်ကို များစွာလျှော့ကျသွားစေသဖြင့် ကျန်းမာရေးယန္တရားပြိုလဲမှုကို ဟန့်တားနိုင်သလို၊ သေဆုံးမှုနှုန်းကိုလည်း များစွာလျှော့ချနိုင်သည်ကိုတွေ့ရသည်။ ဘူတန်နိုင်ငံအစိုးရသည် ရက်သတ္တပတ်အတွင်း မဟာဗျူဟာအစီအစဉ်ရေးဆွဲ၍ သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ ထိုသို့မဟုတ်ဘဲ ယခုလိုအရင်လာအရင်ထိုးနှံမှု အစီအစဉ်သည် ကာကွယ်ဆေးများကို ဖြုန်းတီးသကဲ့သို့ဖြစ်နေသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် “A Proposal to End the Pandamic” အစီရင်ခံစာအရ အလှူရှင်နိုင်ငံများမှ ဒေါ်လာဘီလီယံ ၅၀ အလျင်အမြန်တောင်းခံထား၍ ထိုအလှူငွေဖြင့် မြန်မာနိုင်ငံအပါအဝင် ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံပေါင်း ၉၁ နိုင်ငံ (Lower and Middle -Income Countries-LMICS) များ၌ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ်အကုန် ထိုးနှံပေးနိုင်ရန်နှင့် ကျန် ၆၀ ရာခိုင်နှုန်းကို ၂၀၂၂ ခုနှစ်လည်ပိုင်းတွင် အပြီးထိုးနှံပေးနိုင်ရန် အစီအစဉ်များရေးဆွဲထားပြီးဖြစ်သည်။ တချိန်တည်းမှာပင် လူဦးရေအများစုကို ထိုဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေး မထိုးနှံပေးနိုင်သေးခင်အချိန်၌ ကိုဗစ်ကူးစက်မှုများကို ထိန်းချုပ်နိုင်ရန် ရောဂါပိုးရှိမရှိစစ်ဆေးစမ်းသပ်မှု၊ ထိရောက်သည့်ကုသမှုများ၊ ကာကွယ်မှုအတွက် လိုအပ်သည့်ပစ္စည်းများ (ပီပီအီးအပါအဝင်)၊ ဆေးရုံသုံးပစ္စည်းကိရိယာများ ဝယ်ယူနိုင်ရန် အကူအညီအထောက်အပံ့များလည်း ပေးအပ်သွားမည်ဖြစ်သည်။
သို့သော်လည်း ယခုအခါမှာတော့ မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှုကြောင့် ထိုအစီအစဉ်များဖြင့် အလှမ်းကွာသွားပြီဖြစ်သည်။ နိုင်ငံတကာမှ အလွယ်တကူ ကာကွယ်ဆေးများ လှူဒါန်းတော့မည်မဟုတ် ချေ။ ခက်ခဲသွားပြီဟု ဆိုနိင်သည်။
လူ ၁ သောင်းမှာ ဆရာဝန် ၈.၆ ဦးသာ ရှိသည့်နိုင်ငံ၊ သူနာပြု ၁၀ ဦးသာ ရှိသည့်နိုင်ငံ၊ ICU beds ကလည်း ၂၀၁၈ ခုနှစ်က ထုတ်ပြန်သည့် WHO စာရင်းဇယားများအရ ၃၃၀ သာရှိသည့်နိုင်ငံအနေဖြင့် ယခု တတိယလှိုင်းကို ထိရောက်စွာ တုန့်ပြန်နိုင်ရန် နိုင်ငံတကာအကူအညီများကို အထူးလိုအပ်နေပြီဖြစ်သည်။ စစ်ကောင်စီ ကျန်းမာ ရေးဝန်ကြီးမှာလည်း အစည်းအဝေးများသာ ကျင်းပနေပြီး ထိရောက်သည့် အစီအစဉ် ရှိဟန်မတူ။ ဆေးဝါးပြည့်စုံသည်ဟုဆိုသော်လည်း တကယ်တမ်းဖြစ်လာလျှင် လုံလောက်သည့်ဆေးဝါး၊အောက်ဆီဂျင်နှင့် အသက်ရှုစက်များ မလုံလောက်နိုင်။
အခြားဝေးဝေးကြည့်စရာမလို အိန္ဒိယနိုင်ငံကိုသာ လေ့လာလျှင်သိနိုင်သည်။ ပိုဆိုးသည်က ထိုစက်ကိရိယာများကို နိုင်ငံတကာမှ လှူဒါန်းလျှင်ပင် စနစ်တကျ အသုံးချပြီး ကုသမှုပေးနိုင်သည့် ဆရာဝန်၊ သူနာပြု လူ့စွမ်းအား ပြိုလဲသွားခြင်းဖြစ်သည်။
ကာကွယ်ဆေးမထိုးနှံပေးနိုင်ခင်အချိန်တွင် စမ်းသပ်မှုများကို များ များလုပ်ရန် လိုအပ်သည်ဟု ဆေးပညာရှင်များက အကြံပြုထားခဲ့သည်။ သို့သော်လည်း testing စမ်းသပ်မှုများကို အိမ်နီးချင်းနိုင်ငံများတွင်လုပ်သလို လူစည်ကားသည့်နေရာများ၊ ပိုးတွေ့လူနာရှိသည့် ရပ်ကွက်များအတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လူအင်အားမရှိတော့ချေ။
ဓါတ်ခွဲခန်းကျွမ်းကျင်လုပ်သားများလည်း များစွာလိုအပ်နေမည်ဖြစ်သည်။ ဧရာဝတီစင်တာလို စနစ်တကျပြင်ဆင်ထားသည့် ကုသရေးစင်တာများ၊ Q စင်တာများလည်း မရှိတော့ချေ။
ပို၍ဆိုးဝါးသည်က ပုဂ္ဂလိကဆေးရုံဆေးခန်းများမှ ကျန်းမာရေးဝန်ထမ်းများကိုလည်း ကာကွယ်ဆေး မထိုးပေးနိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့လူနာများသည် ပုဂ္ဂလိကဆေးရုံ ဆေးခန်းများကိုသာ မှီခိုအားထားရတော့မည်ဖြစ်သည်။
ကိုဗစ်-၁၉ကပ်ဘေးသည် တဦးတည်းလာသည့် ကပ်ဘေးမျိုးမဟုတ်ဘဲ double whammy လို့ခေါ်နိုင်သည့် စီးပွားပျက်ကပ်ပါပြိုင်တူဆိုက်ရောက်သည့် ကပ်ဘေးမျိုးဖြစ်သည်။ မြန်မာနိုင်ငံကတော့ triple whammy ကိုဗစ်- ၁၉ ကျန်းမာရေးကပ်၊ စီးပွားကျဆင်းမှုကပ်နှင့် စစ်အာဏာသိမ်းမှုကပ် ကပ် ၃ ပါးကို တပြိုင်နက်တည်း ခံစားနေရသည့်နိုင်ငံဖြစ်သည့်အတွက် ယခုကျရောက်လာနေသည့် ကိုဗစ်-၁၉ တတိယလှိုင်းသည် ဒုတိယလှိုင်းထက် ပိုမို ဆိုးဝါးနိုင်သည့် အခြေအနေတွင် ရှိနေသည်။ မြင်မကောင်း ရှုမကောင်းဖြစ်နိုင်သည်။
ယခုစစ်ကောင်စီတက်ပြီး ၂ လအကြာတွင်ပင် ဆင်းရဲမှုနှုန်းသည် ၂၆ ရာခိုင်နှုန်းမှ ၄၈ ရာခိုင်နှုန်းကျော် ပြန်မြင့်တက်သွားတော့မည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်က ဧပြီလက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ခန့်မှန်းထားသလို အခြားနိုင်ငံတကာအဖွဲ့အစည်းများကလည်း ဆင်းရဲမှုနှင့်အတူ လူပေါင်း ၃ သန်းကျော်ထိ ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံတွေ့ရနိုင်ကြောင်း ပြောဆိုရေးသားနေပြီဖြစ်သည်။
နိုင်ငံခြားကုန်သည်ကြီးများအသင်းများက ပြုလုပ်ခဲ့သည့် စစ်အာဏာသိမ်းမှုအပြီး စီးပွားရေးအခြေအ နေကို ဆန်းစစ်ထားသည့် စစ်တမ်းတစ်စောင် ပြီးခဲ့သည့် ဧပြီလက ထွက်ရှိခဲ့ပြီး အဆိုပါစစ်တမ်း၌ ၂၀၂၀ ခုနှစ်က ကိုဗစ်-၁၉ကပ်ဘေးကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးအခြေအနေနှင့် စစ်အာဏာသိမ်းမှုအပြီး၂ လကြာ ထိခိုက်သွားသည့် စီးပွားရေးအခြေအနေ၂ ခုကို နှိုင်းယှဉ်ပြထားခဲ့သည်။ စစ်အာဏာသိမ်းမှုက စီးပွားရေးကို မည်မျှထိခိုက်သွားစေသနည်းဆိုသည်ကို အထူးပြောစရာ မလိုတော့။
နိုင်ငံရေးသိပ္ပံပညာရှင် Francis Fukuyama ကပြီးခဲ့သည့် ၂၀၂၀ခုနှစ် ဇူလိုင်-သြဂုတ်လထုတ် Foreign Affairs မဂ္ဂဇင်းကြီးတွင် “The Pandemic and Political Order: It Takes a State” ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ပြီး ထိုဆောင်းပါးထဲ၌ ကိုဗစ်-၁၉ ကပ်ဘေးတုန့်ပြန်မှုတွင် နိုင်ငံများ၏ နိုင်ငံရေးစနစ် (regime type) က အဓိကမ ကျဘဲ ကိုဗစ်-၁၉ကူးစက်မှုကို ကောင်းစွာထိန်းချုပ်နိုင်သည့် ဒီမိုကရေစီနိုင်ငံများရှိသလို ကောင်းစွာမထိန်းချုပ်နိုင်သည့် ဒီမိုကရေစီနိုင်ငံများလည်း ရှိသည်။ အလားတူ ကောင်းစွာထိန်းချုပ်နိုင်သည့် အာဏာရှင်နိုင်ငံများရှိသလို၊ ကောင်းစွာမထိန်းချုပ်နိုင်သည့် အာဏာရှင်နိုင်ငံများလည်းရှိသည်ဟု ရေးသားထားသည်။
ကိုဗစ်-၁၉ ကူးစက်မှုကို ကောင်းစွာထိန်းချုပ်နိုင်ရန် အရေးကြီးဆုံး အချက် ၃ ချက်မှာ နိုင်ငံတော်ယန္တရား၏ စွမ်းဆောင်ရည် (competent state)၊ ပြည်သူများ၏ အစိုးရအပေါ်ယုံကြည်မှု (a government that citizens trust and listen to)နှင့် ထိရောက်သည့်ခေါင်းဆောင်မှု (effective leaders) ဖြစ်သည်ဟုရေးသားထားသည်။ ယခုအခါတွင်တော့ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင်တုန့်ပြန်ရန် ထိုအချက် ၃ ချက်စလုံးသည် ပြောင်းပြန်ဖြစ်သွားခဲ့ပြီဖြစ်သည်။
နာဂစ်ထက် ပိုမိုဆိုးဝါးနိုင်သည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း (Humanitarian Crisis) မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ရန် တာဆူနေပြီဆိုသည်ကို အထက်ဖေါ်ပြပါ အချက်အလက်များက မီးမောင်းထိုးပြနေပြီဖြစ်သည်။ ထို့အတွက်ကြောင့် နိုင်ငံတကာ လူသားခြင်းစာနာမှု အကူအညီပေးရေးအဖွဲ့အစည်းများနှင့် အလှူရှင်များ၊ အတိုက်အခံအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဖြစ်ပေါ်လာနေသည့် ကိုဗစ်-၁၉ ကပ်ဘေးနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် ငတ်မွတ်ခေါင်းပါးမှုများကို မည်သို့တုန့်ပြန်သင့်သည်ကို မူဝါဒဆိုင်ရာရှုဒေါင့်မှ လေ့လာသုံးသပ်ရန် လိုအပ်လာသည်။
အရေးကြီးဆုံးအချက်မှာ ကိုဗစ်တတိယလှိုင်း ဆိုးဝါးစွာရိုက်ခတ်မှုကြောင့် ပြည်သူများ၏ အသက်အန္တရာယ်ကိုကာကွယ်ပေးရန် နိုင်ငံတကာအကူအညီများ ပေးအပ်တော့မည်ဆိုလျှင် ပထမဆုံးတောင်းဆိုရမည့်အချက်မှာ မတရားဖမ်းဆီးခံထားရသည့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးရန်ဖြစ်သည်။
မြန်မာနိုင်ငံအပေါ် ကျရောက်တော့မည့် ကြီးမားသည့် လူသားခြင်းစာနာမှု ဆိုင်ရာပြဿနာသည် ကျန်းမာရေးပြဿနာမဟုတ်သလို၊ စီးပွားရေးပြဿနာလည်းမဟုတ်။ မလိုအပ်ဘဲ အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့်ပြဿနာဖြစ်သည့်အတွက် လူသားခြင်းစာနာမှုပေးအပ်ခြင်းကိုလည်း နိုင်ငံရေး ကင်းကွာ၍ ဆုံးဖြတ်၍မရကြောင်း တင်ပြလိုက်ရပါသည်။
(ခိုင်ဝင်းသည် ရန်ကုန်အခြေစိုက် မူဝါဒရေးရာ လေ့လာသုံးသပ်သူ တဦး ဖြစ်သည်။)
You may also like these stories:
တပူပေါ် နှစ်ပူဆင့်လာနေတဲ့ ကိုဗစ်တတိယလှိုင်း
ကိုဗစ်-၁၉ အစ ဓါတ်ခွဲခန်းက ဆိုသည့် အယူအဆကို တရားဝင် စုံစမ်းစစ်ဆေးသင့်
ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ