ဤစာကို တိုင်းပြည်မျက်နှာဟူသော ရှုထောင့်မှ ရေးပါသည်။ ကြီးကျယ်လွန်းရန်ကောဟု ဆိုလျှင်လည်း ခံရမည်သာ ဖြစ်သည်။ တိုင်းပြည်၏ အပြောင်းအလဲတွင် တိုင်းပြည်တွင်းနေ ဝေနေယျသတ္တဝါအားလုံး ကောင်းကျိုးအထွေထွေ ရရှိလျှင် အကောင်းဆုံး ဖြစ်သည်။ တိုင်းပြည်၏ အပြောင်းအလဲမှ ရရှိလာသော အသီးအပွင့်များကို ဝေနေယျသတ္တဝါအားလုံး ရရှိရန် လိုအပ်ရာတွင် တပ်မတော်သားများလည်း ပါဝင်သင့်သည်။ ၎င်းတို့သည်လည်း လူများ၊ ပြည်သူပြည်သားများသာ ဖြစ်ရာ ၎င်းတို့အတွက်လည်း အကျိုးရှိရန် လိုအပ်သည်။ မည်သို့ မည်ပုံ အခြေအနေသည် တပ်မတော်သားများအတွက် အကျိုးရှိမည်နည်း။
အကောင်းဆုံးနည်းလမ်းမှာ လူတစု၏ အာဏာပိုင်စိုးမှုအတွက် လက်ကိုင်ဒုတ်သဖွယ် ဖြစ်နေသော လက်ရှိ တပ်မတော်မှ ထွက်ခွာ၍ ပြည်သူ့ရင်ခွင်တွင် ခိုလှုံခြင်း၊ ထိုမှတဆင့် အနာဂတ် ပြည်ထောင်စုအတွက် တတပ်တအား ပါဝင်တည်ဆောက်ခြင်းနှင့် အနာဂတ် ပြည်သူ့တပ်မတော်တွင် ဂုဏ်သိရ်ရှိစွာဖြင့် အမှုတော်ထမ်းခြင်း ဖြစ်သည်။ အကောင်းဆုံးနည်းလမ်းသည် အခက်အခဲဆုံး နည်းလမ်း ဖြစ်နေတတ်သည်။ ဤနည်းလမ်းသည် ဘာကြောင့် တပ်မတော်သားများအတွက် အကျိုးရှိသနည်း။
တဦးချင်း အနေဖြင့် ယခုအနေအထားတွင် တပ်မတော်သားများသည် ပြည်သူများ၏ ရွံရှာမုန်းတီးခြင်းကို ခံနေရသည်။ မိသားစုများမှာ လူတောမတိုးရဲ။
အလွန်ပင် ရိုးရှင်းပါသည်။ တဦးချင်း အနေဖြင့် ယခုအနေအထားတွင် တပ်မတော်သားများသည် ပြည်သူများ၏ ရွံရှာမုန်းတီးခြင်းကို ခံနေရသည်။ မိသားစုများမှာ လူတောမတိုးရဲ။ ပြည်သူများ၏ ရွံရှာမုန်းတီးခြင်းကို လူသိရှင်ကြား လက်မခံရဲသည့်တိုင် မသိစိတ်ကတော့ သိနေမည်သာဖြစ်သည်။ ကိုယ့်အလုပ်ကိုယ် လုပ်ရင်း ပြည်သူတွေက အဓိပ္ပါယ်မဲ့ မုန်းတီးနေခြင်း မဟုတ်သည်ကိုတော့ နားလည်ရန် လိုအပ်မည်။ ဘာကြောင့် ပြည်သူကမုန်းတာလဲ ဆိုလျှင်တော့ လက်နက်မဲ့ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်နေသည့် သတင်းများက အဆက်မပြတ်ရှိနေသောကြောင့် ဖြစ်သည်။ ပြည်သူကို ကြောက်အောင် ခြောက်ခြင်းဖြင့် ပြည်သူများ၏ အချစ်နှင့် လေးစားမှုကို ရရှိစရာ အကြောင်းမရှိ။ အကယ်၍ ပြည်သူဘက် ကူးပြောင်းလာလျှင် ထိုအချက်များ အလွယ်ပင် ပျက်ပျယ်သွားမည်။ သူများကိုလည်း မခြောက်ရ၊ ကိုယ်တိုင်လည်း မကြောက်ရသည့် အရသာကို ထိထိမိမိ ခံစားခွင့်ရမည်။
ဒုတိယအချက်အနေဖြင့် တပ်မတော်သားများ ပြည်သူ့ဘက်သို့ အင်အားနှင့် ပြောင်းလဲလာပါက လက်ရှိ အကျပ်အတည်း မြန်မြန် ပြေလည်မည်။ မြန်မြန်ပြေလည်လျှင် ပြည်သူများ ဒုက္ခသုက္ခများ များစွာ သက်သာလျော့ပါးမည်။ တိုင်းပြည်အနာ သက်သာမည်။ တိုင်းပြည်ကောင်းကျိုးသည် တိုင်းသူပြည်သား ကောင်းကျိုးဖြစ်သည်။ ထိုတိုင်းသူပြည်သားများထဲတွင် တပ်မတော်သားများ ကိုယ်တိုင်နှင့် မိသားစုဝင်များလည်း အပါအဝင် ဖြစ်သည်။
နောက်ဆုံးအချက်အနေနှင့် တပ်မတော်သားများအနေဖြင့် လက်ရှိ အကြပ်အတည်းကို ပြည်သူအများ လိုချင်သည့် ရလာဒ်ကို တပ်မတော်သားများက အဓိကနေရာမှာ ပါဝင်လိုက်ပါက တပ်မတော်သားများ နှစ်ပေါင်းများစွာ လိုချင်တောင့်တသည့် “တိုင်းပြည်ကို ကာကွယ်သည့်၊ ကယ်တင်သည့် တပ်မတော်စစ်စစ်” အမှန်ပင် ဖြစ်နိုင်ပေသေးသည်။
CDM လှုပ်ရှားမှု၏ အခြေအနေနှင့် အောင်မြင်မှုများ
ထိုသို့ဆိုလျှင် တပ်မတော်သားများ CDM လုပ်ရန် ဖြစ်နိုင်ပါသလား။ ဖြစ်နိုင် မဖြစ်နိုင်ကို တွက်ဆခြင်းထက် လုပ်နိုင်သည်များကို လုပ်ခြင်း၌သာ အာရုံစိုက်သင့်သည်။ ယခုအချိန်ထိ တပ်မတော်သား CDM လုပ်သူများ ထောင်ဂဏန်းနီးပါး ရှိနေသည်ဟု ကိုယ်တိုင် CDM လုပ်နေသည့် ဗိုလ်ကြီးလင်းထက်အောင်ကလည်း ပြောကြားထားသည်။ ထိုအရေအတွက်သည် မများဟု ဆိုနိုင်သော်လည်း နည်းလွန်းသည်ဟု မဆိုသာပါ။
မိမိတို့ ဂုဏ်သိက္ခာနှင့်ဘဝ၊ တပ်မတော်ကြီး၏ ဂုဏ်သိက္ခာနဲ့ ရပ်တည်မှုကို လိုချင်နေသည့်သူ အများအပြား ရှိနေသည်
ထို့အပြင် တပ်မတော်သားများတွင် အထက်က ပြောခဲ့သည့်အတိုင်း မိမိတို့ ဂုဏ်သိက္ခာနှင့်ဘဝ၊ တပ်မတော်ကြီး၏ ဂုဏ်သိက္ခာနဲ့ ရပ်တည်မှုကို လိုချင်နေသည့်သူ အများအပြား ရှိနေသည်ဟု ယူဆနိုင်ပါသည်။ အရပ်ဘက်က နိုင်ငံဝန်ထမ်းများ ပြုလုပ်ခဲ့သည့် CDM ၏ သက်ရောက်အားနှင့် အောင်မြင်မှုကို ကြည့်လျှင် CDM ၏ အာနိသင်ကို အလွယ်ပင် ခန့်မှန်းနိုင်ပါသည်။ ထို့အတွက် တပ်မတော်သားများ CDM လုပ်လာနိုင်စေရန် အင်အားပြည့် ဝိုင်းဝန်းကြဖို့ လိုနေပြီဟု တပ်လှန့်လိုက်ရခြင်း ဖြစ်ပါသည်။
အခြား CDM ပြုလုပ်ကြသည့် ဝန်ထမ်းများနည်းတူ တပ်မတော်သားများ CDM ပြုလုပ်ရန် အတာအဆီးများစွာ ရှိနေပါသည်။ သူတို့အတွက် အတားအဆီးများက ပို၍ပင်ကြီးမားသည်ဟု ဆိုနိုင်ပါသည်။ ထိုအချက်ကို ပြည်သူများ သဘောပေါက်ရန် လိုအပ်ပါသည်။ ရာထူးအကြီးပိုင်းများအတွက် စီးပွားရေးနှင့် တကိုယ်ရေ အကျိုးအမြတ်များ ရအောင် ဖန်တီးထားပေးခြင်း၊ အပြန်အလှန် ထိန်းချုပ်သည့် ကွန်ယက်များ တည်ဆောက်ထားခြင်းတို့ကြောင့် CDM ပြုလုပ်ရန် ပို၍ ခက်ခဲသည်။ သို့သော် အောက်ခြေတပ်သားများကိုတော့ အခြားနည်းဖြင့် ထိန်းချုပ်သည်။ သတင်းအမှောင်ချထားခြင်းနှင့် သတင်းအမှားများသာ သိထားစေခြင်း၊ မိသားစုဝင်များကို တပ်တွင်း ပိတ်လှောင်ထားခြင်း၊ တပ်မတော်မှ ထွက်ပြီးနောက် လုပ်ကိုင် စားသောက်ရန် ခက်ခဲခြင်းနှင့် အရေးယူ အပြစ်ပေး ခံရနိုင်ခြင်း စသည့်အချက်များကြောင့် CDM ပြုလုပ်ကာ ပြည်သူနှင့် ပူးပေါင်းရန် ခက်ခဲနေခြင်း ဖြစ်သည်။ သို့သော် ထိုအချက်များသည် ကျော်လွှားရန် မဖြစ်နိုင်သည့် အချက်များမဟုတ်ပါ။
ပြည်သူကူလျှင် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်ကို သမိုင်းက သက်သေပြပြီး ဖြစ်ပါလိမ့်မည်။
ပြည်သူကူလျှင် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်ကို သမိုင်းက သက်သေပြပြီး ဖြစ်ပါလိမ့်မည်။ လတ်တလောတွင်ပင် ပြည်သူများ၏ အနစ်နာခံမှု၊ အချင်းချင်း ကူညီစောင့်ရှောက်မှုများဖြင့် ပြည်သူ့အင်အားကို သက်သေပြနေကြဆဲ ဖြစ်သည်။ ထို့အတွက် ပြည်သူတို့ ကူဖို့ လိုလေပြီဟု ဆိုခြင်း ဖြစ်ပါသည်။
အခြားတဖက်တွင်လည်း ပြည်သူတို့ ကြားထဲတွင် တပ်မတော်သားများအား အာဏာရှင်၏ လက်ကိုင်ဒုတ်များအဖြစ် ရှုမြင်ကာ ရွံရှာမုန်းတီးစိတ်၊ သံသယစိတ်များ ကိန်းအောင်နေမည်မှာ အမှန်ပင် ဖြစ်ပါသည်။ သို့သော်လည်း အထက်တွင် ဆိုခဲ့သည့်အတိုင်း တိုင်းပြည်ကောင်းကျိုးကို ရှေးရှုလျက် စည်းရုံးရမည့် တာဝန်ဟုလည်း သဘောထားနိုင်ပါက အလွန်ပင် သားရွှေအိုးထမ်းမည့်ကိန်း ဖြစ်ပါသည်။ ထို့ကြောင့် အစုအဖွဲ့ အသီးသီးကို အောက်ပါအတိုင်း ပန်ကြားလိုပါသည်။
ပြည်သူများသို့ ပန်ကြားချက်
• နီးစပ်ရာ တပ်မတော်သားများထံ သတင်းအချက်အလက်မှန်များ ရောက်အောင် ကူညီပါ။
• မိမိတို့ ဆွေမျိုးသားချင်းထဲတွင် တပ်မတော်သားများ ရှိပါက CDM ပြုလုပ်လိုခြင်း ရှိမရှိ စူးစမ်း၍ ကူညီနိုင်အောင် ကြိုးစားပါ။
• လက်ရှိတပ်မတော်၏ မှားယွင်းနေသည့် အပြုအမူ အချက်အလက်များကို ဓမ္မဋ္ဌာန်ကျကျ ထောက်ပြဝေဖန်၍ အမြင်မှန် ရလာအောင် ကူညီပါ။
• CDM ပြုလုပ်လျှင် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောပြပေးပါ။
တပ်မတော်သားများသို့ တောင်းဆိုချက်
• ဂုဏ်ရှိသိရ်ရှိ တပ်မတော်တခု လိုချင်ပါက ပြည်သူများနှင့် အတူရပ်တည်ပါ။
• ပြည်သူတွေမှာ စိတ်ခံစားမှု မြင့်နေတာကို နားလည်ဖို့ လိုအပ်သည်။ သို့သော် အသက်အန္တရာယ် လုံးဝ မရှိစေရဘူးဆိုတာ အာမခံနိုင်သည်။
• ပြည်သူတို့ ကြုံတွေ့နေရသည့် အဖြစ်အပျက်များကို နားစွင့်ကာ စိတ်ရှင်းရှင်းဖြင့် စဉ်းစားသုံးသပ်ပါ။ ပြည်သူ့အသံကို နားထောင်ပါ။
• မတရားသော အမိန့်များကို စစ်သားပီပီ ဆန့်ကျင်ပါ။
NUG သို့ တောင်းဆိုချက်
• လက်ရှိ တပ်မတော်သားများ CDM လုပ်ရန် အားပေးသည့် မူဝါဒ ထုတ်ပြန်ထားသည်ကို ကြိုဆိုပါသည်။ သို့သော် အသေးစိတ် လုပ်ဆောင်ရမည့် လုပ်ငန်းများစွာ ရှိနေသေးသည်ဟု ယူဆပါသည်။
• တပ်မတော်သားများထံ ပြည်သူတို့၏ သတင်းအချက်အလက်မှန်များ ရောက်ရှိရေးအတွက် ကြိုးပမ်းခြင်းများ ပြုလုပ်သင့်ပါသည်။
• CDM ပြုလုပ်လာမည့် တပ်မတော်သားများအတွက် ကူညီပေးခြင်းနှင့် လုံခြုံရေး အာမခံချက်များ ပေးနိုင်ရန် အားထုတ်သင့်သည်။
တပ်မတော်သားများ အနေဖြင့်လည်း “ပြည်သူ့တပ်မတော်သား” စစ်စစ် ဖြစ်ဖို့ ပြည်သူ့ရင်ခွင် ခိုဝင်ကြပါ
ဤတိုက်တွန်းချက်များသည် အတိုချုပ်ပြောထားသည့် အချက်များ ဖြစ်သဖြင့် ပိုမိုကောင်းမွန်သော နည်းလမ်းများ ဆက်လက် စဉ်းစားရန် လိုအပ်သည်ဟုလည်း မြင်ပါသည်။ ပြည်သူများက တပ် CDM များအရေး သွေးအေးမနေသင့်ပြီဟု တိုက်တွန်းလိုက်ရပါသည်။ တပ်မတော်သားများ အနေဖြင့်လည်း “ပြည်သူ့တပ်မတော်သား” စစ်စစ် ဖြစ်ဖို့ ပြည်သူ့ရင်ခွင် ခိုဝင်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။
(ဒက်စမွန်သည် မြန်မာနိုင်ငံသား နိုင်ငံရေး လေ့လာသုံးသပ်သူ မျိုးချစ်ပုဂ္ဂိုလ် တယောက်ဖြစ်သည်။)
You may also like these stories:
၅ လကြာတော့ စစ်အာဏာသိမ်းခေါင်းဆောင် ဘာရသွားလဲ
စစ်သည်များ CDM လုပ်ရန် ဆက်လက်ဆွဲဆောင်သင့်ဟု အရာရှိဟောင်းများ တိုက်တွန်း
မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ
စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ
စစ်ကောင်စီ ဝါဒဖြန့်စာအုပ်များက သမိုင်းကို ပြင်ရေးရန် မျှော်လင့်နေ