တရားဝင်မှု ရရှိရေး စစ်ကောင်စီက အိမ်နီးချင်းများကို သယံဇာတ ထုတ်ရောင်းနေသည်

လင်းထက်မြက်
မတ်လ ၁၄ ရက် ဟက်ကြီးဆည် တည်ဆောက်ရေး သံလွင်မြစ်နံဘေး ကရင်ဒေသခံများ ဆန့်ကျင်ဆန္ဒပြနေစဉ်
Want create site? Find Free WordPress Themes and plugins.

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထံ မှ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် မျှော်လင့်မထားသည့် နိုင်ငံတဝှမ်းလူထုကန့်ကွက်မှုများကို ရင်ဆိုင်နေရသကဲ့သို့ နိုင်ငံဝန်ထမ်းများ၏ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကိုလည်း ရင်ဆိုင်နေရသည်။ ထိုလှုပ်ရှားမှုများကြောင့် စီးပွားရေးနှင့် အများပြည်သူပိုင် ကဏ္ဍသည် ရပ်ဆိုင်းသွားပြီး နိုင်ငံသည် စီးပွားရေးပြိုကွဲမှုနှင့် ပြည်တွင်းစစ်များကို ရင်ဆိုင်ရလု အခြေအနေဖြစ်နေသည်။ ယခုအခါ စစ်ကောင်စီသည် နိုင်ငံ၏သယံဇာတများကို အိမ်နီးချင်းများဖြစ်သော ထိုင်းနှင့် တရုတ်သို့ ထုတ်ရောင်းပြီး အခြေအနေကို တည်ငြိမ်အောင် ကြိုးစားနေသည်။

အငြင်းပွားဖွယ်ရာ ဟက်ကြီးရေလှောင်တမံစီမံကိန်းကို ပြန်လည်စတင်မည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၃၁ ရက်နေ့ ကရင်ပြည်နယ်သို့ သွားရောက်စဉ် ကြေညာသည်။ ထိုစီမံကိန်းအတွက် ငွေကြေးစိုက်ထုတ်သူများမှာ ထိုင်းနိုင်ငံမှ Energy Generation Authority of Thailand (EGAT) ၊ Sino-hydro ၊ လက်ရှိရေတပ်အကြီးအကဲနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ညီအကိုတော်သူပိုင်သည့် IGE Company Limited တို့ဖြစ်သည်။ ထိုဆည်တည်ရှိသောနေရာမှာ စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်မတော်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာများ မကြာသေးမီက တိုက်ပွဲများဖြစ်ပွားသည့် ပဋိပက္ခဇုံအတွင်းတွင် ဖြစ်သည်။

မဂ္ဂါဝပ် ၁၄၀၀ ထုတ်လုပ်နိုင်မည့် သံလွင်မြစ်အထက်ပိုင်း (ကွန်းလုံ) စီမံကိန်းကိုလည်း ခွင့်ပြုချက်ပေးလိုက်ပြီး အရှုပ်တော်ပုံများ ဝိုင်းနေသည့် Hanergy Group Holdings ၊ ကွယ်လွန်သူ ဘိန်းဘုရင် လော်စစ်ဟန်၏သား ပိုင်သည့် Asia World နှင့် စစ်ကောင်စီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအကြား နားလည်မှုစာချွန်လွှာတစောင် လက်မှတ်ရေးထိုးခဲ့သည်ဆိုသည့် ကောလာဟလများလည်း ပျံ့နေသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း အပါအဝင် CMEC စီမံကိန်းများကို အကောင်အထည်ဖေါ်ရာတွင် အများပြည်သူနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်တော့မည်မဟုတ်

တချိန်တည်းတွင် ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) ဦးဆောင်ကော်မတီနှင့် သက်ဆိုင်ရာကော်မတီများကို ပြန်လည်ဖွဲ့စည်းပြီး စစ်ကောင်စီအကြီးအကဲသည် ထိုကော်မတီတွင် ဥက္ကဋ္ဌလုပ်သည်။ ထိုကော်မတီသည် တရုတ်မြန်မာစီးပွားရေးစင်္ကြန် (CMEC) နှင့်ပတ်သက်သည့် အမြင့်ဆုံး မူဝါဒချမှတ်သည့် အဖွဲ့အစည်းဖြစ်သည်။ CMEC တရုတ်နိုင်ငံ၏ BRI အစီအစဉ်မှ ဘင်္ဂလားဒေ့ရှ်၊တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးစင်္ကြန် (BCIM) ၏ အရေးအပါဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်း အပါအဝင်ဖြစ်သော ထို CMEC စီမံကိန်းများကို အကောင်အထည်ဖေါ်ရာတွင် အများပြည်သူနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်တော့မည်မဟုတ်ဘဲ BRI အကောင်အထည်ဖေါ်ရေး ပူးတွဲကော်မတီ၏ လုပ်ငန်းတာဝန်များမှ အပိုဒ်တပိုဒ်ကို ဖြုတ်ထားလိုက်သည်။ ထိုသို့ဖြုတ်ချလိုက်သောကြောင့် တရုတ် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့ရင်းနှီးမြှုပ်နှံမှုများအတွက် ပြည်သူလူထုဆန့်ကျင်မှုနှင့် အချိန်ယူရမည့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှုများအတွက် စိုးရိမ်ရန် မလိုတော့ပေ။

စစ်ကောင်စီ၏ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သည် ဖြုတ်ချခံ NLD အစိုးရသက်တမ်းအတွင်း အဆိုပြုထားသည့် မြန်မာနိုင်ငံမှ တရုတ် BRI စီမံကိန်းများအနက် တခုဖြစ်သော ဒေါ်လာ ၂ ဒဿမ ၅ ဘီလျံ ကုန်ကျမည့် မီးလင်းဂျိုင် သဘာဝဓါတ်ငွေ့ရည်မှ လျှပ်စစ်ဓါတ်အား ထုတ်မည့် စီမံကိန်းကိုလည်း အတည်ပြုပေးသည်။ ထိုစီမံကိန်းကို တရုတ်ကုမ္ပဏီများပါသည့် လုပ်ငန်းစုက အကောင်အထည်ဖေါ်မည်ဖြစ်သည်။

တချိန်တည်းတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် မြန်မာအထူးစီးပွားရေးဇုန် (SEZ) ဗဟိုကော်မတီတွင် ဥက္ကဋ္ဌလုပ်ပြီး လုပ်ငန်းကော်မတီများနှင့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီများကိုလည်း စစ်အရာရှိများနှင့် စစ်ကောင်စီလိုလားသည့် အရပ်သားများဖြင့် အစားထိုးလိုက်သည်။

လုပ်ငန်းကော်မတီများနှင့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီများကိုလည်း စစ်အရာရှိများနှင့် စစ်ကောင်စီလိုလားသည့် အရပ်သားများဖြင့် အစားထိုးလိုက်သည်

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် ၃ ခုရှိပြီး သီလဝါ၊ ထားဝယ်နှင့် ကျောက်ဖြူတို့ဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန် တခုသာ လုပ်ငန်းများ လည်ပတ်နိုင်သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်း ရှယ်ယာသဘောတူညီချက်ကို တရုတ်နိုင်ငံပိုင် CITIC နှင့်ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအကြား ၂၀၂၀ ဇန်နဝါရီလက တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်စဉ် လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ကိုင်ခွင့်သဘောတူညီချက်ကို ထိုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးသည်။ ထိုသဘောတူညီချက်အရ စစ်အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်ဇန်နဝါရီလတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှု လေ့လာစမ်းစစ်ရန် လိုမည်ဖြစ်သည်။

BRI, SEZ နှင့် ရေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်သည့် စစ်ကောင်စီ၏ မကြာသေးမီက ခြေလှမ်းများတွင် အကြောင်းရင်းများစွာ ရှိနေသည်။

ထိုလုပ်ရပ်များကို အပေါ်ယံမျှသာ မှတ်ယူခြင်း မပြုသင့်ပေ။ ထိုလုပ်ရပ်များသည် အုပ်ချုပ်ရေးစွမ်းရည်တစုံတရာရရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) များကို ထိန်းချုပ်ရေးနှင့် စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရကို သုတ်သင်ရေးအတွက် တရားဝင်မှုရရန် စစ်ကောင်စီ၏ သေနင်္ဂဗျူဟာဖြစ်သည်။ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN မှ အချို့နိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံ၏ အသိအမှတ်ပြုခြင်းကို ရပြီးနောက် အာရှပစိဖိတ်မှ အခြားနိုင်ငံများ၏ အထူးသဖြင့် ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယမှ အသိအမှတ်ပြုမှုကိုလည်း ရနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီက ခန့်မှန်းထားသည်။

တရုတ်နှင့် ထိုင်းသို့ စီမံကိန်းများများ အကောင်အထည်ဖေါ်ခွင့်ပေးလေလေ စစ်ကောင်စီကို ထောက်ခံရန် လိုလေလေ နယ်စပ်ဒေသများမှ EAOs များကို ထိန်းချုပ်ရလေလေ

ထို့ကြောင့် စစ်ကောင်စီသည် ထိုနိုင်ငံများထံမှ အသိအမှတ်ပြုခံရရေးအတွက် နိုင်ငံ၏သယံဇာတများကို တရုတ်နှင့် ထိုင်းနိုင်ငံထံ ထိုးရောင်းသည်။ စစ်ကောင်စီသည် ယခင် စစ်အုပ်စုဖြစ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) ၏ ၁၉၉၀ ခုနှစ်များက နည်းလမ်းကိုသာ ပြန်သုံးနေသည်။ SLORC သည် ထိုင်းနိုင်ငံကို ငါးဖမ်းခွင့်၊ သစ်ထုတ်လုပ်ခွင့်မှသည် ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းများအထိ ထိုင်းနိုင်ငံကို လုပ်ခွင့်ပေးပြီး အပြန်အလှန်အားဖြင့် ထိုင်းအစိုးရက KNU ကို ထောက်ခံမှုလျှော့ချရသည်။ အလားတူစွာပင် ထိုစစ်အုပ်စုသည် တရုတ်နိုင်ငံပိုင်လုပ်ငန်းများနှင့် ဧရာဝတီမြစ်တလျှောက်တွင် ရေအားလျှပ်စစ် စီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးရသည်။ ၎င်းတို့၏ အတွေးအခေါ်မှာ တရုတ်နှင့် ထိုင်းသို့ စီမံကိန်းများများ အကောင်အထည်ဖေါ်ခွင့်ပေးလေလေ စစ်ကောင်စီကို ထောက်ခံရန် လိုလေလေဖြစ်ပြီး ၎င်းတို့စီမံကိန်းများနှင့် အလုပ်သမားများ လုံခြုံရေးအတွက် နယ်စပ်ဒေသများမှ EAOs များကို ထိန်းချုပ်ရလေလေဆိုသည့် သဘောဖြစ်သည်။

ရေအားလျှပ်စစ်စီမံကိန်းများမှာ ၉၀ ဆ ၁၀ ဆ စီမံကိန်းများဖြစ်သောကြောင့် တရုတ်နှင့် ထိုင်း ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည်။ ရင်းနှီးမြှုပ်နှံသူများက ခြင်္သေ့ဝေစု ၉၀ ရာခိုင်နှုန်းကို ယူပြီး အိမ်ရှင်နိုင်ငံနှင့်ဒေသခံ လူမှုအသိုက်အဝန်းများက သဘာဝပတ်ဝန်းကျင်ထိခ်ိုက်မှုနှင့် အသက်မွေးဝမ်းကြောင်းဆုံးရှုံးမှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့အပြင် ထိုစီမံကိန်းများမှ ထွက်ရှိသော လျှပ်စစ်ဓါတ်အား၏ ၉၀ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံသူ၏ နိုင်ငံသို့ရောင်းချမည်ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ဝင်ငွေအကြီးအကျယ်ရကာ အိမ်ရှင်နိုင်ငံ၏ ဖြန့်ချိရေးစနစ်နှင့် စီးပွားရေးအခြေအနေများကို မှီခိုခြင်းမပြုရသောကြောင့် ၎င်းတို့အတွက် အန္တရာယ်နည်းပါးသည်။

ဂျပန်နိုင်ငံက ထားဝယ် SEZ တွင် ပါဝင်ခြင်းမရှိလျှင် တရုတ်ကနေရာ ဝင်ယူမည်ဖြစ်သောကြောင့် ဂျပန်သည် ထိုစီမံကိန်းတွင် မပါဘဲနေရန် ခက်ခဲနေသည်။

SEZs များနှင့်ပတ်သက်လျှင် ကျောက်ဖြူသည် တရုတ်၏ CMEC အတွက် လွန်စွာအရေးပါသည်။ CMEC သည် ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် ပင်လယ်ထွက်ပေါက်ကို ဖန်တီးပေးမည်ဟု တရုတ်က မျှော်လင့်နေသည်။ ပထဝီသေနင်္ဂဗျူဟာ တန်ဖိုးသည် စီးပွားရေးတွက်ချေကိုက်မှုထက် တရုတ်အတွက် ပိုအရေးပါသည်ဟု အများအပြားက ဖေါ်ပြကြသည်။ ဂျပန်နိုင်ငံက ထားဝယ် SEZ တွင် ပါဝင်ခြင်းမရှိလျှင် တရုတ်ကနေရာ ဝင်ယူမည်ဖြစ်သောကြောင့် ဂျပန်သည် ထိုစီမံကိန်းတွင် မပါဘဲနေရန် ခက်ခဲနေသည်။ အိန္ဒိယသည်လည်း ဂျပန်ကဲ့သို့သော အလားတူ သေနင်္ဂဗျူဟာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကာ တရုတ်နှင့် မဟာမိတ်များ၏ CMEC နှင့် BCIM စီမံကိန်းများဖြင့် ဝိုင်းပတ်မှုကို ရင်ဆိုင်နေရသည်။

စစ်ကောင်စီ၏ သေနင်္ဂဗျူဟာအလုပ်ဖြစ်ပါက တရုတ်သြဇာကြီးထွားလာမည်မှာ သေချာပြီး တောင်ဖက်သို့ချဲ့ထွင်ကာ အင်ဒိုချိုင်းနား စီးပွားရေးစင်္ကြန်နှင့် ပေါင်းစပ်လိုက်မည်ဖြစ်သည်။ ထိုသို့လုပ်ခြင်းကြောင့် ASEAN အတွက် အထူးသဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ပိုင်နက်အငြင်းပွားနေသည့် နိုင်ငံများအတွက် လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်လာမည်။ ထို့ကြောင့် ဒေသတခုလုံး တည်ငြိမ်မှုပျက်ပြီး အမေရိကန်နှင့် မဟာမိတ်များကို ပြင်းထန်သည့် သေနင်္ဂဗျူဟာ အားပြိုင်မှုအတွင်း ဆွဲသွင်းလိုက်မည်ဖြစ်သည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ မြန်မာနိုင်ငံသည် စစ်ကောင်စီအောက်တွင် မည်သည့်အခါမျှ တည်ငြိမ်ကြွယ်၀ ချမ်းသာသည့် နိုင်ငံဖြစ်မလာတော့ဘဲ စစ်ကောင်စီသည် အိမ်နီးချင်းနိုင်ငံများမှ တရားဝင်မှုရကာ ကိုယ့်ပြည်သူကိုယ် စစ်ဆင်သတ်ဖြတ်နေတော့မည်ဖြစ်သည်။

(လင်းထက်မြတ်သည် မြန်မာနိုင်ငံမှ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများနှင့် စီးပွားရေး စီမံအုပ်ချုပ်မှုများကို အထူးပြုသည့် အများပြည်သူဆိုင်ရာမူဝါဒ သုတေသီဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Myanmar Junta Sells Resources to Neighbors in Exchange for ‘Legitimacy’ ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာစစ်အာဏာသိမ်းမှု၏ ကြံရာပါ ဘယ်သူတွေများလဲ

အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူမှု နိုင်ငံတကာဘဏ်များအပေါ်လည်း အာရုံစိုက်

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဘာလဲ ဘယ်လဲ

မြန်မာစစ်ကောင်စီနှင့် တရုတ် စီးပွားရေး ဆက်လုပ်မည်ဟု MRTV ထုတ်လွှင့်

Did you find apk for android? You can find new Free Android Games and apps.
Loading