မြန်မာနိုင်ငံ အလယ်ပိုင်းကျေးရွာတခုမှ မကြာသေးမီက ထွက်ပေါ်လာသည့် မီးကျွမ်းနေသော အသက် ၈၀ ကျော်အရွယ် အလောင်းများ၏ ဓာတ်ပုံများသည် ကမ္ဘာတဝန်း တုန်လှုပ်မှုများကို ဖြစ်ပေါ်စေသည်။ မကွေးတိုင်း ကင်းမကျေးရွာသို့ ၎င်းတို့မိသားစုများ ပြန်လာသောအခါ ထိုအလောင်းများကို တွေ့ရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်များနှင့် စင်ပြိုင်အရပ်သား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံသည့် ဒေသခံခုခံတိုက်ခိုက်ရေးသမားများအကြား ရွာအနီး တိုက်ပွဲဖြစ်ပွားသောကြောင့် ထိုကျေးရွာသားများ ရွာမှ ထွက်ပြေးခဲ့ကြရသည်။
ထိုသက်ကြီးရွယ်အို ဇနီးမောင်နှံကို သူတို့နှင့်အတူ ခေါ်ယူထွက်ပြေးရန် မဖြစ်နိုင်လောက်အောင် အားနည်းနေသောကြောင့် ၎င်းတို့ကို ရွာတွင်ထားခဲ့ရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ထိုမိသားစုက ပြည်တွင်း သတင်းဌာနများသို့ ပြောသည်။ တောထဲတွင် ၃ ရက် ပုန်းအောင်းနေပြီးနောက် ရွာသားများ ရွာသို့ ပြန်သွားခဲ့အပြီး တရွာလုံးကို မီးရှို့ထားသည်ကို တုန်လှုပ်ဖွယ် တွေ့ခဲ့ကြရသည်။
စစ်ကောင်စီတပ်များက နေအိမ်များကို မီးမရှို့မီ လုယက်ဖျက်ဆီးခဲ့ကြောင်း မျက်မြင်သက်သေများပြောသည်။ မီးတောက်မီးလျှံများသည် ကြီးမားလှသောကြောင့် နာဆာ၏ မီးခြေရာခံသော ဂြိုလ်တုစနစ်က ဇွန်လ ၁၅ ရက်နေ့ အင်္ဂါနေ့ ဂရင်းဝစ် စံတော်ချိန် ၁၅း၂၂ တွင် မှတ်တမ်းတင်ထားကြောင်း Reuters သတင်းအရ သိရသည်။ ရွာရှိလူနေအိမ် ၂၄၀ အနက် ၂၀၀ ဖျက်ဆီးခံလိုက်ရသည်။
မြန်မာနိုင်ငံအရှေ့ပိုင်း ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှ ကျေးရွာတခုတွင် မည်သူမည်ဝါ မသိရသည့် အလောင်း တဒါဇင်ကျော်ကို တွေ့ရှိပြီး ရက်အနည်းငယ်အကြာတွင် အထက်ပါ တုန်လှုပ်စရာ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးတောက်မီးလျှံများသည် ကြီးမားလှသောကြောင့် နာဆာ၏ မီးခြေရာခံသော ဂြိုလ်တုစနစ်က ဇွန်လ ၁၅ ရက်နေ့ အင်္ဂါနေ့ ဂရင်းဝစ် စံတော်ချိန် ၁၅ :၂၂ တွင် မှတ်တမ်းတင်ထား
အိမ်ပြန်လာသော ရွာသားများ ငွေတောင်တွင် ထိုအလောင်းများကို တွေ့ရခြင်းဖြစ်သည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် တပ်ဖွဲ့သစ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား ပြင်းထန်သော တိုက်ပွဲများမှ အသက်ဘေး ကင်းလွတ်ရန် ရွာသားများ ထွက်ပြေးခဲ့ကြရသည်။
KNDF သည် ကရင်နီနယ်မြေအတွင်းမှ အရပ်သားတိုက်ခိုက်ရေးသမားများနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းထားသောတပ်ဖွဲ့ဖြစ်သည်။
အလောင်းအများစုသည် မမှတ်မိနိုင်တော့လောက်အောင် ရုပ်ပျက်နေပြီး အချို့အလောင်းများကို ခွေးများက တစိတ်တပိုင်း စားထားကြောင်း ထိုအလောင်းများကို မီးရှို့ရာတွင် ကူညီခဲ့သူများ၏ အဆိုအရ သိရသည်။ အချို့အလောင်းများတွင် လက်များကို နောက်ပြန်ကြိုးတုပ်ထားပြီး အချို့မှာ ဦးခေါင်းတွင် ပစ်သတ်ခံထားရသူများ ဖြစ်သည်။
ကယားပြည်နယ်သည် စစ်ကောင်စီတပ်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ပြင်းထန်သော တိုက်ပွဲများကို ရင်ဆိုင်ရပြီး နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှု များသည်။ စစ်ကောင်စီတပ်များ အထူးအဖြင့် အထိနာသည်။ KNDF ၏ အဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် သေသည်။ စစ်တပ်က ရဟတ်ယာဉ်များ၊ အမြောက်ကြီးများသုံးကာ ကရင်နီဒေသရှိ ခုခံရေးတပ်များကို ပစ်ခတ်ပြီး လက်စားချေသည်။
အချို့အလောင်းများတွင် လက်များကို နောက်ပြန်ကြိုးတုပ်ထားပြီး အချို့မှာ ဦးခေါင်းတွင် ပစ်သတ်ခံထားရသူများ ဖြစ်သည်။
မြန်မာနိုင်ငံတွင် အပြစ်မဲ့အရပ်သားများအား စစ်တပ်က တိုက်ခိုက်မှုများ ယခင်မကြုံဘူးသော အတိုင်းအတာအထိ တွေ့ကြုံနေရသည်။ ထိုသို့သော တိုက်ခိုက်မှုများကို စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားသည့် နေရာများတွင်သာမက မြို့ကြီးမြို့ငယ် အများအပြားတွင်လည်း တွေ့နေရသည်။
လူပုဂ္ဂိုလ်တဦးချင်းအပေါ် တိုက်ခိုက်မှုများလည်း တနိုင်ငံလုံးတွင် မြင့်မားလာနေသည်။ မကြာသေးမီ ရက်သတ္တပတ်များအတွင်း စစ်ကောင်စီက ခန့်သည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို မည်သူမည်ဝါ မသိရသည့် သူများက သတ်ဖြတ်ကြသည်။ စစ်အုပ်ချုပ်ရေး ဆန့်ကျင်သည်ဟု သံသယရှိသူ ဒေသခံများကို စစ်ကောင်စီထံ သတင်းပေးသည်ဟုဆိုကာ သတ်ဖြတ်ခြင်းဖြစ်သည်။ ပြည်တွင်းမီဒီယာများ၏ အဆိုအရ ဇွန်လ တလတည်းတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ၂ ဒါဇင်ကျော်ကို တိုက်ခိုက်သူများက သေနတ်ဖြင့်ပစ် သို့မဟုတ် ဓါးဖြင့်ထိုး သတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်မှုများကို Gen Z ဂျန်ဇီဟု ခေါ်သည့် လူငယ်ဆန္ဒပြသူများ ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဟု အာဏာသိမ်းသူများက ပြောသည်။
ဇွန်လ ၂၂ ရက်နေ့က မန္တလေးရှိ PDF များ ပုန်းအောင်းနေသောနေရာကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းသောအခါ ဒုတိယ ဗိုလ်မှူးကြီးတဦးနှင့် အခြား စစ်အရာရှိတဦး သတ်ဖြတ်ခံရသည်။ ထိုအဖွဲ့နှစ်ဖွဲ့အကြား တိုက်ခိုက်မှုတွင် စစ်တပ်အဆင့်မြင့်အရာရှိတဦး သေဆုံးရသည်မှာ ထိုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်များက အဆောက်အအုံတခုတွင် ခိုအောင်းနေသော PDF များကို ဖမ်းရန် လက်နက်ကြီးများဖြင့် ပစ်ခတ်သည်။ PDF ၄ ဦးသေဆုံးပြီး ၈ ဦးဖမ်းမိသည်ဟု စစ်ကောင်စီ မီဒီယာက ဆိုသည်။ ထိုအရေအတွက်ကို PDF က အပြင်းအထန်ငြင်းဆန်ပြီး ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦးသာသေဆုံးကာ ၆ ဦးအဖမ်းခံရသည်ဟု ပြောသည်။
မန္တလေးတွင် PDF အဖွဲ့ဝင်များကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်များသည် မန္တလေးသို့ ဦးတည်လာနေသော ထရပ်ကားတစင်းပေါ်မှ လက်နက်ခဲယမ်းအများအပြားကို သပိတ်ကျင်းတွင် ဖမ်းမိသည်။ ထိုသို့လက်နက်များ သိမ်းဆည်းမိသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်သင်တန်းတက်ခဲ့သော PDF များသည် ယခင်က ယူဆထားသည်ထက် ပိုမိုကောင်းမွန်သော လက်နက်များဆင်ထားကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ပိုမိုအသေအပျောက်များသော လက်နက်ကိုင်ခုခံမှုများကို တွေ့ရမည်ဟု မျှော်လင့်ရသည်။
ဇွန်လ တလတည်းတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ၂ ဒါဇင်ကျော်ကို တိုက်ခိုက်သူများက သေနတ်ဖြင့်ပစ် သို့မဟုတ် ဓါးဖြင့်ထိုး သတ်ခဲ့
NUG သည် PDF ကို ထောက်ခံသော်လည်း ကွပ်ကဲ ထိန်းချုပ်ခြင်း မရှိပေ။ ထိုသို့ လျော့လျဲစွာ ဖွဲ့စည်းထားသည့် လျှို့ဝှက်လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံ၏ ဒေသအများအပြားတွင် ပေါ်ပေါက်နေပြီး စစ်တပ်သတင်းပေးဟု သံသယရှိသည့် အုပ်ချုပ်ရေးမှူးများကို သတ်ဖြတ်ခြင်းနှင့် အစိုးရအဆောက်အအုံများကို တိုက်ခိုက်ခြင်းတို့တွင် တက်ကြွစွာ ပါဝင်နေပုံရသည်။
အထင်ရှားဆုံးသော တိုက်ခ်ိုက်မှုတခုမှာ ရန်ကုန်အရှေ့ပိုင်းတွင် ရပ်ထားသည့် စစ်ထရပ်ကားကို ဇွန် ၁၈ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်သည်။ ယာဉ်ပေါ်တွင် စစ်သားများပါသော ထိုစစ်ထရပ်ကားကို စစ်ကောင်စီလက်ဝေခံ နိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးရှေ့တွင် ရပ်ထားစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကို စစ်ကောင်စီမီဒီယာက ထုတ်ပြန်ကြေညာခြင်း မပြုသေးပေ။
ထိုသို့သော စစ်ဖက်ဆိုင်ရာများကို တိုက်ခိုက်နိုင်ခြင်းသည် စစ်သားများထံမှ ထောက်ခံမှုနှင့် အကူအညီရသောကြောင့်သာ တိုက်ခိုက်နိုင်ခြင်းဖြစ်ကြောင်း PDF တိုက်ခိုက်ရေးသမားများက ပြောသည်ဟု Myanmar Now ကဖေါ်ပြသည်။ စစ်တပ်မှ ဘက်ပြောင်းပြီး စစ်ကောင်စီ ဆန့်ကျင်ရေး လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် မြန်မာစစ်အရာရှိ ဗိုလ်မှူး ဟိန်းသော်ဦးကလည်း အခွင့်အရေး ရပါက လာရောက်ပူးပေါင်းမည့် တပ်ဖွဲ့ဝင် အများအပြားရှိကြောင်းပြောသည်။
အထင်ရှားဆုံးသော တိုက်ခိုက် မှုတခုမှာ ရန်ကုန်အရှေ့ပိုင်းတွင် ရပ်ထားသည့် စစ်ထရပ်ကားကို ဇွန် ၁၈ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်သည်။
နိုင်ငံရေး ရည်မှန်းချက်များအောင်မြင်ရေးအတွက် လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ဗုံးခွဲတိုက်ခိုက်ခြင်းကဲ့သို့ နည်းလမ်းများကို အသုံးပြုခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သည့် အန္တရာယ်ရှိကြောင်း အချို့ကပြောသည်။ သို့သော် စစ်ကောင်စီက ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာအသိုက်အဝန်းက ရပ်တန့်အောင်လုပ်ရန် ပျက်ကွက်နေသောကြောင့် နိုင်ငံသားအများစုအတွက် အကြမ်းနည်းသုံးခြင်းသည် တခုတည်းသော ရွေးချယ်စရာဖြစ်နေသည်။ ထိုသို့သော အယူအဆကို NUG တွင်လည်း တွေ့ရသည်။
သို့သော် နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ ICG က ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာဖြစ်သည့် “Taking Aim at the Tatmadaw: The New Armed Resistance to Myanmar’s Coup” တွင် NUG အနေဖြင့် စစ်ရေးကျင့်ဝတ်များကို ခိုင်မာအောင် လုပ်ဆောင်ရန် တိုက်တွန်းသည်။
“ထိုကဲ့သို့သော အုပ်စုများက ကွပ်ကဲထ်ိန်းချုပ်ခြင်း မရှိသော်လည်း NUG သည် စစ်ရေးကျင့်ဝတ်များကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပြီး ထိုကျင့်ဝတ်များကို ဦးစားပေးကြောင်း လူသိရှင်ကြား အသိပေးပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရန် လုပ်ဆောင်ရမည်။ ထိုပြဋ္ဌာန်းချက်များကို ခုခံရေးအင်အားစုအားလုံးက လိုက်နာရေးအတွက် ဖိအားပေးရန် ၎င်း၏သြဇာကို အသုံးပြုရမည်” ဟု အထက်ပါ အစီရင်ခံစာက ဆိုသည်။
NUG သည် စစ်ရေးကျင့်ဝတ်များကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပြီး ထိုကျင့်ဝတ်များကို ဦးစားပေးကြောင်း လူသိရှင်ကြား အသိပေးပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရန် လုပ်ဆောင်ရမည်။
သဘောသဘာ၀ ကွဲပြားခြင်းနှင့် ဆက်သွယ်ရေးပြဿနာများသည် တခုတည်းသော အမိန့်ပေးကွင်းဆက်ကို ထူထောင်ရာတွင် ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်စေကြောင်းလည်း ထိုအစီရင်ခံစာက ထောက်ပြသည်။
နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများ အသစ်တဖန် ရင်ဆိုင်နေရချိန်တွင် နေရာအနှံ့အပြား အထူးသဖြင့် မြို့ကြီးမြို့ငယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ရင်ဆိုင်နေရခြင်းသည် စစ်ကောင်စီအတွက် အဓိက စိန်ခေါ်မှုဖြစ်မည်။
ပြည်တွင်းပြည်ပမှ ထောက်ခံမှုအများအပြား ရရှိနေသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် အင်အားပိုမိုတောင့်တင်း၊ လက်နက်ပိုမိုကောင်းမွန်ကာ ဖွဲ့စည်းမှု စနစ်ကျ လာနိုင်ခြေ များသည်။ ခုခံရေးအင်အားစု တပ်ဖွဲ့ဝင်များသည် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး အသက်ကိုပေးရန် အဆင်သင့်ဖြစ်ကြောင်းလည်း အထောက်အထားများက ပြသနေသည်။
(တင်ထားဆွေ (OBE) သည် BBC တောင်အာရှဒေသဆိုင်ရာဌာနနှင့် BBC မြန်မာပ်ိုင်းမှ အယ်ဒီတာ ဟောင်းဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ သူ၏ Emergence of People’s Militias in Myanmar: What Does It Mean? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဒီပဲယင်းကို အာဏာသိမ်း စစ်တပ် ဘယ်လိုစီးနင်း တိုက်ခိုက်ခဲ့သလဲ
တပ် CDM များအရေး သွေးအေးမနေသင့်ပြီ
မြန်မာ၊ အကြမ်းဖက်ဝါဒနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှ တောင်းဆိုချက်များ
စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်