အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရပြီး တနှစ်အကြာ စာရေးသူသည် နေပြည်တော်မှ ကြီးမားလှသော တပ်မတော်ပြတိုက်အနီးမှ ဖြတ်သွားရင်း မြန်မာစစ်တပ်က ၎င်းတို့ကိုယ်၎င်းတို့ ကျေးဇူး မော်ကွန်းတင်နေသည့် အတိုင်းအတာကို မအံ့သြဘဲ မနေနိုင်တော့ပေ။ ထိုပြတိုက်တွင် စစ်တပ်သမိုင်း၏ အသေးစိတ်များအားလုံး အကျုံးဝင်သည့် ပြခန်းပြကွက်ပေါင်း များစွာပါဝင်သည်။ ထိုမျှကြီးမားလှသောပြတိုက်ကြီးတွင် ပုန်းခိုနေသည့် အခန်းတခုမှာ တပ်မတော်၏ အောင်ပွဲများကို ပြသသော အခန်းဖြစ်သည်။ တပ်မတော်ကပြောသည့် သမိုင်းဝင်အောင်ပွဲဆိုသည်များမှာ တောင်ကုန်းသိမ်းသည့် တိုက်ပွဲများသာဖြစ်နေသည်။ ထိုအောင်ပွဲများသည် ပုန်ကန်မှုနှိမ်နင်းရေး စစ်ဆင်ရေးတခုခြင်းအတွက် အရေးပါသော်လည်း ၎င်းတို့ကို တင်ပြပုံသည် ပကတိအရှိတရားကို ဖုံးကွယ်ထားသည်။
တပ်မတော်သည် မည်သည့် စစ်ပွဲကိုမျှ မနိုင်ဘူးပေ။ ၎င်းတို့သည် တိုက်ပွဲအချို့တွင် နိုင်သော်လည်း နောက်ဆုံးတွင် အပစ်အခတ်ရပ်စဲရေးလုပ်ရန်သာ ကြိုးစားရသည်။
စစ်တပ်တွင် အင်အား ၃၅၀၀၀၀ နီးပါးရှိသောကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးကို ခုခံရန်မှာ မဖြစ်နိုင်သလောက်ပင် ခက်ခဲသည်ဟု မကြာသေးမီက ခွဲခြမ်းစိတ်ဖြာလေ့လာသည့် ဆောင်းပါးများတွင် ဖေါ်ပြကြသည်။ ထိုအရေအတွက်ကို အသုံးပြုခြင်းသည် အလွန်အကျွံယေဘုယျ ဆန်လွန်းပြီး စစ်တပ်သည် ပင်ကိုယ် အင်အားတောင့်တင်းနေသည်ဆိုသည့် မှားယွင်းသော အမြင်ကို ဖြစ်စေသည်။ ထိုအချက်လောက် အမှန်တရားနှင့်ဝေးကွာသော အချက် မရှိတော့ပေ။ အကြောင်းတခုမှာ စစ်တပ်ကို တနိုင်ငံလုံးက အုံကြွစေရန် ဗိုလ်ချုပ်များက ဆွပေးခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်နှင့် ကိုလိုနီဆန့်ကျင်ရေး စစ်ပွဲများ နောက်ပိုင်းတွင် ထိုဖြစ်ရပ်နှင့် ယှဉ်ထိုးပြောနိုင်သည့် ဥပမာ မရှိသလောက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မည်သည်တို့ဖြစ်ပျက်မည်ဟု ကြိုတင်ပြဋ္ဌာန်းထားသည့် မည်သည့်အရာမျှ မရှိသလို စစ်တပ်ဆက်လက်ရပ်တည်ရေးအတွက် ကြိုတင်ပြဋ္ဌာန်းချက် မရှိသည်မှာ ပိုမိုသေချာသည်။ ယခုစစ်အာဏာသိမ်းမှုသည် နိုင်ငံ၏ သမိုင်းဝင်အပြောင်းအလဲဖြစ်ပြီး ဗိုလ်ချုပ်များ၏ သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးနိုင်သည့် သေနင်္ဂဗျူဟာ အမှားဖြစ်သည်။
ယခုစစ်အာဏာသိမ်းမှုသည် နိုင်ငံ၏ သမိုင်းဝင်အပြောင်းအလဲဖြစ်ပြီး ဗိုလ်ချုပ်များ၏ သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးနိုင်သည့် သေနင်္ဂဗျူဟာ အမှားဖြစ်သည်။
ပိုမိုအာရုံစိုက်သင့်သော မှန်ကန်သည့် အရေအတွက် ကိန်းဂဏန်းမှာ မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်းကျော်ရှိသည်ဆိုသည့် ကိန်းဂဏန်းဖြစ်ပြီး အားလုံးနီးပါးသည် စစ်တပ်ကို ခါးခါးသီးသီး မုန်းကြသည်။ ဗိုလ်ချုပ်များ ရင်ဆိုင်ရသည့် အခြေအနေမှာ ထိုအခြေအနေပင်ဖြစ်သည်။ ၎င်းတို့၏ စစ်တပ်သည် မြန်မာတနိုင်ငံလုံးနီးပါးကို ဖိနှိပ်ရန် အသည်းအသန်ကြိုးစားနေရသည့် ပြည်ပက ကျူးကျော်သော တပ်တတပ် အဆင့်သို့ လျှောကျသွားအောင် ဗိုလ်ချုပ်များက လုပ်ခဲ့ကြသည်။ စစ်သားများ မည်သည့်နေရာကို ကြည့်လိုက်သည်ဖြစ်စေ ရန်လိုမုန်းတီးမှုများကိုသာ တွေ့နေရသည်။ ၎င်းတို့၏ လတ်တလောလက်ဝေခံများ အထူးသဖြင့် ရဲနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှအပ အများပြည်သူနှင့်ပတ်သက်သည့် အစိတ်အပိုင်း ကြီးကြီးမားမားက ၎င်းတို့ကို ထောက်ခံခြင်း မရှိပေ။
ယခု ပြည်သူလူထုအုံကြွမှုကို စစ်တပ်က မည်သို့တုံ့ပြန်မည်ကို အားလုံးမှန်းဆနိုင်သည်။ စစ်တပ်၏ အကြမ်းဖက်သော နည်းပရိယာယ်၊ အခွင့်အရေးများကို လုယူဖျက်ဆီးခြင်းနှင့် သိမ်းသွင်းခြင်းတို့သည် အာဏာရှင်စနစ် ဆယ်စုနှစ်များစွာအတွင်း ပြီးပြည်စုံနေပြီးဖြစ်သည်။ ၎င်းတို့သည် ပေါ်ပေါက်လာသော မည်သည့် တော်လှန်မှုမဆိုကို အထီးကျန်အောင်လုပ်ပြီး ပြည်သူ့ဒေါသ၊ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် ဘုန်းဘုန်းလဲကျနေသော စီးပွားရေးထက် ပိုမိုသက်တမ်းရှည်ကြာစွာ ရပ်တည်နိုင်သည်ဆိုသည့် တွက်ကိန်း စစ်တပ်အတွင်း ရှိနေသည်။ ၎င်းတို့သည် ခုခံရေးအင်အားစုများထက် ပိုမိုရှည်ကြာသည့် အခွင့်အလမ်းကာလရှိသည်ဟု စစ်တပ်က ယူဆသည်။ ဗိုလ်ချုပ်များသည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ CDM ၊ စိတ်ဓါတ်အပြင်းထန်ဆုံးသော ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူလူထု အကြား သွေးကွဲအောင် လုပ်မည်။ ၎င်းတို့သည် တိုင်းရင်းသားအုပ်စုများအကြား သွေးကွဲအောင် လုပ်မည်။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ (EAOs) နှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းထားပြီး ၎င်းတို့၏ လက်ဝေခံ ပြည်သူ့စစ်အမည်ခံအဖွဲ့များ ခွဲမထွက်အောင် တားဆီးမည်။ ၎င်းတို့သည် နိုင်ငံကို တရုတ်လက်သို့ ဈေးပေါပေါဖြင့် ထိုးအပ်မည်ဖြစ်သည်။
စစ်တပ်က အောင်ပွဲဟု ပြောဆိုသည့် မည်သည့်အရာမဆို စစ်သားအများအပြားနှင့် အရင်းအမြစ်များစွာ ဆုံးရှုံးပြီးမှ ရခြင်းသာဖြစ်သည်။ စစ်တပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မတ်လတွင် သိမ်းယူခဲ့သည့် သေနင်္ဂဗျူဟာ အသာစီးရမှုကို ဖယ်ရှားနိုင်ခြင်း မရှိသေးသလို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်မှ အရှိန်မြင့်လာသော တော်လှန်ရေးများကိုလည်း ပြတ်ပြတ်သားသား မနှိမ်နင်းနိုင်တော့ခြင်းသည် စစ်တပ်၏ အားနည်းချက်ကို ပြသည့် လက္ခဏာများဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားသော နေပြည်တော်တွင် သီးခြားနေပြီး မြို့ကြီးများမှ ကျောင်းများတွင် ပုန်းအောင်းကာ ဗမာများ အဓိကနေသည့် နေရာများတွင်ပင် အင်အားအလုံးအရင်းဖြင့်သာ သွားလာနေရသော စစ်တပ်သည် ၎င်းတို့ကိုယ်၎င်းတို့ အခြေအနေကောင်းနေသည်ဟု ထင်လျှင် ရူးသွပ်မိုက်မဲခြင်းသာဖြစ်သည်။ စစ်တပ်သည် တော်လှန်ရေးများ မပျံ့နှံ့မီ နှိမ်နင်းနေသည့် တချိန်တည်းတွင် လက်ပါးစေ ပြည်သူ့စစ်များ ထွက်ပြေးမည်နှင့် အချိန်တန်သောအခါ အပစ်အခတ်ရပ်စဲရေး ပျက်စီးသွားမည်ကို စိုးရိမ်နေရသည်။
စစ်တပ်သည် အဓိကအားဖြင့် ခြေလျှင်တပ်များကို နိုင်ငံတဝှမ်းမှ အခြေစိုက်စခန်းငယ်များတွင် ဖြန့်ခွဲထားသည်။ တနိုင်ငံလုံး အုံကြွသည့်အခြေအနေတွင် စစ်တပ်သည် သယ်ယူပို့ဆောင်ရေးကွင်းဆက်နှင့် ခိုင်မာသည့် လှုပ်ရှားတပ်ဖွဲများဖြင့် လုပ်ဆောင်နိုင်ခြင်းက အားသာချက်တခုဖြစ်မည်။ သို့သော် ညံ့ဖျင်းချို့တဲ့စွာ လက်နက်တပ်ဆင်ထားသည် စစ်တပ်တွင် ထိုအချက်နှစ်ချက်လုံး မရှိပေ။ ၎င်းတို့ တပ်ဖွဲ့တခုခြင်းစီသည် ထောက်ပံ့မှုရရန် ပိုမိုအချိန်ကြာလာပြီး ဒေသခံပြည်သူများက ၎င်းတို့ကို တိုက်ခိုက်လာသောကြောင့် ဖိအားကို ပိုမိုခံစားနေရသည်။ သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုသည် မိုးရာသီတွင် ပိုမိုဖိအားပေးခံရပြီး စစ်တပ်အရာရှိနှင့် ရဲဘော်များ စိတ်ဓါတ်ထပ်မံ ကျဆင်းနေချိန်တွင် စစ်မြေပြင်မှ ၎င်းတို့၏ ဆုံးရှုံးမှုများအတွက် သန်းပေါင်းများစွာသော ပြည်သူများက လူမှုကွန်ရက်တွင် အောင်ပွဲခံနေကြမည်ဖြစ်သည်။
ပြည်ပရန် တွန်းလှန်ရန် ပြည်သူကို အားကိုးရသည့် ပြည်သူ့စစ်သဘောတရားမှ လမ်းခွဲခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် စစ်တပ်သည် ယခုအခါတွင် များပြားလှစွာသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ရင်ဆိုင်နေရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အများအပြားက NUG ကို အားပေးထောက်ခံကြသော်လည်း ချင်းပြည်ကာကွယ်ရေးတပ်ကဲ့သို့သော အခြားတပ်များသည် ဒေသခံလူမှု အသိုက်အဝန်းများကို ကာကွယ်ရန် ဒေသခံများ စုပေါင်းဖွဲ့စည်ထားသည့် တပ်ဖွဲ့များဖြစ်သည်။ ထိုသို့ လုပ်ဆောင်သည့်နည်းလမ်းသည် ပိုမိုကျယ်ပြန့်လာမည့် နည်းလမ်းဖြစ်သည်။
စစ်တပ်သည် တော်လှန်ရေးများ မပျံ့နှံ့မီ နှိမ်နင်းနေသည့် တချိန်တည်းတွင် လက်ပါးစေ ပြည်သူ့စစ်များ ထွက်ပြေးမည်နှင့် အချိန်တန်သောအခါ အပစ်အခတ်ရပ်စဲရေး ပျက်စီးသွားမည်ကို စိုးရိမ်နေရသည်။
ခုခံရေးလှုပ်ရှားမှု၏ အလားအလာကို အတိအကျ အကဲဖြတ်ရန် စစ်အင်အားချိန်ခွင်လျှာကို ၎င်းတို့သွားနေသည့် လမ်းကြောင်းအတိုင်း လေ့လာရန်သာ ဖြစ်သည်။ စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကို တစုံတခုသော ကာလအတွင်း ၎င်း၏ ဖွဲ့စည်းပေါင်းစပ်မှုဖြင့် မဆုံးဖြတ်သင့်ဘဲ ထိုလှုပ်ရှားမှု၏ ပိုမိုကျယ်ပြန့်လာသည့် အရှိန်အဟုန်ကို အဓိက ထားပြီးသာ ဆုံးဖြတ်သင့်သည်။
တော်လှန်ရေးများသည် ကောင်းစွာ ဖွဲ့စည်း၊ ဝန်ထမ်းအင်အားပြည့်စုံပြီး ပညာရပ်အရ ကျွမ်းကျင်သော ခုခံမှုများဖြင့် စတင်ခဲ့ခြင်း မဟုတ်ပေ။ အောင်မြင်သောတော်လှန်ရေးများသည် ထိရောက်သော ခေါင်းဆောင်မှု၊ နည်းပရိရာယ်များ ဖေါ်ထုတ်ခြင်းနှင့် လက်နက်ရရှိအောင် စောလျှင်စွာ ပြုလုပ်နိုင်ခြင်းများအရ အလျှင်အမြန် တိုးတက်သွားကြသည်သာ ဖြစ်သည်။ ထိုအမြင်အရ ကြည့်ပါက ဖြစ်ရပ်များသည် စစ်တပ်အကြိုက်ဖြစ်နေသည် မဟုတ်ပေ။ စစ်တပ်သည် စစ်ကိုင်းတိုင်းတောင်ပိုင်းကဲ့သို့သော ခေတ်သစ်သမိုင်းတွင် ရေရှည်တော်လှန်ရေးမပေါ်ပေါက်ဖူးသော နေရာများအပါအဝင် တနိုင်ငံလုံးတွင် ဖိအားများကို ရင်ဆိုင်နေရသည်။ PDF တပ်သစ်များ ပေါ်ပေါက်လာနေသောကြောင့် ဧရာဝတီတိုင်းအပါအဝင် ဒေသအများအပြားတွင်လည်း ဖိအားများကို ပိုမိုရင်ဆိုင်နေရသည်။
ပြည်သူလူထု ဆန့်ကျင်မှုကြောင့် စစ်တပ်သည် ၎င်းတို့ကိုယ်၎င်းတို့ ပြည်ပကျူးကျော်တပ်များသဖွယ် ပိုမိုခံစားလာရမည်ဖြစ်သည်။ ၎င်းတို့၏ စစ်သားများသည် ခြိမ်းခြောက်မှုပေါင်းစုံ၊ ဒေသခံများ၏ တိုက်ခိုက်မှု၊ ကျပ်တည်းလာသော ထောက်ပံ့မှု၊ လူမှုဝိုင်းကျဉ်ခံရခြင်းများကို ခံစားနေရသည်။ စစ်တပ်များသည် ပိုမိုကျဲပါးသည့် ဖြန့်ကျက်မှုကို လုပ်ဆောင်လာရသည်။ ပိုမို ပင်ပန်းနွမ်းနယ်လာသောကြောင့် ၎င်းတို့ကို မရေတွက်နိုင်သော တိုက်ခိုက်မှုအသေးစားများဖြင့် နှောက်ယှက် ဖြိုခွဲနိုင်လာသည်။
စစ်တပ်သည် နည်းှဗျူဟာအရ ၎င်းတို့ရွေးချယ်ထားသည့် နေရာရှိ အပြန်အလှန်ပစ်ခတ်မှုများတွင် နိုင်သော်လည်း တနိုင်ငံလုံးနီးပါး အုံကြွမှုအတွက် သေနင်္ဂဗျူဟာသစ်ရှာရန် ခက်ခဲမည်ဖြစ်သည်။ ထိုကိစ္စသည် တနိုင်ငံလုံးအုံကြွမှုကို ရင်ဆိုင်ရန် မည်သည့်စစ်တပ်အတွက်မဆို ခက်ခဲမည်ဖြစ်သည်။ ခုခံရေးအင်အားစုများ၏ အောင်မြင်မှုအတွက် သော့ချက်မှာ ညီညွတ်ရေးဖြစ်သည်။ စစ်တပ်ကို စစ်မြေပြင်တွင်အနိုင်ရခြင်းသည် အခြားမည်သည့်အရာထက်မဆို အမျိုးသားသွေးစည်းညီညွတ်မှုကို ပိုမိုလျှင်မြန်စွာ ပေါ်ပေါက်စေမည်ဖြစ်သည်။ ကနီ၊ မင်းတပ်နှင့် ဒီမောဆို ဖြစ်စဉ်များသည် အနာဂတ် ပိုမိုကျယ်ပြန့်သည့် စုပေါင်းဆောင်ရွက်မှုများ၏ ရှေ့ပြေးနမူနာများဖြစ်ပြီး KIA က စစ်ကောင်စီတပ်များကို ရဲရဲဝံ့ဝံ့ တိုက်ခ်ိုက်ခြင်းနှင့် ကရင်အမျိုးသား အစည်းအရုံးက ခိုလှုံခွင့်ပေးသောကြောင့် တနိုင်ငံလုံးက ကျေးဇူတင်ကြမည်ဖြစ်သည်။
လက်နက်ကိုင်ခုခံမှုကို တိုင်းရင်းသား လူနည်းစုများကသာမက ဗမာလူများစုလည်း အခြေခံအားဖြင့် ပါဝင်လုပ်ဆောင်ရန် အရေးကြီးသည်။
ယခုအုံကြွမှု ပဋိပက္ခ၏ သဘောသဘာဝကို အမျိုးသား ပုန်ကန်မှုအဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်ပါက စစ်အင်အားချိန်ခွင်လျှာသည် တော်လှန်ရေးဘက်သို့ အရေအတွက်နှင့် စိတ်ဓါတ်အင်အားအရ ပြတ်ပြတ်သာသား အလေးသာနေသည်။ သုတေသီအများအပြားက မြန်မာတွင် စစ်အာဏာရှင် အုပ်ချုပ်ရေး သက်တမ်းရှည်မည်ဟု မှတ်ချက်ချသည်။ ထိုသို့သော အညံ့ခံသည့် သဘောထားများသည် စစ်တပ်ကို ဖြုတ်ချရန် ပေးဆပ်ရမည့်တန်ဖိုးကို အခြားသူများက ကျခံပေးသည်အား စောင့်ကြည့်ရန် ကြိုးစားနေသည့် ပြည်တွင်းရှိ အကျိုးစီးပွားများရှာသူများ သို့မဟုတ် စစ်တပ်ကို ပြည်သူက မည်မျှ မုန်းတီးနေကြသည်ကို မမြင်နိုင်သည့် သံသယဝါဒီ ပြည်ပမှ လေ့လာစောင့်ကြည့်သူများကိုသာ အကျိုးပြုသည်။ စစ်တပ်သည် ဒေသအဆင့် လက်နက်ကိုင်အုပ်စုများကို အားပြိုင်ဖက်အုပ်စုများဖြစ်အောင် နှစ်ပေါင်းများစွာ သွေးခွဲခဲ့သည်။ နိုင်ငံရေးဆုံးဖြတ်ချက်ချသူများထဲတွင် ပြင်ပလူများ အဓိပ္ပါယ်ရှိစွာ ပါဝင်လာခြင်းကို လုံး၀ငြင်းဆန်ခဲ့သည်။ မျိုးဆက်တဆက်ပြီး တဆက်၏ ခုခံဆန့်ကျင်မှုများကိုလည်း ဖြစ်ပေါ်စေသည်။ သို့သော် စစ်တပ်သည် တိုင်းပြည်ကို တစုတစည်းတည်း ဖြစ်အောင်ပြုလုပ်ထားပေးသည် ဆိုသည့် စစ်တပ်၏ ပြောဆိုမှုကို ခိုးကြောင်ခိုးဝှက် လက်ခံသူအများအပြားလည်း ရှိသည်။
၁၉၈၈ ခုနှစ် အတွင်းနှင့်နောက်ပိုင်း တိုင်းပြည်အတွေ့အကြုံများမှ သင်ခန်းစာများကို ရှင်းလင်းစွာ လေ့လာပြီးဖြစ်သည်။ NUG သည် ၎င်းကိုယ်၎င်း အဝေးရောက်အစိုးရအဖြစ်ထက် တော်လှန်ရေးလှုပ်ရှားမှု အဖြစ်သာမြင်ပြီး ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံသည့် အမျိုးသားညွန့်ပေါင်းပုံစံတည်ဆောက်ရန် ရှင်းရှင်းလင်းလင်း အားထုတ်နေသည်။ ထိုအားထုတ်မှုများသည် မွေးကင်းစသာရှိသေးပြီး ရှေ့ဆက်လုပ်ဆောင်ရမည် ဖြစ်သည်။
ထို့အပြင် လက်နက်ကိုင်ခုခံမှုကို တိုင်းရင်းသား လူနည်းစုများကသာမက ဗမာလူများစုလည်း အခြေခံအားဖြင့် ပါဝင်လုပ်ဆောင်ရန် အရေးကြီးသည်။ ခုခံဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဒေသများနှင့် မြို့ကြီးများ ပါဝင်ရန် အရေးကြီးသည်။ ခုခံဆန့်ကျင်မှုသည် စစ်တပ်၏ စွမ်းရည်ကို ခြိမ်းခြောက်နေသည်။ ဗိုလ်ချုပ်များသည် တိုင်းရင်းသား လက်နက်ကိုင်များကိုသာ တိုက်ခိုက်ရသည့် ၎င်းတို့၏ ပုံမှန်အခြေအနေသို့ ပြန်သွားချင်ကြမည်ဖြစ်သည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်မ မွေးကင်းစ ပူးပေါင်းအဖွဲ့များသည် ၎င်းတို့မည်မျှ အစွမ်းထက်သည်ကို ပြသနေကြသည်။ မကြာမီ တနိုင်ငံလုံးအုံကြွမှု ပြုလုပ်မည်ဆိုသည့် NUG ၏ သတိပေးချက်သည် မည်သည့်အရာထက်မဆို စစ်တပ်ကို ပိုမိုခြောက်လှန့်နေမည်ဖြစ်သည်။
တော်လှန်ရေးများသည် ကောင်းစွာ ဖွဲ့စည်း၊ ဝန်ထမ်းအင်အားပြည့်စုံပြီး ပညာရပ်အရ ကျွမ်းကျင်သော ခုခံမှုများဖြင့် စတင်ခဲ့ခြင်း မဟုတ်ပေ။
တပ်မတော်ပြတ်ိုက်မှ ထွက်လာသောအခါ ထိုမျှကြီးမားသော အဆောက်အအုံကြီးသည် လက်တွေ့တွင် သိမ်ငယ်စိတ်ကို ဖုံးဖိထားရန်အတွက်သာ ရည်ရွယ်တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်သည်ဟု ခံစားရသည်။ ထိုစစ်တပ်သည် တိုင်းပြည်ကို တစုတစည်းတည်းဖြစ်အောင် ထိန်းသိမ်းရာတွင် စစ်တပ်သည် အရေးပါသည်၊ ဂရုဏာကြီးမားသော အုပ်ထိန်းသူဖြစ်သည်ဟုပင် ပြသရန်ကြိုးစားနေသော စစ်တပ်ဖြစ်သည်။ တိုင်းပြည်သည် ယခုအခါတော်လှန်နေပြီဖြစ်သောကြောင့် ထိုအချက်ကို ပြည်သူလူထုက လက်ခံသည့်ခေတ် ကုန်ဆုံးသွားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ စစ်တပ်သည် အရိုင်းအစိုင်းဖြစ်ပြီး အမျိုသား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသောအဖွဲ့ဖြစ်သည်ဟုသာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုကြသည်။ အခြေခံအားဖြင့်ဆိုရပါက လက်ရှိအကျပ်အတည်းသည် မြန်မာကသာဖြေရှင်းနိုင်သည့် အကျပ်အတည်းဖြစ်သည်။ နိုင်ငံတကာ အရေးယူဆောင်ရွက်မှုများသည် ထိုမျှအရေးပါခြင်း မရှိကြောင်းထင်ရှားသည်။ တိုင်းပြည်ကို ကာလကြာမြင့်စွာဖျက်ဆီးနေသည့် စစ်တပ်ကို ဖြုတ်ချရန် နည်းလမ်းနှင့် ကျင့်ဝတ်ဆိုင်ရာ အခွင့်အရေး ၎င်းတို့တွင် ရှိသည် ဆိုသည့်အချက်ကို သိရှိပြီး မြန်မာပြည်သူများဝမ်းမြောက်ဝမ်းသာဖြစ်သင့်သည်။
(ဇော်တူးဆိုင်သည် ဒီမိုကရေလိုသားသော ဆန္ဒပြပွဲများတွင် ပါဝင်ပြီးနောက် အသက် ၁၇ နှစ်အရွယ်တွင် မြန်မာနိုင်ငံမှ ထွက်ခဲ့သည်။ အိန္ဒိယမြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းတခုတွင် ၇ နှစ်နေထိုင်ပြီး မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုတွင် ဆက်လက်ပါဝင်သည်။ သူသည် ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာနှင့် ပြည်သူ့ရေးရာကျောင်းမှ မဟာဘွဲ့ရပြီး ဒေလီတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့လည်း ရရှိထားသူဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ The Revolt Against Myanmar’s Junta Can Succeed ကို ဘာသာပြန်သည်။)
You may also like these stories:
တပ် CDM များအရေး သွေးအေးမနေသင့်ပြီ
ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရာနှင့် လားရာ
ရက္ခိုင့်တပ်တော်၊ မြန်မာ့စစ်အာဏာသိမ်းမှု နှင့် ရက္ခိုင်ပြည်နိုင်ငံရေး
ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား