NLD ကို ပိတ်ပင်ရုံဖြင့် စစ်အာဏာသိမ်းဆန့်ကျင်ရေး ရပ်ဆိုင်းမည် မဟုတ်

Bertil Lintner
ဖေဖော်ဝါရီလ ၈ ရက် ရန်ကုန်ရှိ ဆန္ဒပြသူတဦး ဒေါ်အောင်ဆန်းစုကြည် ပုံကို ကိုင်ဆောင်ထားစဉ် / ဧရာဝတီ 
Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပိတ်ပင်လိုက်လျှင် ဒီမိုကရေစီလိုလားသော စစ်တပ်ဆန့်ကျင်ရေး ရပ်ဆိုင်းသွားစေမည်ဟု မြန်မာစစ်ဗိုလ်ချုပ်များက ထင်လျှင် ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ဖြစ်သည်။ လူအများအပြား၏ အမြင်တွင် NLD သည် နိုင်ငံရေးပါတီတခု သက်သက် မဟုတ်ပေ။ “ကျမတို့ပါတီက ပြည်သူကြားက ထွက်ပေါ်လာတဲ့ပါတီ ဖြစ်တယ်။ လူထုထောက်ခံမှုရှိနေသရွေ့ဆက်လက်တည်ရှိနေမှာ ဖြစ်တယ်” ဟု NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မေလ ၂၄ ရက်နေ့က ရုံးထုတ်သောအခါ သူ၏ရှေ့နေဦးခင်မောင်ဇော်မှတ ဆင့် ပြောကြားခဲ့သည်။ အများပြည်သူသို့ တိုက်ရိုက် ထုတ်ပြန်ပြောကြားခွင့် မရသောကြောင့် ထိုသို့ရှေ့နေမှတဆင့် ပြောကြားရခြင်းဖြစ်သည်။

ထိုစကားကြောင့် ၁၉၈၉ ခုနှစ် ဖေဖေါ်ဝါရီလက ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးတွေ့ဆုံခဲ့စဉ်က သူပြောသောစကားကို စာရေးသူ အမှတ်ရမိသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဌာနချုပ်မှ ကိုယ်စားလှယ်များသည် ဧရာဝတီတိုင်းမှ ပြန်ရောက်ကာစဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းမှ ရေလမ်းဖြင့်သာရောက်ရှိနိုင်သည့် မြို့တမြို့သို့လည်း သွားရောက်ခဲ့သည်။ “အဲဒီကိုရောက်တော့ ကျမ အရမ်းအံ့သြသွားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြောသည်။ “အဲဒီကလူတွေက ကျမကို ပထမဆုံးပြချင်တာက အသစ်ဖွင့်လိုက်တဲ့ NLD ရုံးခန်းပဲ။ အဲဒီမြို့မှာ NLD ရုံးခန်းရှိတယ်ဆိုတာ ကျမတို့တောင် မသိဘူး” ဟု သူပြောသည်။

ထိုရုံးခန်းသည် သေးငယ်သည့် ကွန်ကရစ် ရုံးခန်းငယ်သာဖြစ်ပြီး အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို သက်လတ်ပိုင်း ဒေသခံ NLD ဥက္ကဋ္ဌက ကြိုဆိုသည်။ သူသည် ဟောင်းနွမ်းဆုတ်ပြတ်နေသည့် သစ်သား စားပွဲတခုနောက်တွင် ထိုင်နေသည်။ သူ၏နောက်မှ နံရံတွင် NLD ၏ သင်္ကေတဖြစ်သော ဒေါင်းအလံကို ချိတ်ဆွဲထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်ဆောင်ဆန်းနှင့် ၁၉၂၀ နှင့် ၃၀ ခုနှစ်များက ဗြိတိန်ထံမှ လွတ်လပ်ရေးလှုပ်ရှားမှုကို ပြုစုပျိုးထောင်ရာတွင် အရေးပါသော အခန်းမှ ပါဝင်ခဲ့သည့် အမျိုးသား စာဆိုတော် သခင်ကိုယ်တော်မှိုင်းတို့၏ ပုံများကိုလည်း ထိုအလံဘေးတွင် ချိတ်ဆွဲထားသည်။

ထိုဖြစ်ရပ်သည် ၁၉၈၈ ခုနှစ် သြဂုတ်-စက်တင်ဘာလများနှင့်နောက်ပိုင်း ဒီမိုကရေစီလှုပ်ရှားမှုအတွင်း တိုင်းနှင့် ပြည်နယ်များတွင် NLD မည်သို့ပေါ်ပေါက်လာသည်ကို ထင်ဟပ် ပြသနေသည်။ အများအားဖြင့် ရန်ကုန် ဌာနချုပ်၏ အကူအညီမပါဘဲ မွေးဖွားလာကြသည်။ ပိုမိုကောင်းမွန် ဒီမိုကရေစီကျသည့် အနာဂတ်ကို ပြည်သူများ လိုလားကြောင်း ပြသည်။ ထို့ကြောင့်ပင် ၁၉၉၀ မေလတွင် ပထမဆုံးအကြိမ် ရွေးကောက်ပွဲဝင်သောအခါ မည်သူသည် NLD ၏ ကိုယ်စားလှယ်ဖြစ်သည် ဆိုသည့်အချက်သည် အရေးမကြီးတော့ဘဲ တောင်ပြိုကမ်းပြို အနိုင်ရသည်။ သို့သော် လွှတ်တော်ကို ခေါ်ယူခြင်းမရှိဘဲ NLD အဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများကို သည်းသည်းမဲမဲ လိုက်လံဖမ်းဆီးသည်၊ ထောင်ချသည်၊ နှိပ်စက်သည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ သတင်းအချက်အလက်ရရန် စစ်ဆေးခြင်းမဟုတ်ဘဲ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သောကြောင့် ဒဏ်ခတ်ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရသူ အနည်းဆုံး ၂၀ ခန့်သည် ထိုင်းနှင့် အိန္ဒိယသို့ ထွက်ပြေးကြပြီး ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အမည်ဖြင့် အဝေးရောက်အစိုးရကို ဖွဲ့စည်းခဲ့ကြသည်။

သို့သော်ပြဿနာမှာ ကိုယ်စားလှယ်အမည်နှင့် အခြားအချက်များသည် လုံးဝအရေးမပါတော့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သာ အရေးပါခဲ့ပြီး ဆက်လက်အရေးပါနေဆဲလည်း ဖြစ်သည်။ ရိုဟင်ဂျာမွတ်ဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နှင့် ပတ်သက်သော သူ၏ ရပ်တည်ချက်နှင့် လူမျိုးစုအခွင့်အရေးများတွင် ရပ်တည်မှု အားနည်းသောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာတွင် သိက္ခာကျဆင်းကောင်း ကျဆင်းခဲ့နိုင်သော်လည်း ပြည်တွင်းတွင် ကျဆင်းခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုသည်။ ထို့အပြင် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ NLD အစိုးရတာဝန်ယူချိန်တွင် မီဒီယာများ အခက်အခဲဖြစ်ကြရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် မရှိဘဲ မြန်မာနိုင်ငံတွင် ထိုမျှအားကောင်းသော ဒီမိုကရေစီလှုပ်ရှားမှု ရှိမည် မဟုတ်ပေ။ ဖိနှိပ်မှုနှင့် နိမ့်ကျမှုကင်းသော လူ့အဖွဲ့အစည်းတွင်နေထိုင်လိုသည့် ပြည်သူများ၏ ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကသာ ကိုယ်စားပြုနိုင်သည်။

၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ မန္တလေးတွင် အောင်ပွဲခံနေကြစဉ်/ ဧရာဝတီ

ထိုအကြောင်းများကြောင့်ပင် ပိုမိုကြီးမားသော ပြဿနာတခုကို ဖြစ်စေပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး ကာလကြာရှည်စွာ ထိုသို့သော သင်္ကေတတခု မဖြစ်နိုင်တော့ပေ။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် သူ့ကိုဝေဖန်သူများ ထောက်ပြသည့်အတိုင်း NLD အတွင်း ဒုတိယမျိုးဆက် ခေါင်းဆောင်များ ပြုစုပျိုးထောင်ရေးကို လျစ်လျူရှုထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ့ကို အကြံမပေးသလောက်ပင်ဖြစ်သော သို့မဟုတ် အပြုသဘော အသုံးဝင်သည့် အကြံပေးလေ့မရှိသော သူများဖြင့် ဝန်းရံကာ ပါတီကိစ္စ အရာရာကို အသေးစိတ် စီမံခန့်ခွဲသည်။ ညီညွတ်ရေးနှင့် အဖွဲ့လိုက်လုပ်ဆောင်မှု အရေးပါသော အခြေအနေများတွင် တချိန်က အနီးကပ်နေခဲ့ဖူးသူများနှင့် အစေးမကပ်တော့ဘဲ စွန့်ခွာခဲ့ဖူးသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်သည့် အကဲဖြတ်ချက်ဆိုးများကို အခွင့်ကောင်းယူကာ စစ်ကောင်စီက နိုင်ငံခြားသားများ အထူးသဖြင့် ဂျပန်နှင့် အာရှအိမ်နီးချင်းများကို ဒေါ်အောင်ဆန်းစုကြည်သည် ခေါင်းမာကြောင်း၊ အပေးအယူစေ့စပ်ညှိနှိုင်းမှု မရှိကြောင်း ပြောကောင်းပြောနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းမာသည်ဆိုသည့် အချက်ကို မည်သူမျှ မေးခွန်းထုတ်ခြင်း မရှိပေ။ ထိုသို့ခေါင်းမာခြင်းကပင် ခက်ခဲသော အခြေအနေအချို့တွင် စစ်အုပ်စုက တောင်းဆိုသည်ကို အလျှော့ပေးရန် ငြင်းဆန်နေခြင်းက အားကောင်းချက်ဖြစ်နေပြန်သည်။ သို့သော် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတောင်းဆိုသော ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်သတ်ရန် ဝန်မလေးသည့် စစ်အုပ်စုခေါင်းဆောင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ကျိုးကြောင်းဆီလျှော်မှုမရှိဘဲ အပေးအယူ စေ့စပ်ညှိနှိုင်းမှု မရှိဟု စွပ်စွဲပါက သူခိုးက လူဟစ်ခြင်းသာ ဖြစ်သည်။

ပိုမိုအပြုသဘောဆောင်သည့် သဘောဖြင့် လူငယ်အများအပြားသည် ရှေ့ဆက် တိုးတက်ရန် နည်းလမ်းရှာကြသည်။ ထိုသို့ဆိုခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် စစ်အုပ်စုအပြင် သီးခြား အင်အားစုတခုအဖြစ် ထူးဆန်းစွာ ပေါ်ပေါက်လာမည်ဆိုသည့် တတိယအင်အားစု အယူအဆဟောင်းကို ပြန်ပြောခြင်း မဟုတ်ပေ။ ဇွန်လ ၁၇ ရက်နေ့က ဆောင်းပါးတစောင်တွင် လွတ်လပ်သော သုတေသီတဦး ဖြစ်သူ မွန်မွန်မြတ်က ထို တတိယအင်အားစုအယူအဆကို ဒေါက်တာကျော်ရင်လှိုင်က လွန်ခဲ့သော ၁၀ နှစ်ကျော်က စတင်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားသည်။ မြန်မာ့န်ိုင်ငံရေးအကျပ်အတည်းဆိုသည့် ဆောင်းပါးတွင် ဒေါက်တာ ကျော်ရင်လှိုင်က ဒီမိုကရေစီရရှိရေးအတွက် ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ထက်ကျော်လွန် ရှုမြင်သင့်ကြောင်း၊ စနစ်အတွင်းမှသာ ပါဝင်လုပ်ဆောင်သင့်ကြောင်း ရေးသားသည်။

ထိုသို့ဆိုခြင်းသည် ကျိုးကြောင်းဆီလျှော်သည့် သဘောသက်ရောက်ပြီး အခြားအာဏာရှင် နိုင်ငံများတွင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော် မွန်မွန်မြတ်ထောက်ပြခဲ့သည့်အတိုင်း ထိုအယူအဆသည် မြန်မာနိုင်ငံတွင် မဖြစ်နိုင်သော အယူအဆဖြစ်သည်။ စစ်တပ်သည် အပေးအယူစေ့စပ်ညှိနှိုင်းရန် စိတ်မပါဘဲ ၎င်းတို့၏ အသံမှလွဲပြီး အခြားသူများ၏ အသံကို နားထောင်ခြင်း မရှိသောကြောင့် ထိုအားထုတ်မှုများသည် ဆိုးဆိုးရွားရွား ကျဆုံးရသည်။ ထို တတိယအင်အားစုအယူအဆကို ထောက်ခံသူများသည် စစ်အုပ်စု၏ လက်ဝေခံများသာ ဖြစ်ကုန်သည်ဟု အခြားဒီမိုကရေစီတက်ကြွလှုပ်ရှားသူများက သတ်မှတ်ကြသည်။ ထူးခြားသည်မှာ ထိုသို့ တတိယအင်အားစုဖြစ်ရန် ကြိုးစားပြီး ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဝင်ခဲ့သည့် NLD ခွဲထွက်အုပ်စုဖြစ်သော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) သည် လွှတ်တော်နှစ်ရပ်လုံးတွင် အနည်းငယ်မျှသော နေရာဖြစ်သည့် ၁၂ နေရာသာ ရရှိသည်။ ထိုနောက် မကြာမီ NDF သည် ထပ်မံကွဲပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် တနေရာမျှ မနိုင်တော့ပေ။

တတိယအင်အားစု ထူထောင်ရန် နောက်ထပ်အားထုတ်မှုတခုကို ၂၀၁၈ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ၈၈ ဒီမိုကရေစီလှုပ်ရှားမှု ဝါရင့်နိုင်ငံရေးသမား ဦးကိုကိုကြီးက ထပ်မံပြုလုပ်ပြီး ဝါရင့်တက်ကြွလှုပ်ရှားသူအချို့နှင့်ပူးပေါင်းကာ ပြည်သူ့ပါတီကို ထူထောင်သည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည်လည်း NLD ကို စိန်ခေါ်နိုင်ခြင်း မရှိပေ။ အာဏာသိမ်းပြီးနောက် ဦးကိုကိုကြီးက မေလတွင် ကျင်းပသည့် နှစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်ကျင်းပရန် ပြင်ဆင်သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် အစည်းအဝေးတခုသို့ တက်ရောက်ရန် ကြမ္မာငင်သော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သောအခါ ပါတီကွဲသွားသောကြောင့် လူအများအပြား အံ့သြကြသည်။ ထိုသို့ရွေးကောက်ပွဲကျင်းပရန် ကတိမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချစဉ်က ပေးထားသော ကတိဖြစ်သည်။ ခါးသည်းလှသည့် အမှန်တရားမှာ မြန်မာနိုင်ငံရေးတွင် တတိယအင်အားစုအတွက် နေရာမရှိခဲ့သလို လက်ရှိအချိန်တွင်လည်း နေရာမရှိသေးပေ။

၂၀၁၈ တွင် ပြည်သူ့ပါတီကို ဦးကိုကိုကြီး ဦးဆောင်ဖွဲ့စည်းစဉ်/ ဧရာဝတီ

မြန်မာနိုင်ငံ၏ အတန်အသင့် ထူးဆန်းလှသော ပါတီနိုင်ငံရေးထက် ကျော်လွန် ရှုမြင်ရန် လိုကြောင်း အတိတ်က အတွေ့အကြုံများက ပြသနေသည်။ ဒေါ်အောင်ဆန်းစုကြည် မပါသော NLD သည် လက်တွေ့ကျသော ဒီမိုကရေစီအင်အားစု မဟုတ်ပေ။ ထို့အပြင် NLD ခေါင်းဆောင်များသည်လည်း ဖမ်းဆီးခံထားရပြီး အဂတိလ်ိုက်စားသည်၊ ကိုလိုနီခေတ် လျှို့ဝှက်အက်ဥပဒေကို ချိုးဖေါက်သည် စသည့် လုပ်ကြံစွပ်စွဲချက်များ ရင်ဆိုင်နေရသောကြောင့် ထိုပါတီသည်လည်း ပိတ်ပင်ခံရမည်ဖြစ်သည်။ သို့သော် ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းကအတိုင်း NLD ကို ပိတ်ပင်ခြင်း၊ ရုံးခန်းများကို ပိတ်ပစ်ခြင်း၊ ဒေသနှင့် နိုင်ငံလုံးဆိုင်ရာ ခေါင်းဆောင်များကို ဖမ်းဆီးခြင်းသည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ရပ်တန့်သွားအောင် လုပ်နိုင်မည် မဟုတ် ဆိုသည့်အချက်ကို ဗိုလ်ချုပ်များ သဘောမပေါက်နိုင်ကြသေးပေ။ လှုပ်ရှားမှုက အခြားသော ပုံစံဖြင့် ဆက်လက်ပေါ်ပေါက်နေမည်ဖြစ်သည်။

ယခု စစ်အာဏာသိမ်းမှုမတိုင်မီ ဆယ်စုနှစ်တခုသည် Generation Z ဟု ခေါ်သည့် မျိုးဆက်ကို မွေးဖွားပေးခဲ့သည်။ Generation Z ဆိုသည်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပထမလှိုင်းများကို စည်းရုံးဆောင်ရွက်ခဲ့သည့် လူမှုကွန်ရက်နှင့် အင်တာနက် စွဲလန်းသည့် မျိုးဆက်ဖြစ်သည်။ ထိုမျိုးဆက်က ၎င်းတို့လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် အခြေခံအကြောင်းရင်းဟု မယူဆဘဲ စစ်အာဏာသိမ်းမှုက ရုတ်သိမ်းလိုက်သည့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နှင့် ၂၀၁၂ ခုနှစ်တွင် နိုင်ငံကို ပြင်ပကမ္ဘာသို့ တံခါးဖွင့်ပြီးနောက် ၎င်းတို့ခံစားခဲ့ရသော ဘဝနေထိုင်မှုစနစ် ဆုံးရှုံးရခြင်းသည် အခြေခံ အကြောင်းရင်းဖြစ်နေသည်။ အင်တာနက် ရင်းမြစ်များကို အသုံးပြုပြီးနောက် ၎င်းတို့သည် ဆက်သွယ်နေဆဲ၊ ရဲနှင့် စစ်တပ် ရက်စက်ကြမ်းကြုတ်မှုများကို ဖွင့်ချနေဆဲဖြစ်သည်။

၁၉၈၈ ခုနှစ် အရေးတော်ပုံကို သွေးချောင်းစီး နှိမ်နင်းပြီးနောက် တက်ကြွလှုပ်ရှားသူများ လုပ်ခဲ့သလို အချို့သည် တိုင်းရင်းသားလက်နက်ကိုင်များက စစ်သင်တန်းပေးသည့် နယ်စပ်ဒေသများသို့လည်း သွားရောက်ကြသည်။ ၁၉၈၈ ခုနှစ်ကနှင့် တူညီသော အခြားအချက်တခုမှာ လက်နက် ပိုမိုကောင်းမွန်စွာ တပ်ဆင်ထားသည့် စစ်ကောင်စီတပ်များကို စစ်ရေးအရ အနိုင်ယူရန် မဖြစ်နိုင်သလောက် ဖြစ်နေခြင်းပင်။ ၁၉၈၈ ခုနှစ်က ဖြစ်ရပ်များနှင့် ၁၉၉၀ ရွေးကောက်ပွဲကြောင့် NCGUB အစိုးရတရပ် ပေါ်ပေါက်လာသည်။ ယခုတကြိမ်တွင်လည်း အလားတူ အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရသည်လည်း အသိအမှတ်ပြုခံရရေးအတွက် ခက်ခဲလှသော တိုက်ပွဲကို ဆင်နွဲနေရသည်။ မိမိတို့ကဲ့သို့သော ရှေ့မီနောက်မီလူများအဖို့ ထိုကဲ့သို့သော အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများကို တွေ့ရသောကြောင့် ယခင်ကဖြစ်ရပ်များ ပြန်လည်ခံစားနေသည့် သဘောမျိုး ဖြစ်နေသည်။ မိမိတို့သည် ယခင်ကလည်း ထိုသို့သောဖြစ်ရပ်များနှင့် ၎င်းတို့ မည်သို့ မအောင်မမြင်ဖြစ်ရသည်ကို တွေ့ကြုံခဲ့ပြီးဖြစ်သည်။

ဦးမြအေးနှင့် ဦးမင်းကိုနိုင်တို့က နောက်မျိုးဆက်များ၏ လေးစားထောက်ခံမှု ရနေကြဆဲ

သို့သော် မျှော်လင့်ချက်လည်း ရှိနေသည်။ Generation Z တွင် ဦးဆောင်သူမရှိ ဖြစ်နိုင်သော်လည်း ထိုလှုပ်ရှားမှုတွင် ပါဝင်သူများသည် နိုင်ငံရေးပြောင်းလဲမှုဖြစ်စေရန် ထူးခြားသော အင်အား၊ ခံနိုင်ရည်နှင့် ဆုံးဖြတ်ချက်ရှိကြသည်။ ၎င်းတို့သည် အသက်အရွယ် ကြီးရင့်သော NLD ခေါင်းဆောင်မှုထက် ပိုမိုငယ်ရွယ်၊ သစ်လွင်၊ တီထွင်ဆန်းသစ်ကြသည်မှာ သေချာသည်။ ၁၉၆၀ ခုနှစ်များ အစောပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံတွင် မခံစားရသည့် လွတ်လပ်မှုများရှိသည့် ဆယ်စုနှစ်တခုသည်လည်း သတင်းသမားများ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများ၊ လူငယ်တက်ကြွလှုပ်ရှားသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း ဝန်ထမ်းများ စသည်တို့ပါဝင်သော မွေးကင်းစဖြစ်သော်လည်း အောင်မြင်ကြီးထွားနေသည့် လူမှုအခြေပြုအဖွဲ့အစည်းကိုလည်း ပေါ်ပေါက်စေသည်။ အာဏာသိမ်းပြီးနောက် ထိုသူများသည် မြေအောက်သို့ ရောက် သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ဒေသများမှ ဘေးကင်းရာနေရာများတွင် ပုန်းအောင်းနေရသည်။ သို့သော် ၎င်းတို့တွင် စွမ်းအားပြည့်နေပြီး စစ်အုပ်ချုပ်ရေးအောက်တွင် လုပ်နိုင်သည့် မည်သည့်အရာကိုမဆို လုပ်ရန် စိတ်အားထက်သန်နေကြသည်။

၁၉၃၀ ခုနှစ်များက လွတ်လပ်ရေးလှုပ်ရှားမှုများအတွင်း ငယ်ရွယ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်များ ထွက်ပေါ်လာသကဲ့သို့၊ ၁၉၈၈ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလိုလိုဖွဲ့စည်းမိခြင်းနှင့်အတူ တက်ကြွလှုပ်ရှားသူမျိုးဆက်တခု ရှေ့တန်းရောက်လာသကဲ့သို့ ထိုသို့သောသူများအကြားမှ ခေါင်းဆောင်သစ်များ ထွက်ပေါ်လာနိုင်သည်။ ဦးကိုကိုကြီး ထောက်ခံလျှော့နည်းလာနိုင်သော်လည်း ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း ကောင်းစွာလေးစားခံနေရဆဲဖြစ်သော ဦးမင်းကိုနိုင်နှင့် ဦးမြအေးတို့ကဲ့သို့သော သူများလည်း ရှိနေသေးသည်။

သို့သော် ထိုသို့သော လှုပ်ရှားမှုတခုအောင်မြင်ရေးအတွက် ၎င်းတို့၏ခေါင်းဆောင်အိုကြီးများကို ဆန့်ကျင်ရဲသော စစ်အရာရှိငယ်များအတွင်းတွင်လည်း အလားတူ ဖြစ်ပေါ်တိုးတက်မှုများ ပေါ်ပေါက်ရန်လိုသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံကို အပြီးတိုင်ပြောင်းလဲရန် လိုကြောင်းနှင့် လမ်းမပေါ်မှ ဆန္ဒပြသူများကို ပစ်သတ်ခြင်းဖြင့် တိုင်းပြည်တခုကို အုပ်ချုပ်မရကြောင်း နားလည်သည့် ထိုသို့သော စစ်အရာရှိအုပ်စု ပေါ်ပေါက်လာသည့် လက္ခဏာကို မတွေ့ရသေးပေ။ မည်သို့ဆိုစေကာမူ ထိုသို့ စစ်တပ်တွင် သဘောထားကွဲလွဲမှု မပေါ်ပေါက်လျှင် မြန်မာန်ိုင်ငံသည် ၁၉၈၈ ခုနှစ်အရေးတော်ပုံအပြီးက ကြုံတွေ့ခဲ့ရသည့်အတိုင်း တိုင်းပြည်ကို တိုးတက်ချမ်းသာအောင် လုပ်ခြင်းထက် ၎င်းတို့၏ အခွင့်ထူးများနှင့် ရာထူးအာဏာကို ကာကွယ်ရန်ကိုသာ စိတ်ဝင်စားသည့် စစ်အရာရှိကြီးများ၏ အုပ်ချုပ်မှုနှစ်ကာလများကို ထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Banning the NLD Won’t End Resistance to Military Rule ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တကိုယ်တော် ပြည်ဖျက်သမား ဖန်တီးတဲ့ ဘေးဒုက္ခမှ လွတ်မြောက်ရာလမ်း

ဒေါ်အောင်ဆန်းစုကြည်အလွန် နိုင်ငံရေးမြင်ကွင်းသစ်ကို မျှော်ကြည့်ခြင်း

အာဏာသိမ်း စစ်ကောင်စီ၏ နေဝင်ချိန်
ဗိုလ်ချုပ်မှူးကြီး၏ သမ္မတအိပ်မက်က အဖြစ်ဆိုးများသာ သယ်ဆောင်လာသည်

စစ်ကောင်စီတွင် နိုင်ငံကို စီမံအုပ်ချုပ်နိုင်စွမ်း မရှိပါ

Did you find apk for android? You can find new Free Android Games and apps.
Loading