ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်းက စစ်ဗိုလ်ချုပ်များ၏ ထုံးစံဖြစ်သည်

နိုင်ခေတ်
စစ်ခေါင်းဆောင်များ။ ဝဲမှယာ - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးနေဝင်း

လက်ရှိ စစ်ဗိုလ်ချုပ် တအုပ် သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံသည် ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်း၊ ပြည်သူလူထု၏ ဒီမိုကရေစီနည်းကျရွေးချယ်မှုကို ငြင်းဆန်ခြင်းနှင့် ရွေးကောက်ခံအစိုးရကို သေနတ်ထောက် ဖြုတ်ချခြင်းတို့ဖြင့်သာ နေထိုင်နေရမည်ဖြစ်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကြောင်း ထိုဗိုလ်ချုပ်များဖြင့် နောက်ဆုံး ဖွဲ့စည်းထားသည့် စစ်ကောင်စီက တနင်္လာနေ့ညတွင် ကြေညာသည်။

စစ်ဗိုလ်ချုပ်များသည် ၁၉၆၂ ခုနှစ်တွင် ပထမအကြိမ် အာဏာသိမ်းပြီးနောက် တပ်မတော်ဟု ခေါ်ဆိုသော မြန်မာစစ်တပ်က ရွေးကောက်ပွဲရလဒ် ပယ်ဖျက်သည်မှာ ယခုတကြိမ်ဆိုလျှင် တတိယအကြိမ်ဖြစ်သည်။

မျိုးဆက်အသီးသီးမှ စစ်ဗိုလ်ချုပ်အုပ်စု ၃ စုတို့သည် ထိုသို့ ဒီမိုကရေစီမကျသည့် လမ်းကြောင်းကို စစ်တပ်၏ အစဉ်အလာအဖြစ် ပြောင်းလဲခဲ့သည်။ ၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခြင်းသည် ၁၉၆၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏တပည့်များကလည်း ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အလားတူ ဖျက်သိမ်းသည်။ ယခုနှစ်တွင်မူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အလားတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်ပြန်သည်။

ထိုသို့ အာဏာရှင်ဆန်သည့် အာဏာလုယူမှုများသည် လွန်ခဲ့သော နှစ်ပေါင်း ၅၉ ခုနှစ်အတွင်း ဗိုလ်ချုပ်များက သက်ဆိုးရှည်အောင် လုပ်ထားသည့် မကောင်းမှု သံသရာတွင် ဖန်တရာတေနေသော ခြေလှမ်းဖြစ်လာသည်။

အာဏာသိမ်းခေါင်းဆောင် တဦးစီသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော ရွေးကောက်ပွဲ ရလဒ်များကို ဖျက်သိမ်းခြင်းဖြင့် ခေတ်အသီးသီးမှ နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို စနစ်တကျ ဖျက်ဆီးကြသည်။

၎င်းတို့တဦးစီသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော ရွေးကောက်ပွဲ ရလဒ်များကို ဖျက်သိမ်းခြင်းဖြင့် ခေတ်အသီးသီးမှ နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို စနစ်တကျ ဖျက်ဆီးကြသည်။

တနိုင်ငံလုံးမှ ပြည်သူများ၏ ပြင်းထန်သော စိတ်ဓါတ်နှင့် အလျှော့မပေးသော ရုန်းကန်မှုများရှိနေသော်လည်း ထိုဗိုလ်ချုပ်များ နိုင်ငံရေးတွင် ဝင်ရှုပ်နေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ရန် မလွယ်ကူတော့ပေ။

ဆယ်စုနှစ်များစွာအတွင်း ကျင်းပသည့် ရွေးကောက်ပွဲအကြိမ်ကြိမ်တွင် မြန်မာပြည်သူ ၅၅ သန်းတို့သည့် ဗိုလ်ချုပ်များ နိုင်ငံရေးနှင့် ရှင်းရှင်းနေရန် ၎င်းတို့၏ ရှင်းလင်းသော ဆန္ဒကို အကြိမ်ကြိမ် ဖေါ်ပြခဲ့သည်။

၂၀၁၈ ခုနှစ် နေပြည်တော်တွင် ကျင်းပသော ငြိမ်းချမ်းရေးညီလာခံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ ရောက်ရှိလာစဉ်/ ဧရာဝတီ

နိုင်ငံ၏ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲတွင် မဲပေးသူ နိုင်ငံသား ၂၇ သန်းအနက် အများစုက ထောက်ခံကြသည်။ လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း ကျင်းပသည့် ရွေးကောက်ပွဲတိုင်းတွင် NLD သည် တောင်ပြိုကမ်းပြို နိုင်ခဲ့သည်။

မဲဆန္ဒရှင်များက ၎င်းတို့၏မဲများကို နှလုံးသားဖြင့် ထည့်ခဲ့ကြသော်လည်း ၎င်းတို့၏ နှလုံးသားများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစစီခြေပစ်လိုက်သည်။ ထိုလုပ်ရပ်သည် သူ့ယခင်ဗိုလ်ချုပ်များက ၁၉၆၀ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်တွင် လုပ်ခဲ့သည့် နည်းလမ်းပင်ဖြစ်သည်။

ထိုသို့ အနိုင်အထက်ပြုကျင့်ခြင်းနှင့် ပြည်သူ့ဆန္ဒကို ဒီမိုကရေစီကင်းမဲ့စွာ ပယ်ချခြင်းတို့ကို ၃ ကြိမ် ကျူးလွန်ပြီးနောက် ထို တနိုင်ငံလုံး၏ ဆန္ဒကို ချိုးဖေါက်သူများနှင့် ပြန်လည်သင့်မြတ်ရေးဆိုသည်မှာ မရှိနိုင်တော့ပေ။

ခွင့်လွှတ်ခြင်း၊ မေ့ဖျောက်ပစ်ခြင်း တို့သည် ပြည်သူများ၏ ဝေါဟာရတွင် မရှိတော့ပေ။ အချဉ်ပေါက်ပြီးနေသော ဆက်ဆံရေးသည် မပြေငြိမ်းနိုင်သော ရန်လိုမုန်းတီးမှုအဖြစ် မာကျောသွားသည်။

ခွင့်လွှတ်ခြင်း၊ မေ့ဖျောက်ပစ်ခြင်း တို့သည် ပြည်သူများ၏ ဝေါဟာရတွင် မရှိတော့ပေ။ အချဉ်ပေါက်ပြီးနေသော ဆက်ဆံရေးသည် မပြေငြိမ်းနိုင်သော ရန်လိုမုန်းတီးမှုအဖြစ် မာကျောသွားသည်။ မကြာသေးမီလများအတွင်း လက်နက်များကို ဆုပ်ကိုင်ခဲ့ကြသော များပြားလှသည့် ဆန္ဒပြသမားများ၏ လုပ်ဆောင်မှုတွင် တွေ့ရသည့်အတိုင်း ဆွေးနွေးရန် နေရာမရှိတော့ဘဲ တိုက်ခိုက်ရန်နေရာသာ ရှိတော့သည်။

လက်တွေ့တွင် မင်းအောင်လှိုင်၏ အဓိရည်မှန်းချက်များအနက်တခုမှာ ပြည်သူလူထုက NLD ကို မဲပေးခဲ့သည်ကို ပယ်ဖျက်ရန်၊ ထိုပါတီကို ဖျက်သိမ်းရန်နှင့် အာဏာကို အကြွင်းမဲ့ ချုပ်ကိုင်ထားရန်ဖြစ်ကြောင်း အာဏာသိမ်းပြီးကတည်းက လူထုကသိသည်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ရွေးကောက်ပွဲရလဒ်ကို တရားဝင် ဖျက်သိမ်းလိုက်သောနေ့အထိ စစ်အာဏာလု ခေါင်းဆောင် လုပ်သမျှ အရာရာမှာ စစ်တပ်နှင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြား သို့မဟုတ် နိုင်ငံရေးအရပြောရပါက NLD သို့မဟုတ် မည်သည့် အရပ်သားအစိုးရနှင့် စစ်တပ်ခေါင်းဆောင်မှုကြား ပြန်လည်သင့်မြတ်ရေးတံခါးကို ပိတ်ပစ်ရန်သာ ဖြစ်စေသည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အရပ်သား NLD အစိုးရနှင့် စစ်တပ်ကြား ဆက်ဆံရေးကို အားပေးခဲ့သော အကျိုးဆောင်များ သို့မဟုတ် နိုင်ငံရေးသမားများသည် ၎င်းတို့၏ အားထုတ်မှုများ မအောင်မြင်သည်ကို သို့မဟုတ် ဒီမိုကရေစီ စံတန်ဘိုးများကို လက်ခံသည့် စစ်ဗိုလ်ချုပ်သစ်များ မြန်မာစစ်တပ်ခေါင်းဆောင်မှုတွင် မပေါ်ထွန်းလာသရွေ့ အနာဂတ်တွင် ထိုကဲ့သို့သော ဆက်ဆံရေးများအတွက် နေရာမရှိသည်ကို ယခုအခါ နားလည်နေနိုင်ကြပြီ ဖြစ်သည်။

တနည်းအားဖြင့်ဆိုရပါက မြန်မာနိုင်ငံတွင် စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးဆိုသည့် အတွေးအခေါ်သည် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာဖြစ်သည်။

လက်တွေ့တွင် ထိုကဲ့သို့သော ဆက်ဆံရေး မည်သည့်အခါကမျှ မရှိခဲ့ပေ။

ရွေးကောက်ပွဲများ သို့မဟုတ် ရွေးကောက်ပွဲရလဒ်များကို ပြည်သူ့ဆန္ဒအဖြစ် လေးစားရန် လိုအပ်ခြင်း ကဲ့သော အခြေခံဒီမိုကရေစီ စံနှုန်းကို ရိုးသားစွာ လက်ခံသည့် မည်သည့် ထိပ်တန်းဗိုလ်ချုပ်မျှလည်း မရှိခဲ့ပေ။

ရွေးကောက်ပွဲများ သို့မဟုတ် ရွေးကောက်ပွဲရလဒ်များကို ပြည်သူ့ဆန္ဒအဖြစ် လေးစားရန် လိုအပ်ခြင်း ကဲ့သော အခြေခံဒီမိုကရေစီ စံနှုန်းကို ရိုးသားစွာ လက်ခံသည့် မည်သည့် ထိပ်တန်းဗိုလ်ချုပ်မျှလည်း မရှိခဲ့ပေ။ အချို့သော ဗိုလ်ချုပ်များသည် အလယ်အလတ်ဝါဒီများဖြစ်သည်ဟု လွန်ခဲ့သော ဆယ်စုနှစ်အတွင်းက စစ်ဖက်ထိပ်တန်းအရာရှိများနှင့် အဆက်အသွယ်ရှိသော နိုင်ငံရေးသမားများ အပါအဝင် အချို့လေ့လာသူများ ပြောသည်။ သို့သော် ယခုအခါ ၎င်းတို့၏ဆွေးနွေးချက်များသည် ဆုပ်ကိုင်နိုင်သည့် မည်သည့်အထောက်အထား တပိုင်းတစပင် မရှိသည့် အစုတ်အပြတ်များဖြစ်နေသည်။

၁၉၆၂ ခုနှစ်မှ စတင်ပြီး စစ်တပ်ကို ချုပ်ကိုင်ခဲ့သည့် တနည်းအားဖြင့် နေဝင်းခေတ်မှ မင်းအောင်လှိုင်ခေတ်အထိ စစ်တပ်ကို ထိုသို့သော စစ်ဗိုလ်ချုပ်အုပ်စုကသာ ချုပ်ကိုင်ထားပါက စစ်တပ်သည် ဒီမိုကရေစီကို မည်သည့်အခါတွင်မျှ လက်ခံမည်မဟုတ်ပေ။ စစ်တပ်နှင့် ပြည်သူလူထုအကြား ပြန်လည်သင့်မြတ်ခြင်းလည်း ရှိနိုင်မည်မဟုတ်ပေ။

သဘောတရားအရ သို့မဟုတ် ရိုးရှင်းစွာဆိုရလျှင် အဖွဲ့အစည်းတခုအနေဖြင့် စစ်တပ်၏ အခန်းကဏ္ဍသည် နိုင်ငံနှင့်ပြည်သူများကို ကာကွယ်ရန်သာဖြစ်သည်။ စံချိန်မီ စစ်တပ်တခုသည့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ရန် အကြောင်းမရှိပေ။ ထိုမူသည် လူ့အဖွဲ့အစည်းအများစု ဆုပ်ကိုင်ထားသည့် အခြေခံမူဖြစ်သော်လည်း မြန်မာဗိုလ်ချုပ်များကမူ ထိုသို့မဟုတ်ပေ။ ၎င်းတို့သည် နိုင်ငံရေးအဆင့်အားလုံးတွင် ပါဝင်ပတ်သက်ပြီး ပြည်သူလူထု၏ ဆုံးဖြတ်ချက်များနှင့် မဲပေးခွင့်အပါအဝင် အခွင့်အရေးများ ကြီးငယ်မဟူ ဝင်ရောက်စွက်ဖက်သည်။

မည်သည့်အတွက်နည်း။ ဗိုလ်ချုပ်များသည် အကြွင်းမဲ့ အာဏာနှင့် ထိုမှတဆင့် ၎င်းတို့မိသားစုများ၊ ဆွေမျိုးများနှင့် အပေါင်းပါများကို အဆမတန်ကြွယ်ဝချမ်းသာစေသည့် စီးပွားရေး အကျိုးကျေးဇူးများကို တမ်းတမ်းစွဲ နေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဆင်းရဲနွမ်းပါးသော လူ့အဖွဲ့အစည်း၏ ရေပေါ်ဆီများ၏ ရေပေါ်ဆီများ ဖြစ်လာကြသည်။

တုံးလွန်းသောကြောင့် ထိုဗိုလ်ချုပ်များ မမြင်နိုင်သည့်အချက်မှာ ၎င်းတို့အောင်မြင်အောင် လုပ်နိုင်သည့် တခုတည်းသောအရာသည် ၎င်းတို့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ၎င်းတို့ ဖျက်ဆီးပြီး စစ်တပ်အား နိုင်ငံတွင် လူမုန်းအခံရဆုံး အဖွဲ့အစည်းဖြစ်အောင် လုပ်ခြင်းသာ။

တနင်္လာနေ့တွင် စစ်ကောင်စီက ပြည်သူများ၏ မဲများကို တရားဝင်ပယ်ဖျက်လိုက်ခြင်းသည် “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ” ဆိုသည့် မြန်မာပြည်သူများ၏ ကြွေးကြော်သံကို အောင်မြင်စေရန် ပိုမိုရဲရင့်စေမည်ဖြစ်သည်။

(နိုင်ခေတ်သည် နိုင်ငံရေးဆောင်းပါးရှင်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ For Myanmar’s Top Generals, Overturning Election Results Is a Rite of Passage ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းမှု SNLD လက်မခံ

ဆရာဝန်များကို လိုက်ဖမ်းနေသည့် စစ်ကောင်စီ ဝေဖန်ခံနေရ

အရပ်ဘက် နေရာများကို မတိုက်ခိုက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

တကိုယ်တော် ပြည်ဖျက်သမား ဖန်တီးတဲ့ ဘေးဒုက္ခမှ လွတ်မြောက်ရာလမ်း

စစ်အာဏာရှင်ဆန့်ကျင်မှု တော်လှန်ရေး မုချ အောင်ရမည်

Loading